စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, October 15, 2025

အောင်ခြင်းရှစ်ပါးကဗျာ

အောင်ခြင်းရှစ်ပါးကဗျာ
==================

(၁) မာရ်နတ်ကို အောင်မြင်ခြင်း
======================

ဂီရိမေခလာ ဆင်ပြောင်ကြီးကို၊
မာရ်နတ်ဆိုးကြီး တက်စီးလာ။
လက်ရုံးတစ်ထောင် သူဖန်ဆင်းလို့၊
အတင်းစစ်ခင်း တိုက်ခိုက်တာ။
ဘုရားပါရမီ လီလီတွက်တော့၊
ရေတွက်မရ များလှပါ။
များလှပါရမီ သက်သေခင်းတော့၊
ချက်ချင်းထွက်ပြေး ရှုံးရရှာ။
ပထမယံချိန် ကုန်ဆုံးတော့၊
တို့ဘုန်းဘုရား အောင်ခဲ့တာ။
အောင်ခဲ့တာ အောင်ခဲ့တာ။ ။

**********************

(၂) အာဠာဝကဘီလူးကို အောင်မြင်ခြင်း
==============================

အာဠာဝကဆိုတာ အလွန်ကြမ်းသကွဲ့၊
စိတ်ကြမ်းကိုယ်ကြမ်း ရမ်းလို့နေ။
မာရ်နတ်ထက်ပင် စစ်အင်ကျင်းသကွယ့်၊
ရဲရဲတင်းတင်း တိုက်ခိုက်ပေ။
ဝင်ပါထွက်ပါ ဉာဏ်နက်သုံးလို့၊
ခက်ဆုံးပုစ္ဆာ မေးမြန်းသလေ။
ဗုဒ္ဓစိန္တေ ဟောဖြေပေးတော့၊
ယက္ခရင်အေး ချမ်းသာပေ။
ချမ်းသာပေ ချမ်းသာပေ။ ။

**********************

(၃) နာဠာဂီရိဆင်ကို အောင်မြင်ခြင်း
===========================

ဘုရားကိုပင် နင်းမဟဲ့လို့၊
အတင်းချဉ်းကပ် ပြေးလို့လာ။
အရက်မူးကာ အလွန်ထိုးမယ့်၊
ဆင်ဆိုးကြီးက ကြောက်စရာ။
ဗုဒ္ဓစိန္တေ မေတ္တာမြွက်တော့၊
ခြေလက်ဒူးတုပ် လိမ္မာရှာ။
လိမ္မာသောခါ တရားဟောတော့၊
သဘောကောင်းလို့ ယဉ်ကျေးလာ။
ယဉ်ကျေးလာ ယဉ်ကျေးလာ။ ။

**********************

(၄) အင်္ဂုလိမာလကို အောင်မြင်ခြင်း
==========================

အဟိံသကဆိုတာ အမျိုးကောင်းကွဲ့၊
အဆိုးနှင့်ပေါင်း မိုက်မိပေ။
ဆရာ့ပရိယာယ် မသိငြားတော့၊
အပါယ်သွားဖို့ လူသတ်နေ။
ဘုရားကိုပင် သတ်မဟဲ့လို့၊
မရပ်မနား ဓားဆွဲပေ။
လိုက်လေဝေးလေ မောရှာသေးတော့၊
အဟိံသက မေးရပေ။
ဗုဒ္ဓအဖြေ သဘောကျလို့၊
မနောဟဒယ ရွှင်ပျနေ။
ချမ်းသာပေ ချမ်းသာပေ။ ။

**********************

(၅) စိဉ္စမာဏကို အောင်မြင်ခြင်း
========================

မိန်းမယုတ်ဟာ ကိုယ်ဝန်အတုနဲ့,
သဗ္ဗညုဘုရား စွပ်စွဲလာ။
စွပ်စွဲမှုဟာ မခိုင်မြဲလို့၊
ယိုင်လဲရှာပေါ့ လူလယ်မှာ။
ဗုဒ္ဓစိန္တေ မြတ်ဘုရားက၊
ဖြူစင်တရားနဲ့ နိုင်ခဲ့တာ။
မိန်းမယုတ်မှာ မြေမျိုထိလို့၊
အဝီစိငရဲ ကျရရှာ။
စွပ်စွဲယုတ်မာ အဖျက်သမား၊
အရှက်များလို့ ပျက်စီးရှာ။
ကြောက်စရာ ကြောက်စရာ။ ။

**********************

(၆) သစ္စကပရဗိုဇ်ကို အောင်မြင်ခြင်း
===========================

သစ္စကဆိုတာ ဝါဒမှူးကွယ့်၊
အလွန်ထူးလို့ ကျော်ကြားပေ။
ဝါဒထောင်ကျော် ဗိုက်မှာပြည့်လို့၊
စေ့စေ့ပတ်ထား သံပြားခွေ။
အမှားကိုပင် အမှန်ပဲလို့၊
ဧကန်ယူစွဲ ဇွဲကြီးနေ။
ယူဆမှုတွေ အလွန်မှားတော့၊
အပါယ်သွားဖို့ သေချာပေ။
ဗုဒ္ဓစိန္တေ မြတ်ဘုရားက၊
သနားလှလို့ ဟောမိန့်ခြွေ။
ယဉ်ကျေးပေ ယဉ်ကျေးပေ။ ။

**********************

(၇) နန္ဒောပနန္ဒနဂါးကို အောင်မြင်ခြင်း
===========================

နဂါးဆိုတာ အမောက်ကြီးနဲ့၊
တန်ခိုးကြီးတဲ့ မြွေကြီးဟေ။
ရှင်မောဂ္ဂလာန် သူနှိမ်နင်းတော့၊
မာန်တွေကျဆင်း ဝပ်စင်းပေ။
ဗုဒ္ဓစိန္တေ နည်းညွှန်ပြတဲ့၊
အမွန်ဓမ္မကောင်းလှပေ။
ဗုဒ္ဓဘာသာ မြတ်တရားက၊
အံ့ဖွယ်မှတ်သား များလှပေ။
သာဓုဟေ သာဓုဟေ။ ။

**********************

(၈) ဗကဗြဟ္မာကို အောင်မြင်ခြင်း
=========================

ဗကဗြဟ္မာ အယူသည်းက၊
ကိုယ့်ကိုယ်ကိုပဲ ထင်ကြီးနေ။
ဗုဒ္ဓကိုပင် ယှဉ်ပြိုင်တုလို့၊
မနိုင်ယခု ရှုံးပြီလေ။
ဗုဒ္ဓစိန္တေ မြတ်ဘုရားက၊
မှတ်သားနာဖို့ ဟောမိန့်ခြွေ။
နာကြားရသူ ဗြဟ္မာများ၊
တရားရလို့ ချမ်းသာပေ။
ချမ်းသာပေ ချမ်းသာပေ။ ။

********************************

#အောင်ခြင်းရှစ်ပါး

#အရှင်သုစိတ္တသာရ_နတ်မောက်