စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, April 30, 2024

အရဟံ သိဒ္ဓိ

အရဟံ သိဒ္ဓိ
အခါခါ ပွားများပါ...
ဝိဇ္ဇာ တစ်ယောက်က
မိစ္ဆာတစ်ထောင်ကို နိုင်ပါတယ်...
(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

အရဟံ နှင့် အရဟံသိဒ္ဓိ

မဟာဗောဓိမြိုင်ဆရာတော်ကြီးသည်၊ 
မိမိ တောင်တန်းသာသနာပြုနေစဉ်အခါက
အရဟံသိဒ္ဓိကို ပုတီးစိပ်ခိုင်းလေသည်၊၊
ပရိယတ်သမားဖြစ်သော မိမိသည်
အရဟံဆိုပြည့်စုံနေပြီဖြစ်ပါလျက် 
သိဒ္ဓိထည့်စိပ်ခိုင်းတာ 
စိတ်ထဲက သိပ်မကြိုက်ချေ။ (အတွေးဝင်နေတုန်း)
ဆရာတော်ကြီးက မိမိအား
သိဒ္ဓိအကြောင်းကိုအောက်ပါအတိုင်း
ရှင်းပြတော်မူသည်။။

အရဟံ   
 အရ ဟံ   
အ ရဟံ (၃)မျီုး ရှိပါသည်။

အရဟံ 
လူ နတ် ဗြဟ္မာ သက်ရှိသတ္တဝါအပေါင်း၏ 
ကိုးကွယ်ရာ မြတ်စွာဘုရား။

အရ ဟံ 
ကိလေသာ မြူ မှုန်တစ်စက်တောင်မရှိသော
ကိလေသာကင်းစင်သော မြတ်စွာဘုရား။
 

အ ရဟံ  
မကောင်းမှုကို ဆိတ်ကွယ်ရာအရပ်မှာ 
မပြုသော မြတ်စွာဘုရား ။

ဂုဏ်တော်(၉) ပါး၏ ထိပ်ဆုံး ဂုဏ်တော် 
အရဟံ တစ်မျီုးထဲ ပွားများနေရင်တောင် 
အပါယ်တံခါးပိတ်ယုံမကဘူး
ဗုဒ္ဓဘာသာ၏ အမြတ်ဆုံးပန်းတိုင်  
နိဗ္ဗာန်လမ်းအထိ အရောက်ပို့ပေးနိုင်စွမ်းရှိသည်။
ကုသိုလ်ကလည်း အနှိုင်းမဲ့ကုသိုလ်မျိုးဖြစ်သည်။

" စံပယ်ပန်းဆောင်ရင်   
    စံပယ်ပန်းရနံ့လေး
    သင့်ခန္ဓာမွှေးနေသလို ပဲ 

အရဟံဂုဏ်ကိုဆောင်ရင်လည်း 
      အရဟံရဲ့ဂုဏ်ရနံ့လေး
       သင့်ခန္ဓာမွှေးနေလိမ့်မယ်

လူတွေ နတ်တွေ ဗြဟ္မာတွေက  
သင့်ကိုလေးစားလာမယ် ။
ဒါကြောင့်   
လူနတ်ဗြဟ္မာတွေ သင့်ကိုချစ်မယ်  
 အရဟံဂုဏ်တွေ အပြည့်ရလာရင် 
လိုချင်တဲ့ဆန္ဒတွေလည်း ပြည့်ဝလာမယ်
အောင်မြင်လာမယ်။

အရဟံ မှ အရဟံသိဒ္ဓိအဆင့်
ရောက်လာတဲ့သဘောက

အရဟံဂုဏ်ကို အကြိမ်ကြိမ်ပွားများ အားထုတ်တာ  
အင်အားကြီးမားလာရင် သိဒ္ဓိမြောက်လာတယ်။
သိဒ္ဓိမြောက်ပြီးရင် သိဒ္ဓိပေါက်လာမယ်  

အရဟံသိဒ္ဓိကို အကြိမ်ကြိမ်ပွားရင်  
သမ္မာသမာဓိ စိတ်တည်ငြိမ်မှု့ ၊စွမ်းအားကြီးလာပြီး  
တန်ခိုးထက်မြက်လာမယ်။
ဒါကြောင့်
ထွက်ရပ်လမ်းပေါက်ခဲ့တဲ့ပုဂ္ဂိုလ်ထူးတွေက 
အရဟံတစ်လုံးကို ကြိမ်ဖန်များစွာပွားလို့ 
ဝိဇ္ဇာတွေ ဖြစ်ကုန်ကြတယ် ။
ဝိဇ္ဇာတစ်ယောက်က မိစ္ဆာတစ်ထောင်ကို နိုင်တယ်။
ဒါကြောင့် 
အရဟံ ပုတီးစိပ်တာ  
 ပြဿ နာ မရှိဘူးကုသိုလ်ရတယ် 
စိတ်ကို စင်ကြယ်စေတယ်။

အရဟံသိဒ္ဓိဆိုရင် သင်ဟာတန်ခိုးရှိလာမယ် ။
ဝိဇ္ဇာစွမ်းအင်တွေရလာမယ့်
အောင်မြင်သူဖြစ်လာမယ်ဆိုတော့
ပြဿ နာက မိစ္ဆာအဖြတ်သမားများနဲ့
ရင်ဆိုင်ရခြင်းပဲ။

အောင်မြင်သူတိုင်းမှာ  
ကြီးမားတဲ့အခက်အခဲရှိတယ် 
သဘာဝရဲ့ နိယာမတစ်ခုပေါ့ ။

ဝိဇ္ဇာက တန်ခိုးရှင်လိုင်း မေတ္တာအလုပ်သမား 
အရဟံသိဒ္ဓိပုတီးကို လက်မှာဆောင်ထားတယ်။

မိစ္ဆာက အာဏာရှင်လိုင်း မလိုမုန်းတီးသမား
လူသတ်လက်နက်ကို လက်မှာဆောင်တယ်။

ဝိဇ္ဇာတန်ခိုးရှင်က  
လူတွေအသက်ကို တန်းဖိုးထားတယ်
ဒုက္ခရောက်နေသူကို 
ငါးပါးသီလလုံခြုံရင် သရဏဂုံမြဲရင် 
ကူညီစောင့်ရှောက်ပေးတယ်။

မိစ္ဆာအာဏာရှင်ကတော့ 
အာဏာတည်မြဲရေးအတွက်
အာဏာရူးတဲ့စိတ်နဲ့ လူအများကို ညင်းပန်းနှိပ်စက် 
အရှင်လတ်လတ် မြေမြုပ်ပြီးသတ်တယ်။
သေနတ်နဲ့ပစ်သတ်တယ် ။ 
ဗုံးထောင်မိုင်ခွဲလည်း သတ်တယ်
လူသတ်သမားဌားပြီးလဲ သတ်တယ်။ 
သတ်နည်းအမျီုးမျီုးနဲ့ သတ်ပြီး 
မိစ္ဆာကျင့်စဉ်ကို 
ပြန့်ပွားအောင် စည်ရုံးလှုပ်ဆော်တတ်ကြတယ်။

ဒါကြောင့် အရဟံသိဒ္ဓိပုတီးစိပ်ရင် 
သမ္မာသတိ-အမြဲသတိထားရမှာက 
မိစ္ဆာအာဏာရှင်ပဲ ။

အဘဘိုးဘိုးအောင် 
သိဒ္ဓိပေါက်အောင်မြင်သွားတော့
သူငယ်ချင်းဖြစ်သူ ဦးဝိုင်းက ဘုရင်ဆိုတော့
အာဏာရူးပြီး မိစ္ဆာအကျင့်နဲ့  
အရှင်လတ်လတ် မြေမြုပ်သတ်ဖို့ကြံစည်ပြီး  
အကြိမ်ကြိမ်သတ်ဖို့ကြံပေမယ့် 
သူယုတ်မာအုပ်စု မိစ္ဆာတွေက   
ဝိဇ္ဇာသူတော်ကောင်းကို ဘယ်သောခါမှ 
နိုင်ရိုးထုံးစံမရှီ တဲ့အတွက်  
အာဏာရှင်ဘုရင်ဦးဝိုင်းဟာ 
အဘဘိုးဘိုးအောင်ရဲ့ " ဝ " တစ်လုံးကိုတောင်
မဖျက်နိုင်ခဲ့ဘူး။

