စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, March 22, 2023

စိတ်ကို အစာကျွေးပါ

🍀 စိတ်ကို အစာကျွေးပါ 🍀
ㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡ

စိတ်၏ သဘာဝသည် 
မထင်မှတ်သည့် အချိန်တွင် 
မထင်မှတ်သည့် ဒုက္ခနှင့် တွေ့ရသည့်အခါ 
တုန်လှုပ် ခြောက်ခြားသွား၏။

တချို့ဆိုလျှင် 
" ငါ့နှယ်နော်... ဖြစ်မှ ဖြစ်ရလေခြင်း" ဆိုပြီး 
ဝမ်းနည်းပက်လက် ဖြစ်သွားလေ၏၊
ထိုအခါမျိုးတွင် စိတ်ကို အစာကျွေးရမည် ဖြစ်သည်။ 

ရုပ်ခန္ဓာကိုယ်သည် အစာ လိုအပ်သကဲ့သို့၊ 
စိတ်မှာလည်း အစာလို၏။

ထို့ကြောင့် စိတ်ကို အစာကျွေးဖို့ လို၏၊
စိတ်ကို အစာကျွေးမှ စိတ်ချမ်းသာမည် ဖြစ်သည်။

စိတ်အစာ ဆိုသည်ကား တခြား မဟုတ်၊ 
စာဖတ်ခြင်း , တရားနာခြင်း, တရားထိုင်ခြင်း တို့ ဖြစ်သည်။

စိတ်သည်  
စာပဲဖတ်ဖတ်, တရားပဲနာနာ, တရားပဲ ထိုင်ထိုင်,
တစ်ခုခု လုပ်နေလျှင် တောင်တွေးမြောက်တွေး 
မတွေးတော့၊ တောင်တွေး မြောက်တွေး မတွေး
သည့်အတွက် စိတ်သည် ငြိမ် သွား၏။

ငြိမ် လျှင် ငြိမ်း၏ ဆိုသည့်အတိုင်း... 
စိတ် ငြိမ်သွားသည့် အတွက် စိုးရိမ်ခြင်း, ဝမ်းနည်းခြင်း, ပူဆွေးခြင်းတို့လည်း, ငြိမ်းသွားလေတော့သည်။

ဘာကြောင့်နည်း၊ 
စိတ်ကို အစာ ကျွေးလိုက်သောကြောင့်တည်း၊
ထို့ကြောင့် စိတ်ချမ်းသာဖို့ အတွက် 
စိတ်ကို အစာကျွေးရမည် ဖြစ်သည်။

🍀 စာဖတ်ခြင်း
ㅡㅡㅡㅡㅡㅡㅡㅡ

စာဖတ်ခြင်းသည် 
စိတ်ကို အလုပ် ပေးလိုက်ခြင်းပင် ဖြစ်သည်၊
စာဖတ်လိုက်သည့် အတွက်   
စိတ်သည် စာထဲ ရောက်သွား၏။

စာထဲ ရောက်သွားသည့် အတွက် 
စာထဲက အကြောင်းအရာပဲ စဉ်းစား၏၊
ထို့ကြောင့် စိတ်သည် တည်ငြိမ် သွားလေတော့သည်။

ဂျပန် လူမျိုးများသည် 
လူကြီး လူငယ်မဟူ စာ အလွန်ဖတ်ကြ၏၊
အိမ်မှာသာ ဖတ်သည် မဟုတ်၊ 
ဘတ်စ်ကားစီးရင်း ဖြစ်စေ, ရထားစီးရင်း ဖြစ်စေ,
စာဖတ်ကြလေသည်။

ဂျပန်နိုင်ငံသည် 
ကမ္ဘာတွင် စာဖတ်အား အကောင်းဆုံး နိုင်ငံထဲ က 
တစ်နိုင်ငံ ဖြစ်လေသည်။

ဂျပန်သည် ချမ်းသာသောနိုင်ငံ ဖြစ်သောကြောင့် 
စာအုပ် စျေးကလည်း ကြီး၏။

သို့သော် စာအုပ်စျေး ဘယ်လောက်ကြီးကြီး 
စာအုပ်ဆိုင်များတွင် အမြဲလိုလို  
လူပြည့် နေသတတ်၊
မြန်မာလူငယ်များ အတု ယူသင့်လှ၏။

စာဖတ်ခြင်းသည် ဗဟုသုတလည်း ရစေ၏၊
စဉ်းစားဉာဏ်လည်း အားကောင်းစေ၏။

စိတ်ကိုလည်း ငြိမ်စေ၏၊
ထို့ကြောင့် စာဖတ်ခြင်းသည် 
စိတ်ကို အစာကျွေးခြင်းပင် ဖြစ်သည်။

🍀တရားနာခြင်း
ㅡㅡㅡㅡㅡㅡㅡㅡ

တရားနာခြင်းသည် 
စိတ်ကို အလုပ်ပေးလိုက်ခြင်းပင် ဖြစ်သည်၊
တရားနာလိုက်သည့် အတွက်   
စိတ်သည် တရားထဲ ရောက်သွား၏။

တရားထဲ ရောက်သွားသည့် အတွက် 
တရားထဲက အကြောင်းအရာပဲ စဉ်းစား၏၊
ထို့ကြောင့် စိတ်သည် တည်ငြိမ် သွားလေတော့သည်။

မိမိနှင့် ရင်းနှီးသော အမျိုးသမီးတစ်ယောက် ရှိ၏၊
ငယ်ရွယ်သည့် အချိန်တုန်းက တရားနာရကောင်းမှန်း မသိပေ၊ စီးပွားရေး လုပ်နေသည့်အတွက် 
အလုပ်ထဲမှာပဲ စိတ်ကို နှစ်ထား၏။

အရွယ်ကလည်း ကောင်း, 
အလုပ်ကလည်း ကောင်းသည့်အတွက်, 
ကျောင်းကန် ဘုရားကိုလည်း မရောက်ဖြစ်, 
တရားလည်း မနာဖြစ်ပေ။

ထိုအချိန်မှာပဲ မထင်မှတ်သည့် ဒုက္ခနှင့် ကြုံရလေ၏၊
ငွေလိမ်ခံရပြီး အကြွေးများ တင်သွားလေတော့သည်၊
တင်ရှိနေသည့် အကြွေးများကြောင့် 
သောက ဖြစ်နေတော့၏။

ထိုအခါကြမှပဲ သူသည် တရားကို နာလေတော့၏၊
တရားနာလိုက်တော့မှ စိတ်သက်သာမှု ရရှိ
သွားလေတော့သည်။ 

သူပြောသည့် စကားလေးက မှတ်သားစရာပင် -
"တပည့်တော် စိတ်ညစ်ပြီး သောကဖြစ်နေတုန်းက 
 တရားနာလိုက်လို့ဘုရား၊ တရားသာ မနာရင် 
 ရောဂါတောင် ဖြစ်နိုင်တယ်၊ 
တပည့်တော်ကို တရားက ကယ်လိုက်တာပါ ဘုရား" တဲ့။

တရား နာခြင်းသည် ဗဟုသုတလည်း ရစေ၏၊
စဉ်းစားဉာဏ်လည်း အားကောင်းစေ၏၊
စိတ်ကိုလည်း ငြိမ်စေ၏။

ထို့ကြောင့် တရား နာခြင်းသည် 
စိတ်ကို အစာကျွေးခြင်းပင် ဖြစ်သည်။

🍀 ဝိပဿနာ
ㅡㅡㅡㅡㅡㅡㅡㅡ

တရားထိုင်ခြင်းသည် 
စိတ်ကို အလုပ် ပေးလိုက်ခြင်းပင် ဖြစ်သည်၊
တရားထိုင်လိုက်သည့် အတွက် 
စိတ်သည် ခန္ဓာထဲ ရောက်သွား၏။

ခန္ဓာထဲ ရောက်သွားသည့်အတွက်  
သမာဓိ အား ကောင်းသွား၏၊
ထို့ကြောင့် စိတ်သည် တည်ငြိမ်သွားလေတော့သည်။

တရားထိုင်ခြင်း ဆိုသည်မှာ 
ဝိပဿနာ အားထုတ်ခြင်းပင် ဖြစ်သည်။

တကယ်တော့ ဝိပဿနာသည် 
စိပ်ပုတီး နှင့် ရိပ်ကြီးခိုသူများ, ယောဂီ သူတော်စင်များအတွက်သာ မဟုတ်ပေ၊  
နေ့စဉ် ဘ၀မှာလည်း အသုံးဝင်သည့် တရား ဖြစ်သည်။

ထို့ကြောင့် သိပ္ပံပညာရှင်များက... 
"တရားထိုင်ရင် စိတ်ဖိစီးမှုတွေ ကျဆင်းသွားတယ်၊ စိတ်အေးချမ်းမှုလည်း ရတယ်၊ နှလုံးရောဂါ, သွေးတိုးရောဂါတွေ လည်း ပျောက်ကင်းနိုင်တယ်" ဟု 
မှတ်ချက် ပြုထားကြခြင်း ဖြစ်သည်။

တရား ထိုင်ခြင်းသည်... 
သတိ ကိုလည်း အားကောင်းစေ၏၊ 
သမာဓိ ကိုလည်း အားကောင်းစေ၏၊
ဉာဏ် ကိုလည်း ထက်စေ၏။

ထို့ကြောင့် တရားထိုင်ခြင်းသည် 
စိတ်ကို အစာကျွေးခြင်းပင် ဖြစ်သည်။

🍀 စိတ်ပျိုမှ ကိုယ်နုတယ်
 ㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡ   

လောကကြီးမှာ စိတ်ချမ်းသာဖို့ အရေးကြီး၏၊စိတ်ချမ်းသာမှ လူချမ်းသာမည် ဖြစ်၏၊ စိတ်မချမ်းသာလျှင် လူလည်း မချမ်းသာတော့။

ထို့ကြောင့် ㅡ
" စိတ်ပျိုတော့ ကိုယ်နု စိတ်ထောင်းတော့ ကိုယ်ကြေ" ဟု ဆိုခဲ့ကြခြင်း ဖြစ်သည်။

