စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, July 29, 2023

နတ်တွေလှုဒါန်း ဆွမ်းသင်္ကန်း

နတ်တွေလှုဒါန်း ဆွမ်းသင်္ကန်း
=======================
တစ်နေ့သ၌ အရှင်အနုရုဒ္ဓါ မထေရ်ဟာ သူဝတ်ရုံနေတဲ့
သင်္ကန်း ဆွေးမြည့်နေသဖြင့် သင်္ကန်းချုပ်ရန် လမ်းဆုံ
လမ်းခွ လမ်းလေးမနဲ့ အမှိုက်ပုံစတဲ့နေရာတွေမှာ
ကောင်းနိုးရာရာ ပိတ်စတွေကို ရှာဖွေ နေပါတယ်။
အဲဒီတုန်းက ဗုဒ္ဓဘုရားက တပည့်သား သံဃာတော်
များအား ပံ့သကူသင်္ကန်းကိုသာ ဝတ်ရုံစေပါတယ်။
ဂဟပတိ စီဝရခေါ်တဲ့ လူဒါယကာ၊ဒါယိကာမတွေ
လှူတဲ့သင်္ကန်းကို ခွင့်ပြုတော် မမူသေးပါ။

အရှင်အနုရုဒ္ဓါဟာ ရာဇင်္ဂြိုဟ်ရဲ့အမှိုက်ပုံမှာ သင်္ကန်းလျာအတွက် သင့်နိုးရာရာ အဝတ်စတွေကို
ရှာဖွေနေပါတယ်။

အဲဒီမှာ အမှိုက်ထဲက ရွှေဆိုတာကို အမှိုက်ပုံထဲက ဝင်းဝင်းလက်လက် အမြိတ်စ ထွက်နေတဲ့ ဝတ်စုံတစ်ခုကို တွေ့မြင်လိုက်တယ်။ အရှင်ဟာ ဝတ်စုံကို အံ့သြစွာယူလိုက်တဲ့အခါ တစ်ထည်းတည်း မဟုတ်၊
သုံးထည်ပင် ဖြစ်နေပါတယ်။ ကျောင်းရောက်တော့
ဖြန့်ကြည့်သောအခါ အဖိုးတန် ပ့ံသကူသင်္ကန်းပေတကား။

အရှင်အနုရုဒ္ဓါဟာ ကျောင်းရောက်တော့ ဖြန့်ကြည့်လိုက်တဲ့အခါ အလျား တစ်ဆယ့်သုံးတောင်၊
အနံ လေးတောင်ရှိတာကိုတွေ့ရပြီး
သင်္ကန်းချုပ်ရန် စီမံပါတော့တယ်။

အမှန်စင်စစ် အရှင်မြတ်ရရှိတဲ့ သင်္ကန်းလျာ
အဝတ်ဟာ နတ်ပုဆိုးများ ဖြစ်ပါတယ်။
အရှင်ရဲ့ မယားဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဇာလိနီနတ်သမီး
ဟာ တာဝတိံသာနတ်ပြည်မှ ဆင်းသက်လာပြီး
အရှင်မြတ်အတွက် ဖန်တီးဆက်ကပ်ခြင်းသာ
ဖြစ်ပေတယ်။

ဪ... ချစ်မေတ္တာ သံယောဇဉ်ဆိုတာ နှစ်ဘဝ၊သုံးဘဝ ကူးတဲ့တိုင် အငွေ့မပြယ်နိုင်ပါတကား။
မှန်ပါတယ်။ မိမိတို့ရဲ့ ဗုဒ္ဓဘုရားရှင်ပင်လျှင် ဟိုကမ္ဘာခြားက ပွင့်တော်မူခဲ့တဲ့ ဒီပင်္ကရာ ဘုရားရှင်
လက်ထက်တော်တုန်းက သုမိတ္တာ မင်းသမီးဟာ ကြာပန်းတွေလှူကာ ပါရမီဖြည့်ဖက် ဖြစ်ပါစေ
လို့ ဆုတောင်းခဲ့သေးတာပဲ။ဘုရားအလောင်းတော်က သုမေဓာ ရသေ့ဘဝ နဲ့ ဘုရားကို တံတားခင်းပြီး
ဘုရားဆုပန် သုမိတ္တာက ပါရမီဖြည့်ဖက် ဆုပန်။သူတို့ ဆုပန်တာတွေ ပြည့်ခဲ့တယ်လေ။
ဒါဟာလည်း ချစ်ခြင်းမေတ္တာရဲ့ ခိုင်မြဲတဲ့ပြယုဂ်တစ်ခုလို့ ပြောနိုင်ပေတာပေါ့။

စန္ဒကိန္နရီ ဇာတ်တော်မှာ ကိန္နရာနဲ့ ကိန္နရီတို့ဟာလည်းသိပ်ချစ်ကြတဲ့ စံပြ ဇနီးမောင်နှံတွေပေါ့။ အဲဒီလို ဘဝ အဆက်ဆက်ချဖူးသော ရေစက်၊ ပန္နက်ခဲ့ဖူးတဲ့
သစ္စာကြောင့် ချစ်မေတ္တာခိုင်မြဲစွာနဲ့ လက်တွဲကြရတဲ့
ချစ်မေတ္တာဇာတ်လမ်း မှတ်တမ်းတွေဟာနိပါတ်ဇာတ်တွေထဲမှာ မြောက်မြားစွာ ရှိလေရဲ့။

ရဟန်းများချုပ်တဲ့ သင်္ကန်း

အခုလည်းကြည့်။ လွန်ခဲ့တဲ့ သုံးဘဝတုန်းက မယား
ဖြစ်ခဲ့ဖူးတဲ့ ဇာလိနီ နတ်သမီးဟာ ချစ်မေတ္တာရေစက်
မကုန်ဘဲ အရှင်အနုရုဒ္ဓါအတွက် သင်္ကန်းချုပ်နိုင်ရန်
နတ်ပုဆိုး အကောင်းစားတွေ ချပေးခဲ့ပြီလေ။

အရှင်အနုရုဒ္ဓါ သင်္ကန်းချုပ်သောနေ့။ ဟိုစဉ်က ယနေ့ကဲ့သို့ ဒကာ, ဒကာမတို့ ဝယ်ယူ
လှူဒါန်းသော သင်္ကန်းမျိုးစုံ အလွယ်တကူ ဝတ်ရုံ
သုံးဆောင်ရခြင်း မဟုတ်ပေ။ သင်္ကန်းလျာ ပုဆိုးကို
အရင်ရအောင်ရှာပြီးတော့ ကောင်းနိုးရာရာတို့ကို
စပ်ဟပ်ချုပ်ဆိုးပွဲမှာ ဗုဒ္ဓကိုယ်တော်တိုင်ပင်
ပါဝင်ဆောင်ရွက်တော်မူတယ်။
အဂ္ဂသာဝကတွေလည်း မြောက်မြားစွာ
ပါဝင်ကူညီ ဆောင်ရွက်ကြတယ်လေ။

ဗုဒ္ဓဘုရားရှင်အတွက် သင်္ကန်းတော်ကိုပင် မိထွေးတော်ဂေါ်တမီ အထူးစပယ်ရှယ် ရက်လုပ်ခဲ့တဲ့အကြောင်းတွေ ပိဋကတ်စာပေထဲမှာအထင်အရှား ရှိသေးရဲ့၊ ထားတော့။

နတ်ဆွမ်းတွေ လှူဒါန်းပြန်ပြီ

မယားဟောင်း တော်စပ်ခဲ့တဲ့ ဇာလိနီ နတ်သမီးဟာ အရှင်အနုရုဒ္ဓါအတွက်နတ်သင်္ကန်းကိုသာ
လှူဒါန်းသည်မဟုတ်။ ဘုရားရှင်နဲ့တကွ ရဟန်းသံဃာတွေအတွက် ဆွမ်း၊ ခဲဘွယ် ဘောဇဉ်တွေ
လာရောက်လှူဒါန်းကြရန် ရွာသူရွာသားတွေကို
နှိုးဆော်ပြီး နိဗ္ဗာန်ဆော်လည်း လုပ်သေးတယ်။

