စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, January 11, 2024

ဘုရားဟောတဲ့လူပျင်း

 ဘုရားဟောတဲ့ လူပျင်း 
" ပျင်းတယ်၊ လုံ့လဝီရိယ ရှိတယ် "ဆိုတာ  ဘယ်လို သိရမလဲ !?

လူတွေက ထင်ကောင်းထင်လိမ့်မယ်။
နေ့စဉ်နဲ့အမျှ စားဝတ်နေရေးတွေ လုပ်နေတာ မပျင်းဘူးပေါ့၊ လုပ်စရာ၊ ကိုင်စရာတွေရှိတာ တက်တက်ကြွကြွ လုပ်ပေးတယ်။

ဒါကို " လူပျင်းလို့ မခေါ်နိုင်ဘူး "လို့ ပြောကောင်းပြောလိမ့်မယ်။

ဓမ္မရှုထောင့်ကနေ ကြည့်လို့ရှိရင် လူပျင်းဆိုသည်မှာ~
ကာမဂုဏ်အာရုံအတွေးတွေထဲမှာ နစ်မြှုပ်ပြီးနေတဲ့ ပုဂ္ဂိုလ်၊ ကာမဂုဏ်အာရုံ ခံစားဖို့ရာ တွေးပြီးတော့ အဲဒီ အတွေးရေယဉ်ကြောမှာ နစ်မျောနေတဲ့ ပုဂ္ဂိုလ်ကို လူပျင်းလို့  သတ်မှတ်တယ် ။

နောက်တစ်ခုက .. !
လူတစ်ဦးတစ်ယောက်ကို  ဒေါသနဲ့  နှိပ်စက်ညှင်းပမ်းလိုတဲ့ စိတ်ဓါတ်တွေနဲ့ တွေးကြံနေတဲ့  ပုဂ္ဂိုလ်ဟာ ပျင်းရိတဲ့  ပုဂ္ဂိုလ် ...။

တနည်းအားဖြင့် .. !
ကိုယ့်သန္တာန်မှာ လောဘ၊ ဒေါသ၊ မောဟတွေ မကောင်းတဲ့ စိတ်ရဲ့အညစ်အကြေးတွေရှိနေပါလျှက် ဒီစိတ်ရဲ့ အညစ်အကြေးတွေကို
ဖယ်ရှားဖို့ မကြိုးစားဘူးဆိုရင် " လူပျင်း " လို့ပဲ သတ်မှတ်တယ် ။

နောက်တစ်ခု .. !
ဘယ်လောက်ပဲ  စီးပွားရှာရှာ ကြိုးကြိုးစားစား လုပ်နေ နေ မိစ္ဆာဝိတက် လို့  ခေါ်တဲ့ မှားယွင်းတဲ့ အတွေးတွေနောက်လိုက်ပြီး ဒါတွေကို လက်ခံနေသမျှ ကာလပါတ်လုံးတွန်းလှန်ဖယ်ရှားဖို့  မပြုတဲ့ ပုဂ္ဂိုလ်ဟာ ...မကောင်းတဲ့  အကုသိုလ်နဲ့ ပတ်သက်ပြီး ကာမဝိတက်  ကာမဂုဏ်အာရုံခံစားဖို့တွေ တွေးတယ် လောဘနဲ့ ကြံတွေးတယ်။

ဗျာပါဒ ဝိတက် ဒေါသနဲ့ ကြံတွေးတယ်။

ဝိဟိံသာဝိတက် တစ်ဖက်သားကို  ညင်းဆဲဖို့ သတ်ဖြတ်ဖို့ အတွေးတွေနဲ့ တွေးတယ် အဲဒီ အကုသိုလ်အတွေးတွေ လက်ခံပြီး တွန်းလှန် ဖယ်ရှားခြင်း မလုပ်တဲ့ ပုဂ္ဂိုလ်ဟာ လူပျင်းပဲ။

အဲဒီလို  ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အနှစ်တစ်ရာ အသက်ရှည်မှုဟာ လုံးဝ တန်ဖိုး မရှိဘူး ...ဒီလို ဆိုလိုတယ်။

ဒါကြောင့်မို့ .. !
ဘုန်းကြီးတို့တတွေ ပျင်းရိတယ်ဆိုတဲ့ အဆင့်က လွတ်အောင် ဘာလုပ်ရမလဲ ...။