ဤကမ္ဘာမြေတွင် 
တည်မြဲသောအရာ ဘာတစ်ခုမှ မရှိပေ၊ ထို့ကြောင့် ဘယ်သူပဲ ဖြစ်ဖြစ် 
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် 
သေရဦးမည် ဖြစ်သည်၊
ဤကား မပြောင်းလဲသော နိယာမတည်း။

ထို့ကြောင့် သေသည်ကား မဆန်း၊ 
အရေးကြီးသည်ကား မသေခင် အချိန်လေးမှာ 
ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ပင် ဖြစ်သည်။

ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ အတွက် စိတ်ချမ်းသာဖို့ လို၏၊
စိတ်ချမ်းသာဖို့အတွက် မဖြစ်မနေ လုပ်ရမည့် အလုပ်ကား စိတ်ကို အစာကျွေးဖို့ပင် ဖြစ်သည်။

ထို့ကြောင့် အချိန်တစ်ခု သတ်မှတ်၍ စာဖတ်၍ ဖြစ်စေ, တရားနာ၍ ဖြစ်စေ, 
တရားထိုင်၍ ဖြစ်စေ, စိတ်ကို အစာကျွေးရမည် ဖြစ်ပါပေ၏..။

                အင်ကြင်းမြိုင် ဆရာတော်။
_______________________
Credit #အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

ဘာကြောင့် ဘုရားရှင်က ဂုဏ်တော်ကိုပွားခိုင်းရသလဲ

ဘာကြောင့် ဘုရားရှင်က ဂုဏ်တော်ကိုပွားခိုင်းရသလဲ 
•••••••••••••••••••••••••••••

ဒို့စိတ်တွေက ရိုင်းလွန်းလို့ ...
ဒီအတိုင်းမထားနိုင်လို့ ...
ဘုရားဂုဏ်ကိုအာရုံပြုပြီးတော့  
ဒို့ရဲ့ရိုင်းတဲ့စိတ်ကို
ဘုရားအာရုံလေးနဲ့တွဲပြီးတော့ကပ်ပြီးတော့
ယဉ်အောင် ကျင့်ယူရတာထင်တယ် ။

အဲဒါဗျ ဒို့ချည်းမနိုင်လို့ 
ဘုရားနဲ့ကပ်ယူရတာ  ။

အဲဒီဂုဏ်တော်တွေပွားခြင်းတို့မည်သည်မှာ
' သဒ္ဓါ ' နိုးအောင်လို့ နှိုးပေးတာ  ။

ဒို့ စာလိုတော့ လျက်ဆားများဆိုရင် 
ပုလင်းအထဲ ထဲမှာ လျက်ဆားထည့်ထားတယ်
အပြင်ပုလင်းမှာ ပုလင်းဘူးပတ်ကလေး မရှိဘူးလား 
ဆေးရဲ့အာနိသင်ဆိုပြီး မရေးဘူးလား ။

ဘာတုန်း ...
သလိပ်ခဲသော်  သွေးကျသော်နဲ့ 
မပါဘူးလား ?
( ပါ ပါတယ်ဘုရား  )

သလိပ်ကပ်သော် ဘယ့်နှယ်
ရင်ပြည့်သော်  ဘယ်နှယ့်
ကွမ်းရွက်ပြုတ်ရည်ကြီးနဲ့ ဘယ်လို
အညွှန်းမရှိဘူးလား ?
( ရှိပါတယ် ဘုရား  )

ဒို့ အညွှန်းလေးကို ဖတ်ကြည့်တာက
ဆေးသောက်စေချင်လို့  ။

အဲ့တော့ အညွှန်းဖတ်ကြည့်ရုံနဲ့ 
ဘယ့်နှယ်တုန်း
သလိပ်ကပ် ပျောက်သလား ?
( မပျောက်ပါဘုရား )  

သလိပ်ကပ်ပျောက်ချင်တော့ 
ဘာလုပ်ရမှာတုန်း ?
(ဆေးသောက်ရမှာပါ ဘုရား )

အဲ့တော့
' အရဟံ  '
' ပူဇော်အထူးကို ခံယူတော်မူထိုက်သောဘုရား '
သူ့ဂုဏ်လေးနဲ့ကိုယ့်စိတ်ကို 
တွဲထားရတာထင်တယ် ။

အမြဲတမ်းသာပြောနေ နှိုးဆော်နေ
' ပူဇော်အထူးကို ခံယူတော်မူထိုက်သောဘုရား '
ပါဠိလို  ' အရဟံ '  နေမှာပေါ့လေ   ။
( မှန်ပါ ဘုရား )

ဒို့  အဲဒါလေး အာရုံပြုနေတဲ့အချိန်မှာ
အဟောင်းကိလေသာ တွေးသာသလား ?
( မတွေးသာပါ ဘုရား )
အသစ်ကိလေသာနောက်ကော 
ပြေးလိုက်မိသလား ?
( မလိုက်မိပါ ဘုရား )

အဲဒါတစ်ချက်မှတ်လိုက်  
တစ်ချက်ဒီဂုဏ်တော်ပွားလိုက်လို့
တစ်ချက်ကိလေသာ 
တစ်ခါတည်းပျောက်ထွက်သွားတာ ။

အဲဒါ ဒီသတိစိတ် ဘုရားဂုဏ်စိတ်က
ကိလေသာကို ရှို့မြိုက်ပစ်လိုက်တာ 
' စျာန် '  လို့ခေါ်တယ်  ။

' စျာန် ' ဆိုတာ ကိလေသာကို 
လောင်မြိုက်ပစ်လိုက်တာလေ  ။
တစ်ချက်မှတ်လိုက်တဲ့အချိန် 
အဟောင်းလည်းပျောက်ပြီ
အသစ်လည်းပျောက်ပြီ   အဲဒါ   ' စျာန်  '  ပဲဗျ   ။

အဲဒါ ဗုဒ္ဓါနုဿတိနဲ့  
အနုဿတိစျာန်ဝင်စားတာ ။

ဒို့  ပထဝီကသိုင်းတို့ ဘာတို့ဆိုတာကျတော့
သမာဓိကနေ ပညာကိုတန်းသွားမှာ  ။
ဒို့ ဘုရားဂုဏ်ကကျတော့  သဒ္ဓါကနေ
ပညာကိုတက်မှာ   ။

အဲ့တော့ ...
' အရဟံ ' လို့  ဒို့ကပွားလိုက်ရင်
' အရဟံ ' အကြောင်းမသိလည်း အရေးမကြီးဘူး။
လိုချင်တာက စိတ်ကလေး
ပုတီးလုံးနဲ့စိတ်နဲ့ထိတဲ့နေရာဖြစ်ဖြစ်
အရဟံဂုဏ်ဆိုတဲ့ ဘုရားဂုဏ်မှာ  
စိတ်ကလေးထိနေလို့ဖြစ်စေ ...
ဒါပဲလိုချင်တာ သိတာမသိတာ 
လိုရင်းမဟုတ်ဘူး ။

အဟောင်းမတွေးစေချင်တာနဲ့
အသစ်နောက်ကိုလိုက်မပြေးစေချင်တာပါ
ဒါလေး ၂ခုပဲ  ။
ရည်ရွယ်ချက် ဒါပဲမဟုတ်လား ။

အဲ့တော့...
' ပူဇော်အထူးခံယူတော်မူထိုက်သောဘုရား '
အမြဲတမ်းသာ တဖွဖွနဲ့သာ နှလုံးသွင်းနေ
အဲဒါ ပုလင်းပတ်ကဆေးညွှန်းကို ဖတ်နေတာ ။

ဒါချည်းပဲရွတ်ပါများလာတော့
ကိုယ့်စကား ကိုယ့်နားကကြားသွားရင်
ကိုယ့်ကိုယ်ကုိပြန်မေးလိမ့်မယ်
' ဘာကြောင့် ပူဇော်အထူးကိုခံထိုက်တာလဲ ' 

သူများကမေးရင် ' မသိဘူးကွာ ' ပြောလိုက်
တစ်ခွန်းထဲပြောလို့ရတယ် ။

ကိုယ့်ကိုယ်ကိုမေးတော့ 
အဲ့လိုပြောလို့ရပါ့မလား ?
( မရပါ ဘုရား )

အဲ့တော့ မသိ 
သိအောင် လုပ်ရတော့မယ်  ။

ဒို့  ဘုရားရှင်ကဲ့သို့အကျင့်မျိုး 
ဘယ်သူလိုက်ကျင့်နိုင်သလဲ ?
ဆိုပါစို့   ' ဒုက္ကရစရိယာ '  လိုဟာမျိုး
ဘယ်လိုလူ ကျင့်နိုင်သလဲ  ?
နတ်တွေကော ကျင့်နိုင်သလား ?
ဗြဟ္မာတွေကော ကျင့်နိုင်သလား ?
အဲဒါကိုထားဦး ။  ဒို့  ...
ဒါက ကျင့်တဲ့ဘက်ကိုပြောတာ ။

ဒို့  ဘုရားဖြစ်မယ့်ဘဝမှာ 
သိဒ္ဓတ္ထမင်းသားထင်တယ် ။
နန်းမကြီး ၃ဆောင် 
မိဖုရားပေါင်းက ၁သိန်း ၂သောင်းရှိတယ် 
ရွှေအိုးကြီးလေးလုံးနှင့်တကွ 
ရှိသမျှပစ္စည်းတွေလည်း
မနည်းဘူး အတွင်းပစ္စည်းတွေ 
ကမ္ဘာအရပ်ရပ်ကဘုရင်တွေကကို 
လှမ်းဆက်သရတာထင်တယ်  ။

သူက စကြာမင်းဖြစ်မယ့်ပုဂ္ဂိုလ်
ဒီစကြာဝဠာတစ်ခုလုံးကြီးကို 
အုပ်ချုပ်နိုင်စွမ်းရှိတဲ့ဘုရင်
သာမာန်ဘုရင်မဟုတ်ဘူး  ။

သူ့ရဲ့ဘုန်းကံကြောင့်လည်း  
တိုင်းပြည်မှာ တစ်ဦးနှင့်တစ်ဦး 
လုယက်ခြင်း တိုက်ခိုက်ခြင်း
လိမ်ညာခြင်း မူးရူးရမ်းကားခြင်း မရှိတဲ့အတွက်
တရားစီရင်ရေးတွေလုပ်စရာမလိုပဲ
ဘုရင့်စည်းစိမ်သက်သက် ခံစားနေရတာကို
ဒို့  ဘယ်သူစွန့်နိုင်သလဲ  ?