သဒ္ဓါ စေတနာတရား အားကောင်းကြတဲ့ ရွာသူရွာသား၊
ဒကာ,ဒကာမတွေ ယာဂုစတဲ့ စားဖွယ် သောက်ဖွယ်တွေ
လာဖို့ကြတာ မကုန်နိုင် မခန်းနိုင်ပါဘဲ။ ပိုလျှံနေလေတော့
စွန့်ပစ်ကြရတာပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောစရာ၊
ဆိုစရာ ရှိလာပြန်တယ်။

လူတွေဟာ သိတယ် မဟုတ်လား။
ဘယ်သူမှ အကဲ့ရဲ့မလွတ်ဘူး။ ပိုလျှံတော့လည်း ပိုလျှံလို့၊
မလောက်မင ဖြစ်ပြန်ရင်လည်း တိုင်းတိုင်းထွာထွာ ကပ်စေးနှဲ ကော်တရာတွေလို့ ပြောကြဦးမှာပါပဲ။လောကကြီးမှာ အကဲ့ရဲ့လွတ်သူ မရှိဘူး။ ဘုရားရှင်ကိုလည်း ဘာသာချင်း မတူတဲ့
တိတ္တိ ၊တက္ကဒွန်းတွေက ကဲ့ရဲ့ကြတာပဲ။အဂ္ဂသာဝက၊ မဟာသာဝက္က အစရှိတဲ့ရဟန္တာတွေကိုလည်း အပြစ်တွေလျှောက်ပြောကာ
ကဲ့ရဲ့ကြတာပါပဲ။

ကဲ့ရဲ့ခြင်း၊ ရှုတ်ချခြင်း၊ အပုပ်ချခြင်းဆိုတာ လောကဓံတရားပဲလေ။ လောကဓံတရားကို
လောကထဲမှာရှိတဲ့ လူသားတိုင်း ခံကြရပေတယ်။ ဒါပေမယ့် ဘုရား၊ ရဟန္တာ၊ အရိယာပုဂ္ဂိုလ်တွေကတော့ ဘယ်သူကပင် ကဲ့ရဲ့,ကဲ့ရဲ့၊ အပြစ်ပြောပြော
တုန်လှုပ်တဲ့သဘော မရှိကြတော့ပါ။

ဖုဋ္ဌဿ လောက ဓမ္မေဟိ၊ စိတ္တံ ယဿ နကမ္ပတိ
အစရှိတဲ့ မင်္ဂလာ တရားတော်နဲ့ ပြည့်စုံတော်
မူကြပေတယ်။

အဓိပ္ပာယ်ကတော့ အကြင်ရဟန္တာပုဂ္ဂိုလ်၏စိတ်သည်
လောကဓံ တရားရှစ်ပါးတို့နှင့် တွေ့ကြုံရင်ဆိုင်ရသော်လည်း တုန်လှုပ်ခြင်း
အလျဉ်း မရှိတော့ပေတဲ့။
လောကဓံ တရားရှစ်ပါးကို သိကြားပြီးသား ဖြစ်ပါလိမ့်မယ်။ အကျယ် မပြတော့ပါဘူး။

ရဟန္တာဟာ အလှူမခံပါ

အခုလည်းပဲ သာမန် လူသားတွေ မဟုတ်တဲ့ရဟန်းတွေကလည်း အရှင်အနုရုဒ္ဓါကို အ,မနာပပြောကြသေးရဲ့။

အရှင်အနုရုဒ္ဓါဟာ ဒကာ,ဒကာမတွေကို လုံလောက်ရုံ
မပို့ခိုင်းဘဲ သူ့မှာ ဒကာ,ဒကာမတွေ များကြောင်း၊
ပေါကြောင်း သိအောင် တမင်လုပ်တာပဲ တဲ့ဗျာ။

မခက်ဘူးလား။ အပြောကတော့ လွတ်ကို မလွတ်နိုင်ဘူး။
ဒီကိစ္စကို မြတ်စွာဘုရားက ရှင်းပေးတော်မူတယ်။

ရဟန်းတို့... ငါ၏သားတော် အနုရုဒ္ဓါဟာ ယာဂုဆွမ်းစတာတွေကို ဆွေမျိုး၊ အလုပ်အကျွေး၊ ဒကာ,ဒကာမတွေကို
ယူဆောင်ခိုင်းခြင်းမဟုတ်။ ငါ့သားတော် အနုရုဒ်ဓါဟာ
ဒီလို စကားမျိုး၊ အလှူခံတာမျိုး ဘယ်တော့မှမဆို။
ရဟန္တာတို့မည်သည် ပစ္စည်းဝတ္တုနဲ့စပ်တဲ့စကားကို
ပြောကြားခြင်း အလျဉ်းမရှိပေ။ ဤယာဂုဆွမ်း
စတာတွေဟာလည်း ရွာသူရွာသားတွေကြောင့် မဟုတ်။
နတ်တို့ရဲ့အာနုဘော်ကြောင့် ဖြစ်လာခြင်း ဖြစ်ပေတယ်။

ဗုဒ္ဓဘုရားရှင်ရဲ့ မိန့်ကြားစကားကို နားဆင်လိုက်ရတဲ့
အခါကျမှ ရဟန်းတွေဟာ ယုံမှားသံသယ
ရှင်းသွားကြတယ်။

ဪ... တကယ်တော့ ငယ်စဉ်ကပင် မရှိဆိုတဲ့စကား
မကြားဖူးရုံမျှမက မရှိမုန့် ထင်နေတဲ့ နတ်သုဓာ၊
နတ်မုန့်တွေကို အစဉ်စားသုံးလာခဲ့တဲ့အရှင်အနုရုဒ္ဓါ
နတ်သမီး လှူဒါန်းတဲ့နတ်သင်္ကန်းကို
ဆင်မြန်းခွင့်ရတဲ့ အရှင်အနုရုဒ္ဓါ
ဘုရားရှင် ကိုယ်တော်တိုင် သင်္ကန်းချုပ်ရာမှာ ပါဝင်ဆောင်ရွက်ပေးတဲ့ အရှင်အနုရုဒ်ဓါ၊နတ်တွေ လှူဒါန်းတဲ့ ယာဂုဆွမ်းတွေကို ဘုရားအမှူးရှိတဲ့ရဟန်းသံဃာတွေကို မကုန်နိုင် မခန်းနိုင် လှူဒါန်းခွင့်ရတဲ့ အရှင်အနုရုဒ္ဓါ။

ဒိဗ္ဗစက္ခုအဘိညာဉ်(နတ်တို့၏မျက်စိကဲ့သို့ အရာ
ခပ်သိမ်းကို မြင်စွမ်းရှိခြင်း)ကို ရရှိတော်မူတဲ့ ရဟန္တာအရှင်အနုရုဒ္ဓါ မထေရ်မြတ်ကြီးအား ရိုသေ
ညွှတ်နိုး လက်စုံမိုးပြီး ရှိခိုးပူဇော်လိုက်ရပါတယ်။

မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်

အကြင်ပုဂ္ဂိုလ်တို့ကား အာသဝေါတရား ကုန်ခန်း၏။
အစာအာဟာရ၌လည်း စွဲလမ်းငြိတွယ်ခြင်း မရှိ။
ရာဂကင်းရာ နိဗ္ဗာန်အာရုံ၌သာ ကျက်စားတော့၏။
ကောင်းကင်တွင် ငှက်တို့၏ခြေရာကို မမြင်၊မတွေ့ရသကဲ့သို့ ရဟန္တာပုဂ္ဂိုလ်တို့ကား လားရာ
မရှိတော့ချေ။

(ဓမ္မပဒ အဋ္ဌကထာ၊ အရှငျအနုရုဒ်ဓါ မထေရ် ဝတ္တုများ
ကိုးကား ရေးသားပူဇော်ပါသည်။)

စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association
-သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇနိန္ဒသာရ-မုံရွာနေဇာ

Posted byမြန်မာနိင်ငံ ဗုဒ္ဓဘာသာ လူငယ်အသင်း။


Friday, July 28, 2023

ဒါနနှင့်နိဗ္ဗာန်

ဒါနနှင့်နိဗ္ဗာန်
______________

ဒါနဆိုတာ လှူချင်တန်းချင် ပေးချင်ကမ်းချင်တဲ့ စိတ်ပါပဲ။ ပန်းတစ်ပွင့်ပဲလှူလှူ ရေတစ်ခွက်ပဲပေးပေး စေတနာ ရက်ရောဖို့ အရေးကြီးတယ်။ စေတနာရက်ရောလေ အကျိုးပေး ကောင်းလေပဲ ဖြစ်ပါတယ်။

စွန့်ကြဲပေးကမ်း လှူဒါန်းတဲ့ ပုဂ္ဂိုလ်ဟာ ...

