=============
ဘုန်းဘုန်းတို့က -
အာရုံအပေါ် မှီခိုခြင်းတွေ များကြတယ်။ အချစ်အမုန်းဆိုတာ အာရုံအပေါ်မှီခိုမှုကဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာလို့ ဆိုရမယ်။ တစ်စုံတစ်ဦးနဲ့အခန့်မသင့်ဖြစ်တယ် ဆိုပါတော့။ ကိုယ့်ရင်ထဲမှာ တစ်ဘက်လူ နဲ့ပတ်သက်ပြီး ဒေါသလှိုင်းစီးခံနေရပြီ။ ဒီလိုဖြစ်တာ ဒင်းကြောင့်ဆိုပြီး အာရုံအပေါ်အပြစ်ပုံချခြင်းနဲ့ ကိုယ့်စိတ်ကိုဖြေသိမ့်တတ်တယ်။
တွေးကြည့်ကြမယ်နော်။
တစ်ဘက်သားနဲ့ပတ်သက်ပြီး အခန့်မသင့်ဖြစ်တာမှာ အကြောင်းအရာအရ သူလွန်တာလည်း ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်လွန်တာလည်းဖြစ်ချင်ဖြစ်မယ်။ ဒေါသစိတ်နဲ့ပူလောင်နေရတာကတော့ တစ်ဘက်သား ကြောင့်ဆိုတာထက် ကိုယ့်နှလုံးသွင်း မှားမှုကြောင့်ပဲဖြစ်တယ်။
တကယ့်ပြဿနာက သူမဟုတ်ဘူး၊ ကိုယ့်အတွင်းမှာဖြစ်နေတဲ့ ပူလောင်မှုခံစားစိတ် emotion ကသာ တကယ့်ပြဿနာဖြစ်တယ်။ ဒါကို အရင်လက်ခံရမယ်။ လက်ခံမှ ပြဿနာကိုကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းရှာ မှာဖြစ်တယ်။
ဟုတ်ပြီ၊ အကြောင်းအရာအရ တစ်ဘက်သားလွန်တယ်ပဲ ဆိုပါတော့။ ကိုယ့်ခံစားမှုကိုမကိုင်တွယ်ဘဲ တစ်ဘက်လူနဲ့သွားရှင်းတဲ့အခါ ဒေါသ emotion က ဒရွတ်တိုက်ဆွဲသွားတာခံရတဲ့အတွက် ကိုယ့်နှုတ်ကထွက်မယ့် စကားတွေက အကောင်းဖြစ်မလာနိုင်တော့ဘူး။ သူ့အလွန်ကနေ ကိုယ့်အမှားတောင်ဖြစ်သွားဦးမယ်။
ဒါကြောင့် အတွင်းမှာခံစားနေရတာကိုသာ တကယ့်ပြဿနာလို့ခံယူပြီး ကိုယ့်ခံစားချက်ကို အရင်ကိုင် တွယ်ဖြေရှင်းပါ။
ဘယ်လိုကိုင်တွယ်မလဲ?
ကိုယ့်မှာဖြစ်နေတဲ့ခံစားစိတ်ကို အသိအမှတ်ပြုလက်ခံလိုက်ပါ။ "ပူလောင်နေတယ် ပူလောင်နေတယ်၊ လက်ခံတယ် လက်ခံတယ်" လို့ ခံစားမှုကို အသိအမှတ်ပြုပါ။ ခံစားရတာကိုမကြိုက်လို့ မငြင်းဆန်ပါနဲ့။ ငြင်းဆန်စိတ်က ဒေါသပြန်ဖြစ်နေလိမ့်မယ်။
ခံစားမှုကိုဖြန့်ထုတ်ပါ။
"ပူလောင်နေတဲ့ခံစားမှုဆိုတာ ဒေါသစိတ်ရဲ့ function ပဲ။ ခံစားမှုက ခံစားမှုပဲ၊ ငါခံစားတယ်ဆိုတာ သမုတိအပြောမျှသာပဲ၊ တကယ့်ပရမတ်သဘောက ခံစားသူမရှိ၊ ခံစားခြင်းသာရှိတယ်" အတွင်းခံစားမှုကို ငါနဲ့ပေါင်းမယူဖို့ ဆင်ခြင်ပေးရမယ်။
ပြီးရင် အပြင်ကိုကြည့်မယ်။
ဒေါသရဲ့ပူလောင်မှုက ဘယ်သူ့မှာဖြစ်ဖြစ် ပူလောင်စေတတ်တဲ့သဘောက တစ်မျိုးတည်းသာဖြစ်တယ်။ ဒါကြောင့် အတွင်းအပြင် သဘာဝအတူတူမို့ ခန္ဓာ(အပေါင်းအစု) အဖြစ်ဘုရားဟောတာဖြစ်တယ်။ သူလည်း သူ့ရင်ထဲကဒေါသရဲ့လုပ်ဆောင်ချက်ကို မကိုင်တွယ်နိုင်လို့ ဒီလိုအပြု၊ အပြောတွေ လုပ်တာပါလားလို့ ဆင်ခြင်ပေးကြည့်။ ပဋ္ဌာန်းပစ္စည်းအရ ဟေတုသတ္တိရနေကြတဲ့ အပြု၊ အပြော တွေပဲဖြစ်တယ်။ ပုဂ္ဂိုလ်ကို မကြည့်တော့ဘဲ ပုဂ္ဂိုလ်ရဲ့စိတ်မှာဖြစ်တဲ့ ကိလေသာကိုမြင်အောင်ကြည့်နိုင်ရင် ကိုယ့်စိတ်ထဲ ပေါ့လာတယ်။ ကိလေသာရဲ့သဘာကိုမဆင်ခြင်ဘဲ ပုဂ္ဂိုလ်အာရုံယူမိတဲ့အခါ သူ့အကြောင်းတွေးတိုင်းဒေါသစိတ်နဲ့ပင်ပန်းရတယ်။
အတွင်းအပြင် ခံစားမှုကိုအသိအမှတ်ပြုခြင်းနဲ့ အရင်ကိုင်တွယ်ဖြေရှင်းပါ။ ဒါဆို ခံစားမှုတွေ ဇာတ်ရှိန်လျော့ကုန်တယ်။ အရှိန်လျော့လာမှ အပြင်ပြဿနာကို ဖြေရှင်းဖို့လိုရင်ဖြေရှင်းဖို့ကြိုးစားပါ။ ဒေါသလျော့နေတဲ့စိတ်က အကျိုးအပြစ်ကိုဆင်ခြင်တတ်တာမို့ လက်လွတ်စပယ် ပြုမူပြောဆိုတာမျိုး မလုပ်ဖြစ် တော့ဘူး။ ကိုယ့်အတွင်းခံစားချက်ကြောင့် ကိုယ်တောင်ပူလောင်နေရင် သူလည်းသူ့အတွင်းပြဿနာကြောင့် ပူလောင်နေရှာမှာပါလားလို့နားလည်ပြီး ခွင့်လွှတ်လွယ်စိတ်၊ မေတ္တာစိတ် ဖြစ်လာနိုင်ပါတယ်။
သူ့အပေါ်နားလည်ပေးနိုင်မှ ကိုယ့်စိတ်ငြိမ်းချမ်းမှာမို့ emotion ကို ကိုင်တွယ်ဖို့ ကြိုးကို ကြိုးစားနေရမယ်။
အရှင်ပညာသီရိ(ရမ္မာကျွန်း)
"ဘုန်းဘုန်းပြောသော ဓမ္မအလှ ဓမ္မရသ" စာအုပ်မှ -
No comments:
Post a Comment