စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, December 2, 2017

ထေရဝါဒ အုတ်​မြစ်

#မြန်မာနိုင်ငံနှင့်ထေရဝါဒအုတ်မြစ်

    နိုင်ငံတော်အစိုးရသည် ယနေ့မြန်မာနိုင်ငံ၌ ဘက်စုံဖွံ့ဖြိုးတိုးတတ်မှုအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျှက်ရှိ
သည်ကို တွေ့ရ၏။ထိုဆောင်ရွက်ချက်ထဲမှာ စေတီ ပုထိုးနှင့်ကျောင်းကန်များ ပြုပြင်တည်ဆောက်ခြင်းသည် ရှေးခေတ်
ပုဂံပြည်ကို အမှတ်ရစေပါ၏။ထိုအခါ ရှေးခေတ်ပုဂံပြည်နှင့်
ယနေ့မြန်မာနိုင်ငံကို နှိုင်းယှဉ်ကြည့်လိုသော စိတ်ကိုဖြစ်ပေါ်စေပါ၏။
    ပုဂံပြည်တွင် ထေရဝါဒအုတ်မြစ်ကို ခိုင်မာစွာချသူများထဲတွင် ဆရာများဘက်မှ အရှင်အရဟံ ဦးဆောင်၏။ဒါယကာများ
ဘက်မှ အနော်ရထာဦးဆောင်၏။ထိုအုတ်မြစ်သည်မည်မျှ ခိုင်မာလေသနည်း။
     ထိုအုတ်မြစ်ကြောင့်ပင် ပုဂံ၌ မင်းမြတ်အနော်ရထာအား
ဓမ္မဝနိယနှင့်အညီ မှန်ကန်စွာလမ်း ညွှန်နိုင်သောရှင်အရဟံ
လိုရဟန်းတော်များကို တွေ့ရခြင်းဖြစ်၏။မင်းမြတ်အနော်ရထာလို နိုင်ငံတော်ကို ဦးဆောင်နိုင်သော ခေါင်းဆောင်ကောင်းများ
ကိုတွေ့ရခြင်းဖြစ်၏။မင်းအဖြစ်တင်မြောက်ခြင်းခံရပါလျှက်
ငြင်းပယ်သော ကျန်စစ်သားလို သူရဲကောင်းများကိုတွေ့ရခြင်း
ဖြစ်၏။သူ့ကျေးဇူးကို အလွန်သိတတ်သော ရာဇကုမာရမင်းသားလို သူတော်စင်များကိုလည်း တွေ့ရ၏။
      ဤဖြစ်ရပ်ကို ကြည့်ရခြင်းအာဖြင့် မြန်မာနိုင်ငံသားတို့
သည် အစဉ်အလာအားဖြင့် အလွန်ယဉ်ကျေးသူများဖြစ်ကြောင်း
ထင်ရှားပါ၏။ခိုင်မာသော ထေရဝါဒ အုတ်မြစ်ကြောင့် ယနေ့
မြန်မာနိုင်ငံ၌လည်း ရှင်အရဟံလို ဓမ္မဝိနိယနှင့်အညီ
မှန်ကန်စွာလမ်းညွှန်နိုင်သော ရဟန်းကောင်း ရဟန်းမြတ်များမရှိသလော ရှိပါ၏။နိုင်ငံတော်ကို ဦးဆောင်နိုင်သောမင်းမြတ်
အနော်ရထာလို ခေါင်းဆောင်ကောင်းများ မရှိသလော ရှိပါ၏။
မင်းအဖြစ်တင်မြောက်ခြင်းခံရပါလျှက် ငြင်းပယ်သောကျန်စစ်သားလို သူရဲကောင်းများ မရှိသလော ရှိမည်သာဖြစ်ပါ၏။သူ့ကျေးဇူးကို အလွန်သိတတ်သော ရာဇကုမာရ
မင်းသားလို သူတော်စင်များ မရှိသလော ရှိမည်သာဖြစ်ပါ၏။
ထိုသို့ရှိကြောင်းကို ယနေ့မြန်မာနိုင်ငံ၌ ကျောင်းကန်ဘုရားနှင့်
စေတီပုထိုးများကို တည်ဆောက်မွန်မံခြင်းက သက်သေပြပါ၏။
      မြန်မာနိုင်ငံသည် ဘာသာရေးအရလည်း အစဉ်အလာကြီး
သောနိုင်ငံဖြစ်၏။မိမိ၏မိသားစုကို ချစ်တတ်၏။မိမိမိသားစုမှတစ်ပါး အခြားသောနိုင်ငံသားများကိုလည်း ချစ်တတ်
ပါ၏။ကမ္ဘာမှာ လူသားအားလုံးနှင့် သတ္တဝါများကိုလည်း
ချစ်တတ်ပါ၏။ထို့ကြောင့် မြန်မာနိုင်ငံသည် ဘာသာရေးအရလည်း အစဉ်လာကြီးသော နိုင်ငံဖြစ်သည်ဟုဆိုပါ၏။

     ယဉ်ကျေးမှုအရလည်း မြန်မာနိုင်ငံသည် အစဉ်အလာကြီးပါ၏။အဆောက်အအုံပိုင်းဆိုင်ရာ ဗိသုကာပညာရပ်နှင့်ပတ်သက်လျှင်လည်း ရှေးခေတ်ပုဂံပြည်၏ စေတီများနှင့်
ကျောင်းဘုရားများ၏ တည်ရှိမှုများက သက်သေခံလျှက်ရှိပါ၏။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုရှု့ထောင့်မှ
ဖော်ပြခြင်းဖြစ်ပါ၏။
  