၁။ ဘဝကောင်းရမယ်။
၂။ ဝန်းကျင်ကောင်းနှင့် တွေ့မယ်။
၃။ ဗီဇကောင်း ရမယ်။

လောကမှာ ဘဝကောင်းဆိုတာ အရေးကြီးတယ်။ ဘဝကောင်းရမှလဲ အကောင်း အဆိုးကို ဝေဘန်နိုင်တဲ့ အသိဉာဏ်ကို ရမယ်။ အသိဉာဏ်ရမှလည်း သူတော်ကောင်း တရားတွေကို တန်ဖိုးထားမှာ မဟုတ်လား။

ဘဝ ဘယ်လောက်ကောင်းကောင်း ဝန်းကျင် မကောင်းရင်လည်း ဘဝအထက်တန်း မရောက်နိုင်ဘူး။

ဒါကြောင့် လူတစ်ယောက် ကြီးပွားချမ်းသာဖို့အတွက် ဝန်းကျင်ကောင်းလည်း လိုတာပဲ။ ဝန်းကျင်ကောင်း ရောက်မှလည်း မိကောင်း ဘကောင်း ဆရာကောင်း သမားကောင်းတွေနှင့် တွေ့ပြီး အဆုံးမကောင်းတွေ ရမယ်။ အဆုံးအမကောင်းတွေ ရမှလည်း အကောင်းအဆိုးကို ခွဲခြားပြီးတော့ နားလည်မှာ မဟုတ်လား။

ဝန်းကျင် ဘယ်လောက်ကောင်းကောင်း ဗီဇ မကောင်းရင်လည်း ဘဝအထက်တန်း မရောက်နိုင်ဘူး။

ဒါကြောင့် လူတစ်ယောက် ကြီးပွားချမ်းသာဖို့အတွက် ဗီဇကောင်းဖို့လည်း လိုတာပဲ။ ဗီဇဆိုတာ စိတ်နေစိတ်ထား စရိုက်ဝါသနာတွေပါပဲ။

လူတစ်ယောက် ဗီဇမကောင်းတော့ဘူးဆိုရင် ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုတာလို ဘယ်လောက်ဆုံးမဆုံးမ မရဘူး။ ဆိုးမြဲဆိုးလျက်ပဲ။

အရှင်ဒေဝဒတ် ကြည့်ပါလား။ မြတ်စွာဘုရားနဲ့ အတူတူ နေခွင့်ရတယ်၊ တရားတွေ နာရတယ်။ တကယ့်ဝန်းကျင်ကောင်းပဲ။ ဒါပေမဲ့ ဗီဇ မကောင်းတော့ ရဟန်းဆိုးလို့ နာမည် တွင်သွားတယ်။

ဒါကြောင့် ဗီဇကောင်းဖို့ အင်မတန် အရေးကြီးတယ်။ ဗီဇကောင်းမှလည်း သီလ သမာဓိ ပညာကို ကျင့်မယ်။ သီလ သမာဓိ ပညာကို ကျင့်မှလည်း နိဗ္ဗာန်ရောက်မယ်။ ဒါကြောင့် ဒါနသည် နိဗ္ဗာန်ကို ပို့တယ် မှတ်ထားရမယ်။ 

မဟာသေန ပုဏ္ဏား
---------------------

ရာဇဂြိုဟ်မြို့မှာ ပုဏ္ဏားကြီးတစ်ယောက် ရှိတယ်။ မဟာသေနလို့ ခေါ်တယ်။ အရှင်သာရိပုတ္တရာရဲ့ ခမည်းတော် ဝင်္ဂန္တပုဏ္ဏားကြီးရဲ့ သူငယ်ချင်း။

တနေ့၊ အရှင်သာရိပုတ္တရာ ဆွမ်းခံကြွရင်းနှင့် ပုဏ္ဏားကြီးကို သတိရလာတယ်။ ဒါနဲ့ မတွေ့တာကြာပြီးဆိုပြီး မဟာသေနရဲ့ အိမ်၀င်လိုက်တယ်။ မဟာသေနဟာ အရှင်သာရိပုတ္တရာကို မြင်တဲ့အခါ လှူစရာ မရှိလို့ အိမ်ထဲမှာပဲ နေလိုက်တယ်။ အပြင် ထွက် မတွေ့တော့ဘူး။ မလှူချင်လို့ မဟုတ်ဘူး၊ လှူစရာ မရှိလို့။ 

ပုဏ္ဏားကြီး မတွေ့တော့ အရှင်သာရိပုတ္တရာ ပြန်ကြွသွားတယ်။ ပုဏ္ဏားကြီးခမျာမှာတော့ စိတ်မကောင်း ဖြစ်နေရှာတယ်။

ရာဇဂြိုဟ်မြို့မှာ ပုဏ္ဏာများရဲ့ ဆုတောင်းပွဲ ကျင်းပတော့ မဟာသေနပုဏ္ဏာကြီးအတွက် ဝတ်စုံတစ်စုံနှင့် နို့ထမင်းတစ်ပွဲ ရတယ်။

ပုဏ္ဏားကြီးဟာ ဝမ်းသာအားရ ဖြစ်ပြီး အရှင်သာရိပုတ္တရာကို လှူမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ အိမ်ကနေ စောင့်နေတယ်။ အရှင်သာရိပုတ္တရာ ကြွလာတယ်။ ပုဏ္ဏားကြီးဟာ နို့ထမင်းကော ဝတ်စုံကော အကုန်လုံး လှူလိုက်တယ်။ လှူပြီးတဲ့အခါ "အရှင်ဘုရားတို့ မြင်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုပါရစေ" လို့ ဆုတောင်းတယ်။ 

ပုဏ္ဏားကြီးဟာ လှူပြီးတဲ့အခါ "ငါ လှူချင်တာ ကြာပြီ၊ အခု လှူလိုက်ရပြီ" ဆိုပြီး ပီတိ ဖြစ်နေတယ်။ အဲဒီနောက် မကြာလိုက်ပါဘူး၊ ပုဏ္ဏားကြီး ကွယ်လွန်သွားတယ်။ 

ပုဏ္ဏားမှ ကိုရင်
------------------

ပုဏ္ဏားကြီး ကွယ်လွန်ပြီးနောက် သာဝတ္ထိမြို့က အမျိုးသမီးရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေနေပါတယ်။ အဲဒီအမျိုးသမီးက အရှင်သာရိပုတ္တရာကို ကြည်ညိတဲ့ အမျိုးသမီး။ ပဋ္ဌာန်းဆက်ဆိုတာ ဒါပဲ။ အတိတ်က ဆုံခဲ့တော့ အခုလည်း ပြန်ဆုံရတယ်။

ပုဏ္ဏားကြီးဟာ အရှင်သာရိပုတ္တရာကို ကြည်ညိုသည့်အတွက် အရှင်သာရိပုတ္တရာကို ကြည်ညိုတဲ့ အမျိုးသမီးရဲ့ ဝမ်းကြာတိုက်မှာ လူသွားဖြစ်တာ။

မွေးပြီဆိုတဲ့အခါ အရှင်သာရိပုတ္တရာကို အိမ်မှာ ပင့်ပြီး ဆွမ်းကပ်တယ်။ တိဿလို့ နာမည်ပေးတယ်။ ကလေးလေးဟာ အရှင်သာရိပုတ္တရာကို မြင်လိုက်တာနဲ့ ကမ္ဗလာခြုံထည်လေးကို လက်နဲ့ဆွဲပြီး အရှင်သာရိပုတ္တရာရဲ့ ခြေရင်းနား ချလိုက်တယ်တဲ့။ အမှန်တော့ လှူလိုက်တာပဲ။ မွေးရာပါဗီဇဆိုတာ အဲဒါပြောတာ။ ဒါတင်ပဲလား, မကသေးဘူး။ အရှင်သာရိပုတ္တရာထံ နေချင်နေတာ၊ ဒါနဲ့ အသက် ၇-နှစ်အရွယ်မှာ ကိုရင်၀တ်လိုက်တယ်။

ကိုရင်တိဿ ဆွမ်းခံကြွတော့ လှူမည့်လှူတွေက တန်းစီနေတယ်။ အဲဒါ ဘာကြောင့်လဲ၊ အတိတ်က ပြုခဲတဲ့ ဒါနကောင်းမှုကြောင့်ပါ။ ဆွမ်း သင်္ကန်း ကျောင်း ဆေးဆိုတဲ့ ပစ္စည်းလေးပါး လှူမည့်သူတွေ အလျှံပယ်ပဲ။ ရသမျှ ပစ္စည်းတွေကိုလည်း သံဃာတွေ ပြန်လှူတယ်။

ကိုရင်တိဿကို ကြည့်တဲ့အခါ ...

