အနာဂတ်စိတ်ချပြီလား
________🌺🌷🌺_______
ဒုက္ခဆိုတာ ခန္ဓာ ရှိလို့ပါ။ မှန်ပါတယ်။ ခန္ဓာရှိလို့ အိုရတယ်၊ ခန္ဓာရှိလို့ နာရတယ်၊ ခန္ဓာရှိလို့ သေရတယ်။ တကယ်တော့ ခန္ဓာဆိုတာ လမ်းကြမ်းကြီးကို သွားနေတဲ့ လှည်းအိုကြီးလိုပါပဲ။ လမ်းကကြမ်းတော့ ဘီးက ပျက်လိုက်၊ ဝင်ရိုးက ပျက်လိုက်၊ လှည်းအိမ်က ပျက်လိုက်နဲ့။ ဒါကြောင့် ခဏခဏ ပြင်ပေးရတယ်။ အဲဒီလိုနဲ့ နှစ်ထမ်းကြာတော့ ပြင်မရတော့ဘူး၊ နောက်ဆုံးတော့ လှည်းဟာ ထင်းဖြစ်သွားတာပဲ။
ဒီလိုပဲ၊ ခန္ဓာဆိုတာ ဘဝခရီးကြမ်းကြီးကို သွားနေကြရတာ၊ ဒီတော့ ခေါင်းက နာလိုက်၊ ခါးက နာလိုက်၊ ခြေထောက်က နာလိုက်နဲ့။ ခဏခဏ ပြင်ပေးရတယ်။ ဆေးရုံဆေးခန်း သွားတယ်ဆိုတာ ခန္ဓာကို ပြင်နေတာပါ။
အသက်ကြီးလာတဲ့အခါ ခန္ဓာက ပြင်မရတော့ဘူး၊ နောက်ဆုံးတော့ ခန္ဓာကြီးဟာ မြေကြီးထဲ ရောက်သွားတာပဲ။ ဘယ်မှာလဲ ချမ်းသာ၊ ဘယ်မှာလဲ ပျော်စရာ။ ဘဝကို ဉာဏ်နှင့် ကြည့်တော့ ဒုက္ခပါပဲ။
ဘာနှင့်သတ်မလဲ
--------------------
ဒုက္ခငြိမ်းချင်ရင် ခန္ဓာချုပ်အောင် လုပ်ရမယ်။ ခန္ဓာချုပ်ဖို့အတွက် ခန္ဓာရဲ့ အကြောင်းကို သတ်ရမယ်။ ခန္ဓာရဲ့ အကြောင်းက အဝိဇ္ဇာနှင့် တဏှာပဲ။ ဒီတော့ အဝိဇ္ဇာနှင့် တဏှာကို သတ်ရမယ်။
အဝိဇ္ဇာနှင့် တဏှာကြောင့် ကံတွေ ပြုလုပ်ကြတယ်။ ကံတွေပြုလုပ်ကြလို့ ခန္ဓာ ရလာကြတယ်။ ခန္ဓာတွေ ရလာလို့ သေရတာ။
အဝိဇ္ဇာဆိုတာ မသိတာ၊ တဏှာဆိုတာ လိုချင်တာ။ ဒီနှစ်ခုဟာ ခန္ဓာရဲ့ ရေသောက်မြစ်ပဲ။ ဒါကြောင့် ခန္ဓာ့ဒုက္ခ ချုပ်ငြိမ်းဖို့အတွက် အကြောင်းဖြစ်တဲ့ အဝိဇ္ဇာနှင့် တဏှာကို သတ်ရမယ်။
ဘာနှင့် သတ်မလဲ၊ ဉာဏ်နှင့် သတ်ရမယ်။ ဘာဉာဏ်လဲ၊ ဝိပဿနာဉာဏ်။ ဝိပဿနာ အားထုတ်ရင် ရုပ်တရား နာမ်တရားတို့ရဲ့ ဖြစ်တာကို ဖြစ်မှန်းသိ၊ ပျက်နေတာကို ပျက်မှန်း သိသွားတယ်။ ဒါ အနိစ္စပဲ။ အနိစ္စကို သိရင် ဒုက္ခကို သိသွားတယ်။ ဒုက္ခကို သိသွားရင် တွယ်တာမှုဆိုတာ မလာတော့ဘူး။
ဒီတော့ တဆင့်ပြီးတဆင့် ဉာဏ်စဉ်တက်ပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိသွားတယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရရင် ခန္ဓာ့ဒုက္ခဟာ အပြီးတိုင် ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်။
အပါယ်မကျဖို့က အဓိက
-------------------------
ဝိပဿနာ အားထုတ်ရင် မဂ်ဉာဏ်ဖိုလ်ဉာဏ် မရတောင် နောက်ဘဝမှာ "ဘဝကောင်း" ရဖို့ကတော့ သေချာသလောက်ပါပဲ။
အရေးတကာ့ အရေးထဲမှာ အပါယ် မကျဖို့က အရေးကြီးဆုံးပဲ မဟုတ်လား။ အပါယ်ကျသွားရင် လူ့ဘဝ ပြန်ရဖို့ ခဲယဉ်းသွားပြီ။ ဒီတော့ အပါယ် မကျဖို့အတွက် ဝိပဿနာတရားကို ကြိုးစားပြီး အားထုတ်ရမယ်။
ဝိပဿနာ အားထုတ်လို့ နတ်ပြည်ရောက်သွားရင် လူ့ပြည်က အားထုတ်ခဲ့တဲ့ ဝိပဿနာမျိုးစေ့ကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို အလွယ်တကူ ရနိုင်ပါတယ်။
ဒါကြောင့် ရတဲ့ အချိန်လေးမှာ ဝိပဿနာတရားကို ပုံမှန် အားထုတ်သင့်ပါတယ်။ နာရီဝက် တတ်နိုင်ရင် နာရီဝက်၊ တစ်နာရီ တတ်နိုင်ရင် တစ်နာရီပေါ့၊ အားလပ်ရင် အားလပ်သလောက် အားထုတ်ရမယ်။ ဒါမှ ကိုယ့်အနာဂတ်ဟာ စိတ်ချရမှာ ဖြစ်ပါတယ်။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
No comments:
Post a Comment