    နာမ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုနှင့် ပတ်သက်လျှင်လည်းလက်ရှိစာပေအပေါ်၌ ဗုဒ္ဓဘာသာစာပေနှင့် နိုင်ငံခြားစာပေ
တို့၏သြဇာသည်များစွာလွမ်းမိုးလျှက်ရှိပါသည်။ဗုဒ္ဓစာပေအရဆိုလျှင် ခံစားမှုဆိုင်ရာ အပိုင်း၌လည်းကောင်းသိမှုဆိုင်
ရာအပိုင်းတို့၌လည်းကောင်း တီထွင်မှုဆိုင်ရာအပိုင်းတို့၌
လည်းကောင်း ကျင့်ကြံမှုဆိုင်ရာ အပိုင်းတို့၌လည်းကောင်းကိုယ်ကျင့်သိက္ခာ မြင့်မားမှုကို ဦးစားပေ၍ ဖော်ပြ၏။
သွန်သင်၏။ဆုံးမ၏။
    ကိုယ်ကျင့်သိက္ခာမြင့်မားပါမှ စိတ်သည်ယဉ်ကျေးမည်ဖြစ်၏။စိတ်သည်ယဉ်ကျေးပါမှ ချမ်းသာကိုဆောင်နိုင်မည်
ဖြစ်၏။ဤသည်ကိုရည်၍ စိတ္တံ ဒန္တံ သုခါဝဟံ ဟူ၍ကျမ်းများ၌ဖော်ပြခြင်းဖြစ်၏။
      ဗုဒ္ဓစာပေအရ စိတ်ကို ယဉ်ကျေးအောင်ဆောင်ရွက်ရာ
တွင် စိတ်ကိုအထိန်အကွတ်မရှိဘဲ လွတ်ပေးခြင်းနည်းကို
လည်းအသုံးမပြု။ထိုနည်းသည်လည်း အစွန်းတစ်ဖက်ကိုရောက်၏။စိတ်ကို အတင်းအတ္တမ ထိန်းကွတ်ခြင်းနည်း
ကိုလည်းအသုံးမပြု ထိုနည်းသည်လည်း အစွန်းတစ်ဖက်
သို့ရောက်သည်ပင်ဖြစ်။
       ထို့ကြောင့်ထိုနည်းမျိုးကို ရှောင်၍ သတိ
သမ္ပဇဉ်ဖြင့်ထိန်းသိမ်းသောနည်းကို အသုံးပြုသည်။ထိုနည်းသည်သာလျှင် အစွန်းနှစ်ဖက်လွတ်သော မဇ္ဈိမပဋိပဒါ
နည်းဖြစ်၏။ဤနည်းသောစိတ်ကို ယဉ်ကျေးအောင်ဆုံးမပါ၏။
ထို့ကြောင့် မြန်မာနိုင်ငံ၏ နာမ်ပိုင်းဆိုင်ရာယဉ်ကျေးမှုသည်လည်း
ဒုစရိုက်ကင်း၍ သုစရိုက်ဖြစ်ပေါ်လာရေးသို့ ဦးတည်သဖြင့်မြင့်မားပါ၏။ သို့ဖြစ်၍ ယဉ်ကျေးမှုအရလည်း မြန်မာနိုင်ငံသည်
အစဉ်အလာကြီးသည်ဟု ဆိုပါ၏။ပစ္စည်းဘဏ္ဍာထိန်းသိမ်း
ရေးနှင့်ပတ်သက်လျှင် လည်းကောင်း စားရေးသောက်ရေး
နေရေးထိုင်ရေးနှင့်ပက်သက်၍ လည်းကောင်း  လိုက်နာကျင့်သုံးရန်ရှင်သာမဏေဘဝ၌ စုဒ္ဒသ ခန္ဓကဝတ် နှင့် သေခိယသိက္ခာပုဒ်များကို သင်ကြားပေးလိုက်၏။ဘဝနေနည်းနှင့်ပတ်
သက်၍လည်း လိုက်နာကျင့်သုံးနိုင်ရန် မင်္ဂလာသုတ် သင်္ဂါလောဝါဒသုတ် တို့ကိုသင်ကြားပေးလိုက်ပါ၏။
       ထိုသို့သင်ကြားပေးရာ၌ ယနေ့ခေတ်ကျောင်းသင်ဘာသာ
ရပ်များလို သင်ကြားပေးခြင်းမျိုးတော့မဟုတ် ကိုယ်ကျင့်သိက္ခာဖြူစင်မှု သီလဝိသုဒ္ဓိ စိတ်ထားဖြူစင်မှု စိတ္တဝိသုဒ္ဓိ
အမြင်ကြည်လင်မှု ဒိဋ္ဌိဝိသုဒ္ဓိ တို့အပေါ်၌ အခြေခံ၍ သင်ကြားပေးခြင်းမျိုးဖြစ်၏။
       မြန်မာနိုင်ငံသည် ဤစာပေသင်ခြင်းကို ရှေးခေတ်ကအစဉ်တစိုက် လိုက်နာကျင့်သုံးခဲ့ပါ၏။ထို့ကြောင့်မြန်မာနိုင်ငံ
သည် ထေရဝါဒအုတ်မြစ်ခိုင်မာသော နိုင်ငံဖြစ်သဖြင့် ခေါင်းဆောင်ကောင်းများ သူရဲကောင်းများ သူတော်စင်များကို
မွေးထုတ်နိုင်ခြင်းဖြစ်သည်ဟု ယုံကြည်နိုင်ပါ၏။
တပည့်ကောင်းရှိပါက ဆရာကောင်း ရှိ၍သာဟူသောနိယာမအတိုင်း ဆရာကောင်းများလည်းရှိခဲ့ပါ၏။
      သို့ဖြစ်လျှင် ယနေ့မြန်မာနိုင်ငံ၌ ထေရဝါဒအုတ်မြစ်
သည် ခိုင်မာပြီလားဟူ၍ မေးရန်ရှိပါ၏။ခိုင်မာသင့်သလောက်တော့ခိုင်မာ၏။မပြိုပျက်အောင်တော့ မခိုင်မာသေး။
မပြိုပျက်လောက်အောင် ခိုင်မာရန် ဆက်၍အားထုတ်ဖို့ရှိသေး၏။ဤသို့ပင် ဖြေရမည်ဖြစ်၏။
 