၁။ ရလာတဲ့ ဘဝက လူ့ဘဝ။
၂။ ရောက်နေတဲ့ ဝန်းကျင်က အရှင်သာရိပုတ္တရာရဲ့ အနီးအနား။
၃။ ဗီဇကလည်း ကောင်းမှကောင်း။

ဒါတွေဟာ တရားထူးတရားမြတ် ရဖို့အတွက် အခြေခံ အချက်တွေပါပဲ။ ဒီအချက်တွေနဲ့ ပြည့်စုံတယ်ဆိုတာ အတိတ်က ဒါနကောင်းမှု လုပ်ခဲ့လို့ပဲ ဖြစ်ပါတယ်။

နိဗ္ဗာန်ကို မျက်မှောက်ပြုပြီ
-------------------------

ကိုရင် တိဿဟာ သာဝတ္ထိမြို့မှာ မနေချင်ဘူး။ ဘာကြောင့်လဲ၊ တိတ်ဆိတ်တဲ့ နေရာလေးမှာ တရားအားထုတ်ချင်လို့။ ဒါနဲ့ ဘုရားထံ သွားပြီး တရားတောင်းတယ်။ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းတရား ဟောကြားပေးလိုက်တယ်။  

တရားနာပြီးတဲ့အခါမှာ ယူဇနာ ၁၂၀-ဝေးသော တောရကျောင်းကို ကြွတယ်။ အဲဒီတောကျောင်းမှာ တစ်ပါးထဲ နေပြီး ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းတယ်။ သိပ် မကြာလိုက်ပါဘူး၊ ကိလေသာ ကုန်ခမ်းပြီး ရဟန္တာ ဖြစ်သွားတယ်။ ကိုရင်ဘဝနှင့် ရဟန္တာ ဖြစ်သွားတာ။ ရဟန္တာဖြစ်ပြီဆိုတော့ နိဗ္ဗာန်ချမ်းသာကို လက်ဝယ်ပိုင်ပိုင် ရရှိသွားပြီ။

ဘာကြောင့် ရဟန္တာ ဖြစ်တာလဲ၊ ဘဝကောင်းခြင်း, ဝန်းကျင်ကောင်းခြင်း, ဗီဇကောင်းခြင်းဆိုတဲ့ အချက် ၃- ချက်နှင့် ပြည့်စုံလို့ပါ။ 

ဒီအချက် ၃- ချက် ပြည့်စုံတယ်ဆိုတာလဲ ဒါနကောင်းမှုကြောင့်ပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒါနသည် နိဗ္ဗာန်ရဲ့ အထောက်အပံ့တစ်ခုပါ။ ဒါကြောင့် မန်လည်ဆရာတော်ကြီးက " တစ်ယာကွမ်းဆေး၊ ရေအေးတစ်ခွက်၊ ဆီတစ်စက်နှင့်၊ လဘက်တစ်ရိုး၊ ကြံတစ်ချိုးမျှ၊ မြတ်နိုးကြည်ဖြူ၊ ဒါနဟူသည်၊ အလှူကောင်းမှု၊ ရရာပြုလော" လို့ မိန့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________

#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

Monday, July 24, 2023

စိတ်ကိုအစာကျွေးတတ်ပါစေ

စိတ်ကိုအစာကျွေးတတ်ပါစေ
_________🌹☘🌹___________

စိတ်၏သဘာဝသည် မထင်မှတ်သည့်အချိန်တွင် မထင်မှတ်သည့် ဒုက္ခနှင့် တွေ့ရသည့်အခါ တုန်လှုပ်ခြောက်ခြားသွား၏။ တချို့ဆိုလျှင် " ငါ့နှယ်နော် ဖြစ်မှဖြစ်ရလေခြင်း" ဆိုပြီး ဝမ်းနည်းပက်လက် ဖြစ်သွားလေ၏။ ထိုအခါမျိုးတွင် စိတ်ကို အစာကျွေးရမည် ဖြစ်သည်။ 

ရုပ်ခန္ဓာကိုယ်သည် အစာလိုအပ်သကဲ့သို့ စိတ်မှာလည်း အစာလို၏။ ထို့ကြောင့် စိတ်ကို အစာကျွေးဖို့ လို၏။ စိတ်ကို အစာကျွေးမှ စိတ်ချမ်းသာမည် ဖြစ်သည်။

စိတ်အစာဆိုသည်ကား တခြား မဟုတ်၊ စာဖတ်ခြင်း , တရားနာခြင်း, တရားထိုင်ခြင်းတို့ ဖြစ်သည်။ စိတ်သည် စာပဲဖတ်ဖတ် တရားပဲနာနာ တရားပဲ ထိုင်ထိုင် တစ်ခုခု လုပ်နေလျှင် တောင်တွေးမြောက်တွေး မတွေးတော့၊ တောင်တွေး မြောက်တွေး မတွေးသည့်အတွက် စိတ်သည် ငြိမ်သွား၏။

ငြိမ်လျှင် ငြိမ်း၏ဆိုသည့်အတိုင်း စိတ် ငြိမ်သွားသည့်အတွက် စိုးရိမ်ခြင်း ဝမ်းနည်းခြင်း ပူဆွေးခြင်းတို့လည်း ငြိမ်းသွားလေတော့သည်။ ဘာကြောင့်နည်း၊ စိတ်ကို အစာကျွေးလိုက်သောကြောင့်တည်း။ ထို့ကြောင့် စိတ်ချမ်းသာဖို့အတွက် စိတ်ကို အစာကျွေးရမည် ဖြစ်သည်။

စာဖတ်ခြင်း
-----------

စာဖတ်ခြင်းသည် စိတ်ကို အလုပ်ပေးလိုက်ခြင်းပင် ဖြစ်သည်။ စာဖတ်လိုက်သည့် အတွက် စိတ်သည် စာထဲ ရောက်သွား၏။ စာထဲ ရောက်သွားသည့်အတွက် စာထဲက အကြောင်းအရာပဲ စဉ်းစား၏။ ထို့ကြောင့် စိတ်သည် တည်ငြိမ်သွားလေတော့သည်။

ဂျပန်လူမျိုးများသည် လူကြီး လူငယ်မဟူ စာ အလွန်ဖတ်ကြ၏။ အိမ်မှာသာ ဖတ်သည် မဟုတ်၊ ဘပ်စ်ကားစီးရင်း ဖြစ်စေ, ရထားစီးရင်း ဖြစ်စေ စာဖတ်ကြလေသည်။ ဂျပန်နိုင်ငံသည် ကမ္ဘာတွင် စာဖတ်အား အကောင်းဆုံး နိုင်ငံထဲက တစ်နိုင်ငံ ဖြစ်လေသည်။

ဂျပန်သည် ချမ်းသာသော နိုင်ငံ ဖြစ်သောကြောင့် စာအုပ်စျေးကလည်း ကြီး၏။ သို့သော် စာအုပ်စျေး ဘယ်လောက်ကြီးကြီး စာအုပ်ဆိုင်များတွင် အမြဲလိုလို လူပြည့်နေသတတ်။ မြန်မာလူငယ်များ အတုယူသင့်လှ၏။

စာဖတ်ခြင်းသည် ဗဟုသုတလည်း ရစေ၏။ စဉ်းစားဉာဏ်လည်း အားကောင်းစေ၏။ စိတ်ကိုလည်း ငြိမ်စေ၏။ ထို့ကြောင့် စာဖတ်ခြင်းသည် စိတ်ကို အစာကျွေးခြင်းပင် ဖြစ်သည်။