ဆိုလိုတာက 
အဘဘိုးဘိုးအောင်လို သိဒ္ဓိပေါက်မြောက်သူမှာတောင်   
မိစ္ဆာအဖျက်အာဏာရှင်ရှိသလိုပဲ
အခုမှ အရဟံသိဒ္ဓိ ကျင့်ကြံနေသူမှာ  
မိစ္ဆာအဖျက်ပို များလိမ့်မယ်။

သိဒ္ဓိ နဲ့ မဟိဒ္ဓိ   
မဟိဒ္ဓိ နဲ့ ဣဒ္ဓိ  
အချင်းချင်း အပြန်အလှန် အကျိုးဆက်တွေရှိတယ်။

သိဒ္ဓိ  
မိမိရည်ရွယ်ထားတဲ့အတိုင်း
အလုပ်ကိစ္စတစ်ခုကို ပြီးမြောက်အောင်မြင်သွားခြင်းကို သိဒ္ဓိမြောက်သွားလိုခေါ်တယ်။

အရဟံသိဒ္ဓိ ပုတီးကို ၄၅ ရက် အဓိဋ္ဌာန်ဝင်ပြီး
ပုတီးစိပ်လို့အတိုင်းတစ်ခုအထိ 
အလိုဆန္ဒပြည့်ဝခြင်းဟာ  
သိဒ္ဓိမြောက်ခြင်းအောင်မြင်သွားခြင်းပေါ့ ။
ထပ်တလဲလဲ သိဒ္ဓိပြီးမြောက်လာရင် 
သိဒ္ဓိထက်မြင့်တဲ့ မဟိဒ္ဓိ အဆင့်ကို 
ရောက်လာမယ် ။

သိဒ္ဓိက တန်ခိုးကြီးလာတာ  
မဟိဒ္ဓိက ပိုမို၍ တန်ခိုးကြီးလာတာ
 
မဟိဒ္ဓိက ကြီးမားတဲ့တန်ခိုးစွမ်းအင်
မြေကိုလျှိုး၍ မိုးကိုပျံနိုင်တယ် 
စျာန်အဘိညာဏ်ရ တပသီ ရသေ့ ရဟန်း
မဟိဒ္ဓိရှင်တွေ ဖြစ်လာကြတယ်။

ပုတီးစိပ်ခြင်း 
သီလဆောက်တည်ခြင်း
ပရိတ်ပဋ္ဌာန်းရွတ်ဆိုခြင်းတွေက 
အကြိမ်အရေအတွက်များလာရင် 
အဲ့ဒီလူဟာ သိဒ္ဓိဓာတ်ရလာတယ်။

သိဒ္ဓိဓာတ်တွေ မြင့်မားလာရင်   
မဟိဒ္ဓိဓာတ်အဖြစ် ပိုမို အစွမ်းထက်တဲ့တန်ခိုးတွေ
ပိုင်ဆိုင်လာမယ်။

ဒါကြောင့် သိဒ္ဓိကြောင့် မဟိဒ္ဓိဖြစ်လာတာက
အကျိုးနဲ့အကြောင်း ပဲ
သိဒ္ဓိဓာတ် မဟိဒ္ဓိဓာတ်တွေရလာရင်   
ဣဒ္ဓိဓာတ်လို့ခေါ်တဲ့  
အလိုဆန္ဒတွေ ပြီးပြည့်စုံလာတယ်။

ဣဒ္ဓိဓာတ်ဟာ
သိဒ္ဓိဓာတ် မဟိဒ္ဓိဓာတ်တွေထက် 
ပိုမိုလေးနက် တန်ခိုးကြီးတယ်။

ဗုဒ္ဓစာပေ အနက်အဓိပ္ပာယ်မှာ  
ဣဒ္ဓိ ဟူသည် အလိုရှိရာ ပြီးပြည့်စုံလာခြင်း 
ပြီးမြောက်အောင်မြင်ခြင်းလို့ ဝိသုဒ္ဓိမဂ်၌ 
ဖော်ပြထားတယ်။

ဣဒ္ဓိဓာတ် (၁၀)ပါးရှီတယ်။

၁။ အဓိဋ္ဌာန ဣဒ္ဓိ   
အကျင့် စရဏ သမာဓိစွမ်းအားရှိသူမှာ 
မိမိအလိုရှိရာကို ဖြစ်ပါစေ ရပါစေ
ဟု အဓိဋ္ဌာန်ပြုလိုက်လျှင်
ပြုလုပ်သည့်အတိုင်း ဖြစ်လာခြင်းအလိုရှိရာ 
ရလာခြင်း။

၂။ ဝိကုဗ်ဗန ဣဒ်ဓိ   

အကျင့်စရဏ သမာဓိစွမ်းအားရှသူမှာ
မိမိလက်ရှိရုပ်ကို 
နဂါး ဂဋ္ဌုန် ဂမ္ဘာန်စသော မိမိအလိုရှိရာ ပုံသဏ္ဍာန်ကို 
ဖန်ဆင်းနိုင်ခြင်း ။

၃ ။ မနောမယ ဣဒ်ဓိ
အကျင့်စရဏ သမာဓိစိတ်စွမ်းအားရှင်သည်
 မိမိ၏ ပုံတူရုပ်သဏ္ဍာန်ကို 
အလိုရှိတိုင်း ဖန်ဆင်းပြုလုပ်နိုင်ခြင်း။

၄။ ဥာဏဝိပ်ဖါရ ဣဒ်ဓိ 
အကျင့်စာရဏ သမာဓိစွမ်းအားရှိသူသည် 
ထူးခြားသောဥာဏ်အစွမ်းကြောင့် လိုရာခရီးသို့ 
အန္တရာယ်ကင်းစွာ လျှင်မြန်စွာရောက်ရှိခြင်း
မဂ်ဥာဏ်ဖိုလ် ပေါက်ပြီးမြောက်
အောင်မြင်ရသည်အထိ
အသက်ဘေးကင်းစွာ ဆောင်ရွက်နိုင်ခြင်း ။

၅။ သမာဓိဝိပ်ဖါရ ဣဒ်ဓိ 
အကျင့်စာရဏရှီသော သမာဓိစွမ်းအားရှီသည့်
စျာန်သမာပတ်ဝင်စားနေခြင်းဖြင့် 
ကာမစ္ဆန္ဒဝရဏ အစရှီသော 
နီဝရဏတရားငါးပါးကိုဖယ်ရှားနိုင်ခြင်း
ရေဘေး မီးဘေး စသောအန္တရာယ်များ
မကျရောက်စေနိုင်ခြင်း။

၆။ အရိယ ဣဒ္ဓိ 
အကျင့်စရဏ သမာဓိစိတ်စွမ်းအားရှင်သည်
အရိယာမဂ်သို့ကူးပြောင်းရောက်ရှိပြီး
စက်ဆုပ်ဖွယ်ရာ မဟုတ်သောအာရုံ၌ 
စက်ဆုပ်ဖွယ်ရာ နှလုံးသွင်းနိုင်ခြင်း 
အလွန်မုန်းတီးစရာကောင်းသော ပုဂ္ဂိုလ်အပေါ်၌လည်း မေတ္တာစိတ်ပွားနိုင်ခြင်းစသည့် 
မိမိစိတ်ကိုနိုင်နင်းသော 
အရိယာတို့၏အစွမ်းသတ္တိထူးနှင့် ပြည့်စုံခြင်း။

၇။ ကမ်မဝိပါကဇ ဣဒ်ဓိ
ကံ၏ အရှိန်အစော်အာနုဘော်ကြောင့် 
အလိုရှိရာ တန်ခိုးနှင့်ပြည့်စုံနိုင်ခြင်း။

၈။ ပုည ဣဒ္ဓိ  
အကျင်စရဏ သမာဓိစိတ်စွမ်းအားရှိသူသည်
မိမိ၏ ထူးခြားသော 
ကောင်းမှုကုသိုလ်အစွမ်းအားဖြင့် 
ကိလေသာကင်းပြီး ချမ်းသာအစစ်ကို 
ရရှိစေနိုင်ခြင်း။