    မြန်မာနိုင်ငံသည် ကိုယ့်မင်းကိုယ်ချင်း ဘဝမှ သူတစ်ပါးလက်အောက်သို့ ကျရောက်သွားသောဒဏ်ကို ခံခဲ့ရ၏။
ကျရောက်သွားခြင်းကြောင့်ခံရသော ဒဏ်များအနက် ကိုယ်ကျင့်
သိက္ခာယိုယွင်းမှုဆိုင်ရာ ဒဏ်များသည် များစွာပြင်းထန်းပါ၏။
ထိုဒဏ်ကိုကုစားရပေအုံးမည်။ထိုဒဏ်ကိုကုစားရာ၌
ထေရဝါဒဆိုင်ရာ ကိုယ်ကျင့်သိက္ခာ တည်ဆောက်မှုတည်းဟူသော
ဆေးကောင်းဖြင့် ကုစားယုံမှတစ်ပါး အခြားကုနည်းဟူ၍မရှိကောင်းချေ။
      မြန်မာနိုင်ငံ၌ စာရိတ္တယိုယွင်းမှုဒဏ်ကြောင့် ထေရဝါဒဗုဒ္ဓဘာသာဝင်ဖြစ်သူများသည် မိစ္ဆာဒိဋ္ဌိ၏အမူအကျင့်များအတိုင်း
ကျင့်ကြံကြသည်ကိုတွေ့ရ၏။
      ဤနေရာ၌ မိစ္ဆာဒိဋ္ဌိဟူသည်မှာ နတ္ထိကဒိဋ္ဌိ နှင့်အဟေတုကဒိဋ္ဌိ တို့ကိုဆိုလိုခြင်းဖြစ်၏။နတ္ထိကဒိဋ္ဌိ၏ မူရင်းဝါဒရှင်မှာ အဇိတကေသကမ္ဗလ သည် မြတ်စွာ
ဘုရားလက်ထက်တော်အခါက ထင်ရှားသောတိတ္ထိကြီး
၆ ယောက်တို့အနက် တစ်ယောက်အပါအဝင်ဖြစ်၏။
သူ၏ဝါဒမှာကံ၏အကျိုး ကမ္မဖလ ကိုမယုံကြည်သောဝါဒဖြစ်သည်။ပစ္စုပ္ပန်တည့်တည့်ကိုသာ အာရုံစိုက်၏။
အနာဂါတ်ကို ရှိသည်ဟူ၍ မခံယူပါချေ။
       နောက်တနည်းမှာ ပုရာဏကဿပ ၏နည်းဖြစ်၏။
ပုရာဏကဿပ သည်လည်း မြတ်စွာဘုရားလက်ထက်က
ထင်ရှားသော တိတ္ထိ ၆ယောက်အနက်တစ်ယောက်အပါအဝင်
့ဖြစ်၏။ပုရာဏကဿပ ၏ဝါဒကို အကြိယဒိဋ္ဌိဟုခေါ်
၏။အကြိယဒိဋ္ဌိ သည်ကံကိုမယုံ လိုအပ်သောမကျိုးကို
ရလျှင်ပြီးရော ဘယ်လိုပဲရရ ရခြင်းသည်သာ ပဓာနဖြစ်၏။
ဤသို့သာ ယုံကြည်၏။ဤနည်းကို မက္ခိယဗေလိ မည်သော
အိတလီနိုင်ငံရေး သုခမိန်ကလည်း သုံးသပ်သည်ဟုဆို
ကြ၏။
        အကျိုးကိုရမည်ဆိုလျှင် ဘာကိုပဲ လုပ်ရ လုပ်ရ လုပ်မည်သာဖြစ်၏။အခြားကိစ္စတွင်လည်း အလားတူသဘောထားကြ၏။
ဆောင်ရွက်ကြ၏။အကြောင်း မှန် မမှန်ကို အကျိုးတရားရခြင်းဖြင့် တိုင်းတာကြ၏။အကယ်၍ လိုအပ်သော မကျိုးကို
ရိုးမှန်လျှင် အကြောင်းမှန်၍သာ ဖြစ်သည်ဟူသောသဘောဖြစ်၏။
        အကယ်၍ အဇာတသတ်လို အဖကိုသတ်သဖြင့်
ထီးနန်းကိုရလျှင် အဖကိုသတ်လျှင်မှန်ကန်သည်ဟု
ဟူ၍ ခံယူသောဝါဒဖြစ်၏။ဤဝါဒသည်လည်း ကိုယ်ကျင့်
သိက္ခာကို ဖျက်စီးသောဝါဒဖြစ်သဖြင့် ယင်းဝါဒကိုလည်း
ဤမြန်မာနိုင်ငံ၌ မထွန်းကားအောင် ဆောင်ရွက်ရန် တာဝန်
ရှိ၏။ကြိုးပမ်းရန်တာဝန်ရှိပါ၏။တာဝန်ရှိသည့် အားလျှော်စွာ
ဆောင်ရွက်ရမည် ဖြစ်ပါ၏။ကြိုးပမ်းကြရမည်ဖြစ်၏။
       နောက်ဝါဒတစ်ခုမှာ အကြောင်းမဲ့ ဝါဒဖြစ်၏။ပါဋ္ဌိဝေါဟာရ
အားဖြင့် အဟေတုဒိဋ္ဌိ ဟူ၍ဆို၏။ဤဝါဒကို တည်
ထောင်သူမှာ မက္ခိလိဂေါသာလ ဖြစ်၏။မက္ခိလိဂေါသာလ
သည်လည်း မြတ်စွာဘုရားလက်ထက်တော်အခါက
တိတ္ထိကြီး ၆ယောက်တွင် တစ်ယောက်အပါအဝင်ဖြစ်၏။
ဤဝါဒကို အိန္ဒိယ ဒဿနကျမ်းများ၌ စာရဝက အမည်ဖြင့်
လည်းတွေ့ရ၏။ဤဝါဒအရ လောကတွင်လည်း အကြောင်း
ဟူသည်မရှိ အကျိုးဟူလည်း မရှိ အကြောင်းနှင့်အကျိုး
တို့၏ ဆက်သွယ်မှုလည်းမရှိ။အမှန်အားဖြင့် လောကဟူသည်
ကစားကွင်း ကီဋ္ဌာထလ သာဖြစ်၏။ထို့ကြောင့်လောကတည်း
ဟူသောကစားကွင်း၌ အနိုင်ရအောင် ကစားကြရမည်ဖြစ်၏။
အနိုင်ရကြရေးကိုသာ ဦးတည်ကြရမည်ဖြစ်၏။သက်မဲ့နှင့်
လည်း ကစားကြရသည့်အခါရှိ၏။ဘာနဲ့ပဲ ကစား ကစား
နိုင်အောင်သာ ကစားရန် ကြိုးပမ်းရမည်ဟု ဤဝါဒကသွန်သင်၏။
        ဤဝါဒအရ မိမိတို့အသက်ရှင်နေသ၍ ကာလပတ်လုံး
ဂုဏ်တွေ သိက္ခာတွေ ကိုယ့်ကျင့်တရားတွေ ပတ်ဝန်းကျင်တွေ
စည်းကမ်းဥပဒေတွေကို လိုက်နာစရာမလို အကယ်၍ လိုက်နာ
နေလျှင် အနိုင်ရရေးအတွက် နှောင့်နှေးနေမည်သာဖြစ်၏။
ထို့ကြောင့် အခြေအနေအရ လစ်ရင်လစ်သလိုသာ ဆောင်ရွက်
ရန်ဖြစ်၏။သို့မှသာ မြန်မြန်အနိုင်ရရှိမည်ဖြစ်၏။
အနိုင်ရရှိမှုသည်သာလျှင် ပန်းတိုင်ဖြစ်၏။
      အမြီးကျက်လျှင် အမြီးကို စားနေသူများရှိ၏။
ခေါင်းကျက်လျှင် ခေါင်းကိုစားနေသူများရှိ၏။သူတို့၌
စောင့်စည်းမှုဟူ၍ဘာမျှမရှိ။သစ္စာဟူသည် ဝေးလေ နေသေး၏။
ဤဝါဒ ဤအမြင် ဤအယူအဆသည်လည်း ဗုဒ္ဓဘာသာ
မြန်မာနိုင်ငံ၌သာမက လူ့လောက၌ မရှိသင့် မကောင်းသော
ဝါဒ အမြင် အယူ ဖြစ်ပါ၏။
       ထို့ကြောင့် ဤဝါဒ ဤအမြင် ဤအယူကို မြန်မာ
နိုင်ငံ၌ မရှိရလေအောင် အာထုတ်ရမည်ဖြစ်၏။
လူ့လောကတွင် မရှိအောင် အားထုတ်ရာတွင်လည်း
မြန်မာနိုင်ငံက ပံ့ပိုးရမည်ဖြစ်၏။
 