တရားနာခြင်း
--------------

တရားနာခြင်းသည် စိတ်ကို အလုပ်ပေးလိုက်ခြင်းပင် ဖြစ်သည်။ တရားနာလိုက်သည့် အတွက် စိတ်သည် တရားထဲ ရောက်သွား၏။ တရားထဲ ရောက်သွားသည့်အတွက် တရားထဲက အကြောင်းအရာပဲ စဉ်းစား၏။ ထို့ကြောင့် စိတ်သည် တည်ငြိမ်သွားလေတော့သည်။

မိမိနှင့် ရင်းနှီးသော အမျိုးသမီးတစ်ယောက် ရှိ၏။ ငယ်ရွယ်သည့်အချိန်တုန်းက တရားနာရကောင်းမှန်း မသိပေ။ စီးပွားရေး လုပ်နေသည့်အတွက် အလုပ်ထဲမှာပဲ စိတ်ကို နှစ်ထား၏။ အရွယ်ကလည်း ကောင်း, အလုပ်ကလည်း ကောင်းသည့်အတွက် ကျောင်းကန်ဘုရားကိုလည်း မရောက်ဖြစ်, တရားလည်း မနာဖြစ်ပေ။

ထိုအချိန်မှာပဲ မထင်မှတ်သည့် ဒုက္ခနှင့် ကြုံရလေ၏။ ငွေလိမ်ခံရပြီး အကြွေးများ တင်သွားလေတော့သည်။ တင်ရှိနေသည့် အကြွေးများကြောင့် သောကဖြစ်နေတော့၏။ ထိုအခါကျမှပဲ သူသည် တရားကို နာလေတော့၏။ တရားနာလိုက်တော့မှ စိတ်သက်သာမှု ရရှိသွားလေတော့သည်။ 

သူပြောသည့် စကားလေးက မှတ်သားစရာပင်။ " တပည့်တော် စိတ်ညစ်ပြီး သောကဖြစ်နေတုန်းက တရားနာလိုက်လို့ဘုရား၊ တရားသာ မနာရင် ရောဂါတောင် ဖြစ်နိုင်တယ်၊ တပည့်တော်ကို တရားက ကယ်လိုက်တာပါဘုရား" တဲ့။

တရားနာခြင်းသည် ဗဟုသုတလည်း ရစေ၏။ စဉ်းစားဉာဏ်လည်း အားကောင်းစေ၏။ စိတ်ကိုလည်း ငြိမ်စေ၏။ ထို့ကြောင့် တရားနာခြင်းသည် စိတ်ကို အစာကျွေးခြင်းပင် ဖြစ်သည်။

ဝိပဿနာ
----------

တရားထိုင်ခြင်းသည် စိတ်ကို အလုပ်ပေးလိုက်ခြင်းပင် ဖြစ်သည်။ တရားထိုင်လိုက်သည့် အတွက် စိတ်သည် ခန္ဓာထဲ ရောက်သွား၏။ ခန္ဓာထဲ ရောက်သွားသည့်အတွက် သမာဓိ အားကောင်းသွား၏။ ထို့ကြောင့် စိတ်သည် တည်ငြိမ်သွားလေတော့သည်။

တရားထိုင်ခြင်းဆိုသည်မှာ ဝိပဿနာ အားထုတ်ခြင်းပင် ဖြစ်သည်။ တကယ်တော့ ဝိပဿနာသည် စိပ်ပုတီးနှင့် ရိပ်ကြီးခိုသူများ, ယောဂီသူတော်စင်များအတွက်သာ မဟုတ်ပေ၊ နေ့စဉ်ဘ၀မှာလည်း အသုံးဝင်သည့် တရား ဖြစ်သည်။

ထို့ကြောင့် သိပ္ပံပညာရှင်များက "တရားထိုင်ရင် စိတ်ဖိစီးမှုတွေ ကျဆင်းသွားတယ်၊ စိတ်အေးချမ်းမှုလည်း ရတယ်၊ နှလုံးရောဂါ, သွေးတိုးရောဂါတွေလည်း ပျောက်ကင်းနိုင်တယ်" ဟု မှတ်ချက်ပြုထားကြခြင်း ဖြစ်သည်။

တရားထိုင်ခြင်းသည် သတိကိုလည်း အားကောင်းစေ၏။ သမာဓိကိုလည်း အားကောင်းစေ၏။ ဉာဏ်ကိုလည်း ထက်စေ၏။ ထို့ကြောင့် တရားထိုင်ခြင်းသည် စိတ်ကို အစာကျွေးခြင်းပင် ဖြစ်သည်။

စိတ်ပျိုမှ ကိုယ်နုတယ်
-------------------------

လောကကြီးမှာ စိတ်ချမ်းသာဖို့ အရေးကြီး၏။ စိတ်ချမ်းသာမှ လူချမ်းသာမည် ဖြစ်၏။ စိတ်မချမ်းသာလျှင် လူလည်း မချမ်းသာတော့။ ထို့ကြောင့် " စိတ်ပျိုတော့ ကိုယ်နု စိတ်ထောင်းတော့ ကိုယ်ကြေ" ဟု ဆိုခဲ့ကြခြင်း ဖြစ်သည်။

ဤကမ္ဘာမြေတွင် တည်မြဲသောအရာ ဘာတစ်ခုမှ မရှိပေ။ ထို့ကြောင့် ဘယ်သူပဲဖြစ်ဖြစ် တနေ့နေ့ တချိန်ချိန်တွင် သေရဦးမည် ဖြစ်သည်။ ဤကား မပြောင်းလဲသော နိယာမတည်း။ ထို့ကြောင့် သေသည်ကား မဆန်း၊ အရေးကြီးသည်ကား မသေခင်အချိန်လေးမှာ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ပင် ဖြစ်သည်။

ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့အတွက် စိတ်ချမ်းသာဖို့ လို၏။ စိတ်ချမ်းသာဖို့အတွက် မဖြစ်မနေ လုပ်ရမည့် အလုပ်ကား စိတ်ကို အစာကျွေးဖို့ပင် ဖြစ်သည်။ ထို့ကြောင့် အချိန်တစ်ခု သတ်မှတ်၍ စာဖတ်၍ ဖြစ်စေ တရားနာ၍ ဖြစ်စေ တရားထိုင်၍ ဖြစ်စေ စိတ်ကို အစာကျွေးရမည် ဖြစ်ပါပေ၏။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

Friday, July 21, 2023

အယုတ်အမြတ် ခုနှစ်ဖြာ သိဖွယ်ရာ

အယုတ်အမြတ် ခုနှစ်ဖြာ သိဖွယ်ရာ
========================
မြတ်စွာဘုရား ဟောကြားတော်မူအပ်သော
ဘုံဘဝတို့သည် အကျဉ်းချုပ်အားဖြင့် သုဂတိဘုံဘဝ=
ကောင်းမြတ်သော ဘုံဘဝ၊ဒုဂ္ဂတိဘုံဘဝ=
မကောင်း ယုတ်ညံ့သော ဘုံဘဝဟူ၍ (၂)မျိုးး
ဖြစ်ပေသည်။ ထို(၂)မျိုးတို့တွင် လူ့ဘုံဘဝသည်
ကောင်းမြတ်သော ဘုံဘဝဖြစ်ပေသည်
လူပုဂ္ဂိုလ်တို့သည် ကောင်းမြတ်သော လူ့ဘုံဘဝ၌
ဖြစ်ရတာချင်းတူကြပါသော်လည်း အချို့က
ယုတ်ညံ့နေကြပေသည်။
အချို့က မြင့်မြတ်နေကြပေသည်။