၉။ ဝိဇ္ဇာမယ ဣဒ္ဓိ
အကျင့်စရဏ သမာဓိစိတ်စွမ်းအားရှင်သည်
လောကီဂန္ဓာရီ ဝိဇ္ဇာအတက်ဖြင့် မြေလျှိုးမိုးပျံလိုရာ
ခရီးသို သွာရောက်နိုင်ခြင်း။

၁၀။ ပယောဂပစ္စယ ဣဒ္ဓိ
 စနစ်တကျနည်းအားဖြင့် နည်းမှန် လမ်းမှန် 
စည်းကမ်းတကျ နည်းလမ်းရရှိ၍ 
မိမိအလိုရှိရာကို ပြီးမြောက်စေခြင်း။

ဣဒ္ဓိ (၁၀)မျီုး ရှီရာတွင်  
လောကီဣဒ္ဓိ နှင့် လောကုတ္တရာဣဒ္ဓိ နှစ်မျီုးစလုံးကို မိမိ၏ 
ဆန္ဒ ဝိရီယ စိတ္တ ဝိမံသ 
လေးပါးတွင် တစ်ပါးအခြေခံရှိရင်   
ဣဒ္ဓိဓာတ်အကျိုးက 
နိဗ္ဗာန်အထိ အရောက်သွားနိုင်ပါလိမ့်မည်။

အရဟံ ဂုဏ်တော် အစွမ်းက  
မိမိစိတ်စွမ်းအင်ကို 
တန်ခိုးထက်စေယုံမကဘူး
သိဒ္ဓိ ပေါက်နိုင်တယ်
မဟိဒ္ဓိမြောက်နိုင်တယ်
ဣဒ္ဓိ ရောက်နိုင်တယ်။

အရဟံပုတီးစိတ်ခြင်းသည် 
ကုသိုလ်စိတ်ကိုဖြစ်စေတယ်။

အရဟံသိဒ္ဓိကတော့ 
ကုသိုလ်လည်းရတယ်
စွမ်းအားလည်းရတယ်
တန်ခိုးလည်းကြီးတယ်
အလိုဆန္ဒလည်း ပြည့်ဝတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏။
( ၂၇/ ၃/၂၀၀၉) မဟာမြိုင် ခေါင်နန်း ဩဝါဒ။။
မျှဝေပါသည်။်နတ်ဗြဟ္မာ သာဓုခေါစေသော်
ဗုဒ္ဓသာသနံစိရံတိဋ္ဌထု

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ဘဝဖြစ်စဥ်

မြန်မာပြည်အရပ်ရပ်တွင် အရညဝါသီ တေရမှီလျက် သာသနာပြုတော်မူသောမဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ဘဝဖြစ်စဉ်အကျဥ်း
(စာအုပ်ကျမ်းပေါင်း(၆၀)ကျော်ရေသားပြုစုခဲ့သည်)
        ………
မဟာဗောဓိမြိုင် ဆရာတော်လောင်းလျာသည် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်   မင်းကုန်းကျေးရွာ နေခမည်းတော် ဦးဘစံ +မယ်တော် ဒေါ်မေ တို့မှ (၁၃၀၃ )ခုနှစ်  ဝါဆိုလပြည့်နေ့ ည(၁)နာရီ၊ အင်္ဂါနေ့တွင် ဖွားမြင်တော်မူပါသည် ။ ငယ်နာမည် မောင်ငြိမ်းမောင် ဖြစ်သည် ။ 
မောင်နှမ(၅)ယောက်ရှိသည်အနက် အငယ်ဆုံးသားရတနာဖြစ်သည်။
(ဗုဒ္ဓစာပေအရနံနက်အရုဏ်တက်သည် နောက်တရက်အစဖြစ်​၏။သို့ဆိုလျင် တနင်္လာနေထဲပါဝင်ပါသည်) 
(ယခင်ဘဝကတွင်-ဦးဖိုးရှိန်+ဒေါ်ဖက်ဖူးတို့​၏သား ဖြစ်ခဲ့ဖူး​၏။နာမည်မှာ မောင်ဉာဏ်ကျော်၊ရဟန်းဘွဲ့မှာ အရှင်ဉေယျ ဖြစ်သည်။ရဟန်းတဝါအရမှာကျောက်ရောဂါဖြင့်ပျံလွန်တော်မူသည်။)

၁၃၁၀-ခုနှစ်တွင် မင်းကုန်းကျေးရွာ မင်းကုန်းကျောင်းကြီးဆရာတော်ဘဒ္ဒန္တသုနန္ဒထံတွင်
မြန်မာစာသင်ပုန်းကြီးစသောဗုဒ္ဓစာပေများယူခဲ့သည်။

၁၃၁၅-ခုနှစ်တွင် ပထမ မင်းကုန်းဆရာတော်ပျံလွန်တော်မူသဖြင့်ဒုတိယဆရာတော် ဘဒ္ဒန္တအာစာရ ထံတွင် ဗုဒ္ဓစာပေများဆက်လက်သင်ယူခဲ့သည်။

၁၃၁၆-ခုနှစ်၊ဝါဆိုလဆန်း(၁၀)ရက်နေ့တွင်ဝေဘူဆာတော်ကြီးနှင့်ပထမဆုံးဖူးတွေ့ခဲ့ရသည်။ဝေဘူဆရာတော်ကြီး​အကျင့်စရဏဂုဏ်နှင့်ထူးခြားမှုသတင်းများကြားသိသည်မှစ၍ ဝေဘူဆရာတော်ကြီးအားကြည်ညိုစိတ်တွေဖြစ်ပေါ်ကာ ကျင့်ချင်သည်ဆန္ဒများ ဆရာတော်ကြီးလိုဖြစ်ချင်သည့်ဆန္ဒများ နှလုံးသားတွင်ခိုနားခဲ့ရသည်။  ဝေဘူဆရာတော်ကြီးအားဖူးတွေ့သည်အခါ  ဆရာတော်လေင်းလျာခင်းထာသောပဝါဖြူခင်းပေါ်ကြွတော်မူပေး​၏" ကာပေါ်လိပ်ဆပ်ပြာတစ်ခဲ၊"နံ့သာမွှေးတိုင် ဆယ်တိုင် "ချီးမြှင့်တော်မူခဲ့သည်ဖြစ်၍ပို၍အင်အားဖြစ်စေပါသည်။ခိုင်မြဲစေသည်။
ဝေဘူဆရာတော်းကြီးကပင်  "နောင်တစ်ချိန် သာသနာပြုမည့်ကိုရင်" ဟုပင်နိမိတ်တော်ပေးတော်မူခဲ့သည်။ဝေဘူဆရာတော်ကြီးက  မယ်တော် ဒေါ်မေို့ပင်" သာသနာပြုမည့် ကိုရင်မယ်တော်" ဟူ၍တင်စားခေါ်ဝေါ် ချီးမြောက်တော်မူခဲ့သည်။

၁၃၁၇ -ခုနှစ်  တပို့တွဲ လပြည့်ကျော် (၆) ရက်  စနေနေ့တွင် မိခင်ဒေါ်မေ၏ ပစ္စယာနုဂ္ဂဟဖြင့် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တ အာစာရ ထံတွင် ရှင်သာမဏေ ပြုခဲ့သည် ။ 
ဘွဲ့အမည် မှာ   "ရှင်ဉေ ယျ "ဟု ကိုယ်တိုင် ခံယူခဲ့သည် ။(ယခင်ဘဝ ရဟန်း အရှင်ဉေယျ ကကူးဆက်လာသောဓာတ်ဖြစ်သည်)ဆရာတော်လောင်းလျာသည်ကျောင်းသားဘဝ (၁၃) နှစ်သားကပင်ဝေဘူဆရာတော်ကြီးအားကျဩ တောထွက်လိုစိတ်ကိန်းဝပ်ခဲ့သည်)။
ကိုရင်ဝတ်သောနေ့တွင် တောထွက်မည်အတွေးဖြင့်ပျော်နေခဲ့သည်မှာ အိပ်၍ပင်မပျော်ဖြစ်ခဲ့သည်။ 

