🌿🌿🍂🌿🌿
အိုသောအခါ စားဖို့ရာ ငယ်ခါစွမ်းတုန်း ကျုံးစုပါ။
မင်း၏ဘဏ္ဍာ ဖြည့်ဖို့ရာ အခွင့်သာခိုက် ပိုက်ထားပါ။
လူတို့၏ ခွန်အားနှင့်ကံတရား နှစ်ပါး တက်ချိန်၊ ကျချိန် ကာလခြားတတ်ရာ အရွယ်တက်ချိန် စန်းထချိန်များကပင်အရွယ်ကျချိန် စန်းပချိန်များ၌ စားသုံးရန်များ အလုံ အလောက် ကုပ်ကျစ်၍ စုဆောင်း ထားနှင့်ကြရာသည်။
အကယ်တိတိ တက်ချိန်ဝယ် မေ့၊ အပျော်နောက် စွေ့ကနဲ ပါသွားရာမှ
အသုံးကြား အဖြုန်းလွှားကာ လုံးပါး ပါးသွားစေခဲ့ပါသော်
အိုကြီးချက်မ ပင့်သက်လေ တဆွဆွ သက်ပြင်း တချချ ဟင်းချ၍ပင် မရ ဖြစ်တတ်သည်။
မတ်တတ်စာကား အရွယ်ဆောင်သဖြင့် အောင်နိုင်၏။ တုံးလုံးစာကား အရွယ်ကျသဖြင့် တွယ်မရ၊ ဖက်မရ အရှုံးပြနေသောကြောင့်။
အိုစာကား ဖြစ်သလိုစား ထားသာ၏။
မင်းစာကား တော တောအလိုက်၊ မြို့ မြို့အလိုက် အခွန်တော်များ လိုက်တက်မြဲဖြစ်ရာ ကန်တော့ပါသေး ဆို၍ မရ၊ မရှိသေးပါ ပြောလည်းမရ၊ မဖြစ် ဖြစ်သောနည်းဖြင့် ဆောင်နေရသောကြောင့်။
ရာဇတောဝါ တကာတွင် အမြတ်ခွန်သည် အစွာဆုံးတည်း။ မြေခွန်၊ အိမ်ခွန် စသည်များကား သရေစာ မစားဘဲ စုထားသော မုန့်ဖိုးမျှဖြင့် ပြီးပြေသော်လည်း ဆိုင်းဘုတ်ချိတ်မိသော ကုမ္ပဏီ အရှုံးပေါ်သဖြင့် ကုမ္ပဏီ ဖျက်သိမ်းပြီးသော်မှ အမြတ်ခွန်အရာရှိ၏ စာအုပ်ထဲဝယ် ဆိုင်းဘုတ်ကား အထင်းသားပင် ရှိနေတတ်ရာ အိမ်ပေါင်၊ မြေပေါင် ဆောင်မဆုံးတော့ပြီ။
မဟာစင်တော်ပေါ်ရောက် အနုပညာရှင် စန်းပြတ်၊ လဂ်ပြတ်သွားသဖြင့် အလကား ထိုင်သူ ထိုင်ရ၊ ခပ်ပါးပါး ကိုင်သူ ကိုင်ရ ဖြစ်နေသော်မှ အမြတ်ခွန်အရာရှိ၏ စာအုပ်ထဲ၌ကား ရေပန်းစားဆဲပင်ဖြစ်ရာ အနုပညာရှင်တို့ခဗျာ ဣန္ဒြေငဲ့၊ အရှက်ငဲ့ကာ ဟိုဖဲ့သည်ဖဲ့ နောက်ဆုံး လက်မဲ့ဖြစ်ကြရပြီ။
အိုစာကား ဖြစ်သလိုစား ထားသာ၏။
မင်းစာကား သနားဇာတာ မပါသဖြင့် အားနာလိမ့်မည် မဟုတ်ပြီ။
သို့ကြောင့် ယနေ့တော့ ဝအီသွားပြီ။ နက်ဖြန်အတွက်က ကျန်သေးဆိုသော မောင်ပေါက်ကျိုင်းရာဇဝင်ထဲက ကျီးဖို၊ ကျီးမတို့ စကားကဲ့သို့ အအိုသို့ အဆိုက် အိုစာ မင်းစာ လိုက်မည့်အရေး. . .
ပျိုတုန်းက ရှေးရှု စန်းထဆဲ စုမိ ဆောင်းမိထားရန် မမေ့သင့်ချေ။
.........
မဟာဗောဓိမြိုင်ဆရာတော်
သုဝဏ္ဏသျှမ်
No comments:
Post a Comment