ဝိပဿနာတရားအားထုတ်ကြမည့်သူများအတွက် တော်ကူးဆရာတော်ဘုရားကြီး
၏ အထူးဩဝါဒ
*******************************
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဝေဒနာသည်းမခံနိုင်လို့ ခန္ဓာကိုယ်
အနေအထားကို ပြု ပြင်တဲ့အခါ
ခေတ္တခဏတော့ ဝေဒနာ သက်သာသွားတယ်။
ဒါပေမယ့် မကြာခင်မှာဘဲ ပြန်ပြီး ကိုက်ခဲလာတယ် ထုံကျဉ်လာတယ်။
ဝေဒနာကိုလည်း သည်းမခံနိုင်လို့
နောက်တစ်ကြိမ်ပြန်ရှုတဲ့အခါ
ယခင်က သမာဓိအဆင့်ရောက်တာနဲ့ ဝေဒနာ ပြန်ပေါ်လာတာပဲ ။
ဒါကြောင့် ဝေဒနာကို သည်းမခံနိုင်လို့ ခဏ ခဏ ပြင်ထိုင်နေရင်
သမာဓိထူထောင်ဖို့
ကြန့်ကြာသွားတတ်တယ် ။
သည်းမခံနိုင်လို့ ရပ်လိုက်မယ်ဆိုရင်လည်း တရားဟာ ရှေ့မဆက်နိုင်တော့ဘူး ။
ဒါကြောင့် ဝေဒနာကို ကျော်လွှား
နိုင်အောင် ရှုမှတ်ရမယ် "
တရားရှုမှတ်တဲ့အခါ ပေါ်လာတဲ့
ဝေဒနာတွေဟာ ခန္ဓာကိုယ်ကို
အန္တရာယ်ဖြစ်စေလောက်အောင်
ပြင်းထန်တဲ့ ဝေဒနာတွေမဟုတ်ပါဘူး။
တုတ်နဲ့ရိုက်တာလောက်
အပ်နဲ့ထိုးတာလောက် မနာကျဉ်ပါဘူး။ သည်းခံပြီးရှုမှတ်နိုင်ရင် ဝေဒနာဟာ ပျောက်သွားပါတယ် ။
ဘုန်းကြီး ဝိပဿနာတရား စတင်ပြီး ရှုစက ဝေဒနာတွေ အကြီးအကျယ်ပေါ်ပါတယ်
တစ်ချို့ ဝေဒနာတွေဟာ ပြင်းထန်လွန်းလို့ ဘုန်းကြီး မျက်ရည်တောက်တောက်ကျပါတယ်
အသံထွက်တဲ့အထိ အော်ဟစ်ညည်းညူရတာလည်းရှိတာပဲ။
ဒါပေမယ့် ဘုန်းကြီး လယ်သမားဘဝက ကင်းကိုက်လို့ အော်ငိုရတဲ့ ဝေဒနာ ..
လည်ပင်းကို နွားဝှေ့လို့ ( ၂၁ ) ရက်လုံး အစာမစားရဘဲ အိပ်လည်းမရ
ကြိတ်မှိတ်ခံစားရတဲ့ ဝေဒနာတွေ
ဒီဝေဒနာဆိုးတွေနဲ့ စာရင်
တရားအားထုတ်လို့ ခံစားရတဲ့ ဝေဒနာဟာ အသေးအမွှားပဲလို့ ဘုန်းကြီး နှလုံးသွင်းတယ်။
ပြီးတော့ တစ်ခါ
ဆင်းရဲတဲ့ ဝေဒနာပေါ်လာတာဟာ
ဒုက္ခသစ္စာတရားကို ဖော်ပြပေးတာပဲလို့ ဘုန်းကြီးသဘောပေါက်မိလို့
စိတ်မဆိုးတဲ့အပြင် ဝမ်းတောင်သာမိတယ် ။
နောက်တစ်ချက်က
ဝိပဿနာရှုသူချင်းလည်း
ဝေဒနာပေါ်တာ မတူကြဘူး
တစ်ချို့က ဝေဒနာပြင်းပြင်းထန်ထန်ပေါ်တယ်
တစ်ချို့ကျပြန်တော့ ဝေဒနာဆိုးတွေ
လုံးလုံးမပေါ်ဘဲ ချမ်းချမ်းသာသာနဲ့
ရှုမှတ်နိုင်ကြတယ်
ဝေဒနာဆိုးတွေ များများပေါ်တာဟာ
အတိတ်ဘဝက အကုသိုလ်ကံ
ယခုဘဝ ပြုလုပ်မိခဲ့တဲ့ အကုသိုလ်ကံတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ယူဆရတယ်
ဥပမာတစ်ခုပြရရင် -
ဘုန်းကြီးထံမှာ တရာထိုင်နေတဲ့
တရားလာအားထုတ်တဲ့ တံခွန်တိုင်ရွာသား
မောင်သိန်းလှိုင်ဟာ ဒီဘဝမှာ သတ္တဝါတော်တော်များများကို ညှဉ်းဆဲသတ်ဖြတ်ခဲ့တယ်။
ဒါကြောင့် တရားမှတ်လို့ သမာဓိ
အတော်အသင့်ရလာတဲ့အခါ
မျက်စိမှိတ်လိုက်တာနဲ့ ငရဲသားတွေက လှံနဲ့လာထိုးလို့ ဝေဒနာ မချိမဆန့်ခံရတယ်။
သူ့ခြေထောက်ကိုလည်း ဓားနဲ့လာလှီးတယ် ဗိုက်ကြီးဖောင်းပူပြီး မရှူ နိုင် မကယ်နိုင်လည်း ဖြစ်ရတယ်။
နောက်ဆုံးမှာ ငရဲမီးလောင်ခံရလို့
သူ့ရင်ဘတ်တစ်ခုလုံးမှာ တစ်ကယ်
မီးလောင်တဲ့ ဒဏ်ရာ ထင်သွားတယ်။
ဘုန်းကြီးက မောင်သိန်းလှိုင်ကို
"ဒကာမကြောက်နဲ့ ဘုန်းကြီး မေတ္တာပို့ပေးနေတယ်"
လို့ စောင့်ရှောက်အားပေးပြီး
တရားကို ဆက်ပြီး ရှုမှတ်စေတယ် ။
နောက်ဆုံးမှာ ဝေဒနာဆိုးတွေ အားလုံးကို ကျော်လွန်သွားနိုင်တယ်။ တရားရှုမှတ်လို့
ငြိမ်းအေးတဲ့ချမ်းသာကိုလည်း သူခံစားရတယ်။
အကုသိုလ်မိုက်ပြစ်တွေကို တရားနဲ့ ပေးဆပ်လိုက်တာပဲပေါ့။ ဝမ်းသာစရာမကောင်းဘူးလား ?
သူသာ တရားမရှုမှတ်ခဲ့ရင်
သေခါနီးမှာ ငရဲနိမိတ်ထင်မှာသေချာတယ် သေသွားတဲ့အခါမှာလည်း ငရဲကျမှာ သေချာတယ်လေ။
ဒါကြောင့် ချမ်းသာကြီးကြီးကို လိုချင်ရင်
ဆင်းရဲကလေးတွေကို သည်းခံနိုင်ရမယ်
ဆင်းရဲနဲ့ ရင်းနှီးမှလည်း ချမ်းသာကြီးကြီးကို
ရရရှိနိုင်တယ် "
ဤကား တော်ကူးဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ညွှန်ပြတော်မူသော သြဝါဒ ဖြစ်ပေ၏။
No comments:
Post a Comment