၁၃၁၈ -ခုနှစ်  ကဆုန်လပြည့်ကျော် (၁၀) ရက် တနင်္ဂနွေနေ့တွင် ရွှေဘိုမြို့  ဝေဠုဝန် ပါဠိတက္ကသိုလ် စာသင်တိုက်သို့ ပိဋကတ် စာပေများ သင်ယူရန် ရောက်ရှိ ခဲ့သည်။
၁၃၁၉ -ခုနှစ်တွင်  ရွှေဘိုမြို့ဝေဠုဝန်ပါဠိတက္ကသိုလ်မှ အစိုးရပထမငယ်တန်း အောင်မြင်ခဲ့သည် ။

၁၃၂၁ -ခုနှစ်  ဝါဆိုလဆန်း (၁၁) ရက် ဗုဒ္ဓဟူးနေ့ တွင် ရန်ကုန်မြို့သရက်တောကျောင်းတိုက်  ရှိ    ကျောက်ပန်းတောင်းကျောင်းတိုက်သို့ ပိဋကတ်စာပေသင်ကြားရန် ရောက်ရှိ ။

၁၃၂၁ -ခုနှစ်  နှောင်းတန်ခူးလပြည့်ကျော် (၃)ရက် ဗုဒ္ဓဟူးနေ့တွင် မွန်ပြည်နယ်၊မော်လမြိုင်မြို့စိန်မမပါဠိတက္ကသိုလ် သို့  ပိဋကတ်ပညာသင်ကြားရန် ရောက်ရှိ ခဲ့သည်၊ ထိုနှစ်မှာပင် အစိုးရပထမလတ်တန်း အောင်မြင်ခဲ့သည် ။

၁၃၂၃ -ခုနှစ်  ဝါဆိုလဆန်းတွင် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တအာစာရ ကို ဥပဇ္ဈာယ်ပြု၍ ထန်းတစ်ပင်  ရွှေဖောင်တော်ဦး ကျောင်းတိုက် ခဏ္ဍသိမ်၌ (ပထမအကြိမ်) မြင့်မြတ်သောရဟန်းအဖြစ်သို့ရောက်ခဲ့သည်။ ရဟန်းဒကာ  ဦးဘသန်း + ဒေါ်စောဉာဏ် တို့ ဖြစ်ကြသည်။ 

၁၃၂၃-ခုနှစ်၊နွေဦးကာလတွင်ဝေဘူဆရာတော်ကြီးအားဖူးတွေ့ရသည့်အခါ ဆရာတော်ကြီးက
တရားထိုင်ဖို့တိုက်တွန်းခဲ့ရာ  "တပည့်တော်တတ်နိုင်သည့်အခါ ဆရာတော်တိုက်တွန်းသည့်အတိုင်း ကြိုးစားပါ့မည် ဘုရား"  ဟုကတိပေးခဲ့ပါသည်။ထိုနှစ်ဝါကို မော်လမြိုင် စိန်မမပါဠိတက္ကသိုလ်၌ဝါဆိုပြီး အကြီးတန်းစာဝါများလိုက်ခဲ့သည်။

၁၃၂၅ -ခုနှစ်  နွေဦးကာလတွင် ဧရာဝတီတိုင်း ပုသိမ်မြို့  သာသနရံသီ ပါဠိတက္ကသိုလ်သို့ ရောက်ရှိသည် ။ ထိုနှစ်မှာပင် အစိုးရ ပထမကြီးတန်းကို အောင်မြင်သည် ။ 
(တိုင်းတွင် ဒုတိယ ရသည်-ထောက်ပံ့ဝတ္ထုငွေ(၁၀)ကျပ်လစဉ်ရခဲ့သည်။

(ပုသိမ်မြို့သို့စာသင်ရန်ကြွသွားရာတွင်  သင်္ဘောပေါ်မှာ ဟင်္သာတ ရတနာဗိမာန်ဆရာတော်ကြီးဦးကုမာရ နှင့်တွေဆုံသဖြင့်ဆရာတောက သူ့ကျောင်းသို့ပင့်ဆောင်ခေါ်သွား၍ ရတနာဗိမာန်ကျောင်းတွင် တစ်ညတာတည်းခိုခဲ့ရသည် ။နောက်တနေ့မနက်အစောမှာဆရာတော်ကြီးကိုတော်တိုင် ဘူတာအထိပို့ပေးတော်မူသည်။သရက်ကျောင်းတိုက်  သာသနောဒယကျောင်းဆရာတော်  ဒေါက်တာ ဦးပဝရထံ ခရီးစရိတ်(၃ဝိ)ငွေခေတ္တယူသုံးခဲ့ရသည်များ အား ဦဗောဓိကိုတွေ့တိုင်းအမိန့်ရှိ​၏ ။(အနည်းငယ်သောကျေးဇူမျှကိုပင်ထုတ်ဖေါ်တော်မူပါ​၏။သူတော်ကောင်းတို့နှလုံး သူတော်ကောင်းထုံးပင်ဖြစ်​၏)

၁၃၂၇ -ခုနှစ်  တော်သလင်းလဆန်း(၁၃)ရက် နေ့တွင်   စာသင်တိုက်များတွင်နေဖို့ရန် ခက်ခဲခြင်းကို အကြောင်းပြု၍ လူဝတ်လဲခဲ့သည် ။ ရန်ကုန်မြို့ရှိ  "ဣစ္ဆိတံဆေးလိပ်ခုံ "တွင် စာရေးဝင်လုပ်ခဲ့သည် ။(ထိုဝါတွင်း၌ အင်္ဂလိပ်စာများသင်ယူလေ့လာခဲ့ပါသည်)

၁၃၂၉ -ခုနှစ်  နယုန်လပြည့်ကျော်(၆)ရက်နေ့တွင် အိမ်ထောင်ကျခဲ့သည်။
မိခင်ဒေါ်မေ ၊ အမဒေါ်ကြည် တို့ က ၊ဘုန်းကြီးလူထွက် ခပ်ရှက်ရှက်နဲ့   ဆေးလိပ်ခုံမ  ခပ်သွက်သွက်တို့  ခက်ချေပြီဟူ၍  အမြန်ခေါ်လျက်တိုက်တွန်းချက်ဖြင့်ပင် တစ်ရွာတည်းနေ  ဒေါ်စိန်မေနှင့် အိမ်ထောင်ကျခဲ့ခြင်းဖြစ်သည်။

လူ့ဘဝတွင် ရန်ကုန် မြို့ သင်္ကန်းကျွန်း၌ နေထိုင်ကာ ဈေးဆိုင် ၊ အထည်ဆိုင် ၊ ဆေးဆိုးပန်းရိုက် ၊ မဲနယ်ထုတ်လုပ်ခြင်းများ လုပ်ကိုင်ခဲ့သည် ။ ရပ်ကွက်အတွင်း လူမှုရေးများ  နှင့် (ရ.လ.က အဖွဲ့) ဦးဆောင်ကော်မတီ အမှုဆောင်လူကြီး ၊ ပါတီကိုယ်စားလှယ် ၊ တရားရေးကော်မတီဥက္ကဋ္ဌ၊ အုပ်စု ခေါင်းဆောင်၊ အရံပါတီဝင် စသည်များ ထမ်းဆောင်ခဲ့သည် ။ကိုပိုင်အိမ်နှင်ခြံမျာဖြစ်ထွန်းခဲ့သည်။အိမ်ထောင်ကိုပင် အကျဉ်းထောင်အဖြစ်မြင်တွေ့ကာသံဝေဂ များ ရတော်မူခဲ့သည်။

၁၃၃၇ -ခုနှစ်မှစ၍ ပုတီးစိပ်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊ တောတောင်များသို့  လှည့်လည်၍
အဓိဋ္ဌာန်ဝင်ခြင်း ၊ဘုရားတည်ခြင်း ၊ ပြုပြင်ခြင်း၊ မွမ်းမံခြင်းများ များကိုစွမ်းစွမ်းတမံကြိုးစားအားထုတ်ခဲ့သည် ။
(ရန်ကုန်မြို့ရှိဘုရားများသို့ လူဝတ်ဖြင့်ပင်အားထုတ်ခဲ့သည်၊ပုဆိုးခါးပိုက်ထဲတွင်  ကုလားပဲထည့်ကာရေစိမ်စားပြီးအဓိဋ္ဌာန်ဝင်ခဲ့သည်)