ယင်းကဲ့သို့ အချို့က ယုတ်ညံ့နေ၍ အချို့က
မြင့်မြတ်နေရခြင်း အကြောင်းကို မြတ်စွာဘုရား
ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်
သုဘအမည်ရှိသည့် လူငယ်တစ်ယောက်က
မြတ်စွာဘုရားအား လျှောက်ထားသည်မှာ
မြတ်စွာဘုရား လူတို့သည် -
(၁)။ အချို့က အသက်တိုကြ၊ အချို့က အသက်ရှည်ကြ၊
(၂)။ အချို့က အနာများကြ၊ အချို့က အနာနည်းကြ၊
(၃)။ အချို့က အဆင်းမလှကြ၊ အချို့က အဆင်းလှကြ၊
(၄)။ အချို့က တန်ခိုးနည်းကြ၊ အချို့က တန်ခိုးကြီးကြ၊
(၅)။အချို့က ပစ္စည်းရှားကြ၊အချို့က ပစ္စည်းပေါများကြ၊
(၆)။ အချို့က အမျိုးယုတ်ကြ၊ အချို့က အမျိုးးမြင့်မြတ်ကြ။
(၇)။ အချို့က ပညာနည်းပါးကြ၊ အချို့က ပညာကြီးမား
ကြ၍ အယုတ်အမြတ်အားဖြင့် ဖြစ်နေကြတာကို
တွေ့မြင်ရပါသည်ဘုရား။
(ဥပရိပဏ္ဏာသ-၂၄၃)

ယခုလို အယုတ်အမြတ်အားဖြင့် ဖြစ်ကြရသည်မှာ
ဘာ့ကြောင့် ပါလဲဘုရားဟု လျှောက်ထားသဖြင့်
မြတ်စွာဘုရားက ပုဂ္ဂိုလ်သတ္တဝါတို့အယုတ်အမြတ်အားဖြင့်
ဖြစ်ကြရခြင်းအကြောင်းမှာ ပုဂ္ဂိုလ်သတ္တဝါတို့
ပြုအပ်သော ကံကြောင့်ပင် ဖြစ်ကြရပေသည်ဟု
ဟောကြားတော်မူလိုက်ပါသည်။

(၁)။ အကြင်ပုဂ္ဂိုလ်တို့သည် သူ့အသက်သတ်ခြင်း
(ပါဏာတိပါတ)ကံကို ပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည့်
ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ
အပါယ်ငရဲသို့ ကျရောက်ကြရပေသည်။
အကယ်၍ ကံကောင်းထောက်မသဖြင့် အပါယ်ငရဲသို့
မကျရောက်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊သို့မဟုတ်
အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌
တစ်ဖန်ပြန်ဖြစ်ကြလျှင် အသက်မရှည်ကြ။
အသက်တိုကြရပေသည်။

အကြင်ပုဂ္ဂိုလ်တို့သည် သူ့အသက်သတ်ခြင်း
(ပါဏာတိပါတ)ကံ ကို မပြုကြပေ။
ရှောင်ကြဉ်ကြကုန်၏။
ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ
ကွယ်လွန်သွားသောအခါ နတ်ပြည်၌ ဖြစ်ကြရပေသည်။
အကယ်၍ မဖြစ်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင် သို့မဟုတ်
နတ်ပြည်၌ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင်
အသက်ရှည်ခြင်းနှင့် ပြည့်စုံကြရပေသည်။

(၂)။အကြင်ပုဂ္ဂိုလ်တို့သည် သတ္တဝါတို့ကို သနားခြင်း
ကင်းမဲ့၍ တုတ် စသည်ဖြင့် ညှဉ်းဆဲခြင်း(ဝိဟေဌက)
ကံကို ပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့်
ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ အပါယ်ငရဲသို့
ကျရောက်ကြရပေသည်။ အကယ်၍ ကံကောင်း
ထောက်မသဖြင့် အပါယ်ငရဲသို့ မကျမူ၍ လူ့ပြည်၌
ပြန်ဖြစ်ကြလျှင်၊ သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ
ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် အနာရောဂါ
များကြရပေသည်။
မကျန်းမမာ ဖြစ်နေတတ်ကြပေသည်။

အကြင်ပုဂ္ဂိုလ်တို့သည် သတ္တဝါတို့ကို သနားခြင်းရှိသည်
ဖြစ်၍ ညှဉ်းဆဲခြင်း (ဝိဟေဌက)ကံကို မပြုကြပေ။
ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်
သွားသောအခါ နတ်ဗြဟ္မာပြည်တို့၌ ဖြစ်ကြရပေသည်။
အကယ်၍ နတ်ဗြဟ္မာပြည်တို့၌ မဖြစ်မူ၍
လူ့ပြည်၌ ပြန်ဖြစ်ကြလျှင် သို့မဟုတ် နတ်ဗြဟ္မာပြည်
တို့၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန် ပြန်ဖြစ်ကြလျှင်
အနာရောဂါကင်းခြင်း၊ကျန်းမာခြင်းနှင့် ပြည့်စုံ
ကြပေသည်။

(၃)။အကြင်ပုဂ္ဂိုလ်တို့သည် အမျက်ဒေါသ
ထွက်ခြင်းများ၍၊မကောင်းသော ကိုယ်မှုနှုတ်မှု
တို့ကို ပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည်
ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်
သွားသောအခါ အပါယ်ငရဲသို့ ကျရောက်
ကြရပေသည်။ အကယ်၍ ကံကောင်းထောက်မသဖြင့်
အပါယ်ငရဲသို့ မကျရောက်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊
သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌
တစ်ဖန်ပြန် ဖြစ်ကြလျှင် အဆင်းမလှဘဲ အလွန်
အရုပ်ဆိုးနေတတ်ကြပေသည်။

အကြင်ပုဂ္ဂိုလ်တို့သည် အမျက်ဒေါသထွက်ခြင်းမရှိဘဲ၊
မေတ္တာရှေ့ထား၍ ကိုယ်မှု၊နှုတ်မှုများကို ပြုကြကုန်၏။
ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ
ကွယ်လွန်သွားသောအခါ နတ်ဗြဟ္မာပြည်တို့၌
ဖြစ်ကြရပေသည်။ အကယ်၍ နတ်ဗြဟ္မာပြည်တို့၌
မဖြစ်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊သို့မဟုတ်
နတ်ဗြဟ္မာပြည်တို့၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်
ဖြစ်ကြလျှင် ရုပ်ရည်အဆင်း လှပတင့်တယ်ခြင်းနှင့်
ပြည့်စုံကြရပေသည်။

(၄)။ အကြင်ပုဂ္ဂိုလ်တို့သည် သူတစ်ပါးတို့လာဘ်ရခြင်း၊
အပူဇော်ခံရခြင်း စသည်များကို တွေ့မြင်ရသောအခါ
မကျေနပ်ကြ၊ဣဿဖြင့် ငြူစူတတ်ကြကုန်၏။
ပြစ်မှားတတ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့်
ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ အပါယ်ငရဲသို့
ကျရောက်ကြရပေသည်။ အကယ်၍ ကံကောင်း
ထောက်မသဖြင့် လူ့ပြည်၌ ပြန်ဖြစ်ကြရလျှင်၊
သို့မဟုတ် အပါယ်ငရဲသို့ ကျရောက်ပြီးမှ
ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် ဘုန်းကံ
မရှိခြင်း ဖြစ်ကြရပေသည်။ အရာရာတွင် အောက်ကျ
နောက်ကျ၊ မကြည်မသာ ဖြစ်နေတတ်ကြရပေသည်။

အကြင်ပုဂ္ဂိုလ်တို့သည် သူတစ်ပါးတို့ လာဘ်ရခြင်း၊
အပူဇော်ခံရခြင်း စသည်တို့ကို တွေ့မြင်ရသောအခါ
မငြူစူကြကုန်။ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏။
ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ
ကွယ်လွန်သွားသောအခါ နတ်ဗြဟ္မာပြည်တို့၌
ဖြစ်ကြရပေသည်။ အကယ်၍ နတ်ဗြဟ္မာပြည်တို့၌
မဖြစ်မူ၍ လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊သို့မဟုတ်
နတ်ဗြဟ္မာပြည်တို့၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်
ပြန်ဖြစ်ကြလျှင် ဘုန်းကံကြီးးမားကြပေသည်။
အရာရာတွင် ရှေ့တန်းမှနေရ၍ ကြည်သာ
ရွှင်လန်းလျက် ရှိကြပေသည်။

