တိရစ္ဆာန်ဝတ္ထု
======__=========
တစ်ရံရောအခါ နဂါးတစ်ကောင်သည် နဂါးဘဝကို ရွံမုန်း ရှက်နိုး စက်ဆုပ်သဖြင့် ''ငါသည် အဘယ်နည်းဖြင့် နဂါးဘဝမှ လွတ်ရပါအံ့နည်း၊ လျင်စွာ လူ့အဖြစ်ကို ရပါအံ့နည်း''ဟု အကြံ ဖြစ်၏။
ထို့နောက် ထိုနဂါးအား ''ဤသာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် တရားကို ကျင့်လေ့ရှိကုန်၏, ကောင်းသောအကျင့်ကို ကျင့်လေ့ရှိကုန်၏၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိကုန်၏့မှန်သော စကားကို ဆိုလေ့ရှိကုန်၏၊ သီလရှိကုန်၏၊ ကောင်းသော သဘောရှိကုန်၏၊ အကယ်၍ ငါသည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့ထံ၌ ရဟန်းပြုငြားအံ့၊ ဤသို့ ရဟန်း ပြုသည်ရှိသော် ငါသည် နဂါးဘဝမှ လွတ်ရာ၏၊ လျင်စွာ လူ့အဖြစ်ကိုလည်း ရရာ၏''ဟု အကြံဖြစ်ပြန်၏။
ထိုအခါ ထိုနဂါးသည် လုလင်၏ အသွင်ဖြင့် ရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် ရဟန်းအဖြစ်ကို တောင်း၏၊ ထိုနဂါးကို ရဟန်းတို့သည် ရှင်ရဟန်း ပြုပေးကုန်၏။ ထိုအခါ ထိုနဂါးသည် တစ်ပါးသော ရဟန်းနှင့်အတူ အစွန်ဖြစ်သော ကျောင်း၌ နေ၏။ ထိုအခါ ထို (တစ်ပါးသော) အဖော်ရဟန်းသည် မိုးသောက်အခါ၌ စောစောထ၍ ဟင်းလင်းပြင် 'လွင်တီးခေါင်' ၌ စင်္ကြံသွား၏။ ထိုအခါ နဂါးသည် ရဟန်း ထွက်သွားသောအခါ သတိလွတ်ကင်း အိပ်ပျော်ခြင်းသို့ ရောက်၏၊ တစ်ကျောင်းလုံးသည် မြွေ (နဂါး၏ ခန္ဓာ ကိုယ်)ဖြင့် ပြည့်၏၊ လေသွန်တံခါးတို့မှ အခွေတို့သည် ထွက်ကုန်၏။
ထိုအခါ ထိုရဟန်းသည် ''ကျောင်းသို့ ဝင်အံ့''ဟု တံခါးရွက်ကို တွန်းလိုက်သည်ရှိသော် ကျောင်း တစ်ခုလုံး မြွေ (နဂါး၏ခန္ဓာကိုယ်)ဖြင့် ပြည့်လျက် လေသွန်တံခါးတို့မှ အခွေတို့ ထွက်နေသည်ကို မြင်သောကြောင့် ကြောက်ရွံ့သည်ဖြစ်၍ အော်ဟစ်သော အသံကို ပြုလေ၏။ ရဟန်းတို့သည် ပြေးလာကြပြီးလျှင် ထိုရဟန်းကို ''ငါ့သျှင် သင်သည် အဘယ့်ကြောင့် အော်ဟစ်သော အသံကို ပြုသနည်း''ဟု မေးကုန်၏။ ''ငါ့သျှင်တို့ တစ်ကျောင်းလုံးသည် မြွေ (နဂါး၏ခန္ဓာကိုယ်)ဖြင့် ပြည့်၏၊ လေသွန်တံခါးတို့မှ အခွေတို့သည် ထွက်နေကုန်၏''ဟု (ပြောဆို၏)။
ထိုအခါ နဂါးသည် ထိုပြောဆိုသော အသံဖြင့် နိုး၍ မိမိနေရာ၌ ထိုင်နေ၏။ ရဟန်းတို့သည် ''ငါ့သျှင် သင်သည် အဘယ်သူနည်း''ဟု မေးကုန်၏။ ''အသျှင်တို့ အကျွန်ုပ်ကား နဂါးတည်း''ဟု ပြောဆိုသည်ရှိသော် ငါ့သျှင် သင်ကား အဘယ့်ကြောင့် ဤသို့သဘောရှိသော အမှုကို ပြုသနည်းဟု (မေးကုန်၏)။ ထိုအခါ နဂါးသည် ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။ ရဟန်းတို့သည် မြတ်စွာဘုရား အား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤသို့သော အကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေ၍ ထိုနဂါးကို ''သင်နဂါးတို့သည် ဤသာသနာ၌ မကြီးပွါးသော သဘောရှိကုန်၏၊ နဂါး သင်သည် သွားလေ လော့၊ ထိုနဂါးပြည်၌သာလျှင် တစ်ဆယ့်လေးရက် ဥပုသ်နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက် ဥပုသ်နေ့၌လည်းကောင်း၊ လဆုတ်ရှစ်ရက် လဆန်းရှစ်ရက် ဥပုသ်နေ့၌လည်းကောင်း ဥပုသ်ကို သုံးလေလော့၊ နဂါး သင်သည် ဤသို့ ဥပုသ်ကို သုံးသည်ရှိသော် နဂါးမျိုးမှလည်း လွတ်လတ္တံ့၊ လျင်စွာ လူ့အဖြစ်ကိုလည်း ရလတ္တံ့''ဟု မိန့်တော်မူ၏။ ထိုအခါ ထိုနဂါးသည် ''ငါသည် ဤသာသနာ၌ မကြီးပွါးသော သဘောရှိ သတတ်''ဟု စိတ်ဆင်းရဲခြင်း စိတ်မချမ်းသာခြင်း ရှိသည်ဖြစ်၍ မျက်ရည်တို့ကို ယိုစီးစေလျက် ငိုကြွေး၍ ဖဲခွါသွားလေ၏။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့ နဂါး၏ ပင်ကိုယ်သဘော ထင်ရှား ဖြစ်ပေါ်လာရန် အကြောင်းတို့ကား ဇာတ်တူနဂါးမ၌ မေထုန်မှီဝဲခြင်း၊ သတိလွတ်ကင်း အိပ်ပျော်ခြင်းသို့ ရောက်ခြင်း နှစ်ပါးတို့ပင်တည်း။
ရဟန်းတို့ တိရစ္ဆာန်သည် ပဉ္စင်းမဖြစ်၊ ပဉ္စင်းခံမပေးအပ်၊ ပဉ္စင်းခံပေးမိသည်ရှိသော် (အသွင်ကို) ဖျက်ရမည်''ဟု (မိန့်တော်မူ၏)။
Credit ==>>> တိပိဋက မြန်မာ
No comments:
Post a Comment