၁၃၃၈-ခုနှစ်၊နတ္တော်လဆန်း(၇)ရက်ညတွင် ဝေဘူဆရာတော်ကြီးသည် ရန်ကုန်မြို့ ရွှေတိဂုံအနီးရှိ အင်းလေးဓမ္မာရုံ၌တရားဟောတော်မူရာ ပလ္လင်အနားတွင် စတုမဓူ (သစ္စာလေးပါးကိုရည်ရွယ်)ကပ်ခါ စိတ်ထဲမှဆရာတော်ကြီးကဲ့သို့ကျင့်နိုင်စွမ်းပြီး သိနိုင်စွမ်းရှိကာ ဆရာတော်ကြီးဝေနေယျတို့အား သနားချီးမြှောက်နိုင်သလိုပင်တပည့်တော်ချီးမြောက်နိုင်းစွမ်းရှိရပါစေသား ဆုတောင်း​၏။ ဆုပန်ဆင်မှုကိုဆရာတော်ကြီးအသိအမှတ်ပြုပါက ဤစတုမဓူဆေးတော်သုံးဇွန်းဘုန်းပေးပါဟု အဓိဋ္ဌာန်၍ဆက်ကပ်ရာ ဆရာ​​တော်ကြီးမှသုံးဇွန်းပြည့်ပြည့်ဝဝကြီးဘုန်ပေးတော်မူသည်။
ထိုအခါ အဓိဋ္ဌာန်ဆန္ဒအောင်၍အင်အားများတက်ခဲ့ရသည်။

၁၃၃၉-ခုနှစ် ကဆုန်လဆန်း(၁)မှစလျက် ခုနှစ်နေ့ ခုနှစ်နံဘုရားများလူဝတ်ဖြင့်အဓိဋ္ဌာန်ဝင်ခဲ့သည်။ ရန်ကုန်တွင်    ၁/  တနင်္ဂနွေနေ့ အောင်သိဒ္ဓိဘုရား ။၂/ တနင်္လာနေ့ ကျိုက္ကစံဘုရား ၃/ အင်္ဂါနေ့  ဆူးလေဘုရား။ ၄/ ဗုဒ္ဓဟူးနေ့  ရွှေတိဂုံဘုရား။ ၅/ ကြာသာပတေးနေ့ မိုးကောင်းဘုရား။၆/သောကြာနေ့ သီရိမင်္ဂလာကမ္ဘာအေးဘုရား။ ၇/စနေနေ့   နောင်တော်ကြီးဘုရားတို့၌ထူးခြားစွာအဓိဋ္ဌာန်အောင်မြင်ခဲ့သည်။ယင်းနယုံလပြည့်ကျော်(၁၁)ရက်နေ့တွင်
အဓိဋ္ဌာန်အားလုံးအောင်မြင်ခဲ့သည်။ ထို့နောက် တောင်စွန်း ကေလာသတောင်စသည့်ဘုရားများ၌လည်းအဓိဋ္ဌာန်များမကြာခဏဝင်ခဲ့ပါသည်။

၁၃၃၉-ခုနှစ် ဝါခေါင်လဆန်း(၂)နေ့တွင် သာသနာဗိမာန်ဆာတော် အဘဝိမလကိုစတင်ဖူးမြော်ခဲ့သည်။အဘဝိမလ​သည် (၂၄)တိုင်ဖယောင်းတိုင်တစ်ထုတ် ချီးမြှင့်လိုက်သည်။

၁၃၃၉ -ခုနှစ်တွင် ကျိုက်လတ်မြို့နယ်၊ ကြီးချောင်းရွာ၊ ဆင်ကူးရွာရှိ "ပြည်လုံးချမ်းသာ ဖောင်တော်ဦးစေတီတော်" ကို ပြုပြင်မွမ်းမံသည်။ ပြာသိုလ်လပြည့်နေ့တွင် ပန္နက်ချမင်္ဂလာ ပြုလုပ်ပြီး တပေါင်းလပြည့်နေ့တွင် ထီးတော်တင် မင်္ဂလာ ပြုလုပ်နိုင်ခဲ့သည် ။

၁၃၄၀-ခုနှစ်၊ဝါခေါင်လပြည့် နေ့တွင် အဘဝိမလ ဆရာတော်ကြီးထံတွင်တရားရှုခဲပါသည်။
ဆရာတော်ကြီးလည်းအတူတရားထိုင်တော်မူသည်။ငါတို့ ဝိဇ္ဇာတွေက ကိစ္စမပြီးဘူး ဝိပဿနာကမှကိစ္စပြီးမည်ဆိုကာ အဘဝိမလဆရာတော်က  ရန်ကုန်မဟာစည်ကြီးကိုတရားထိုင်ဖို့ပို့လွှတ်ခဲ့ပါသည။

၁၃၄၁  -ခုနှစ်  ဝါဆိုလဆန်း (၁) ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်  မဟာစည် သာသနာ့ရိပ်သာကြီးတွင် (၄၉  )ရက် တရားစခန်းဝင်ခဲ့သည် အရိယာဝါသ အခန်းနံပါတ်(၃၀)တွင်နေခဲ့ရသည်။ယင်းဝါဆိုလဆန်း(၈)ရက်နေ့ နေ့လည်(၁)နာရီတွင်သမာဓိနယ်မှပညာနယ်သို့ကူးခဲ့သည်။
မဟာစည်ဆရာတော်ကြီးကိုတော်တိုင်ပင် ယောဂီ မောင်ငြိမ်းရဲ့ ဒဿနဆန်သောတရားတွေ့ရှိချက်များ သည် ထူးခြားကြောင်း ထုတ်ဖေါ်ချီးကျူးတော်မူခဲ့သလို ရိပ်သာကြီးရှိပရိသတ်များ
ပတ်ဝန်းကျင်ပရိတ်သတ်များထံသို့သတင်းပျံ့နှံ့ခဲ့ရပါသည်။
၁၃၄၁ -​ခုနှစ်  ဝါခေါင်လပြည့်ကျော် (၇) ရက်နေ့ ညနေ (၅) နာရီတွင် ဉာဏ်စဉ် တရားများ နာကြားခွင့်ရခဲ့သည် ။ ယင်းလပြည့်ကျော်(၈)ရက်နေ့ ဘောက်ထော် သာသနာ့ဗိမာန်သို့ပြန်ရောက်ခဲ့သည်။

၁၃၄၁ -ခုနှစ်  တော်သလင်းလဆန်း (၁၂) ရက် တနင်္ဂနွေနေ့  နံနက် (၈:၄၅) နာရီတွင် ဦးဆောင်နာယကဆရာတော်ကြီး ဘဒ္ဒန္တသေဋ္ဌိလ(ကမ္ဘာ့သာသနာပြု )ဖြစ်ပြီးသင်္ကန်းကျွန်းမြို့နယ်၊ဘောက်ထော် သီရိရတနာလမ်း  သာသနာ့ဗိမာန် ဆရာတော် ဘဒ္ဒန္တဝိမလကို ဥပဇ္ဈယ်ပြု၍ ခေမာသီဝံကျောင်းတိုက် ခဏ္ဍသိမ် တွင် (ဒုတိယအကြိမ်) မြင့်မြတ်သောရဟန်းဖြစ်ရောက်တော်မူခဲ့သည် ။ အိမ်ရှင်မထံက  "ပါရမီ လူတားလို့မရပါဘူးရှင့်"ဟူသောစကားက
ရဟန်းဘောင်ပို့ဆောင်၍ ယနေ့တိုင်အောင်  တားမရတဲ့ပါရမီများက  လူသားတို့အတွက်ကောင်းကျိုးတွေဆက်နေခဲ့ကြရသည်။