ဒို့  ရပ်ကွက်လူကြီးလေးလောက်တောင်
သူတက်မယ် ငါတက်မယ်ဖြစ်နေကြတာ 
ဟိုက တစ်ကမ္ဘာလုံးဗျ ...
အခုလိုလည်းအရှုပ်အရှင်းမရှိဘူးဗျ 
ဘုရင့်စည်းစိမ်သက်သက်ခံစားရုံပဲ  ။

အဲဒါတွေအကုန်စွန့်ပြီး 
ဘယ်သူတောထွက်ရဲသလဲ ?

နန်းတော်ကြီးနဲ့နေရပါများလို့ 
သုခကိုပယ်နိုင်တယ်ထားကဦး။
ဒုက္ခကိုခံနိုင်တဲ့သတ္တိလည်းရှိသေးတယ်။
နန်းတော်ကြီး ပယ်စွန့်ပြီး ၊
သစ်တစ်ပင်အောက် ဘယ်သူနေရဲသတုန်း  ?

ပြီးတော့ ဘုရင့်အစားအသောက် 
နုပေ့ကောင်းပေ့ဆိုတဲ့
အအီအဆိမ့်တွေပယ်ပြီး  ဒီ သူများကလှူတဲ့
ထမင်းအကြမ်း ဟင်းကြမ်းကို ဘယ်သူစားရဲသလဲ ?

သုခကို ရိုးလို့ စွန့်နိုင်တယ်ထားဦး
ဒုက္ခကိုခံနိုင်ဖို့ သူ့လိုသတ္တိမျိုး 
လူလည်းမရှိဘူး၊ နတ်တွေမှာလည်းမရှိဘူး။
ဗြဟ္မာတွေမှာလည်းမရှိဘူး ။

အဲ့တော့ ...
ဗြဟ္မာမင်းကြီးတွေကလည်း 'ငါ့ထက်သာတယ် '
နတ်မင်းကြီးတွေကလည်း  ' ငါ့ထက်သာတယ် '
လူမင်းကြီးတွေကလည်း  ' ငါ့ထက်သာတယ် ' 
ဆိုပြီး မပူဇော်ရဘူးလား  ?

အဲ့တော့ ...
လူမင်း နတ်မင်း ဗြဟ္မာမင်းတို့ကတောင်
ပူဇော်တယ်ဆိုရင် လူသာမာန် 
နတ်သာမာန်တွေက
ဘာပြောစရာလိုတုန်း  ?
( မလိုပါ ဘုရား  )

အဲ့တော့ ... ဘုရားဟာ ...
ဒါ့ကြောင့် ပူဇော်အထူးကိုခံထိုက်တယ်လို့
ဆုံးဖြတ်ချက်ချပြီးရင်  ဒီအဖြေရလာပြီဆိုရင်
ငါလည်းပဲ ဘုရားသားတော်
ငါလည်းပဲ  ဘုရားသမီးတော်ဆိုပြီး
ကိုယ့်ဘက် လက်ညှိုးထိုးရတော့မယ်ထင်တယ် ။

ငါလည်းပဲ   ဘုရားသားတော် 
သမီးတော်ဆိုပြီးတော့
ပုလင်းထဲကဆေးကို ဖော်သောက်မိအောင် 
အဲဒီဂုဏ်တော်တွေ ပွားခိုင်းတာ  ။

ဘုရားက သူ နာမည်ကောင်းရအောင်
ပွားခိုင်းတာမဟုတ်ဘူး ။

ပုလင်းပတ်ကဆေးညွှန်းကိုဖတ်ပြီး
ပုလင်းထဲကဆေးကို သောက်ဖြစ်အောင်လို့
အဲဒီပုလင်းပတ်ကအညွှန်းကိုဖတ်ခိုင်းတာ၊
ဟုတ်ကဲ့လား  ?
( မှန်ပါဘုရား  )

သာဓု သာဓု သာဓုပါ အရှင်ဘုရား ။

🙏 မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး 🙏

Credit >> Original Uploader >> Thanks
Post by Young Buddhist Association
•••••••••••••••••••••••••••••••••••••••••••••••••••
ပြန်လည်မျှဝေ ကုသိုလ်ပြုပါ၏။

Friday, March 17, 2023

ဝိပဿနာတရားအားထုတ်ကြမည့်သူများအတွက်

ဝိပဿနာတရားအားထုတ်ကြမည့်သူများအတွက် တော်ကူးဆရာတော်ဘုရားကြီး
၏ အထူးဩဝါဒ
*******************************
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဝေဒနာသည်းမခံနိုင်လို့ ခန္ဓာကိုယ်
အနေအထားကို ပြု  ပြင်တဲ့အခါ 
ခေတ္တခဏတော့ ဝေဒနာ သက်သာသွားတယ်။  

ဒါပေမယ့် မကြာခင်မှာဘဲ ပြန်ပြီး ကိုက်ခဲလာတယ်  ထုံကျဉ်လာတယ်။  

ဝေဒနာကိုလည်း သည်းမခံနိုင်လို့ 
နောက်တစ်ကြိမ်ပြန်ရှုတဲ့အခါ 
ယခင်က သမာဓိအဆင့်ရောက်တာနဲ့ ဝေဒနာ ပြန်ပေါ်လာတာပဲ ။ 

ဒါကြောင့် ဝေဒနာကို သည်းမခံနိုင်လို့ ခဏ ခဏ ပြင်ထိုင်နေရင် 
သမာဓိထူထောင်ဖို့ 
ကြန့်ကြာသွားတတ်တယ် ။

သည်းမခံနိုင်လို့ ရပ်လိုက်မယ်ဆိုရင်လည်း တရားဟာ ရှေ့မဆက်နိုင်တော့ဘူး ။

 ဒါကြောင့် ဝေဒနာကို ကျော်လွှား
နိုင်အောင် ရှုမှတ်ရမယ် "

တရားရှုမှတ်တဲ့အခါ ပေါ်လာတဲ့ 
ဝေဒနာတွေဟာ ခန္ဓာကိုယ်ကို 
အန္တရာယ်ဖြစ်စေလောက်အောင် 
ပြင်းထန်တဲ့ ဝေဒနာတွေမဟုတ်ပါဘူး။ 

တုတ်နဲ့ရိုက်တာလောက် 
အပ်နဲ့ထိုးတာလောက် မနာကျဉ်ပါဘူး။ သည်းခံပြီးရှုမှတ်နိုင်ရင် ဝေဒနာဟာ ပျောက်သွားပါတယ် ။

ဘုန်းကြီး ဝိပဿနာတရား စတင်ပြီး ရှုစက ဝေဒနာတွေ အကြီးအကျယ်ပေါ်ပါတယ်  
တစ်ချို့ ဝေဒနာတွေဟာ ပြင်းထန်လွန်းလို့ ဘုန်းကြီး မျက်ရည်တောက်တောက်ကျပါတယ် 
အသံထွက်တဲ့အထိ အော်ဟစ်ညည်းညူရတာလည်းရှိတာပဲ။

ဒါပေမယ့် ဘုန်းကြီး လယ်သမားဘဝက ကင်းကိုက်လို့ အော်ငိုရတဲ့ ဝေဒနာ ..
လည်ပင်းကို နွားဝှေ့လို့ ( ၂၁ ) ရက်လုံး အစာမစားရဘဲ အိပ်လည်းမရ
ကြိတ်မှိတ်ခံစားရတဲ့ ဝေဒနာတွေ

ဒီဝေဒနာဆိုးတွေနဲ့ စာရင် 
တရားအားထုတ်လို့ ခံစားရတဲ့ ဝေဒနာဟာ အသေးအမွှားပဲလို့ ဘုန်းကြီး နှလုံးသွင်းတယ်။  

ပြီးတော့ တစ်ခါ 
ဆင်းရဲတဲ့ ဝေဒနာပေါ်လာတာဟာ 
ဒုက္ခသစ္စာတရားကို ဖော်ပြပေးတာပဲလို့ ဘုန်းကြီးသဘောပေါက်မိလို့
စိတ်မဆိုးတဲ့အပြင် ဝမ်းတောင်သာမိတယ်  ။

နောက်တစ်ချက်က 
ဝိပဿနာရှုသူချင်းလည်း 
ဝေဒနာပေါ်တာ မတူကြဘူး  

တစ်ချို့က ဝေဒနာပြင်းပြင်းထန်ထန်ပေါ်တယ် 
တစ်ချို့ကျပြန်တော့ ဝေဒနာဆိုးတွေ 
လုံးလုံးမပေါ်ဘဲ ချမ်းချမ်းသာသာနဲ့ 
ရှုမှတ်နိုင်ကြတယ်  

ဝေဒနာဆိုးတွေ များများပေါ်တာဟာ 
အတိတ်ဘဝက အကုသိုလ်ကံ 
ယခုဘဝ ပြုလုပ်မိခဲ့တဲ့ အကုသိုလ်ကံတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ယူဆရတယ်

ဥပမာတစ်ခုပြရရင် -
ဘုန်းကြီးထံမှာ တရာထိုင်နေတဲ့ 
တရားလာအားထုတ်တဲ့ တံခွန်တိုင်ရွာသား 
မောင်သိန်းလှိုင်ဟာ ဒီဘဝမှာ သတ္တဝါတော်တော်များများကို ညှဉ်းဆဲသတ်ဖြတ်ခဲ့တယ်။

ဒါကြောင့် တရားမှတ်လို့ သမာဓိ
အတော်အသင့်ရလာတဲ့အခါ 
မျက်စိမှိတ်လိုက်တာနဲ့ ငရဲသားတွေက လှံနဲ့လာထိုးလို့  ဝေဒနာ မချိမဆန့်ခံရတယ်။

သူ့ခြေထောက်ကိုလည်း ဓားနဲ့လာလှီးတယ် ဗိုက်ကြီးဖောင်းပူပြီး မရှူ နိုင် မကယ်နိုင်လည်း ဖြစ်ရတယ်။  

နောက်ဆုံးမှာ ငရဲမီးလောင်ခံရလို့ 
သူ့ရင်ဘတ်တစ်ခုလုံးမှာ တစ်ကယ်
မီးလောင်တဲ့ ဒဏ်ရာ ထင်သွားတယ်။ 

ဘုန်းကြီးက မောင်သိန်းလှိုင်ကို 
"ဒကာမကြောက်နဲ့ ဘုန်းကြီး မေတ္တာပို့ပေးနေတယ်"
လို့ စောင့်ရှောက်အားပေးပြီး 
တရားကို ဆက်ပြီး ရှုမှတ်စေတယ် ။

နောက်ဆုံးမှာ ဝေဒနာဆိုးတွေ အားလုံးကို ကျော်လွန်သွားနိုင်တယ်။ တရားရှုမှတ်လို့
ငြိမ်းအေးတဲ့ချမ်းသာကိုလည်း သူခံစားရတယ်။
 
အကုသိုလ်မိုက်ပြစ်တွေကို တရားနဲ့ ပေးဆပ်လိုက်တာပဲပေါ့။ ဝမ်းသာစရာမကောင်းဘူးလား  ?