    ထေရဝါဒ ဗုဒ္ဓဘာသာအရ ဤလောက၌ လူဖြစ်
လာရခြင်းသည် လောက ကမိမိကိုအသုံးချခြင်း မဟုတ်ဘဲ
မိမိကိုယ်သာ လောကအတွက် အသုံးချရန်ဖြစ်၏။ထိုသို့
အသုံးချရာတွင် ထိရောက်စွာအသုံးချနိုင်ရေး အတွက်မိမိ
ကိုယ်ကို ထက်မြတ်အောင် လေ့ကျင့်အပ်၏။လေ့ကျင့်ခြင်း
ဟူသည် ပါရမီ ကုသိုလ်မြောက်အောင် အားထုတ်ခြင်း
ပင်ဖြစ်၏။
     ပါရမီ ကုလ်သိုလ်မြောက်အောင် အားထုတ်ခြင်းဟူသည်
၁။ လိုအပ်သော အကူအညီကို စွမ်းနိုင်သလို ပေးခြင်း။
၂။ ကိုယ်ကျင့် သိက္ခာကို မြင့်မားအောင် ထိန်းသိမ်းစောင့်
    ရှောက်ခြင်း။
၃။ တုန့်ပြန်မှုကို မျှော်လင့်ခြင်းမရှိဘဲ စေတနာ သန့်သန့်ဖြင့်
    ဆောင်ရွက်ခြင်း။
၎။ အသိဉာဏ်တိုးတတ်၍ ထက်မြတ်လာအောင်
    အားထုတ်ခြင်း။
၅။ မလျှော့သော ဇွဲလုံ့လ ရှိခြင်း။
၆။ အရာရာကို သည်းခံခွင့်လွတ်ခြင်း။
၇။ သစ္စာရှိခြင်း။
၈။ အဓိဋ္ဌာန်ဖြင့် ဆောင်ရွက်ခြင်း။
၉။ လောကကို ချစ်တတ်ခြင်း။
၁၀။ဘက်မလိုက်ဘဲ တစ်သက်မတ်တည်းနှင့် တည့်တည့်
      မတ်မတ်ဆောင်ရွက်ခြင်းတို့ပင်ဖြစ်သည်။
     ထေရဝါဒ ဗုဒ္ဓဘာသာအရ ဤကဲ့သို့ ပါရမီမြောက်
အောင် အားထုတ်ရင်း အားထုတ်ရင်း မိမိကိုယ်ကို ထက်မြတ်
အောင် ပြုအပ်၏။မိမိကိုယ်တိုင် ထက်မြတ်ပါမှ ပတ်ဝန်းကျင်
၏ အကျိုးကို ဆောင်ရွက်ရာ၌ ထိရောက်စွာ ဆောင်ရွက်နိုင်
မည်ဖြစ်၏။
       ထိုသို့သော ပုဂ္ဂိုလ်များ မြန်မာနိုင်ငံ၌ ပေါများလာပါမှ
မြန်မာနိုင်ငံသည် ဒုစရိုက်များ တဖြည်းဖြည်း ပပျောက်ပြီး
သုစရိုက်များ တဖြည်းဖြည်း တိုးပွားလာမည် ဖြစ်ပါ၏။
သုစရိုက်များ တိုးပွားလာသည်နှင်အမျှ မြန်မာနိုင်ငံသည်
ငြိမ်းချမ်းသာယာ လာမည်ဖြစ်၏။
        ထိုသို့ဖြစ်လာနိုင်စေရန် လူတိုင်း ပုဂ္ဂိုလ်တိုင်း၌
ကိုယ့်ကျင့်သိက္ခာ မြင့်မားအောင် တည်ဆောက်မှုကို
အလေးအနက်ထားသော ထေရဝါဒ အုတ်မြစ်ကို မြန်မာ
နိုင်ငံ၌ ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်ရန်
မှတစ်ပါး အခြားနည်းကောင်းဟူ၍ မရှိပါကြောင်း အလေး
အနက် ခံယူအပ်ပါ၏။
  