 ကိုယ့်သန္တာန်မှာ မဖြစ်သေးတဲ့ လောဘ၊ ဒေါသ၊ မောဟ အကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာ  မဖြစ်အောင် ကြိုးစားရမယ်။ 
 ဖြစ်လာတဲ့ အကုသိုလ်တရားတွေကို တွန်းလှန်ဖယ်ရှားဖို့ ကြိုးစားရမယ်။
 မဖြစ်သေးတဲ့  ကုသိုလ်တရားတွေ ကိုယ့်သန္တာန်မှာ ဖြစ်လာအောင် ကြိုးစားရမယ်။
ဖြစ်ပြီးသား ကုသိုလ်တရားတွေ  တိုးပွားအောင် ကြိုးစားရမယ်။

အဲဒီလို .. !
ကြိုးပမ်းအားထုတ်မှု ( ၄ )ရပ်နဲ့ ပြည့်စုံမှ ကြိုးပမ်းအားထုတ်သူ ~
အဲဒီလို ကြိုးပမ်းအားထုတ်နေတဲ့ ပုဂ္ဂိုလ်မှ တစ်ရက် အသက်ရှည်လဲ တန်ဖိုးရှိတယ်။ 
" အသက်ရှည်လေ ပိုကောင်းလေ" ဆိုတာ အဲဒီလို  ကြိုးစားနေတဲ့ ပုဂ္ဂိုလ်အတွက်ပဲ ဖြစ်တယ် ။

ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ 

Credit..

Monday, January 8, 2024

အနာဂတ်စိတ်ချပြီလား

အနာဂတ်စိတ်ချပြီလား
________🌺🌷🌺_______

ဒုက္ခဆိုတာ ခန္ဓာ ရှိလို့ပါ။ မှန်ပါတယ်။  ခန္ဓာရှိလို့ အိုရတယ်၊ ခန္ဓာရှိလို့ နာရတယ်၊ ခန္ဓာရှိလို့ သေရတယ်။ တကယ်တော့ ခန္ဓာဆိုတာ လမ်းကြမ်းကြီးကို သွားနေတဲ့ လှည်းအိုကြီးလိုပါပဲ။ လမ်းကကြမ်းတော့ ဘီးက ပျက်လိုက်၊ ဝင်ရိုးက ပျက်လိုက်၊ လှည်းအိမ်က ပျက်လိုက်နဲ့။ ဒါကြောင့် ခဏခဏ ပြင်ပေးရတယ်။ အဲဒီလိုနဲ့ နှစ်ထမ်းကြာတော့ ပြင်မရတော့ဘူး၊ နောက်ဆုံးတော့ လှည်းဟာ ထင်းဖြစ်သွားတာပဲ။

ဒီလိုပဲ၊ ခန္ဓာဆိုတာ ဘဝခရီးကြမ်းကြီးကို သွားနေကြရတာ၊ ဒီတော့ ခေါင်းက နာလိုက်၊ ခါးက နာလိုက်၊ ခြေထောက်က နာလိုက်နဲ့။  ခဏခဏ ပြင်ပေးရတယ်။ ဆေးရုံဆေးခန်း သွားတယ်ဆိုတာ ခန္ဓာကို ပြင်နေတာပါ။  

အသက်ကြီးလာတဲ့အခါ ခန္ဓာက ပြင်မရတော့ဘူး၊ နောက်ဆုံးတော့ ခန္ဓာကြီးဟာ မြေကြီးထဲ ရောက်သွားတာပဲ။ ဘယ်မှာလဲ ချမ်းသာ၊ ဘယ်မှာလဲ ပျော်စရာ။ ဘဝကို ဉာဏ်နှင့် ကြည့်တော့ ဒုက္ခပါပဲ။

ဘာနှင့်သတ်မလဲ
--------------------

ဒုက္ခငြိမ်းချင်ရင် ခန္ဓာချုပ်အောင် လုပ်ရမယ်။ ခန္ဓာချုပ်ဖို့အတွက် ခန္ဓာရဲ့ အကြောင်းကို သတ်ရမယ်။ ခန္ဓာရဲ့ အကြောင်းက အဝိဇ္ဇာနှင့် တဏှာပဲ။ ဒီတော့ အဝိဇ္ဇာနှင့် တဏှာကို သတ်ရမယ်။

အဝိဇ္ဇာနှင့် တဏှာကြောင့် ကံတွေ ပြုလုပ်ကြတယ်။ ကံတွေပြုလုပ်ကြလို့ ခန္ဓာ ရလာကြတယ်။ ခန္ဓာတွေ ရလာလို့ သေရတာ။