သူသာ တရားမရှုမှတ်ခဲ့ရင် 
သေခါနီးမှာ ငရဲနိမိတ်ထင်မှာသေချာတယ် သေသွားတဲ့အခါမှာလည်း ငရဲကျမှာ သေချာတယ်လေ။

ဒါကြောင့် ချမ်းသာကြီးကြီးကို လိုချင်ရင် 
ဆင်းရဲကလေးတွေကို သည်းခံနိုင်ရမယ်
ဆင်းရဲနဲ့ ရင်းနှီးမှလည်း ချမ်းသာကြီးကြီးကို 
ရရရှိနိုင်တယ် " 

ဤကား တော်ကူးဆရာတော်ဘုရားကြီး 
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ညွှန်ပြတော်မူသော သြဝါဒ ဖြစ်ပေ၏။

Credit..

Saturday, March 11, 2023

အကုသိုလ်မဖြစ်အောင်ကြိုးစားကြစို့

အကုသိုလ်မဖြစ်အောင် ကြိုးစားကြစို့
—————————————————

ဆရာတော်ကြီးတစ်ပါးက 
မိန့်ကြားဖူးပါတယ်။
 
ပုထုဇဉ်တွေဟာ တစ်နေ့တစ်နေ့ အိပ်ပျော်နေ 
ချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ကုသိုလ် သို့မဟုတ် အကုသိုလ်စိတ် တစ်ခုခုနဲ့နေကြတာ တဲ့။ 

ဟုတ်ပါတယ်။ စိတ်ဆိုတာဟာ တစ်ပြိုင်တည်း နှစ်စိတ်ဖြစ်လေ့မရှိပါဘူး။ 

အကုသိုလ်စိတ်ဖြစ်နေရင် 
ကုသိုလ်စိတ် မဖြစ်နိုင်သလို

ကုသိုလ်စိတ်ဖြစ်နေရင်လည်း အကုသိုလ်စိတ် မဖြစ်နိုင်ပါဘူး။ 

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်ကတော့ ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်တဲ့ ဘ၀င်စိတ်ပါ။ 

ဆိုတော့ကား… အိပ်ရာက နိုးတဲ့အချိန်ကနေ ညအိပ်ရာ၀င်တဲ့ အချိန်အထိ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ရင် …

ကုသိုလ်ဖြစ်တဲ့ အချိန်က များသလား အကုသိုလ်ဖြစ်တဲ့အချိန်က များသလား 
သိနိုင်ပါတယ်။ 

ကုသိုလ်စိတ် မဖြစ်တဲ့အချိန်ဟာ အကုသိုလ် 
စိတ်တွေ ဖြစ်နေနိုင်တဲ့အတွက် အကုသိုလ်စိတ်
မဖြစ်အောင် ကြိုးစားနေထိုင်သွားကြဖို့ လိုပါ တယ်။

တစ်နေ့တစ်နေ့ ကုသိုလ် မဖြစ်ချင်နေပါစေ။
အကုသိုလ်မဖြစ်အောင် နေတတ်ဖို့ အရေးကြီး ပါတယ်။ 

အကုသိုလ်မဖြစ်အောင် နေထိုင်ဖို့အတွက်က 
အကုသိုလ်မဖြစ်အောင် မြင်တတ် တွေးတတ် 
ဖို့လိုပါတယ်။ 

အကုသိုလ် မဖြစ်အောင် မြင်တတ်ဖို့က အကောင်းမြင်တတ်ဖို့ လိုပါတယ်။ 

အကောင်းမြင်တတ်မှ 
အကောင်းတွေး တတ်မှာပါ။ 

အကောင်းတွေးတတ်တာဟာ အကုသိုလ် မဖြစ်အောင် တွေးလိုက်တာပါ။

လောကမှာ ရှိရှိသမျှ ပုဂ္ဂိုလ်သတ္တဝါတွေကို 
ကြည့်ကြည့်လိုက်ပါ။ 

အလုံးစုံပြည့်စုံတဲ့ ပုဂ္ဂိုလ်ရယ်လို့ တစ်ယောက်မှ မရှိပါဘူး။ 

အဲလို မပြည့်စုံတဲ့သူတွေဖြစ်နေတဲ့အတွက်သူတို့ ရဲ့အားနည်းချက်တွေ ချို့ယွင်းချက် တွေကို ကြည့်ရင် အပြစ်တွေကိုပဲ တွေ့ရမှာပါ။ 

အပြစ်တွေကို ကြည့်မိတာနဲ့ နောက်ဆက်တွဲ အဖြစ် အကုသိုလ်ဖြစ်စရာတွေပဲ တွေ့လာရမှာပါ။ 
အဲဒီအခါ အကုသိုလ်စိတ်တွေလည်း မခေါ်ဘဲ ၀င်လာတော့တာပါပဲ။

ဒါကြောင့် ဘယ်သူ့ကိုပဲကြည့်ကြည့် အကုသိုလ်
မဖြစ်အောင် ကြည့်တတ်ဖို့ လိုပါတယ်။ 

တစ်နည်းပြောရရင် အကောင်းဘက်က 
မြင်တတ် ကြည့်တတ်ဖို့လိုပါတယ်။

အကောင်းမြင်တတ်ဖို့ဆိုတာက ဘယ်သူ့ကိုပဲ တွေ့တွေ့ ကောင်းတာလေးတွေကို ရှာဖွေ စဉ်းစား မြင်တတ်ကြည့်တတ်ဖို့ အရေးကြီး ပါတယ်။ 

ပြီးတော့ အဲဒီအပေါ်မှာ လိုက်နာကျင့်ကြံတတ်ရပါမယ်။

ဘုန်းဘုန်းတို့ ဖတ်ရှုလေ့လာဖူးတဲ့ စာပေတွေ အရ အကုသိုလ်မဖြစ်အောင် ဆက်ဆံနည်း
လေးတွေ တွေးနည်းလေးတွေ ရှိပါတယ်။ 

အဲဒီနည်းလေးတွေကို ကြည့်ပြီး အကုသိုလ်မဖြစ်အောင် လေ့ကျင့်ကြည့်ပါ။ 

ဒီသဘောတွေအရ…

လူပုဂ္ဂိုလ်တွေထဲမှာ အချို့ပုဂ္ဂိုလ်တွေဟာ နှုတ်ထွက်စကား ကြမ်းတမ်းပေမယ့် စိတ်ထား အရမ်းကောင်းတာကို တွေ့ရတတ်ပါတယ်။ 

အဲလိုသူမျိုးကို သူတို့ရဲ့ အပြောအဆို ကြမ်း တမ်းမှုကို မကြည့်ဘဲ 

“အော်…သူဟာ အပြောအဆိုကြမ်းတမ်းပေမယ့်  စိတ်ထားလေးတော့ ကောင်းရှာသားပဲ”လို့ အကောင်းဘက်ကတွေးပြီး အကုသိုလ် မဖြစ် အောင် ကြိုးစားရပါမယ်။

အချို့ကျတော့ အပြောအဆိုအရမ်းကောင်းပြီး 
အရမ်းနူးညံ့သိမ်မွေ့တတ်ကြပေမယ့်စိတ်ထား ယုတ်ညံ့ပါတယ်။ 

အဲဒီလိုသူမျိုးကျတော့လည်း "သူဟာ စိတ်ဓာတ်မကောင်းပေမယ့် အပြောအဆိုတော့ 
ညင်သာနူးညံ့ပါလား”လို့ တွေးပြီး အကုသိုလ်
မဖြစ်အောင် ကြိုးစားရပါမယ်။

အချို့ကျတော့ အပြောအဆိုလည်း မကောင်းစိတ်ထားလည်း ယုတ်ညံ့တတ်ကြပေမယ့် “တစ်ခါတစ်ရံ အနည်းငယ် ကောင်းတာ”
လေးတွေ ရှိတတ်ပါတယ်။

အဲလိုသူမျိုးကိုလည်း သူ့ရဲ့ ကောင်းကွက် အနည်းငယ်လေးကိုပဲ ရှာကြံပြီး အကုသိုလ် မဖြစ်အောင် ကြိုးစားရပါမယ်။

အချို့ကျတော့ အပြောအဆိုလည်း မကောင်း 
စိတ်ထားလည်း မကောင်း တစ်ခါတစ်ရံလည်း ကောင်းကွက်ဆို ဘာမှကို ရှာမရတာတွေ ရှိပါတယ်။ 

အဲလိုလူမျိုးကျတော့ ဘာမှမဖြစ်အောင် “ဥပေက္ခာ” သာ ပြုနိုင်အောင်ကြိုးစားရပါ 
မယ်။ 

ဥပေက္ခာပြုတာဟာ ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်အောင် ကြိုးစားတာပါ။

ဒါကြောင့်…တစ်နေ့တစ်နေ့ ကုန်ဆုံးရတဲ့ အချိန်လေးတွေမှာ …

အကုသိုလ်စိတ်တွေ မများရအောင် အကောင်း
မြင်တတ်အောင် အကောင်းတွေးတတ်အောင် လေ့ကျင့်ပြီး …

ကုသိုလ်စိတ်ဖြစ်အောင် ကြိုးစားကြပါလို့ 
တိုက်တွန်းလိုပါတယ်။

ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Credit. 

