စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Wednesday, September 12, 2018
ငြိမ်းအေးသေါဘဝပိုင်ရှင်
🍃 ငြိမ်းအေးသော ဘ၀ပိုင်ရှင် 🍃
<><><><><><><><><><><><>
  ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက်
  နောက်အရည်အသွေးတစ်ခုကတော့ -
  စကားကို …
  ဉာဏ်နဲ့ ချင့်ချိန်ဆင်ခြင်ပြီးမှ ပြောဆိုခြင်း၊
  (သို့မဟုတ်) နှုတ်စောင့်စည်းခြင်းဆိုတဲ့
  အရည်အသွေးပါပဲ။
  စကားကို ဉာဏ်နဲ့ မဆင်ခြင်ဘဲ
  ပြောတတ်တဲ့သူ၊
  နှုတ်မစောင့်စည်းတဲ့သူဟာ…
  စိတ်ရဲ့ ငြိမ်းအေးမှုကို ဘယ်တော့မှ
  မရနိုင်ပါဘူး။
  ဘာလို့လဲဆိုတော့ နှုတ်မစောင့်စည်းဘဲ
  အဆင်ခြင်မဲ့ ပြောလိုက်တဲ့စကားတွေရဲ့
  နောက်ကွယ်မှာ…
  စိတ်ဆင်းရဲစရာ ပြသနာတွေ
  ရှုပ်ထွေးစွာပါလာတတ်လို့ပါပဲ။
  စကားတစ်ခွန်းပြောတော့မယ်ဆိုရင်
  ပြောသင့်၊ မပြောသင့်
  ဉာဏ်နဲ့ အရင်ဆုံးဆင်ခြင်ပါ။
  ပြီးရင် ပြောသင့်တာကိုပဲပြောပါ။
  မပြောသင့်တာကို လုံးဝမပြောပါနဲ့။
  ပြောသင့်တာကိုလည်း …
  လိုအပ်သလောက်သာ ပြောပါ။
  လိုအပ်တဲ့ အတိုင်းအတာထက်ပိုပြီး
  မပြောပါနဲ့ …။
  မလိုဘဲ စကားကြောရှည်တာဟာ
  ဂုဏ်ယူစရာ မဟုတ်ပါဘူး။
  အချိန်လည်းကုန်၊ လေလည်းကုန်ပါတယ်။
  အမှားတွေလည်း ပါလာတတ်ပါတယ်။
  တချို့က သတင်းအချက်အလက်လေး
  တစ်ခု ရလိုက်ပြီဆိုတာ နဲ့
  ဘာမှ စဉ်းစားမနေတော့ဘဲ
  ချက်ချင်း ဟိုလူ့ပြော၊ ဒီလူ့ပြော
  လုပ်တတ်ကြတယ် …။
  လူကိုယ်တိုင် ပြောခွင့်မသာရင်
  ဖုန်းနဲ့ ဆက်ပြောတတ်ကြတယ်။
  ပြောဖို့ လိုသလား၊ မလိုဘူးလား
  ဘာမှ ဆင်ခြင်မနေတော့ဘူး …။
  အဲဒီလိုလူတွေဟာ အများအားဖြင့်
  ပြောဖို့ မလိုတာတွေပဲ
  ပြောနေတတ်ကြတာပါ။
  မအောင့်နိုင်ရင်တောင်မှ… ပါးစပ်မနိုင်လို့
  ထစ်ခနဲ ထွက်တတ်တာကိုတော့
  သတိကြီးကြီး၊ ဉာဏ်ကြီးကြီးနဲ့
  ထိန်းသိမ်းစောင့်စည်းနိုင်ရပါမယ်။
  တချို့က တို့က မှန်တာပြောတာပဲ၊
  တို့က ဟုတ်တာပြောတာပဲ၊
  တို့က ပွင့်ပွင့်လင်းလင်းပြောတာပဲ ဆိုပြီး
  စကားကို အထိန်းအကွပ်မရှိ၊
  အစည်းအစောင့်မရှိ၊
  အဆင်အခြင်မဲ့ စွတ်စွတ်ပြောတတ်ကြပါတယ်။
  အဲဒီလို စိတ်မနိုင်နင်းစွာ
  ပရမ်းမတာ ပြောရတာကိုပဲ
  တို့က ဘွင်းဘွင်းသမားလို့ …
  တလွဲ ဂုဏ်ယူနေတတ်ကြပြန်ပါသေးတယ်။
  တကယ်တော့ စကားကို အထိန်းအစောင့်မရှိ
  လွှတ်ကနဲ ပြောတတ်တဲ့သူတွေဟာ…
  စိတ်ဓါတ် ပျော့ညံ့တဲ့သူ၊
  စိတ်ထိန်းချုပ်နိုင်စွမ်း မရှိတဲ့သူ၊
  စိတ်အရည်အသွေး ညံ့ဖျင်းတဲ့သူ၊
  စိတ်တန်ခိုးအား ကင်းမဲ့တဲ့သူတွေပါပဲ။
  ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့်
  တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာ
  ထိခိုက်သွားမလား …၊
  တစ်ဖက်သားအကျိုး ပျက်စီးသွားမလား …၊