၁၃၄၁ -ခုနှစ်  သီတင်းကျွတ်လပြည့်ကျော် (၄) ရက် အင်္ဂါနေ့နံနက်(၇)နာရီတွင်ဆွမ်းခံကြွရင်း
တောရဆောက်တည်ရန်ထွက်ခဲ့သည်။အဘဝိမလက လေသာဆောင်မှကြည့်ရှု့လျက်၊ဦးသိန်းက"ယပ်ကလေးနဲ့ကြည့်ကောင်းသားပဲ" ဟုပြောသေး​၏။ယင်းမနက် ဦးမြင့်ဆွေ​တို့မိသားစုအိမ်တွင်ဆွမ်းဘုန်းပေး​၏။အငှါးကား နံပါတ်(၆၂၂၅)ကားဖြင့်(၁၀-၃၀) မိနစ်တောရဆောည်ရန်
အတွက် ခရီးစထွက်တော်မူသည်။ရန်ကုန် မန္တလေးစာပို့ရထား တွဲနံပါတ်(၃) ခုံနံပါတ်(၁၁)ဖြင့်ကြွခဲ့ရသည်။ ရထားလက်မှတ်မှာ သတင်းထောက်ဦးထွန်းဝင်းက ကြိုတင်စောင့်ကာလှူဒါန်းခဲ့သည်။
ယင်းနေ့တွင် မိုးမင်းကြီးသာဓုခေါ်ကောင်းချီးပေးသည်အလား မိုးကြီးကျယ်စွာရွာသဖြင့် ရန်ကုန်ရေကြီးရာ ကားပတ်၍ပင်မောင်းခဲ့သည်။ထိုမှအစပြုကာ အရညဝါသီ တောရမှီလျက် သီတင်းသုံး နေတော်မူလျက် ရှိရာ ယနေ့တိုင်ပင်ဖြစ်သည်။

၁၃၄၁ -ခုနှစ်တွင် သာစည်မြို့နယ် ရွှေကျောင်းကုန်း တောင်ထိပ်၌ ' ပထမဦးဆုံးတောရဆောက်တည်ခဲ့သည်။ထိုနှစ်မှာပင် ရွှေကျောင်းကုန်းတောင်တွင် "လောကမုနိ"စေတီတော်ကို တည်ထားပူဇော်ခဲ့သည် ။ အုတ်မြစ်ချမင်္ဂလာ နှင့် ဌာပနာပိတ်ပွဲကို တပို့တွဲလပြည့်နေ့တွင် ပြုလုပ်ပြီး တပေါင်းလပြည့်နေ့တွင် ရွှေထီးတော်စိန်ဖူးတော်တင်ပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည် ။
၁၃၄၂-ခုနှစ်တွင်လည်း သာစည် ရွှေကျောင်းကုန်းတောင်တွင် ဝါဆိုဝါကပ်တော်မူသည်။
၁၃၄၃-ခုနှစ်၊တွင်  ဇင်းကျိုက် တောင်တော်တွင် သီတင်းသုံးတော်မူသည်။
၁၃၄၄-ခုနှစ်တွင် ဇင်းကျိုက်  မင်းတစ်ရာ့တစ်ပါးတောင်တွင် သီတင်းသုံးတော်မူသည်။
၁၃၄၅-ခုနှစ်တွင်  ဇင်းကျိုက်  ကျောက်ခမောက်ဂူ (ကျောင်းမရှိ ကျောက်တုံးနှစ်တုံးကြား)
          သီတင်းသုံးတော်မူသည်
၁၃၄၆-၄၇- ခုနှစ်တွင်  ရန်ကုန်တိုင်းဒေသကြီး ၊မှော်ဘီမြို့နယ် ဖူးကြီးကျေးရွာ အနီး  သံသုမာရတောင် သီတင်းသုံးတော်မူသည်။ ရဟန္တာ ဈာန်ပျံသည်ဟုသတင်းကျော်ကြား၍ လူများခဲ့ရသည်။သူတို့က ငါ့ကိုရဟန္တာချည်းတဲ့ ငါကတော့ ရဟန်နာချည်းဖြစ်နေသည်။ကျန်းမာရေးမကောင်းဖြစ်နေရသည်ဟု မိန့်တော်မူဖူး​၏။ထိုတွင် တရားစခန်းတစ်လဖွင့်ပေးခဲ့သည်။

၁၃၄၈-ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင်တွင်စစ်ကိုင်းတိုင်း၊ စစ်ကိုင်းချောင်  အရှေ့ပရက္ကမဂူသို့ရောက်ခဲ့သည်။ ထိုတွင် နှစ်ဝါတိုင်သီတင်းသုံးဝါဆိုတော်မူသည်။

၁၃၅၀/၅၁/၅၂- ခုနှစ်များတွင်  သာစည်ရွှေကျောင်းကုန်းတောင်တွင် သီတင်းသုံးလျက်သုံးဝါတိုင်ဝါဆိုတော်မူခဲ့ပါသည်။ တရားစခန်းများလည်းဖွင့်လျက် ဟောကြားပြသပေးတော်မူခဲ့ပါသည်။

၁၃၅၃-၅၄-၅၅ ခုနှစ်များတွင် ပျဉ်းမနား (ယ္ခုနေပြည်တော်) ရှိ လက်လုပ်တောင်တောရတွင်သုံးဝါတိုင်သီတင်းသုံးတော်မူခဲ့သည်။ထိုကာလအတွင်း 'လက်လုပ်တောင် ဆရာတော်ဈာန်ပျံသည်' ဟူသော ကောလဟာလကြောင့် လူပရိသတ်များစွာလာရောက်ဖူးမြော်ကြသည်။ထိုအချိန်မှစ၍ဆရာတော်၏ သတင်းများတစ်နိုင်ငံလုံး သို့ပျံံ့လွင့်ခဲ့သည် ။ 
ထို လက်လုပ်တောင်တွင် သီတင်းသုံစဉ်ကပင် (၁၃၅၃-ခုနှစ်။၁၉၉၁-ခုနှစ်) ဤနေရာသည် နောင်တချိန်ကျလျင် မြို့တော်ကြီးဖြစ်လာမည်။ မမြင်ဖူးတာမြင်ရမည် မကြားဖူးတာကြားရမည် မစားဖူးတာစားရမည်မတွေ့ဖူးတာတွေ့ရမည် ဟုမိန့်တော်မူ​၏။
ဤနေရာမှစ၍ မြန်မာပြည်တွင်မကကမ္ဘာအထိသာသနာပြုရလိမ့်မည်။အရှေ့အရပ်သုံ
လက်ညွန်ပြလျက်က အဲဒီအနားမှာ  "စေတီအကြီးကြီး"ဖြစ်ပေါ်လာလိမ့်မည် တို့လုပ်ဖို့တော့မဟုတ်ဘူး သူ့ဟာသူဖြစ်လာမှာပါ ဟုမိန့်တော်မူသည်။(ယခု-ဥပ္ပါဒသန္တိစေတီတော်ကြီးနေရာဖြစ်သည်)။(ယခု နေပြည်တော်ကြီးဖြစ်ခဲ့ကြရပြီ)
၁၃၅၃-ခုနှစ် တွင်   အကျင့်စရဏအတွက်အလွန်ကျေးဇူးများသော  "ဓမ္မောဝါဒကထာ"
ကျမ်းစာမှစ၍ စာအုပ်ပေါင်း(၆၀)ကျော် ရေးသားတော်မူခဲ့သည်။

