မနုသီဟ ဖင်နှစ်ခွသမိုင်းကြောင်း
•••••••••••••••••••••••••••••
" မနုသီဟ" ဟူသည် ပါဠိဘာသာစကားမှ ဆင်းသက်လာပြီး "လူခြင်္သေ့" ဟု အဓိပ္ပါယ်ရပါသည်။ဖင်နှစ်ခွရှိပြီး လူဦးခေါင်းနှင့် မကိုဋ်သဏ္ဍာန်ဆောင်းထားပေသည်။ မနုသီဟကို စေတီဘုရားထောင့်တစ်နေရာ၌ ထားရှိတတ်ပြီး ဘီလူး အစရှိသော အန္တရာယ်ပေးတတ်သည့် သတ္တဝါဆိုးများမှ အန္တရာယ်ကင်းစေရန် ထားရှိတတ်လေသည်။
သမိုင်းအစဉ်အလာကား ဤသို့တည်း…။
သုံးလောကထွဋ်ထား သဗ္ဗေညုမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် သာသနာနှစ် ၂၃၅ ခုနှစ်တွင် ရာမညတိုင်းအစိပ် သုဝဏ္ဏဘုမ္မိသို့ အရှင်သောဏနှင့်အရှင်ဥတ္တရမထေရ်နှစ်ပါးအား အရှင်မောဂ္ဂလိပုတ္တိဿမှ သာသနာပြုတော်မူရန် သံဃာငါးပါးနှင့်အတူ စေလွှတ်တော်မူလေသည်။ထိုအချိန်၌ သုဝဏ္ဏဘုမ္မိ သထုံပြည်တွင် သီရိဓမ္မာမေသာဟူသော မင်းတစ်ပါး တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေခိုက်ဖြစ်သည်။
ထိုမြို့သည် သမုဒ္ဒရာနှင့် နီးသောကြောင်း ရေစောင့်ဘီလူးမသည် မင်းအိမ်မှ ကလေးမွေးတိုင်း ဖမ်းယူစားလေ့ရှိ၏။သာသနာပြုမထေရ်တို့ ရောက်ရှိချိန် နေ့လယ်အချိန်တွင် မင်းအိမ်၌ သားဖွားခိုက်ကြုံ၍ ရေစောင့်ဘီလူးမသည် စားအံ့ဟု အရံတို့နှင့်အတူ ရောက်လာကာ လူအပေါင်းတို့သည် ကြောက်လန့်သဖြင့် ငိုကြွေးကုန်၏။
ထိုအချိန်၌ သာသနာပြုမထေရ်လည်း ရောက်ရှိနေချိန်ဖြစ်၍ နေစောင့်ဘီလူးမနှင့် ပက်ပင်းတိုးတော့သည်။ဘီလူးမသည် ကြောက်မက်ဖွယ်အဆင်းသဏ္ဍာန်များ ဖန်ဆင်းကာ မထေရ်နှစ်ပါးအား တိုက်ခိုက်လေသည်။မထေရ်နှစ်ပါးသည်လည်း အမျိုးမျိုး ဖန်ဆင်းကာ ပြန်လည်ခုခံ၏။သို့သော် ရေစောင့်ဘီလူးမအား မနှိမ်နင်းနိုင်သေးပေ။နောက်ဆုံးတွင် မထေရ်နှစ်ပါးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခြင်္သေ့ခေါင်းနှင့်တူပြီး ခေါင်းတစ်လုံး ခန္ဓာကိုယ်နှစ်ခု မနုသီဟသဏ္ဍာန်ပြောင်းကာ ရေစောင့်ဘီလူးထက် နှစ်ဆသာအောင် ဖန်ဆင်း၍ ဘီလူးမအား ခြောက်လန့်မောင်းထုတ်ရာ ရေစောင့်ဘီလူးမလည်း မခံမရပ်နိုင်ဖြစ်ရကား ထွက်ပြေးကုန်လေတော့သည်။
မထေရ်တို့သည် ဘီလူးမများ ထပ်မံမလာနိုင်စေရန် ဂါထာ မန္တန် ပရိတ်ရေ စသော အတားအဆီးအစီအမံများ ပြုလေ၏။ထိုအခ်ျိန်၌ စုဝေးလာသော ပရိတ်သတ်အပေါင်းတို့အား တရားရေအေးအမြိုက်ဆေး တိုက်ကျွေးသည့်အနေဖြင့် ဗြဟ္မဇလသုတ်တော်ကို ဟောကြားတော်မူရာ ခြောက်သောင်းသော ပုဂ္ဂိုလ်တို့သည် ကျွတ်တမ်းဝင်ကုန်ကြလေ၏။
ထိုအချိန်မှစ၍ လူသူခပ်သိမ်းအပေါင်းတို့သည် ဘုရားစေတီအနီး၌ ဘီလူးအနှောင့်အယှက်မှ ကင်းဝေးစေရန်အနေဖြင့် မထေရ်နှစ်ပါးဖန်ဆင်းသော မနုသီဟကိုယ်ပွားရုပ်ထုအား ထုလုပ်ကာ ထားရှိကြသည်မှာ ယနေ့တိုင် တွေ့မြင်နိုင်ပေတော့သည်။
စာဖတ်သူအပေါင်း
ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာကြပါစေ…
#အရှင်သုစိတ္တ-မြတ်ဗုဒ္ဓ၏သာသနာpage
No comments:
Post a Comment