  တစ်ဖက်သား စိတ်ဆင်းရဲသွားမလားဆိုတာ
  အမြဲ ဆင်ခြင်ရပါမယ်။
  သူကြိုက်ကြိုက် မကြိုက်ကြိုက်
  ကိုယ်ပြောလိုက်လို့ တစ်ဖက်သားမှာ
  တကယ်အကျိုးရှိသွားရင်တော့…
  အခြေအနေ အချိန်အခါ ကြည့်ပြီး
  ပြောရမှာပေါ့။
  ဒါပေမဲ့ သူမကြိုက်တာပြောလိုက်လို့
  သူ့အတွက်လည်း…
  ဘာမှ အကျိုးထူးမသွားဘူးဆိုရင်တော့
  ကောင်းစေချင်လို့ ပြောတာပါ ဆိုပြီး
  နာမည်ကောင်း ယူမနေပါနဲ့။
  အလကားပါပဲ …။
  ဘယ်သူကမှ ကျေးဇူးတင်နေမှာ မဟုတ်ပါဘူး။
  ဒီနေရာမှာ စကားပြောတိုင်း…
  မြတ်စွာဘုရားရှင်ရဲ့ သုဂတ ဂုဏ်တော်ကို
  အမြဲသတိရဖို့ တိုက်တွန်းချင်ပါတယ်။
  သုဂတ ဂုဏ်တော်ရဲ့ အဓိပ္ပာယ်အများကြီးထဲက
  တစ်ခုကတော့…
  ကောင်းသောစကားကို ဆိုတော်မှုတတ်သော
  မြတ်စွာဘုရားပါ။
  ကောင်းသောစကားဆိုတာ မှန်လည်းမှန်
  အကျိုးလည်းရှိတဲ့ စကားကို ခေါ်ပါတယ်။
  မှန်ကန်၍ အကျိုးရှိသောစကားကိုသာ
  ဆိုတော်မှုတတ်သော မြတ်စွာဘုရားလို့
  ထပ်ခါထပ်ခါ ပွားများရင်းနဲ့ …
  ငါလည်း မှန်တာပဲပြောမယ်။
  မှန်တိုင်းမပြောဘူး …၊
  အကျိုးရှိတာပဲ ပြောမယ်လို့
  နှလုံးသွင်း ဆင်ခြင်နိုင်ခဲ့မယ်ဆိုရင်
  နှုတ်ကို စောင့်စည်းတဲ့သူ၊
  စကားကို ဉာဏ်နဲ့ ချင့်ချိန်ဆင်ခြင်ပြီး
  ပြောတဲ့သူ ဖြစ်လာမှာမလွဲပါဘူး။
  စကားတိုင်းမှာ ဉာဏ်ပါလာပြီဆိုရင်
  လိမ်ညာစကားတွေလည်း
  မပြောဖြစ်တော့ပါဘူး။
  ကုန်းတိုက်တဲ့စကားတွေလည်း
  မပြောဖြစ်တော့ပါဘူး။
  ကြမ်းတမ်းရိုင်းပျတဲ့စကားတွေလည်း
  မပြောဖြစ်တော့ပါဘူး။
  အကျိုးမရှိတဲ့ အနှစ်မဲ့စကားတွေလည်း
  မပြောဖြစ်တော့ပါဘူး …။
  ဆင်ဆင်ခြင်ခြင် ထိန်းထိန်းသိမ်းသိမ်း
  ပြောတဲ့စကားတွေရဲ့ နောက်ကွယ်မှာ
  စိတ်ဆင်းရဲစရာ ဘာမှပါမလာတော့တဲ့အတွက်
  စကားဆင်ခြင်ပြောသူဟာ …
  ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ရပါတယ်။
  ဘာစကားပဲဖြစ်ဖြစ်…
  လိုအပ်မှ ပြောတာပဲကောင်းပါတယ်။
  လောလောဆယ်ပြောဖို့ မလိုအပ်သေးရင်
  တစ်စက္ကန့်လေးပဲဖြစ်ဖြစ်၊
  တစ်မိနစ်လေးပဲဖြစ်ဖြစ်
  အချိန်ဆိုင်းထားလိုက်ပါ။
  နောက်တစ်နာရီမှပြောသင့်တဲ့စကား
  နောက် တစ်နာရီမှပြောပါ။
  သတိရတုန်းဆိုပြီး ချက်ချင်းမပြောလိုက်ပါနဲ့။
  နောက်တစ်ရက်မှ ပြောသင့်တဲ့စကား
  နောက်တစ်ရက်မှပြောပါ။
  မေ့သွားမှာစိုးလို့ဆိုပြီး ဒီနေ့ မပြောလိုက်ပါနဲ့။
  ကိုယ့်အတွက်လည်း ဘာမှအကျိုးမရှိ
  သူ့အတွက်လည်း…
  ထိခိုက်နစ်နာစေမယ့် စကားမျိုးဆိုရင်
  မှန်နေတောင်မှ လုံးဝ မပြောပါနဲ့။
  လုပ်ကြံပြီးပြောဖို့ကတော့…
  စိတ်ကူးထဲတောင် မထည့်ပါနဲ့။
•••••••••••••••••••••••••••••
........... 🌰 ဆရာ​တော်​ အရှင်ဆန္ဒာဓိက🌰
..... Credit- ဓမ္မလက်ဆောင် <<<
No comments:
Post a Comment