(၅)။အကြင်ပုဂ္ဂိုလ်တို့သည် ပေးသင့်ပေးထိုက်၊
လှူသင့်လှူထိုက်သော ပုဂ္ဂိုလ်တို့ကို ပေးလှူခြင်း
မပြုကြကုန်၊မပေးလှူဘဲ နေတတ်ကြကုန်၏။
ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် အပါယ်ငရဲသို့
ကျရောက်သွားတတ်ကြပေသည်။ (ပစ္စည်းဥစ္စာတို့၌
စွဲလမ်းမူကြောင့် ပြိတ္တာများ ဖြစ်နေတတ်ကြပေသည်။)
အကယ်၍ ကံကောင်းထောက်မသဖြင့် အပါယ်ငရဲသို့
မကျရောက်မူ၍ လူပြည်၌ ပြန်ဖြစ်ကြလျှင်၊သို့မဟုတ်
အပါယ်ငရဲသို့ ကျရောက်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်
ပြန်ဖြစ်ကြလျှင် ပစ္စည်းဥစ္စာများ ရှားပါးနေတတ်ကြ၊
မရှိနွမ်းပါးနေတတ်ကြပေသည်။

အကြင်ပုဂ္ဂိုလ်တို့သည် ပေးသင့်ပေးထိုက်၊လှူသင့်
လှူထိုက်သော ပုဂ္ဂိုလ်တို့ကို ပေးလှူတတ်ကြကုန်၏။
ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ
ကွယ်လွန်သွားသောအခါ နတ်ပြည်၌ ဖြစ်ကြရပေသည်။
အကယ်၍ နတ်ပြည်၌ မဖြစ်မူ၍ လူ့ပြည်၌ပင်
ပြန်ဖြစ်ကြလျှင်၊ သို့မဟုတ် နတ်ပြည်၌ဖြစ်ပြီးမှ
ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင် ပစ္စည်းဥစ္စာများ
ပေါများကြွယ်ဝနေတတ်ကြပေသည်။

(၆)။အကြင်ပုဂ္ဂိုလ်တို့သည် အလွန်မာနကြီးး၍
ရှိခိုးထိုက်သူ၊ အရို အသေ ပြုထိုက်သူ၊
အလေးပြုထိုက်သူများကို ရှိမခိုး၊
အရိုအသေမပြု၊အလေးမပြုဘဲ နေကြကုန်၏။
ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ
ကွယ်လွန်သွားသောအခါ အပါယ်ငရဲသို့
ကျရောက်ကြရပေသည်။ အကယ်၍ ကံကောင်း
ထောက်မသဖြင့် အပါယ်ငရဲသို့ မကျမူ၍ လူ့ပြည်၌
ပြန်ဖြစ်ကြလျှင်၊ သို့မဟုတ် အပါယ်ငရဲသို့
ကျရောက်ပြီးမှ ဤလူ့ပြည်၌ ပြန်ဖြစ်ကြလျှင်
ဒွန်းစဏ္ဍားစသည့် ယုတ်နိမ့်သော အမျိုးအနွယ်တို့၌
ဖြစ်ကြရပေသည်။

အကြင်ပုဂ္ဂိုလ်တို့သည် အလွန်မာနမကြီးမူ၍
နှိမ့်ချသောစိတ်ရှိသည်ဖြစ်၍ ရှိခိုးထိုက်သူ၊
အရိုအသေပြုထိုက်သူ၊ အလေးပြုထိုက်သူတို့ကို
ရှိခိုးကြကုန်၏။ အရိုအသေပြုကြကုန်၏။
အလေးပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည်
ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ
နတ်ပြည်၌ ဖြစ်ကြရပေသည်။ အကယ်၍
နတ်ပြည်၌ မဖြစ်မူ၍ လူ့ပြည်၌ပင် ပြန်ဖြစ်ကြလျှင်
သို့မဟုတ် နတ်ပြည်၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌
တစ်ဖန်ပြန်ဖြစ်ကြလျှင် မင်းမျိုး သူဌေးမျိုး စသည့်
မြင့်မြတ်သော အမျိုးအနွယ်တို့၌
ဖြစ်ကြရပေသည်။

(၇)။ အကြင်ပုဂ္ဂိုလ်တို့သည် ရဟန်းပညာရှိ၊ လူပညာရှိ
ပုဂ္ဂိုလ်များထံသို့ ချဉ်းကပ်၍ ဤကဲ့သို့ ပြုလုပ်ခြင်းကား
ကုသိုလ်ဖြစ်၊မဖြစ်၊ အကုသိုလ်ဖြစ် ၊မဖြစ်၊ အပြစ်ရှိ၊မရှိ၊
ဤပုဂ္ဂိုလ်များကို မှီဝဲအပ် မမှီဝဲအပ် စသည့်
မေးမြန်းဖွယ်များကို မမေးမြန်းဘဲ နေကြကုန်၏။
အမှားမှားအယွင်းယွင်း ပြုလုပ်တတ်ကြကုန်၏။
ထိုပုဂ္ဂိုလ်တို့သည် ထိုကံကြောင့် ဤလူ့ဘဝမှ
ကွယ်လွန်သွားသောအခါ အပါယ်ငရဲသို့
ကျရောက်ကြပေသည်။ အကယ်၍ ကံကောင်း
ထောက်မသဖြင့် အပါယ်ငရဲသို့ မကျရောက်မူ၍
လူ့ပြည်၌ ပြန်ဖြစ်ကြလျှင်၊ သို့မဟုတ် အပါယ်ငရဲသို့
ကျရောက်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်ပြန်ဖြစ်ကြလျှင်
ပညာနည်းပါး၊ ပညာမဲ့သူများ ဖြစ်ကြရပေသည်။

အကြင်ပုဂ္ဂိုလ်တို့သည် ရဟန်းပညာရှိ၊ လူပညာရှိ
ပုဂ္ဂိုလ်များထံသို့ ချဉ်းကပ်၍ ဤကဲ့သို့
ပြုလုပ်ခြင်းသည်ကား ကုသိုလ်ဖြစ်၊မဖြစ်၊
အကုသိုလ်ဖြစ်၊မဖြစ်၊ အပြစ်ရှိ မရှိ၊
ဤပုဂ္ဂိုလ်များကို မှီဝဲအပ်၊မမှီဝဲအပ် စသည်ဖြင့်
မေးမြန်းတတ်ကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည်
ထိုကံကြောင့် ဤလူ့ဘဝမှ ကွယ်လွန်သွားသောအခါ
နတ်ပြည်၌ ဖြစ်ကြရပေသည်။ အကယ်၍
နတ်ပြည်၌ မဖြစ်မူ၍ လူ့ပြည်၌ပင် ဖြစ်ကြရလျှင်၊
သို့မဟုတ် နတ်ပြည်၌ ဖြစ်ပြီးမှ ဤလူ့ပြည်၌ တစ်ဖန်
ပြန်ဖြစ်ကြလျှင် ပညာဉာဏ်ကြီးမားသော ပုဂ္ဂိုလ်များ
ဖြစ်ကြရပေသည်။

ဤကဲသို့ ပုဂ္ဂိုလ်သတ္တဝါတို့၏ ယုတ်ညံ့သည်၏အဖြစ်နှင့်
မြင့်မြတ်သည်၏အဖြစ်တို့သည် ကံကြောင့်သာ
ဖြစ်ကြရပေသည်ဟု မြတ်စွာဘုရား ဟောကြား
တော်မူခဲ့ပါသည်။ သို့ဖြစ်၍ မြင့်မြတ်သည့်အဖြစ်ကို
အလိုရှိကြသော အမျိုးကောင်းသား၊ အမျိုးကောင်း
သမီးတို့သည် မြင့်မြတ်ကြောင်း ဖြစ်သောကံ(၇)မျိုး
တို့ကိုသာ ပြုကြရမည် ဖြစ်ပေသည်။

Free Dhamma Distribution | Dhammaransi Group (Australia)

Credit..