Monday, March 6, 2023

အချိန်မရှိတော့ဘူး..

ကိုယ့်ကိုယ်ကို အားမနာတမ်း ဝေဖန်ရဲတာ အမြတ်ဆုံးပညာပဲ။

ကိုယ့်ကိုယ်ကို အားအနာတမ်း ဆုံးမရဲတာ အခက်ဆုံးပညာပဲ ။

ကိုယ့်ကိုယ်ကို နားလည်သွားတဲ့ ပညာဟာ အသိမ်မွှေဆုံး ပညာပဲ။


အဓိက အလုပ်ကို မလုပ်ဘဲ
အထက်တန်းကျသွားတယ် ဆိုတာမရှိဘူး။ ရှိတယ်ထင်နေရင်လည်း မှားတုန်းပဲ ။

 
ကိုယ့်ကိုယ်ကို တစ်ကယ်ချစ်ရင်
အဓိက အလုပ်ကို အမြန်ဆုံးလုပ်သင့်တယ် ။

ကိုယ်ချစ်တဲ့ သူတွေကို တစ်ကယ်ချစ်ရင် အဓိက အလုပ်ကို လုပ်ခွင့်ပေးသင့်တယ်။

ကျန်တာတွေ ထားခဲ့တော့....
အချိန် တွေအများကြီး မကျန်တော့ဘူး။

       ( ခေမိကာထေရီ)

Credit...

Wednesday, March 1, 2023

ပဋ္ဌာန်း ၂၄ပစ္စည်း

❝ ပဋ္ဌာန်း(၂၄)ပစ္စည်း ❞ 
💜💜💜💜💜💜💜💜💜💜
🌺(၁) ဟေတုပစ္စယော
          (ဟိတ် ၆ ပါး)

 ဟိတ် ၆ ပါးတို့သည် ခန္ဓာရစေ၍ လက်ရှိရလာသော ခန္ဓာအပေါ်မှာ ကောင်းကျိုးဆိုးပြစ်ရော၍ အကျိုးပေးသောတရား ဖြစ်သည်။

လောဘ၊ ဒေါသ၊ မောဟ (အဟိတ်)၊

အလောဘ၊ အဒေါသ (ဒွိဟိတ် )၊

အလောဘ၊ အဒေါသ၊ အမောဟ 
(တိဟိတ်)

 တိဟိတ်ပုဂ္ဂိုလ်သည်
      သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံ၍
သစ္စာတရားဟောတတ်သော
ဆရာနှင့် တွေ့ပြီး ဝိပဿနာတရား
အားထုတ်လျှင် ဤဘဝမှစ၍
အပါယ်(၄)ပါး တံခါးပိတ်ကာ 
နိဗ္ဗာန်တံခါး ပွင့်ပါသည်။

 ဒွိဟိတ်ပုဂ္ဂိုလ်မှာမူ
      နတ်ရွာသုဂတိ လားပါသည်။
အဟိတ်ပုဂ္ဂိုလ်မှာကား 
အပါယ်တံခါး မပိတ်နိုင်သေးပါ။
လောဘနှင့်နေ၍ သေလျှင်
ပြိတ္တာဘုံတွင်၊
ဒေါသနှင့်နေ၍ဒေါသနှင့်သေလျှင်
ငရဲဘုံတွင်၊
မောဟနှင့်နေ၍ မောဟနှင့်သေလျှင်တိရစ္ဆာန်ဘုံတွင် ခန္ဓာရပါသည်။

🌺(၂) အာရမ္မဏပစ္စယော
             (အာရုံ ၆ ပါးသည်
ပစ္စုပ္ပန်ဝိဉာဏ်ဖြစ်စေရန် 
ကျေးဇူးပြုတတ်သောတရား
ရူပါယတနံ၊ သဒ်ဒါယတနံ၊ ဂန်ဓာယတနံ၊
ရသာယတနံ၊ ဖောဋ္ဌဗ္ဗာယတနံ
မနောဓာတုယာ
      မျက်စိအကြည်က အဆင်းရူပါရုံကို
အာရုံပြုသောကြောင့် 
မြင်စိတ်(စက္ခုဝိဉာဏ်) ပေါ်ပါသည်။
မြင်စိတ်ပေါ်သောအခါ 
စိတ်၊စေတသိက်တရားတို့သည်
ယှဉ်ဖော်ယှဉ်ဖက်အဖြစ်နှင့်
အတူပေါ်ရခြင်းသည်
မြင်စိတ်ဖြစ်ပေါ်လာစေရန်
အာရမ္မဏဟု ခေါ်သော
အာရုံ၏သတ္တိဖြစ်ပါသည်။
ကောင်းမှုတရားကို အာရုံပြုလျှင်
ကောင်းကျိုးသတ္တိ၊ မကောင်းမှုတရားကို
အာရုံပြုလျင် မကောင်းကျိုးသတ္တိကိုဖြစ်စေပါသည်။

🌺 (၃) အဓိပတိပစ္စယော
             (အဓိပတိ ၄ ပါး)

     ၁..ဆန္ဒာဓိပတိ   
          (လိုချင်၊ ဖြစ်ချင်စိတ်)
     ၂..ဝိရိယာဓိပတိ (လုံ့လပြုမှု)
     ၃..စိတ်တာဓိပတိ   
          (စိတ်အားထက်သန်မှု)
     ၄..ဝီမံသာဓိပတိ 
          (ဉာဏ်ထက်သန်မှု)

          ဤအား(၄)ပါးပြည့်စုံမှသာ
အဓိပတိပစ္စယသတ္တိနှင့်
ပြည့်စုံနိုင်ပါသည်။ 
လောကီစီးပွား ရှာသူများ၊ 
လောကုတ္တရာတရား
ရှာသူများသည် 
မည်သည့်ကိစ္စမဆို 
အဓိပတိပစ္စည်းနှင့် ပြည့်စုံမှသာ
မိမိလိုချင်သော ပန်းတိုင်
ရောက်နိုင်မည် ဖြစ်ပါသည်။

🌺 (၄) အနန္တရပစ္စယော
            (တစ်ဆက်တည်း 
            အကြားအလပ် မရှိဖြစ်၍     
            ကျေးဇူးပြုတတ်သော တရား)

         မျက်စိနှင့်အဆင်းပေါင်းဆုံ၍
မြင်စိတ်ပေါ်သည်။ 
မြင်စိတ်ချုပ်ပြီးမှ
သိစိတ်က သိရပါသည်။
မြင်စိတ်က 
အကောင်းအဆိုး မသိပါ။
သိစိတ်ကသာ အကောင်းအဆိုး
သိခြင်းဖြစ်ပါသည်။
မြင်စိတ်(စက္ခုဝိဉာဏ်) 
ချုပ်ပြီးချိန်နှင့်
သိစိတ်(မနောဝိဉာဏ်)က 
သိချိန်အတွင်း အကြားမရှိပါ။

ဥပမာ။ ။ မီးခြစ်ကို ခြစ်၍ မီးတောက်     
                   ထွက်လာသည်နှင့်
မြင်လိုက်သောအချိန်အတွင်း 
အကြားမရှိပါ။

🌺(၅) သမနန္တရပစ္စယော
            (ကောင်းစွာတစ်ဆက်တည်းအကြားမရှိဖြစ်၍ ကျေးဇူးပြုတတ်သော တရား)

           ဒွါရ(၆)ခုနှင့် အာရုံ(၆)ပါး
ထိခိုက်တိုက်ဆိုင်သော အချိန်တွင်
ပေါ်သောခန္ဓာ(၅)ပါးမှာ ပေါ်ဆဲခန္ဓာ
ဖြစ်ပါသည်။ ပေါ်ဆဲအချိန်တွင်
စိတ်၊ စေတသိက်တို့သည် 
ကောင်းစွာအခြားမဲ့ အတူ ပေါ်၍
အတူချုပ်ကြပါသည်။

ဥပမာ။ ။ ပန်းတစ်ပွင့် (ရုပ်အဆင်း) ကို မျက်စိအကြည်နှင့်
တွေ့ဆုံသောအခါ 
မြင်စိတ်(စိတ်) ဖြစ်ပြီးမှ 
လှ-မလှ အကောင်းအဆိုး
ခွဲခြားသော 
ခံစားစိတ်(စေတသိက်)တို့
ကောင်းစွာ အခြားမဲ့ပေါ်ပြီး
အတူတကွ ချုပ်ပျောက်သွားခြင်း
ဖြစ်သည်။

🌺 (၆) သဟဇာတပစ္စယော
            (အတူတကွဖြစ်၍ ကျေးဇူးပြု
              တတ်သောတရား)

         နာမ်ခန္ဓာလေးပါး
(ဝိဉာဏက်ခန်ဓာ ၊ဝဒေနက်ခန်ဓာ၊ သညာက်ခန်ဓာ၊
သင်္ခါရက္ခန္ဓာ)တို့သည် အချင်းချင်း 
အတူတကွဖြစ်ဖော်ဖြစ်ဖက်
အထောက်အပံ့အားဖြင့်
ကျေးဇူးပြုတတ််သော 
သဟဇာတပစ္စယသတ္တိဖြင့် 
ကျေးဇူးပြုခြင်း ဖြစ်သည်။

 ကြားစိတ်က(ဝိဉာဏက္ခန္ဓာ)
      ကြားဆဲခံစားစိတ်က(ဝေဒနာက္ခန္ဓာ)
      ကြားတာကိုမှတ်တာက(သညာက္ခန္ဓာ)
      ကြားအောင်ပြုပြင်တာက   
      (သင်္ခါရက္ခန္ဓာ)
ဟူသော နာမ်ခန္ဓာ(၄)ပါးတို့
ဖြစ်ပေါ်ပါသည်။ ထိုထဲမှ
နာမ်တစ်ပါးပါးမျှ 
မပါဘဲနေလို့ မရပါ။
မပါလျှင် အသံ မကြားလို့သာ
ဖြစ်ပါသည်။
         ထို့အတူ ရုပ်နှင့်နာမ်
(၂)ခုကလည်း
တစ်ခုကိုတစ်ခု အပြန်အလှန်
ကျေးဇူးပြုပါသည်။ 
ရုပ်ကလည်း နာမ်မပါဘဲ 
ရပ်တည်၍ မရသလို
နာမ်ကလည်း ရုပ် မပါဘဲ 
ရပ်တည်၍ မရပါ။