အဝိဇ္ဇာဆိုတာ မသိတာ၊ တဏှာဆိုတာ လိုချင်တာ။ ဒီနှစ်ခုဟာ ခန္ဓာရဲ့ ရေသောက်မြစ်ပဲ။ ဒါကြောင့် ခန္ဓာ့ဒုက္ခ ချုပ်ငြိမ်းဖို့အတွက် အကြောင်းဖြစ်တဲ့ အဝိဇ္ဇာနှင့် တဏှာကို သတ်ရမယ်။ 

ဘာနှင့် သတ်မလဲ၊ ဉာဏ်နှင့်  သတ်ရမယ်။ ဘာဉာဏ်လဲ၊ ဝိပဿနာဉာဏ်။ ဝိပဿနာ အားထုတ်ရင် ရုပ်တရား နာမ်တရားတို့ရဲ့ ဖြစ်တာကို ဖြစ်မှန်းသိ၊ ပျက်နေတာကို ပျက်မှန်း သိသွားတယ်။ ဒါ အနိစ္စပဲ။ အနိစ္စကို သိရင် ဒုက္ခကို သိသွားတယ်။ ဒုက္ခကို သိသွားရင် တွယ်တာမှုဆိုတာ မလာတော့ဘူး။ 

ဒီတော့ တဆင့်ပြီးတဆင့် ဉာဏ်စဉ်တက်ပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိသွားတယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရရင် ခန္ဓာ့ဒုက္ခဟာ အပြီးတိုင် ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်။

အပါယ်မကျဖို့က အဓိက
-------------------------

ဝိပဿနာ အားထုတ်ရင် မဂ်ဉာဏ်ဖိုလ်ဉာဏ် မရတောင် နောက်ဘဝမှာ "ဘဝကောင်း" ရဖို့ကတော့ သေချာသလောက်ပါပဲ။  

အရေးတကာ့ အရေးထဲမှာ အပါယ် မကျဖို့က အရေးကြီးဆုံးပဲ မဟုတ်လား။ အပါယ်ကျသွားရင် လူ့ဘဝ ပြန်ရဖို့ ခဲယဉ်းသွားပြီ။ ဒီတော့ အပါယ် မကျဖို့အတွက် ဝိပဿနာတရားကို ကြိုးစားပြီး အားထုတ်ရမယ်။

ဝိပဿနာ အားထုတ်လို့  နတ်ပြည်ရောက်သွားရင် လူ့ပြည်က အားထုတ်ခဲ့တဲ့ ဝိပဿနာမျိုးစေ့ကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို အလွယ်တကူ ရနိုင်ပါတယ်။

ဒါကြောင့် ရတဲ့ အချိန်လေးမှာ ဝိပဿနာတရားကို ပုံမှန် အားထုတ်သင့်ပါတယ်။ နာရီဝက် တတ်နိုင်ရင် နာရီဝက်၊ တစ်နာရီ တတ်နိုင်ရင် တစ်နာရီပေါ့၊ အားလပ်ရင် အားလပ်သလောက် အားထုတ်ရမယ်။ ဒါမှ ကိုယ့်အနာဂတ်ဟာ စိတ်ချရမှာ ဖြစ်ပါတယ်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

Wednesday, January 3, 2024

ယောနိသောမနသိကာရရှိဖို့လိုတယ်

သီရိဓမ္မာသောကမင်းကြီးဆိုတာ အများသိကြပြီး 
ဖြစ်ပါတယ်။ ဘုန်းတန်ခိုး အလွန်ကြီးမားပါတယ်။
ရွှေငွေဘဏ္ဍာတော်တွေ အလွန်ပေါများပါတယ်။
ဗုဒ္ဓသာသနာတော်ကို ကုဋေတရာအထိ လှူဒါန်းထောက်ပံ့ခဲ့ ပါတယ်။ ဒါပေမယ့် နောက်ဆုံးအချိန်ကျတော့ ဆီးဖြူသီး တခြမ်းသာရှိတော့တဲ့အကြောင်း ဝိသုဒ္ဓိမဂ်မှာ ဒီလို ပြဆိုထားပါတယ်။         