   ဦးရွှေအောင် (မဟာဝိဇ္ဇာ သက္ကတ)
            ဝဋံသကာနှင့် သိရောမဏိ
         ဗုဒ္ဓဝါဒပေါ်ထွန်းခြင်း စာအုပ်မှ
#LayNyoeShin၏postကို  သစ္စာရှင် ပြန်လည်တင်ဆက်သည်

သရဏဂုံအကျိုး

သရဏဂုံအကျိုး
...................
ရှေ့က...
ရောဟနရွာ လဲမှို့ကုန်သည်မှာ ဒတ္ထမည်တဲ့ နွားလားကြီးတစ်ကောင်ရှိတယ်။ ဒီနွားကြီးဟာ အခြား နွားတစ်ကောင်နဲ့ တွဲပြီး လဲမှို့ လှည်းကြီးကို ရုန်းကာ သူ့သခင်ကို အလုပ်ကျွေးပြုခဲ့ရှာတယ်။ တစ်နေ့မှာ ထုံးစံအတိုင်း လဲမှို့အရောင်းထွက်ကြရာ ရွာအနီး ရွှံနွံဗွက်ကြီးအတွင်း ဒတ္ထကြီးခမျာ နစ်မြုပ်သွားတော့တယ်။ ချော့လိုက်ခြောက်လိုက်နဲ့ ရုန်းခိုင်းပေမဲ့ ဘယ်လိုမှ မရုန်းနိုင်ရှာပါဘူး။ ကုန်သည်ကြီးကတော့ အမျိုးမျိုး ဆဲရေးတိုင်းထွာ ရိုက်နှက် ၍ ဒတ္ထကြီးကို ရွှံနွံထဲပစ်ထားလျက်က အခြားသောနွားတစ်ကောင်ကို အစားထိုးလျက် ခရီးဆက်သွား လေတယ်။

ဒတ္ထကြီးခမျာ အမောဖောက်နေရာက မသေရုံ အားသွင်းလျက် အသက်ကိုမျှဉ်းမျှဉ်းရှုကာ ရွှံဗွက်ထဲ ၀ပ်နေရှာပါတယ်။ ဒါကိုသိတဲ့ အိုးကုန်သည်ကြီးက အိုးလုပ်ရာမှာ အောက်ခံဖျာအဖြစ် အသုံးပြုဖို့ ဒတ္ထကြီးရဲ့ သားရေတွေကို အရှင်လတ်လတ် ခွာလှီးယူသွားပါတော့တယ်။ ဒီသတင်းကြားတဲ့စောင်းသမားလေးက စောင်းကြိုး လုပ်ဖို့ဆိုပြီး သွေးသံရဲရဲနွားကြီးရဲ့ အသားထဲက အကြောအမျှင်လေးတွေကို ဓားနဲ့ခွဲပြီး ဆွဲထုတ်ယူသွားပြန်ပါတယ်။ မုဆိုးကြီးတစ်ဦးကလည်း သူ့ခွေးတွေ အားပြည့်စေဖို့ နွားကြီးရဲ့ ပေါင်သားတွေလှီးကာ ကျွေးမွေးပြန်သတဲ့။

နွားကြီးဒတ္ထ မသေမှကပင် လောကငရဲခံနေရရှာပါတယ်။ အဲဒီ အချိန်မှာ ကိဋိဂီရိတောင်ကနေ စူဠတိဿမထေရ် ဟာ မမြင်ရက်၊ ကရုဏာသက်လေသဖြင့် သပိတ်ဖြင့် ရေကိုယူကာ တိုက်ကျွေးရှာတယ်။ နွားကြီးအမောသက်သာလာချိန်မှာတော့....

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ

ရွတ်ဖတ်ပေးပြန်ပါတယ်။ နွားကြီး ဟာ စူဠတိဿမထေရ် သရဏဂုံ ရွတ်ဖတ်နေသံကို နာခံလျက် စုတေသွားတော့ရာ တာဝတိံသာနတ်ပြည်မှာ နတ်သားဘ၀ ရောက်သွားပါတော့သတဲ့။

နတ်ဖြစ်သွားတာနဲ့ မိမိ ဘယ်ဘ၀ကလာခဲ့သလဲ၊ ဘာကြောင့် နတ်ဘ၀ရသလဲဆိုတာ စဉ်းစားကာ နတ်မျက်စိနဲ့ကြည့်လိုက်တော့...