Sunday, July 2, 2023

ကိုယ့်ကိုယ်ကို "Banana "လို့ အခေါ်မခံရစေနဲ့

ကိုယ့်ကိုယ်ကို "Banana "လို့ 
အခေါ်မခံရစေနဲ့
🍃🍃🍃🍃🍃🍃🍃🍃🍃

မြန်မာလူမျိုးတွေဟာ အင်္ဂလိပ်ဘာသာနဲ့ အင်္ဂလိပ်စကားကို အထင်ကြီးတုန်းပဲ။

အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ 
subject matterကိုသာ သင်ရမှာ။ အင်္ဂလိပ်စကားသင်ရမှာ မဟုတ်ဘူး။

ဒီကနေ့ခေတ် မြန်မာနိုင်ငံမှာ ကလေးတွေကို မြန်မာစကားတောင် မတတ်သေးဘူး။ 

Int’l school သွားထားတာ 
မဟာအမှားကြီးပဲ ဖြစ်တယ်။ 

ဘာကြောင့်လဲဆိုရင် ဒီကလေးဟာ 
ဗမာမိဘက မွေးတဲ့ကလေး ဖြစ်ရဲ့သားနဲ့ ဗမာစကားမတတ်ဘူး ဆိုတာ ဂုဏ်ယူစရာ မဟုတ်ဘူး။ ကဲ့ရဲ့ရှုံ့ချစရာသာဖြစ်တယ်။

ဗမာမိဘက မွေးလာရင် ဗမာစကား 
တတ်ရမယ်။ ဗမာစာ တတ်ရမယ်။

ပြီးတော့့မှ ဘာဘာသာ တတ်တတ် ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာကြီး ၁၈ ရပ်
တတ်တတ် အကုန်လုံးတတ်။

တတ်လေ ကောင်းလေပဲ။ ကိုယ့်ဘာသာ စကားမတတ်ဘူးဆိုရင်တော့ အဆိုးဆုံးပဲ။ ဒါလည်း သတိထားကြဖို့ လိုတယ်ပေါ့။

တော်တော်များများ တွေ့နေရတယ်ပေါ့။
တချို့ ကလေးပေါက်စကို Int’l school ပို့လိုက်တယ်။

မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုဆိုတာလည်း လျော့ပါးသွားတယ်။ မြန်မာစကားလည်း 
မတတ်ဘူး ဒီကလေးက။ 

မြန်မာစာလည်း မတတ်ဘူးဆိုတော့ အခြေ အနေဟာ စိတ်ပျက်ဖွယ်ရာ အခြေအနေကို ရောက်ရှိနေတယ်။ 

ဘယ်လောက်ပဲ မြန်မာလူမျိုးက အင်္ဂလိပ်လို တတ်တတ် အင်္ဂလိပ်လူမျိုးမဖြစ်ဘူး။

အာရှနိုင်ငံသားတွေက စီးပွားတိုးတက်ပြီး ကြီးပွားတိုးတက်မှုတွေကို အားကျပြီးတော့

အနောက်တိုင်းနဲ့ ဥရောပကို အထင်
ကြီးတာမျိုး ဖြစ်နေတတ်တယ်ပေါ့။

အဲဒါ အထင်ကြီးစရာလည်း မလိုဘူး။

ကိုယ့်ကိုယ်ကို တိုးတက်အောင် ကိုယ့်ဟာ
ကိုယ် ကြိုးစားကြရမှာပဲ ဖြစ်တယ်။ 

ပညာဆိုတာ ဘယ်သူ့ဆီကရရ ယူရမှာပဲ ဖြစ်တယ်။ ပညာယူဖို့ပဲ အရေးကြီးတယ်။

တခြားယဉ်ကျေးမှုတွေကို ယူကြရမှာ မဟုတ်ဘူးဆိုတာ သတိထားဖို့ လိုတယ်ပေါ့။

Subject matter လို့ဆိုတဲ့
ပညာရပ်တွေရအောင် ကိုယ့်မိခင်
ဘာသာစကားကိုပဲ သုံးရမယ်။

အေး အာရှနိုင်ငံက လူတွေက ဒီမြန်မာတင်
မကဘူးပေါ့။ အာရှနိုင်ငံကလူတွေကို ဒီကနေ့ ခေတ် ပြောလိုက်မယ်ဆိုရင် …

အရင်တုန်းက အာရှနိုင်ငံက လူတွေက ဖွံ့ဖြိုးတိုးတက်ပြီး ယဉ်ကျေးမှု အဆင့်
အတန်း တိုးတက်တယ်။

ဘုရားဆိုတာ အာရှနိုင်ငံမှာ 
ပွင့်တာ ဖြစ်တယ်ပေါ့။ 

ဘုရားဟူသမျှ ဘာသာရေးခေါင်းဆောင်
ဟူသမျှ အာရှတိုက်မှာဖြစ်တယ်။

အဲတော့ ဒီ့ထက် ဂုဏ်ယူစရာရှိလား၊ ဘယ်ရှိမလဲနော်။ 

ပစ္စည်းဥစ္စာချမ်းသာတာတို့ ခေတ်မီ
ပစ္စည်းတွေ သုံးနိုင်တာတို့ ဒါတွေက 
ဒီလောက်ထိ အရေးပါတဲ့ကိစ္စ မဟုတ်ဘူး။

ပညာရပ်တွေနဲ့ပတ်သက်ပြီး အာရှ
နိုင်ငံတွေက ကြီးပွားတိုးတက်တယ်။

မြန်မာနိုင်ငံမှာ အမရပူရ ဘကြီးတော်မင်း လက်ထက်မှာ ပြင်သစ်မှာ နပိုလီယံ
အုပ်ချုပ်နေတဲ့ အချိန်မှာ ဖြစ်တယ်။

အမရပူရမှာ နန်းစိုက်တဲ့ ဘကြီးတော်မင်းက နပိုလီယံနဲ့ အဆက်အသွယ်ရှိပြီးတော့ 

နပိုလီယံနဲ့ မြန်မာဘုရင်တို့ဟာ အပြန် 
အလှန် သ၀ဏ်လွှာပေးကြတာ ရှိတယ်။

အဲဒီသ၀ဏ်လွှာကို ဘယ်လို မှတ်တမ်း ထိုးတုန်းဆို ပြင်သစ်နိုင်ငံက ဘိုနာပတ်မင်းထံ သ၀ဏ်လွှာ ပေးပို့ခြင်းလို့ ရေးတယ်။

ဘိုနာပတ်ဆိုတာ နပိုလီယံကို ပြောတာ။

မြန်မာတွေက နပိုလီယံကို သိပြီးတော့ ဘကြီးတော်ကို မသိဘူးဆိုရင်တော့ 
အဲဒါ မဟုတ်သေးဘူး။ 

ကိုယ့်အကြောင်း ကိုယ်မသိတာ 
မဟုတ်သေးဘူး။

အေး ကိုယ်က အင်္ဂလိပ်စာကို မိုးမွှန်နေ
အောင်တတ်။ ဥရောပက လူတွေက 
ကိုယ့်ကို အထင်ကြီးသလားဆို တစ်စက်မှ အထင်မကြီးဘူး။

မကြာခင်က သိလိုက်ရတဲ့ ဗဟုသုတအရ
ပြောရမယ်ဆိုရင် …

အာရှနိုင်ငံသား ဖြစ်ပြီးတော့ ဘိုစိတ်ပေါက် နေသူကို အခု banana လို့ခေါ်တယ်။ပြော
တယ်။ "ငှက်ပျောသီးတွေ ငှက်ပျောသီးတွေ"

ဘာကြောင့်ခေါ်တာတုန်းဆိုတော့ အာရှ သားတွေရဲ့အသားအရောင်က yellow 
skin 

အသားအရေနဲ့ ပြောတဲ့အခါ 
အဝါရောင် ရွှေဝါရောင်ပေါ့နော်။

အာရှသားတွေရဲ့
အသားအရောင်က အဝါရောင်

အာဖရိကသားတွေက အနက်ရောင်။ ဥရောပတွေက အဖြူရောင်။ 

ခုခေတ် tissue ငှက်ပျောသီးလို
နိုင်ငံခြားကို ရောက်တဲ့ငှက်ပျောသီးက 
အခွံက အဝါလေး။ နိုင်ငံခြားမှာ စိုက်တယ်။ နွင်လိုက်တဲ့အခါ အထဲက အဖြူရောင်။

အဲဒါ သူတို့က ဘာကို ပြောချင်တာတုန်းဆို
တော့ အဝါရောင် အရည်အချင်းရှိတဲ့သူတွေက အဖြူစိတ်ပေါက်နေတာလို့။

အတွင်းက အဖြူစိတ် ဖြစ်နေတာ။ အဲဒါ ကိုယ့်ကိုယ်ကို "Banana"လို့ အခေါ်မခံ
ရစေနဲ့။ အဲဒါ သတိထားဖို့ လိုတယ်ပေါ့။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

မထေရ်မြတ်တို့၏ အမှတ်တရ စကားများ 
အပိုင်း(၁၃၃) တရားတော်မှ မျှဝေပါသည်။

credit..