🌺 (၇) အညမညပစ္စယော
             (အပြန်အလှန် ကျေးဇူးပြု
               နိုင်တဲ့တရား)

      နာမ်ခန္ဓာ(၄)ပါး အတူ ဖြစ်ကြသည်။
တစ်ပါးက (၃)ပါးကို၊
(၃)ပါးက တစ်ပါးကို
အပြန်အလှန် ကျေးဇူးပြုသည်။
မဟာဘုတ်လေးပါးဖြစ်သော
ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော
အတူ ဖြစ်သည်။ 
အချင်းချင်း ကျေးဇူးပြုကြသည်။
ပဋိသန္ဓေစိတ်၊ စေတသိက် ကံကြောင့်
ဖြစ်သော ကမ္မဇရုပ်တို့သည် 
အပြန်အလှန် ကျေးဇူးပြုကြသည်။
ရုပ်နှင့်နာမ်သည် အချင်းချင်း
အပြန်အလှန် ကျေးဇူးပြုကြသည်။

🌺(၈) နိဿယပစ္စယော
            (မှီရာဖြစ်၍ ကျေးဇူးပြု
              တတ်သောတရား)

     မျက်စိအကြည်ကို အဆင်းကမှီ၍
မြင်စိတ်ဖြစ်ပေါ်သည်။
     နားကို အသံကမှီ၍ 
ကြားစိတ် ပေါ်သည်။
     နှာခေါင်းကို အနံံ့က မှီ၍ 
နံစိတ် ဖြစ်ပေါ်သည်။
     လျှာကို စားစရာက မှီ၍ 
စားစိတ် ဖြစ်ပေါ်သည်။
     ကိုယ်ကို တွေ့ထိမှုက မှီ၍ 
ထိသိစိတ် ဖြစ်ပါသည်၊
     စိတ်(မနော)ကို ကြံတွေးမှုက မှီ၍ 
ကြံတွေးစိတ် ဖြစ်သည်။

ဥပမာ။ ။ ဓာတ်ကြီး(၄)ပါးနှင့်
                  ဖွဲ့စည်းထားသော
ရုပ်ခန္ဓာကြီးသည် 
ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ကို မှီ၍ 
ရပ်တည်နေရခြင်း ဖြစ်သည်။

🌺(၉) ဥပနိဿယပစ္စယော
       (အားကြီးသောမှီရာဖြစ်၍
        ကျေးဇူးပြုတတ်သောတရား)

          ရှေးကပြုခဲ့သော
ကုသိုလ်အကြောင်းတရားတို့သည်
ယခုဘဝပြုသော
ကုသိုလ်အကြောင်းတရားတို့အား 
အားကြီးသောအထောက်အပံ့အဖြစ်
ချမ်းသာခြင်းအကျိုးတရားကို
ကျေးဇူးပြုတတ်သည်။
ရှေးကပြုခဲ့သော
အကုသိုလ်အကြောင်းတရားတို့သည်
ယခုဘဝပြုလုပ်သော
အကုသိုလ်အကြောင်းတရားတို့အား
အားကြီးသော
အကျိုးတရားဆက်အဖြစ်
ဆင်းရဲခြင်းဒုက္ခကို
ကျေးဇူးပြုတတ်ပါသည်။

🌺(၁၀) ပုရေဇာတပစ္စယော
         (ရှေ့၌ဖြစ်နှင့်၍ 
          ကျေးဇူးပြုတတ်သောတရား)

       မြင်ဆဲ၊ ကြားဆဲ၊ နံဆဲ၊ စားဆဲ၊ 
တွေ့ထိဆဲ အာရုံ(၅)ပါးမှာ ပေါ်သော
ခန္ဓာ(၅)ပါးသည်
ကုသိုလ်စိတ်လည်း မဖြစ်သေးပါ။
အကုသိုလ်စိတ်လည်း မဖြစ်သေးပါ။
မနောသို့ မရောက်သေးသောအချိန်သည်
ရှေ့၌ဖြစ်နှင့်သော ပုရေဇာတပစ္စယ
ဖြစ်ပါသည်။

🌺(၁၁) ပစ္ဆာဇာတပစ္စယော
         (နောက်မှဖြစ်၍ကျေးဇူးပြုတတ်သောတရား)

 ပုရေဇာတပစ္စယော
ရှေ့စိတ်ချုပ်ပြီးမှ မနောမှာပေါ်သော (ကုသိုလ်စိတ်၊ အကုသိုလ်စိတ်) နောက်စိတ်ပေါ်ခြင်းသည်
ပစ္ဆာဇာတပစ္စယော ဖြစ်ပါသည်။
ဥပမာ။ (၁) စိန်ဆွဲကြိုးတစ်ကုံးကို
                    မြင်တာက 
ရှေ့စိတ်ဖြစ်သောကြောင့် 
ပုရေဇာတပစ္စယော ဖြစ်ပါသည်။
         (၂) လှပသောစိန်ဆွဲကြိုးကို
နှစ်သက်ခံစားမှုဝေဒနာနှင့်
လိုချင်စိတ်က 
နောက်စိတ် ဖြစ်သောကြောင့်
ပစ္ဆာဇာတပစ္စယော ဖြစ်ပါသည်။

🌺(၁၂) အာသေဝနပစ္စယော
          (အဖန်တလဲလဲမှီဝဲထုံအပ်၍
           ကျေးဇူးပြုတတ်သောတရား)

      (၁) ရှေးဘဝ၌ပြုခဲ့သော
ကုသိုလ်တရားတို့သည်
ယခုဘဝ၌ပြုကုန်သော
ကုသိုလ်တရားတို့အား
ပိုမိုအားကောင်းလာကာ
ထုံအပ်၍ ကောင်းကျိုးချမ်းသာ 
ကျေးဇူးပြုတတ်သောတရားသည် 
အာသေဝနပစ္စယော ဖြစ်သည်။
     (၂) ရှေးဘဝ၌ ပြုခဲ့သော
အကုသိုလ်တရားတို့သည် 
ယခုဘဝ၌ ပြုကုန်သော
အကုသိုလ်တရားတို့အား၊ 
ပိုမိုအားကောင်းလာကာ
အဖန်တလဲလဲ ထုံအပ်၍ 
ဒုက္ခဆင်းရဲခြင်းကျေးဇူးပြုတတ်သော
တရားသည်
အာသေဝနပစ္စယော ဖြစ်သည်။

🌺(၁၃) ကမ္မပစ္စယော
         (ခန္ဓာရစေရန် မျိုးစေ့သဖွယ်
          ကျေးဇူးပြုတတ်သောတရား)

       "မှားယွင်းသော ကာယဒုစရိုက်ကမ္မ(၃)ပါး"
      (၁) ပါဏာတိပါတ
            (သူ့အသက်သတ်ခြင်း)
      (၂) အဒိန်နာဒါန     
             (သူများပစ္စည်းခိုးခြင်း)
      (၃) ကာမသေုမိစ်ဆာစာရ
             (သူ၏မယားခိုးခြင်း)
🔺
      "မှားယွင်းသော ဝစီဒုစရိုက်
ကမ္မ(၃)ပါး"
     (၁) မုသာဝါစာ (လိမ်ပြောခြင်း)
     (၂) ပိသုဏဝါစာ (ကုန်းချောခြင်း)
     (၃) ဖရုဿဝါစာ (ဆဲပြောခြင်း)
     (၄) သမ်ဖပ်ပလာပဝါစာ
           (သိမ်ဖျင်းသောစကားပြောခြင်း)

     "မှားယွင်းသော မနောဒုစရိုက်
ကမ္မ(၃)ပါး"
    (၁) အဘိဇ္စျာ (သူ့စည်းစိမ်ကို
                            လိုချင်ခြင်း)
    (၂) ဗျာပါဒ   
          (သူ့ကိုပျက်စီးစေလိုခြင်း)
    (၃) မိစ်ဆာဒိဋ်ဌိ   
          (လွဲမှားသောအယူကို ယူခြင်း)

    အပြန်အလှန်အားဖြင့်
     "မှန်ကန်သော 
ကာယသုစရိုက်(၃)ပါး၊
ဝစီသုစရိုက်(၄)ပါး၊ 
မနောသုစရိုက်(၃)ပါးတို့ကို သိအပ်၏။

        "ကံ(၄)မျိုး"
    (၁) အဖြူကံ (ကုသိုလ်ပြုတဲ့ကံ)
    (၂) အမဲကံ (အကုသိုလ်ပြုတဲ့ကံ) 
    (၃) အဖြူအမဲရောတဲ့ကံ
          (ကုသိုလ်နှင့်အကုသိုလ်
           ရောနှော ပြုတဲ့ကံ
    (၄) အဖြူအမဲ မရောတဲ့ကံ
          (သစ္စာသိပြီး
            တရားအားထုတ်နေချိန်ကံ)

🌺(၁၄) ဝိပါကပစ္စယော
         (ဝိပါကဝဋ်အကျိုးတရား)    

       ကိလေသာတည်းဟူသော
တဏှာ၊ ဥပါဒါန်ကြောင့်
ကမ္မပစ္စယော ဖြစ်ပါသည်။
ကမ္မပစ္စယောကြောင့်
(၃၁)ဘုံမှာ ခန္ဓာဝိပါကဝဋ်
ဒုက္ခစက်ကြီး လည်နေရပါသည်။

       ဝဋ်အကျိုး(၈)ပါးမှာ ...
      (၁) ဝိဉာဏ်
      (၂) နာမ်ရုပ်
      (၃) သဠာယတန
      (၄) ဖဿ
      (၅) ဝေဒနာ
      (၆) ဇာတိ
      (၇) ဥပပတ်တိဘဝ
      (၈) ဇရာ၊မရဏ
      