၁၃၅၆-ခုနှစ် သီတင်းကျွတ်လပြည့်ကျော်(၁၀)ရက်နေ့ညမှစတွင် လက်လုပ်တောင်မှသည် ရှမ်းပြည် သုဝဏ္ဏသျှံသို့ကြွတော်မူသည်။
၁၃၅၆-ခုနှစ် တွင် ရှမ်းပြည်နယ် သုဝဏ္ဏသျှံတောင်  ဘုန်းတော်ပြည့်ကျောင်းတွင်ဝါကပ်တော်မူသည်။
၁၃၅၇-၅၈- ခုနှစ်များတွင် ရှမ်းပြည်နယ် မဟာဗောဓိမြိုင်ကျောင်းတွင်(၂)ဝါတိုင်ဝါကပ်တော်မူသည်။
၁၃၅၇-ခုနှစ်၊တပေါင်းလပြည့်  ဗုဒ္ဓဟူးနေ့တွင် သုဝဏ္ဏသျှံတောင်တွင် လားဟူ(၂၂)ရွာ ၊ လီရှော(၄)ရွာတို့မှ လူနှစ်ထောင်ကျော်၏ ဗုဒ္ဓဘာသာခံယူပွဲကြီး ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည် ။
ယင်းတိုင်းရင်းသားများ ဒေသန္တရ ဗဟုသုတများ 'သာသနဗဟုသုတများ'ယဉ်ကျေးမှုများ' တိုးပွါးရန် အတွက် (၁၃၅၈  )-ခုနှစ် တပေါင်းလဆန်း(၃)ရက်နေ့တွင် သာစည်၊ ပျဉ်းမနား၊ မန္တလေး၊ ရွှေဘို၊ ရန်ကုန်မြို့များနှင့် နိုင်ငံတော်အဆင့် အထိ ပို့ဆောင်ပေးခဲ့သည် ။ 
ထိုသို့သော အကြောင်းများ ကြောင့် 'မဟာဗောဓိမြိုင် ဆရာတော်' ဟူ၍ နိုင်ငံအနှံ့ လူသိများ ထင်ရှား ခဲ့သည် ။ယခင်က  ရွှေကျောင်းကုန်းတော်ဆရာတော်၊ လက်လုပ်တောင်ဆရာတော်ဟုသာ လူသိများခဲ့သည်။(ဗောဓိမြိုင်(မဟာဗောဓိမြိုင်)ဆရာတော်ဟုဖြစ်ပေါလာမည့် ပင်မကျောင်းကလေးမှာ(၁၀)ခန့်ပါတ်လည်မျှသာရှိခဲ့ပါသည်)။

၁၃၅၉  -ခုနှစ်တွင် စစ်ကိုင်းတိုင်း ကန်ဘလူမြို့နယ် နတ်တလူတောရ ကို စတင်တည်ထောင်၍ 
ဝါဆိုတော်မူသည်။ဝါဆိုလပြည့် နေ့  မှ တော်သလင်းလပြည့်နေ့ထိ (၂) လတိတိ တရားစခန်း ဖွင့်လှစ်ပေးခဲ့သည် ။ စခန်းပွဲအတွင်း ဝေယျာဝစ္စ ဆောင်ရွက်သူများအတွက် တော်သလင်းလပြည့်မှ သီတင်းကျွတ်လပြည့်နေ့ထိ (၁) လ တရားစခန်းကို ပြုလုပ်ပေးခဲ့သည် ။ 

၁၃၅၉ -ခုနှစ်တွင် နတ်တလူတောရ၌ 'မင်းဘိသိက်ခံ' ဘုရားတည်ထား ပူဇော်ရန်။ နှောင်းတန်ခူးလပြည့်နေ့တွင် အုတ်မြတ်ချမင်္ဂလာပွဲ ပြုလုပ်ပူဇော်ခဲ့သည်။
 ၁၃၆၀ -ခုနှစ် ကဆုန်လပြည့်နေ့တွင် ဌာပနာပိတ်ပွဲ ပြုလုပ်ပူဇော်ခဲ့သည်။

၁၃၆၀-ခုနှစ်တွင် မေမြို့ အနီး ဝေဒလ္လ တောရကျောင်းတွင်ဝါဆိုတော်မူသည်။
၁၃၆၀-ခုနှစ်၊တပေါင်းလဆန်း(၁၄)ရက်နေ့တွင် နတ်တလူတောရ " မင်းဘိသိက်ခံ"ဘုရားရွှေထီးတော် စိန်ဖူးတော်တင်လှူပူဇော်သည်။ယင်း တပေါင်းလပြည့်နေ့တွင် အနေကဇာတင်ပူဇော်သည်။ သံဃာတော်(၆၄)ပါး သံဃိကဆွမ်း ဆွမ်းဆန်တော်လောငါးလှူပွဲပြုလုပ်ပူဇော်သည်။

၁၃၆၁ -ခုနှစ်   ကဆုန်လပြည့်နေ့တွင် မင်းကုန်းကျေးရွာ မွေးဖွားရာ ချက်မြှုပ်အိမ်နေရာတွင်
 'ဉေ ယျဓမ်  ရွှေချက်သို တံခွန်တိုင်'  ကို တည်ထားခဲ့သည် ။ 
တစ်ချိန်တည်းမှာပင် နတ်တလူတောရ ၌ နှစ်လတရားစခန်း ထပ်မံ ဖွင့်လှစ်ပေးခဲ့သည် ။

၁၃၆၁-ခုနှစ် တွင်  (ပုံတောင် ပုညာ နယ် )ဂန့်ဂေါမြို့နယ်၊လယ်ဓမ္မပိုင်၊ မဇ္ဈိမ ဓမ္မမောနိဂူတွင်ဝါဆိုတော်မူသည်။
၁၃၆၂-ခုနှစ်၊ တွင်(ပုံတောင်ပုညာနယ်)ဂန့်ဂေါမြို့နယ် စကားပိုင် မောနေယျတောရ တွင်ဝါဆိုတော်မူသည်။
၁၃၆၃-ခုနှစ် ပုလဲမြို့နယ် ကျော်တောရွာအနီး  ပဋိပတ္တိတောရကျောင်တွင် ဝါဆိုတော်မူသည်။
၁၃၆၄-ခုနှစ်၊ပုနလဲမြို့နယ်၊ကျောတောရွာအနီး စံရိပ်ငြိမ်တောရကျောင်းတွင် ဝါဆိုတော်မူသည်။
၁၃၆၅-၆၆-၆၇-၆၈-၆၉-၇၀-၇၁-၇၂-၇၃ -ခုနှစ်အထိ (၉)ဝါတိုင်တိုင်  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မဟာမြိုင်တောကြီးအတွင်း ခေါင်နန်းပလ္လင်ကျောင်း အကျွတ်အလွတ်ကျောင်း များတွင်ဝါဆိုသီတင်းသုံးတော်မူသည်။

၁၃၇၄-/၇၅/၇၆/၇၇ -ခုနစ်၊စ်ကိုင်းတိုင်းဒေသကြီး ၊ကန်ဘလူမြို့နယ်၊   မလည်အနီး  
              ဉေယျဓမ်တောရ  တွင် (၄)ဝါတိုင် သီးတင်းသုံးဝါဆိုတော်မူသည်။

၁၃၇၈/၇၉/၈၀/၈၁ -ခုနှစ်တွင်စစ်ကိုင်းဒေသကြီး၊အထက်ပိုင်း ဗန်းမောက်မြို့နယ်
              ရွှေနှစ်တောရတွင်  (၄) ဝါတိုင်သီတင်းသုံးဝါဆိုတော်မူသည်။
 
၁၃၈၂-/၈၃/ -ခုနှစ်များတွင်  ကန့်ဘလူမြို့နယ်၊ ဉေယျဓမ်တောရတွင်သီတင်းသုံးတော်မူလျက်
        အတွင်းသာသနာ ၊အပြင်သာသနာ များပြုတော်မူလျက်ရှိတော်မူသည်။ယနေ့တိုင်သီတင်းသုံးတော်မူနေပါသည်။
 ယခုနှစ်သက်တော်(၈၀) ပြည့် တွင်အရွယ်တော်ရှိသော်လည်းအရွယ်နှင့်အသက်ငဲ့ကွက်ခြင်းအလျင်းမရှိပဲဆွမ်းခံပေးတော်မူခြင်း၊အဖူးမြော်ခံပေးခြင်း၊လှူဘွယ်များအလှူခံပေးတော်မူခြင်း၊များနှင့်
ဒါယကာဒါယိကာမအများတို့​၏ကောင်းကျိုးချမ်းသာလိုလားတော်မူကာ  စေတနာ သဒ္ဓါတရားများကိုအလှူခံပေးတောိမူခြင်းဖြစ်သည်။လေးနက်သော နက်ရှိုင်းသောမေတ္တာတော်ဓာတ်၊မေတ္တာကလာပ်တော်များဖြင့် "ကပ်ဘေကင်းပျောက်  ချမ်းသာရောက်လျက်  မဂ်ပေါက်ဖိုလ်ဝင်   ငြိမ်းခြမ်းစေချင်၍ " ချီးမြှောက်တော်မူနေခြင်းဖြစ်သည်။