လူပြည်မှာ သူ့အလောင်းကြီးကို ခွေးစား၊ ကျီးစားရှိနေဆဲကို မြင်ရတယ်။ရွှံနွံဗွက်ထဲ နစ်တာကအစ အိုးသည်၊ စောင်းသမား၊ မုဆိုးတို့ နှိပ်စက်ကြပုံအလယ်၊ စူဠတိဿမထေရ် ကယ်တင်ပုံအဆုံး အလုံးစုံပြန်မြင်လာတယ်။ ဒါနဲ့ ညရောက်တော့ နတ်တို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါ ကို ထွန်းတောက်စေလျက်က စူဠတိဿမထေရ်ကို သွားကန်တော့တယ်။ မထေရ်က သိပေမယ့် သင်ဘယ်သူလဲ အမေးရှိတယ်။

တပည့်တော် နွားဘ၀မှ ဖြစ်ရသော ဒတ္ထနတ်သားပါဘုရား....သင်ငါ့ထံ ဘာကိစ္စ ငါ့ထံလာသလဲ

နတ်သားက အရှင်ဘုရား သနားသဖြင့် ချီးမြှင့်သော သရဏဂုံ စိတ်တည်သဖြင့် တာဝတိံသာရောက်ခဲ့ပုံ၊ အကယ်၍သာ သရဏဂုံသာ မက သီလပါ ခံယူခွင့်ပါလျင် အထက် ယာမာ၊ တုသိတာ အထိ ရောက်နိုင်ပါ၏ ဘုရားလို့ လျှောက်ကြားကာ ပျောက်သွားပါတော့တယ်။

သရဏဂုံသုံးပါးရဲ့ ဂုဏ်ကျေးဇူးဟာ လူကိုမဆိုထားနှင့် နွားသော်မှ အကျိုးခံစားခွင့်ရပုံကို သီဟိုဠ်ခေတ် သာသနာဝင်ဇာတ်လမ်းတစ်ပုဒ်က သက်သေပြနေပါတယ်။ ဗုဒ္ဓဘာသာ ၀င်မှန်သမျှကတော့ သြကာသတစ်ဘ၀လုံး ကန်တော့ချိုးဆိုရာတွင် သရဏဂုံဆောက်တည်ပြီး သီလ ခံယူလေ့ရှိကြပါတယ်။ သရဏဂုံ ဆောက်တည်တယ်ဆိုတာ တစ်နေ့ တစ်ရက်၊ တစ်ထိုင်တည်း ကိစ္စ မဟုတ်ပါဘူး။  တစ်သံသရာလုံး နိဗ္ဗာန် မရောက်မချင်း သရဏဂုံပွားနေရမှာပါ။ထို့ကြောင့်“ဘုရား, တရား, သံဃာ” ဟူသော သရဏဂုံသုံးပါးအား ဆည်းကပ်ြခင်းအား အစထား၍ တရားဓမ္မတို့ကို ကျင့်ကြံပွားများကာ နိဗ္ဗာန်အား မျက်မှောက်ပြုနိုင် အောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်း ကုသိုလ်ယူပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

Thursday, November 9, 2017

ဓမ္မပဒ

ဓမ္မပဒ ( ၆၀ )
- - - - - - - -
နိုးကြား(အိပ်မပျော်)သောသူအတွက် ညတာသည် ရှည်၏။
ခရီးပန်းသောသူအတွက် ယူဇနာခရီးသည် ရှည်၏။
သူတော်ကောင်းတရားကို မသိကုန်သော လူမိုက်တို့အတွက် သံသရာသည် ရှည်၏။

Dhammapada ( 60 )
- - - - - - - - - - - - - - - - -
Long is the night to the sleepless.
Long is the league to the weary.
Long is worldly existence to fools who know not the Sublime Truth.

လူ့အဆင့်အတန်း

လူ့အဆင့်အတန်းကို တိုင်းတာတဲ့ ပေတံဟာ တရားဓမ္မပါပဲ
-------------------------------------------------

လောကသတ်မှတ်ချက်အရ …
နိမ့်တဲ့အခြေအနေ မြင့်တဲ့အခြေအနေ
ဘယ်အခြေအနေမျိုးမှာပဲရှိရှိ
တရားဓမ္မနဲ့ ညီတဲ့ အပြုအမူကို ပြုတဲ့သူ
တရားဓမ္မနဲ့ညီတဲ့ အပြောအဆိုကို ပြောတဲ့သူ
တရားဓမ္မနဲ့ညီတဲ့ အတွေးအကြံကို တွေးတဲ့သူဟာ
အဆင့်အတန်းရှိတဲ့လူပါပဲ။
လောကအဆင့်အတန်းမြင့်ပေမယ့် ……
ဓမ္မအဆင့်အတန်းနိမ့်ရင် အဆင့်အတန်းမရှိတဲ့သူ
လောကအဆင့်အတန်း နိမ့်ပေမယ့်
ဓမ္မအဆင့်အတန်းမြင့်ရင် ……
အဆင့်အတန်းရှိတဲ့လူလို့ ခေါ်နိုင်ပါတယ်။

ဆရာတော်အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )

ဆရာတော်၏ " စိတ်အားဖြည့်ဓမ္မနေခြည် " မှ။

တရားအလှူ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ

ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏။
အရသာအားလုံးကို တရားအရသာက အောင်နိုင်၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တရားစာပေများကို ဖတ်ရှုခြင်းသည် အသံတိတ် တရားနာခြင်းဖြစ်ပြီး၊  ရေးသူသည် အသံတိတ် တရားဟောခြင်း မည်ပါတယ်။

မိမိရသော အသိဉာဏ်ကို တစ်ဆင့် ပြန်(share)ခြင်း ဖြန့်ဝေခြင်းသည်လည်း အသံတိတ် တရားဟောခြင်း မည်ပါတယ်။