      ကုသိုလ်ကမ္မနှင့် အကုသိုလ်ကမ္မ
အကြောင်းခံသောကြောင့်
လူ့ဘဝမှာလည်း 
ဘုန်းကံကြီးသော လူ၊
ဘုန်းကံနည်းသော လူ၊ 
လူဆင်းရဲ၊ လူချမ်းသာ၊လူ
ပညာရှိ၊ ပညာမဲ့၊ လူနုံ၊ လူလေလူလွင့်၊
အသိဉာဏ်နည်းသောလူ၊ 
လူပျင်း၊ လူရူး၊ လူတော်၊ လူညံ့များ
ဖြစ်ရခြင်းသည် ကိုယ်ပြုခဲ့သော
ကမ္မအကြောင်းတရားကြောင့်
အကျိုးဝိပါက ကွဲပြားရခြင်း 
ဖြစ်သည်။

🌺(၁၅) အာဟာရပစ္စယော
         (ရုပ်အာဟာရ၊ နာမ်အာဟာရ)

       ရုပ်အာဟာရဆိုသည်မှာ
ကျန်းမာစေရန်
ခိုင်မာတောင့်တင်းစေရန်
မှီဝဲစားသုံးသော
ဩဇာအာဟာရဓာတ်တို့သည်
ဤရုပ်တရားကြီးကို ထောက်ပံ့ခြင်း၊
ကျေးဇူးပြုခြင်း ဖြစ်သည်။
       နာမ်အာဟာရဆိုသည်မှာ 
မိမိမြတ်နိုးတွယ်တာလှသော 
လောကီအာရုံ ကာမဂုဏ်
စည်းစိမ်များအပေါ်၊ 
ပီတိသောမနဿ ဖြစ်နေရခြင်း
ဖြစ်သည်။

🌺(၁၆) ဣန္ဒြိယပစ္စယော(ဣန္ဒြေ ၅ ပါး)

      (၁) စက္ခုန္ဒြေ. (စက္ခုပသာဒရုပ်) 
      (၂) သောတိန္ဒြေ. (သောတပသာဒရုပ်)
      (၃) ဃာနိန္ဒြေ. (ဃာနပသာဒရုပ်)
      (၄) ဇီဝှိန္ဒြေ. (ဇိဝှါပသာဒရုပ်)
      (၅) ကာယိန္ဒြေ. (ကာယပသာဒရုပ်)

      မျက်စိအကြည်က ကျေးဇူးပြု၍ 
မြင်စိတ်နှင့်အတူ ယှဉ်တွဲကာ
ဝေဒနာ၊ သညာ၊ သင်္ခါရဟုဆိုသော
စေတသိက်တရား
(နာမ်ခန္ဓာ ၄-ပါးတို့သည်
တည်ငြိမ်စွာအစိုးရခြင်း ဖြစ်သည်။
နားအကြည်၊ နှာခေါင်းအကြည်၊ 
လျှာအကြည်၊ ကိုယ်အကြည်
တို့သည်လည်း အတူတူပင် ဖြစ်သည်။

🌺(၁၇) စျာနပစ္စယော(စျာန်အင်္ဂါ ၅-ပါး)

       စျာန်အင်္ဂါ(၅)ပါးမှာ ....

      (၁) ဝိတက် (ကြံစည်ခြင်း)
      (၂) ဝိစာရ. (သုံးသပ်ခြင်း)
      (၃) ပီတိ (နှစ်သက်ခြင်း)
      (၄) ဝေဒနာ (ခံစားခြင်း) 
      (၅) ဧကဂ္ဂတာ (ငြိမ်သက်စွာ
                             အာရုံပြုခြင်း)

ဥပမာ။ အလှူတစ်ခုပြုမည်ဆိုလျင်...

(၁) လှူဖွယ်ကိစ္စ ကြံစည်ရပါသည်။။  
      (ဝိတက်)
(၂) လိုအပ်သောလှူဖွယ်များကို
      သင့်တော် မှန်ကန်မှုရှိ မရှိ 
      သုံးသပ်ဆင်ခြင်ရပါသည်။(ဝိစာရ)
(၃) လှူဖွယ်ကိစ္စကို သုံးသပ်ဆင်ခြင်
      သောအခါ လိုလေသေး မရှိအောင်
      ပြည့်စုံနေ၍ နှစ်သက်မှု
      ဖြစ်ရပါသည်။(ပီတိ)
(၄) နှစ်သက်ပြီးနောက် စိတ်၌ 
      သောမနဿဖြစ်၍
      ချမ်းသာစွာ ခံစားရပါသည်။(သုခ)
(၅) လှူဖွယ်ပစ္စည်းများကို ကြည့်၍ 
      စိတ်ချမ်းသာ လွန်းလို့ ငြိမ်သက်စွာ
      အာရုံပြုနေပါသည်။ (ဧကဂ္ဂတာ)

🌺(၁၈) မဂ္ဂပစ္စယော
         (မဂ္ဂင် ၅ ပါး၊ မဂ္ဂင် ၈ ပါး)

       ဝိပဿနာတရားကျင့်ပွားရာတွင်
မဂ္ဂင် ၅-ပါး ရှုဉာဏ်တရားနှင့်
ပွားများရပါသည်။ ရှုပွားရမှာက
ပစ္စုပ္ပန်ဒုက္ခသစ္စာ ခန္ဓာ(၅)ပါး
ဖြစ်ပါသည်။ ခန္ဓာက ပြသော
မမြဲတဲ့အနိစ္စလက္ခဏာကို
ဆင်ခြင်ရှုပွားရမည် ဖြစ်ပါသည်။
မဂ်သည် ရှုပွားနေချိန်မှာ
လောဘကိလေသာ၊ ဒေါသကိလေသာ၊
မောဟကိလေသာတို့ကို
သတ်ပါသည်။
       ရှုပွားသော လောကီမဂ္ဂင်(၅)ပါးမှာ ...
(၁) သမ္မာဒိဋ္ဌိ       
(၂) သမ္မာသင်္ကပ္ပ (ပညာမဂ္ဂင်(၂)ပါး)
(၃) သမ္မာဝါယမ
(၄) သမ္မာသတိ
(၅) သမ္မာသမာဓိ (သမာဓိမဂ္ဂင်(၃)ပါး)

     ဝိပဿနာရှုပွားသောအခါ
ပစ္စုပ္ပန်ရုပ်နာမ်ခန္ဓာပေါ်မှာ
သမ္မာဓိမဂ္ဂင်(၃)ပါးက အဖြစ်ကိုမြင်၍
ပညာမဂ္ဂင်(၂)ပါးက အပျက်ကိုမြင်ပါသည်။ 
ဖြစ်ပျက်ကို အမြင်ဆုံးတော့သည့်အခါ
လောကီမဂ္ဂင်(၅)ပါးတွင်
သီလမဂ္ဂင်(၃)ပါး တိုးလာပြီး၊
လောကုတ္တရာမဂ္ဂင်(၈)ပါး
ဖြစ်လာပါသည်။
တိုးလာသောသီလမဂ္ဂင် (၃)ပါးမှာ...
(၁) သမ္မာဝါစာ
(၂) သမ်မာကမန်တ
(၃) သမ္မာအာဇီဝ...တို့ဖြစ်ပါသည်။

🌺(၁၉) သမ္ပယုတ္တပစ္စယော
         (အတူတကွယှဉ်ဖော်ယှဉ်ဖက်)

       နာမ်ခန္ဓာ(၄)ပါးတို့သည်
အတူတကွ ယှဉ်တွဲ၍ ခွဲမရဘဲ၊ 
အပြန်အလှန် ကျေးဇူးပြုနေပါသည်။
       မြင်စိတ်တစ်ခု ဖြစ်ပေါ်ရာတွင်
စိတ်နှင့်အတူ ဖဿ၊ ဝေဒနာ၊ သညာ 
ဆိုသောစေတသိက်တို့သည်
တစ်ပြိုင်နက် ဖြစ်ကြပြီး၊ 
စိတ်ရဲ့သဘော၊ ဖဿရဲ့သဘော၊ 
ဝေဒနာရဲ့သဘော၊ သညာရဲ့သဘောလို့
ခွဲပြီး မသိနိုင်ပါ။
ဥပမာ။ ။ စတုမဓူချက်တဲ့နေရာမှာ ...
             ပျားရည်၊ ထောပတ်၊ သကာ၊
 ဆီ တို့ကို မွှေလိုက်ရာ သမသွားပြီး
မြည်းကြည့်တော့ အရသာက
ပျားရည်ရဲ့အရသာ၊ ထောပတ်ရဲ့
အရသာ၊ သကာရဲ့အရသာ၊ 
ဆီရဲ့အရသာလို့ ခွဲမရတော့ဘဲ
အကုန်လုံး သမ သွားပြီးတော့
အရသာ တစ်မျိုးတည်း
စုဝေးနေကြသကဲ့သို့ ဖြစ်ပါသည်။

🌺(၂၀) ဝိပ္ပယုတ္တပစ္စယော
         (အတူတကွဖြစ်သော်လည်း
           အချင်းချင်းမရောယှက်ပုံ)

       သမ္ပယုတ္တပစ္စည်းက
ခွဲမရအောင် ယှဉ်ပြီး ကျေးဇူးပြု၏။
ဝိပယုတ္တပစ္စည်းက မယှဉ်ဘဲနဲ့
ကျေးဇူးပြုသည်။ အခံဓာတ်နှင့်
အတိုက်ဓာတ် ပေါင်းဆုံသော
ရုပ်(၆)ပါးတို့သည်
       ဝဒေနာက်ခန်ဓာ၊ သညာက်ခန်ဓာ၊ 
သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာတို့နှင့်
အတူတကွ ဖြစ်သော်လည်း
အချင်းချင်း မရောယှက်ကြပေ။