သကလံ မေဒိနိံ ဘုတွာ၊ ဒတွာ ကောဋိသတံ သုခီ။
အဍ္ဎာမလက မတ္တဿ၊ အန္တေ ဣဿရတံ ဂတော။

သုခီ - အလွန် ချမ်းသာကြွယ်ဝသည့် အသောကမင်းသည်
သကလံ မေဒိနိံ- ဇမ္ဗူဒိပ်ကျွန်း တမြေထောင်လုံးကို (ဝါ)
တမြေထောင်လုံးမှ ထွက်သော အခွန် ဘဏ္ဍာတော်ကို
ဘုတွာ - သုံးဆောင် ခံစားပြီး၍ 
ကောဋိသတံ ဒတွာ - ကုဋေတစ်ရာသော ဘဏ္ဍာငွေကို
လှူဒါန်း ပြီး၍ 
အန္တေ - နောက်ဆုံးပိုင်းအချိန်ကာလ၌ 
အဍ္ဎာမလက မတ္တဿ - ဆီးဖြူသီး တစ်ခြမ်းမျှ၏ 
ဣဿရတံ - ပိုင်ရှင်အဖြစ်သို့ 
ဂတော - ဘုန်းကံ လျှောကာ ရောက်ရရှာလေတော့သတည်း။

နောက်ဆုံး ကာလ၌ ဆီးဖြူသီးတစ်ခြမ်းမျှ၏ ပိုင်ရှင် ဖြစ်ပုံကို ဒိဗျာဝဒါနကျမ်းက ဒီလို ပြထားပါတယ်။
အသောကမင်းကြီး အိုမင်းပြီး မကျန်းမာတဲ့အခါ 
မှူးမတ်ကြီးများက အိမ်ရှေ့မင်းဖြစ်တဲ့ မြေးတော် သမ္ပဒိနဲ့ 
တိုင်ပင်ပြီး ဘဏ္ဍာတိုက်ကို ထိန်းသိမ်းထားတယ်။
စားတော်အုပ်ထည့်၍ မင်းကြီးထံပို့လာတဲ့ ရွှေခွက်တွေကို မင်းကြီးကလှူ-လှူပစ်တဲ့အတွက် ငွေခွက်ဖြင့်ပို့စေတယ်၊
ငွေခွက်ကိုလဲ လှူပြန်သောကြောင့် ကြေးခွက်ဖြင့်
ပို့စေတယ်၊ ကြေးခွက်ကိုလဲ လှူပြန်သောကြောင့်
မြေခွက်ဖြင့် ပို့စေတယ်။ နောက်ဆုံးမှာ ဆီးဖြူသီးတခြမ်း ကို မြေခွက်ဖြင့် ထည့်ပြီး ပို့စေပါသတဲ့။ ဆေးအဖြစ် 
သုံးဆောင်ရန် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ 

အဲဒီအခါမှာ မင်းကြီးက ဒီမြေကို ဘယ်သူအစိုးရသလဲလို့ မေးပါတယ်၊အရှင်မင်းကြီး အစိုးရပါတယ်လို့ လျှောက် တဲ့အခါ`ဒီလိုမဟုတ်တော့ဘူး၊ ငါဟာမင်းအဖြစ်ကလျှောကျနေပြီ၊ ဆီးဖြူသီးတခြမ်းသာ ငါပိုင်တော့တယ်
လို့ မိန့်ဆိုပါသတဲ့၊ အဲဒီနောက် မကြာခင်မှာပဲ နတ်ရွာစံ
တော်မူတယ်လို့ ဒိဗျာဝဒါနကျမ်းမှာပြဆိုထားပါတယ်။

အဲဒီ အဆိုအတိုင်းပင် ဝိသုဒ္ဓိမဂ်မှာ မိန့်ဆိုထားတယ်လို့
ယူရပါတယ်။ အဲဒီတော့ အင်မတန် ပေါများကြွယ်ဝပြီး
ဘုန်းတန်ခိုး ကြီးမားတဲ့ အသောကမင်းတောင် နောက်ဆုံး
တချိန်မှာ ဆီးဖြူသီးတခြမ်းမျှသာ ပိုင်တာကိုထောက်ဆကြည့်ရင် စီးပွားပျက်တဲ့ အလာဘလောကဓံနဲ့
တွေ့ကြရသူတွေမှာ ယောနိသောမနသိကာရဖြင့်
နှလုံးသွင်း ဆင်ခြင်ပြီး စိတ်ဆင်းရဲမှု သက်သာစရာ
အကြောင်းရှိပါတယ်။           
...
...
...                              

( ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏
လောကဓံတရားတော်)