အပြင်မှာ ဟောတာက လူထောင်ဂဏန်းလောက်ပဲ ဟောလို့ရပေမယ့် Facebook မှာတော့ မရေနိုင်အောင် ဟောနိုင်ပါတယ်။

(အရှင်ကဉ္စနရံသီ ကလေးဝ)

သူတစ်ပါးကို ထမင်းချက်ကျွေး၊ ရေခပ်ပေးနေသူဟာ ထမင်းမငတ်၊ ရေမငတ်သလို သူတပါးကို လိမ္မာယဉ်ကျေးအောင် ဆုံးမလမ်းညွှန်တတ်သူဟာလည်း ဘဝသံသရာမှာ အောက်ကျနောက်ကျ မဖြစ်နိုင်ပါ။

(အရှင်ဇနကာဘိဝံသ)

တရားစာပေရေးတယ်ဆိုတာ ကိုယ့်ဘဝ၊ ကိုယ့်ကမ္ဘာမှာ ထိန်လင်းနေတဲ့ သစ္စာဉာဏ်အလင်းကို သူများဘဝ၊ သူများကမ္ဘာမှာလည်း ထိန်လင်းသွားအောင် ထွန်းညှိပေးနေတာပါ။ ဝေငှနေတာပါ။

(အရှင်ဆန္ဒာဓိက)

အတွေး

"အတွေးအားလုံး ဟာ  ကိုယ်ရဲ့အနာဂတ်မျိုးစေ့ "
==============================

တွေးလိုက်တဲ့ အတွေးအားလုံးဟာအနာဂတ်မျိုးစေ့
သိပ်သေချာနေတာနော်။

အတွေးအားလုံးသည် ကိုယ်ရဲ့အနာဂတ်မျိုးစေ့ဖြစ်ပါသည်။

အချိန်တိုင်းနော် အရေးကြီးတယ်နော်။ လူမသိအောင် တယောက်တည်း အခန်းတံခါးပိတ် ခေါင်းမြီးခြုံပြီးတော့
တွေးလည်းပဲ မျိုးစေ့ကြတာပဲ။ အဲ့အတွေးလည်းပဲ
ကိုယ့်အနာဂတ်ပဲ။

ဒါကြောင့် ဘုန်းဘုန်း ကလေးတွေကို ပြောတယ်။
မင်းတို့ကွယ် သေချာမှတ်ပါ။ တချို့က ပဋ္ဌာန်းရွတ်ပါတယ်
ဘုရား၊ ဘုရားရှိခိုးပါတယ်ဘုရား မအောင်မြင်ဘူးလို့
ပြောတယ်။ ပဋ္ဌာန်းရွတ်တဲ့အချိန် ဘယ်လောက်ရှိမှာလဲ
မိနစ်(၂၀) လောက်ရွတ်လိုက်တယ်။
ရွတ်ရင်းတန်းလန်းတောင် စိတ်က ပရမ်းပတာ
ဖြစ်နေသေးတာ မျိုးစေ့ကောင်းလား?

↔ရွတ်ပြီးသွားတော့လည်း ဂိမ်းဆော့ရင်ဆော့တယ်၊
ရုပ်ရှင်ကြည့်ရင်ကြည့်တယ်၊ သူများအတင်းပြောရင်
ပြောတော့၊ မကောင်းတာက များမနေဘူးလား?
အနာဂတ်မှာ ချမ်းသာပါ့မလား? 
အဲတော့ အချိန်တိုင်း အရေးမကြီးဘူးလား ?။

ချမ်းသာချင်ရင် လက်ရှိအချိန်ကို သတိထားရမယ်။
ဘယ်အချိန်တုန်း? (လက်ရှိအချိန်ပါ.. ဘုရား။)
မင်းကွန်းဆရာတော်ဘုရားကြီး အမိန့်ရှိတဲ့စကားက
သိပ်နက်ရှိုင်းတာ

လက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိပါ။

အခုတွေးဆဲပြောနေတာနော်၊ တွေးဆဲလေးမှာ
ငါဘာတွေ တွေးလဲဆိုတာ နောက်စိတ်က
ပြန်သုံးသပ်ရတယ်။ ဘာမျိုးစေ့လဲ?

↔ တဖက်သားကို တန်ဖိုထားချစ်တဲ့စိတ်ဆိုရင် မဆိုးဘူး။ အနာဂတ်မှာ နတ်ရော လူရောချစ်မယ်။
ကိုယ့်ကို ဘာကူညီရမလဲ ဖြစ်လာမယ်။
သဘောပေါက်ရဲ့လား? ။

တခါ အများချမ်းသာဖို့ စီမံကိန်းချနေလည်းပဲ ရတယ်။
မိဘအတွက် ချစ်တဲ့စိတ်နဲ့ လုပ်ကိုင်ပေး လည်းရတယ်။
နားလည်ပြီနော်။ တဖက်သားကြည့်ပြီးတော့
တန်ဖိုးထားပြီးတော့ စကားပြောပေးလည်းရတယ်။
ဒါ မဆိုးသေးဘူး။

အဲ မကျေမနပ်နဲ့ မတရားဘူးထင်တာတွေ
လျှောက်တွေးပြီးတော့ ပူနေရင်တော့ကား
အခြေအနေကောင်းလား? ရှိတဲ့ ကုသိုလ်တွေ
ဖြုန်းနေတာလေ၊ အနာဂတ်ကို ဖျက်စီးနေတာ။
သဘောပေါက်ပြီလား ? ။