ဥပမာ။ ။ ငပိသုပ်လျှင် 
                   ငပိဖုတ်၊ 
                   ပုဇွန်ခြောက်မှုန့်၊ အချိုမှုန့်၊
သံပုရာသီး၊ ငရုတ်သီး၊ ကြက်သွန်နီ
စသည်တို့ကို ရောနှော သုပ်ရပါသည်။
သမ၍ ရောယှက်သွားသောအခါ
စားကြည့်ပါက ငပိ၊ ပုဇွန်ခြောက်မှုန့်၊ 
အချိုမှုန့်၊ သံပုရာသီး၊ ငရုတ်သီး၊
ကြက်သွန်နီစသော အရသာများ
တစ်မျိုးစီ ကွဲပြားပြီး 
သူ့အရသာနှင့် သူ့သတ္တိ 
ပြကြသကဲ့သို့ ဖြစ်ပါသည်။

🌺(၂၁) အတ္ထိပစ္စယော
         (အမှန်ရှိပြီးကျေးဇူးပြုတဲ့ တရား)

        ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဉာဏ်
ဟူသော နာမ်ခန္ဓာ(၄)ပါးတို့သည်
အတ္ထိပစ္စယော အမှန်အရှိသဘောနှင့်
အပြန်အလှန် ခန္ဓာ တစ်ခုမှတစ်ခုသို့
ကျေးဇူးပြုကြပါသည်။
        ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော
ဟုဆိုအပ်သော အမှန်ရှိသဘောနှင့် 
အပြန်အလှန် တစ်ခုမှ တစ်ခုသို့၊ 
ကျေးဇူးပြုကြပါသည်။
              လူတစ်ယောက်တွင်
ရုပ်နှင့်နာမ် ရှိရမည်။
        ရုပ်ကိုဓာတ်ကြီး(၄)ပါးနှင့်
ဖွဲ့စည်းထားသည်။
        ထို့ကြောင့်ရုပ်ဓာတ်ကြီး(၄)ပါးနှင့်
နာမ်တို့သည် အမှန်အရှိသဘောနှင့်
အပြန်အလှန် တစ်ခုကိုတစ်ခု
ကျေးဇူးပြုခြင်း ဖြစ်သည်။
ဥပမာ။ ။ မြေကြီးရှိမှ သစ်ပင်စိုက်လို့ရမည်။ သစ်ပင်ရှိမှလည်း
စိုက်လို့ရမည်။ ထိုသို့် 
ကျေးဇူးပြုရာတွင်
သစ်ပင်ကလည်း ရှိရမည်။
          မြေကြီးကလည်း ရှိရမည်။
သို့မှသာ ကျေးဇူးပြုနိုင်မည်
ဖြစ်သည်။ အလှူ ပြုရာတွင်လည်း
အလှူရှင် ရှိရမည်။ အလှူခံပုဂ္ဂိုလ်
ရှိရမည်။ လှူဖွယ်ပစ္စည်း ရှိရမည်။
သို့မှသာ အလှူ ဖြစ်မြောက်လာမည်
ဖြစ်သည်။ ရှိခြင်းဖြင့် 
တစ်ခုကို တစ်ခု ကျေးဇူးပြုခြင်းကို အတ္ထိပစ္စယောဟု ခေါ်သည်။

🌺(၂၂) နတ္ထိပစ္စယော
         (မရှိပြီးနောက်ကျေးဇူးပြုတဲ့
          တရား)

        ချုပ်ပြီးသောစိတ်၊ စေတသိက်
တရားတို့သည် မရှိတော့သော်လည်း
နောက်တစ်ဖန် ဖြစ်ကုန်သော
စိတ်၊ စေတသိက်တရားတို့အား
ကျေးဇူးပြုပါသည်။ မရှိပြီးနောက်မှ
ဖြစ်စေရန် ကျေးဇူးပြုခြင်းကို
နတ္ထိပစ္စည်းဟု ခေါ်ပါသည်

ဥပမာ။ ။ မြင်စိတ်ပေါ်လျှင်
                  ထိုမြင်စိတ်သည်
အတ္ထိ အရှိတရား ဖြစ်ပါသည်။
မြင်စိတ်ချုပ်ပျောက်ပြီးနောက်
ဖြစ်ပေါ်လာသော စိတ်သည်
ကုသိုလ်ကို အာရုံပြုလျင်
ကုသိုလ်စိတ်ဖြစ်ပြီး အကုသိုလ်ကို
အာရုံပြုလျှင် အကုသိုလ်စိတ်
ဖြစ်ပါသည်။

🌺(၂၃) ဝိဂတပစ္စယော
         (ကင်းတယ်၊ ချုပ်တယ်လို့
           အဓိပ္ပာယ် ရပါသည်။)

       စုတိပြီးဖြစ်ကုန်သော
ရဟန္တာအရှင်သူမြတ်တို့၏
စိတ်၊ စေတသိက်တို့သည်
ချုပ်ငြိမ်းပြီး နောက်တစ်ဖန်
ပြန်၍ မဖြစ်တော့ပါ။

🌺(၂၄) အဝိဂတပစ္စယော
         (မကင်းလို့ ရုပ်နာမ်ထပ်၍
          ပေါ်သည်။)

       ရုပ်နာမ်တို့်သည်
ချုပ်ပျောက်သည့်အမျိုးဖြစ်၍
ချုပ်ပျောက်သည်။
ချုပ်ပျောက်(ပျက်)တာ သိလို့ 
သဿတဒိဋ္ဌိစင်ပါသည်။
နောက်ရုပ်နာမ်အစားထိုးပေါ်
(ဖြစ်)မှန်းသိလို့ ဥစ္ဆေဒဒိဋ္ဌိစင်ပါသည်။
မကင်းလို့ အစားထိုးရုပ်နာမ်
ပေါ်ပါသည်။ ဤပေါ်လာခြင်းကို
အဝိဂတပစ္စည်းဟု ခေါ်ပါသည်။

ဥပမာ။ ။ သမုဒ္ဒရာရေထဲမှာ
                    ငါးတွေ၊ လိပ်တွေနေကြ၍
သမုဒ္ဒရာက ငါးလိပ်တွေရှိတုန်း   
ကျေးဇူးပြုကာ ငါးလိပ်တွေ
တစ်စုံတစ်ယောက် ဖမ်းသွားလို့
ကုန်းပေါ်ရောက် သွားလျှင်
သမုဒ္ဒရာရေက ကျေးဇူးမပြုတော့ပေ။
ဒါကြောင့် ငါးလိပ်တွေဟာ
သမုဒ္ဒရာနဲ့ မကင်းကွာစဉ်အချိန်မှာသာ
သမုဒ္ဒရာရေက 
အကျိုးကျေးဇူးပြုတာကို
အဝိဂတပစ္စည်းလို့ ခေါ်ပါသည်။
🐢
မှီငြမ်းကျမ်း။ ။ အမရပူရမြို့၊ 
                      မဟာဂန္ဓာရုံဆရာတော်
                      အရှင်ဇနကာဘိဝံသ 
                      ရေးသားသော ...
                      "အခြေပြုပဌာန်း"
                      တရားတော်။

       မြတ်စွာဘုရားသည်
နိဗ္ဗာန်ရောက်ကြောင်းတရားများကို
ဟောကြားရာတွင် ကယ်တင်ချွတ်မ
ပေးရမည့် တစ်စုံတစ်ယောက်သော
ပုဂ္ဂိုလ်ကို ဟောကြားခြင်းကိစ္စမှလွဲ၍လူ၊ နတ်၊ ဗြဟ္မာ ပုဂ္ဂိုလ်အများ ပါဝင်သည့် ဓမ္မသဘင်ဝယ် အဆင့်ခြောက်ဆင့်ဖြင့်
တစ်ဆင့်ချင်း တက်၍
ဟောကြားလေ့ရှိပါသည်။
(၁) ဒါနကထာ
(၂) သီလကထာ
(၃) သဂ္ဂကထာ
(၄) ကာမာနံအာဒီနဝကထာ
(၅) နိက္ခမကထာ
(၆) သစ္စကထာ
      ဟူ၍ လူတို့ပြုသင့်ပြုအပ်သော
အခြေခံဒါနမှ စ၍ ကောင်းကျိုးချမ်းသာအဖြာဖြာခံစားရပုံ၊ သီလကြောင့် အသက်ရှည်ကာ အနာရောဂါကင်းရပုံ၊
ဒါန၊ သီလအကြောင်းများကြောင့်
နတ်ပြည်၌ သိကြားမင်းစည်းစိမ်ကိုပင်ခံစားရနိုင်ပုံ၊ လူချမ်းသာ၊နတ်ချမ်းသာတို့သည် မိမိကိုယ်ကို လောင်ကျွမ်း စေနိုင်ကြောင်း၊ ထို့ကြောင့်
ကာမဂုဏ်အာရုံတောမှ
ရုန်းထွက်သင့်ကြောင်းနှင့် နောက်ဆုံးတွင်
သစ္စာ (၄)ပါးတရားတော်ကို 
ဟောကြားတော်မူပါသည်။

       ထို့ပြင်ဒေသနာစဉ်ချရာတွင်လည်း နည်းလမ်းခြောက်သွယ်ထဲမှ
ဝေနေယျပုဂ္ဂိုလ်စရိုက်နှင့်
ကိုက်ညီရာကို
ဟောကြားတော်မူပါသည်။
နည်းလမ်းခြောက်သွယ်မှာ...
(၁) ခန္ဓာ
(၂) အာယတန
(၃) ဓာတ်
(၄) ပဋိစ္စသမုပ္ပါဒ်
(၅) သစ္စာ
(၆) ပဋ္ဌာန်း

      ပဋ္ဌာန်းနည်းသည်လည်း ...
နိဗ္ဗာန်ရောက်ကြောင်းအကျင့်တွင်
ပါဝင်နေပါသည်။ သို့ဖြစ်၍လည်း
ဓမ္မမိတ်ဆွေ"ဖိုးကျော်" မှ
အလုပ်တွင် အသုံးချနိုင်အောင်
ပဋ္ဌာန်းကိုရေးသားတင်ပြပေးခြင်း
ဖြစ်ပါသည်။

 (ပဋ္ဌာန်းတရားကို
   သုံးသပ်ဆင်ခြင်ကာ
   အကြားအမြင်မှ အသိ၊ 
   အသိမှ အရှိသို့ အဆင့်ဆင့်
   တိုးတက်အောင်မြင်ကြ
    ပါစေသတည်း။)

Credit...