စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, July 22, 2022

အိပ်နေရင်းနဲ့ တရားရှုမှတ်နည်

❝ အိပ်နေရင်းနဲ့ တရားရှုမှတ်နည်း❞
=======🌿🌷🌿=======

အိပ်ရာမှာ အိပ်ရင်းနဲ့ ခန္ဓာမှာ 
ထိနေတာတွေ၊လှုပ်ရှား နေတာတွေကို သိနေတယ်။ 

အသက်ရှုရင် လှုပ်ရှားနေတယ်။ နှလုံးခုန်ရင် လှုပ်ရှားနေတယ်။ အသက်ရှုရင် လှုပ်ရှားနေတာ သိဖို့ရာ လွယ်ပါတယ်။ အစမှာသာ ခက်တာ။ နောက်ပိုင်းကျ သိပ်လွယ်တာပဲ။ 

ဘယ်လောက်ထိအောင် 
လွယ်လာလည်းဆိုရင် 
အသက်ရှုတာကြီးကိုပဲ 
ကြမ်းတမ်းလွန်းလို့
အနှောင့်အယှက် ဖြစ်နေတယ်။ ဒီထက် သိမ်မွေ့တာကို ပြုချင်တာကိုး။ 

တစ်ခါတစ်လေ..
အသက်ကိုတောင် မရှုမိတော့သလို ဖြစ်သွားပြီးတော့ ငြိမ်နေတယ်။ အင်မတန် သိသာလွန်း အားကြီးသွားပြီနော်။
အသက်ရှုလို့ ၀င်လေ ထွက်လေကြီး မြည်တာက 
အသံအကျယ်ကြီးလို ဖြစ်နေတယ်။ 

ရှုး ရှုးနဲ့ ဖြစ်နေတာ။ 

တစ်ခါတစ်လေ...
ကိုယ့်ဖာသာ အားထုတ်ရင်းနဲ့ 
ဒီအသံကြီး ဘယ်က လာသတုန်းလို့ထင်တယ်။ နောက်မှ ငါ အသက်ရှုနေတဲ့ အသံပါလား...ကျယ်လိုက်တာလို့ သိမှာ။ သတိ မထားရင်တော့ မသိဘူးနော်။ 

သတိထားရင်...
တော်တော်လေး သိသာပါတယ်။ အဲဒီလိုပဲ အိပ်ရာမှာ အိပ်ရင်းနဲ့ပဲ ရသလောက် အသက်ရှုတာလေးကို 
သိပြီးတော့နေမယ်။ 

ဒီကြားထဲမှာ စိတ်ဆိုတာ ဖြစ်မနေတော့ဘူး။

အလုပ်ကိစ္စ တွေးတော့မှာ။
တွေးရင်လည်း သိပြီးတော့ 
အသာလေး ဖြတ်လိုက်ဖို့ပါ။ 
နေပါစေတော့ တစ်နေ့လုံး တွေးခဲ့ပြီ။ 

စိတ် ချမ်းချမ်းသာသာလေးနဲ့ တရားလေးမှတ်ရင်း 
ငြိမ်းငြိမ်းချမ်းချမ်း အိပ်လိုက်ပါ။ အိပ်ပျော်သွားရင် 
အိပ်မက်ဆိုးတွေ မမက်ပါဘူး။ သောကဖြစ်စရာ အိမ်မက်တွေ မမက်တော့ဘူး။ 

ငြိမ်းငြိမ်းချမ်းချမ်းလေး 
အိပ်ရတဲ့အတွက်ကြောင့်
နာရီ နည်းပေမယ့် 
ပိုပြီးတော့ အိပ်ရေး၀တယ်။ 

၄ - ၅ နာရီလောက် အိပ်လိုက်ရရင် တော်တော်လေး လန်းဆန်းပြီးတော့ အားပြန်ပြည့်သွားတယ်။ ဘက်ထရီကို အားအပြည့် ပြန်သွင်း လိုက်သလိုပါပဲ။ 

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
              

Credit to original writer.

No comments:

Post a Comment