တကယ်တော့ကား ယောဆရာတော်ဘုရားကြီးပြောတာ အင်မတန်ရှင်းတာ၊ တွေ့မြင်နေရတဲ့ အာရုံတွေက
မနောထိ ပေါ်တာပေါ့။ သက်ရှိသက်မဲ့ အားလုံးသည်
ယူတတ်ရင် ကိုယ့်အတွက် စွမ်းအားတွေပဲ။
အနာဂတ်အတွက် အောင်မြင်မူတွေပဲ။ သို့သော်
ဉာဏ်ဓာတ်မီးနဲ့ ယူမှ ရမှာတဲ့။

ဆိုလိုတာကတော့ အခု ရှင်းရှင်း မြင်တာမို့လား၊ ယူတတ်ရင် အနာဂတ်အတွက် စွမ်းအားဖြစ်နေတာ။ တန်ဖိုးထားချစ်ရတယ်လေ။ ဒါပေမဲ့ များသောအားဖြင့်က ကိုယ်နဲ့ မပတ်သတ်ဘူး ထင်ပြီးတော့ကနှလုံးမသွင်းကြ
ဘူးပေါ့နော်။ အချင်းချင်းကို ဘာသိဘာသာပဲလေ။ ဒီတိုင်းဘဲနေကြတာ လှိုက်လှိုက်လှဲလှဲ ချစ်တဲ့ဓာတ်
မသွင်းကြဘူး။ ဘာသိဘာသာဆိုတော့ ဘာသိဘာသာပဲ ၀င်သွားတာပေါ့။

အနာဂတ် ဘယ်လို အကျိုးပေးလဲဆိုရင် သူများမှ စိတ်မ၀င်စားပဲနဲ့၊ ကိုယ့်အကြောင်းကိုပဲ စိတ်ဝင်
စားသောကြောင့် ကိုယ့်လည်း ဘယ်သူ့မှ စိတ်မ၀င်
စားတော့ဘူး။ မရှိလည်း မသိ၊ ရှိလည်း မသိ ကူညီမယ့်သူ ပေါ်မလာတော့ဘူး။ တူသော အကျိုးပေးပဲ လာမှာပေါ့။  သဘောပေါက်လား?

တဖက်သားကိုကြည့်ပြီး စိတ်ဝင်စားရတယ် တကယ်ချစ်ရတယ်။ အောင်မြင်တာကို ၀မ်းသာပေး
ရတယ်။ လိုအပ်တာကို ဖြည့်မယ်လို့ စိတ်ကူးလေး
တွေပေါ်ရတယ်။ အဲ့လိုသတ္တိရှိရင် ကိုယ့်ကို ကူညီတဲ့သူ ပေါ်လာတာ။ ကိုယ်စိုက်တဲ့အပင် ကိုယ်ပြန်စားရတာပေါ့။ သဘောပေါက်လား။

အဲ မရေမရာတွေ အချိန်ကုန်ရင်လည်း ကြီးတဲ့အခါကြတော့ (၁၀၀)မှာ (၉၉) ကြည့်လိုက်ရင် သူဋ္ဌေးကြီးလည်း ဖြစ်မသွားကြဘူး။ မဂ်ဖိုလ်လည်း ရမသွားဘူး။ မရှိမရှား မရေမရာနဲ့ သေကုန်တာများတယ်။ ဘာလို့လဲဆိုတော့ တနေကုန်ုမှာက စိတ်ကူးတွေက ကိုယ်မျိုးစေ့ကြတာ မသိတော့ မရေမရာနဲ့ အချိန်ကုန်ကုန်တာ။

မီးဖိုချောင်ကိစ္စတွေ၊ စားမူကိစ္စတွေ မေတ္တာမပေါင်းကြဘူး။ ထုံးစံလိုပဲ လုပ်ကိုင်ပြီးတော့ ရုပ်ရှင်ကြည့်လိုက်၊ အိပ်လိုက် စားလိုက်နဲ့ မရေမရာ မျိုးစေ့ပဲ ချထားတော့ သူဋ္ဌေးကြီးလည်း ဖြစ်မသွားဘူး။ မဂ်ဖိုလ်လည်း ရမသွားဘူး။ မရေမရာနဲ့ သေသွားတာပေါ့။

ထူးခြားတဲ့ မျိုးစေ့ချမှ ထူးခြားတဲ့ မျိုးစေ့အကျိုးပေး လာမှာပေါ့။ သဘောပေါက်ရဲ့လား?

ထူးထူးခြားခြားကုသိုလ် နေ့စဉ်ရှိပစေ။ အမေကိုပြုစုရင်လည်းပဲ အဖေကိုပြုစုရင်လည်းပဲ မေတ္တာအပြည့်ထည့်လိုက်။ တအားချစ်ပြီး ပီတိဖြစ်ပြီး ပျော်လို့ရှိရင် အနာဂတ်အတွက်အကျိုးပေးတယ်။။ တာဝန်ကျေလေးဆိုရင်တော့ မရဘူး။ မေတ္တာပိုတိုးနော်၊ တိုးတဲ့အခါမှာ ကျေးဇူးတွေမြင်မှ
မေတ္တာပေါ်တာ။ ချစ်လာပြီဆိုရင် ရပြီ။

ဘုရားရှိခိုလည်း ထုံစံလိုမရှိခိုးနဲ့။
ဘုရားကျေးဇူးတွေဖော် ရင်ထဲက လှိုက်လှိုက်လှဲလှဲချစ်ပြီး အေးလာအောင် Crystal ပြောင်းသလို ပြောင်းလာပြီးတော့ တကယ်ချစ်တဲ့စိတ်နဲ့သာ ပူဇော်ပေး ထူးခြားလာလိမ့်မယ်။ အနာဂတ်တည်ဆောက်တယ် ခေါ်တယ်။
အနာဂတ်တည်ဆောက်တယ် ခေါ်တယ်။ ရမလား?

ဒါကြောင့်မို့ အတွေးအားလုံးသည် ကိုယ်ရဲ့
အနာဂတ်မျိုးစေ့ဖြစ်ပါသည်။

{ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး }

credit Zaw Myo