                              ခေတ္တသီတင်းသုံးရာဒေသများ

၁/  ရသေ့မဂူ                   ဇင်းကျိုက်မြို့နယ်                    ( ၃) လခန့်
၂/  ဖရုံညှာစခန်း              ဇင်းကျိုက်မြို့နယ်                   ( ၁) လ
၃/  တောင်စဉ် တောင်      မိတ္ထီလာမြို့နယ်                        (၁) လ
၄/ ကျောက်ထီးတောင်      ကျောက်ဆည်မြို့နယ်              (၂) လ
၅/ ဝါးသုံးရုံစခန်း              ပုလဲမြို့နယ်                              (၇၂)ရက်
၆/ မပဒါန်ဂူ              ညောင်နီရွာအနီး  မိုးမိတ်မြို့နယ်       (၂) လ
၇/ သုဝဏ္ဏသျှံတောင်ထိပ်     ရှမ်းပြည်                              (၆)လ

ကျေးဇူးရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည်ယခုအခါတွင်စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မလည်အနီး  ဉေယျဓမ်တောရ တွင်တောရဓူတင် အဓိဋ္ဌာန်တင်တော်မူလျက်သာသနာပြုကာသီတင်းသုံးနေတော်မူပါသည်။

              ဗုဒ္ဓေါရသ(ဦးဗောဓိ)
ဗောဓိရိပ်ငြိမ်တောရဆရာတော်(မှော်ဘီ)🙏🙏🙏
၁၃၈၃-ခုနှစ်၊သီတင်းကျွတ်လဆန်း(၉)ရက်
                (၁၄-၁၀-၂၀၂၁)

------------------------------"-----------------------------------
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးသက်တော် (၈၂)၊ သိက္ခာတော် (၄၅)ဝါ သည် ၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၇)ရက်
၃၀-၄-၂၀၂၄ (အင်္ဂါနေ့)မွန်းလွဲ ၁:၁၀ အချိန်တွင် တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းတော်မူပါသည်။

🙏🙏🙏
မျှဝေပါသသည်လူနတ်ဗြဟ္မာသာဓုခေါစေသော်
ဗုဒ္ဓသာသနံစိရံတိဋ္ဌထု

သုခနှင့်ဒုက္ခ

ဒုက္ခဆင်းရဲသလို 
သုခလည်းဆင်းရဲတာပဲ။

ဒုက္ခဆိုတာ ရွာထဲမှာ
ဓါးနဲ့အခုတ်ခံရတာမျိုး
သုခကတော့ 
ဆေးရုံမှာ ထုံဆေးနဲ့အခွဲခံရတာမျိုး။

တစ်ကယ်တော့ 
ဒုက္ခပျက်သလို 
သုခလည်း ပျက်နေတာပဲ မမြဲဘူး။

သုခက 
ရေအိုးအောက်က ကရွတ်ခွေလို  
အေးအေးလေးနဲ့ဆွေးပြီးပျက်တာ။

ဒုက္ခကတော့
မီးဖိုခွင်က ကရွတ်လိုပေါ့ပူကြွပ်ပြီးပျတ်တာ။

ဒုက္ခဆင်းရဲသလို
သုခလည်းဆင်းရဲတာပဲ. .။

(မဟာဗောဓိမြိုင်ဆရာတော်ကြီး)

စောစောစီးစီးသံဝေဂယူတတ်ကြဖို့

လူတော်တော်များများက
သူများတွေ သေသေနေတာကိုတွေ့သားပဲ ။
ကိုယ်နဲ့မဆိုင်သလိုအမှုမဲ့ အမှတ်မဲ့နေကြတယ်။
တစ်နေ့ နေ့သေရမှာပဲလို့ အမြဲသတိပေးနေရမယ်။

လူတွေက သေခါနီးကျမှ ကပ်ပြီးတော့ 
သံဝေဂရကြတယ် အချိန်နှောင်းသွားပြီ မရတော့ဘူး ။

မအားဘူးဆိုတဲ့ စကားကို သုသာန်မှာသွားပြောကြည့်။
သေတဲ့သူတွေဟာမအားတဲ့ကြားကပဲ သေကြရတာချည်းပါ။

ဒါကြောင့် သေခါနီးမှ ကပ်ပြီးတော့ သံဝေဂမရကြပါနဲ့ ။
စောစောစီးစီး သံဝေဂ ရကြပါ ။ 

(မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး)
🙏🙏🙏

Monday, April 29, 2024

သိသရာနဲ့သိတာ

.   သိစရာ နဲ့ သိတာ  နှစ်ခု  
   မတူတဲ့ သဘာဝတွေရှိတယ်။
   သိစရာက သပ်သပ်၊   
   သိနေတာက  သပ်သပ်ပဲ။
   အသိခံရတဲ့သဘောက 
   သဘောတရား တစ်ခု၊
   သိတတ်တဲ့သဘောက 
   သဘောတရား တစ်ခု။
   အဲလို  
   ကွဲကွဲပြားပြား  ဉာဏ်ထဲမှာရှင်းရဲ့လား၊
   စုံစမ်းကြည့်ပါ။

   သိနေတာလား ?  တွေးနေတာလား ?
   တွေးနေရင်  မသိဘူးနော်။
   သိနေရင်လည်း  တွေးလို့  မရတော့ဘူး။
   ဆက်တွေးလို့  မရတော့ဘူးနော်။

   သိတာကို  ဆက်နေအောင်
   သိ - သိနေအောင်  လုပ်လိုက်ရင်
   သိနေတဲ့စိတ် ဖြစ်သွားရော။
   တစ်ချက်သိတိုင်း၊  တစ်ချက် သိတိုင်း၊
   မသိတဲ့ မောဟကို အားနည်းစေတယ်။
   အမှန်ကိုမသိတဲ့  
   မောဟ  အားနည်းနည်း သွားတယ်။

   သိလေ၊  သိလေ  
   မသိတာတွေ စင်ကြယ်သွားလေပဲ။
   ဒါကြောင့်,  သိတာကို  တန်ဖိုးထားပါ။
   သိတာကို  appreciate လုပ်ပါ။
  ( အသိအမှတ်ပြုပေးပါ )

   #သိနေတဲ့စိတ်လေးနဲ့နေရမှာ။
   သွားလည်း သိနေတယ်၊
   စားလည်း သိနေတယ်၊
   လုပ်လည်း သိနေတယ်၊
   ကိုင်လည်း သိနေတယ်၊
   သိ - သိပြီးတော့ နေရမယ်။

     အဲလို  ထိုင်လည်း ထိုင်နေတယ်၊
     သိလည်း  သိနေတယ်ပဲ၊
     လမ်းလျှောက်လည်း  လမ်းလျှောက်တယ်၊
     ကြိုးစားပြီး သိကြည့်ပါ၊
     အလေ့အကျင့်  ဖြစ်လာပါလိမ့်မယ်။
     စိတ်ဆိုတာ သိပ်မြန်တယ်၊
     အလေ့အကျင့် လုပ်ပေးရင် မှီတယ်။
    #အလေ့အကျင့်များရင် 
    #သဘာဝဖြစ်သွားပါတယ်။
.
.
.      { ဆရာတော်အရှင်တေဇနိယ-ရွှေဥမင် }
                              🙏 🙏 🙏 
                             Virgo Virgo

Saturday, April 13, 2024

ဝင်လေထွက်လေ ရှုမှတ်ခြင်းရဲ့အကျိုး

ဝင်လေထွက်လေ ရှု့မှတ်ခြင်းရဲ့အကျိုး
🌹🌹🌹🌹🌾🌾🌾🌹🌹🌹🌹

ဝင်လေထွက်လေလေးကို 
ရှု့မှတ်နေရင်း
ဒိဋ္ဌိသုံးမျိုး လုံးကွာနေပါတယ်။
ဒိဋ္ဌိကိုအထူးခွာနေစရာမလိုတော့ပါဘူး။

ဒိဋ္ဌိခွာပြီး ရှု့နေတဲ့ဝိပဿနာဟာအားကြီးတဲ့ ဝိပဿနာဖြစ်ပြီး နိဗ္ဗာန်ထိ ပို့ဆောင်ပါတယ်။

ဝင်လေထွက်လေရှု့ရင်း
ဒိဋ္ဌိ ဘယ်လိုခွာသလည်း ၊
ဘယ်လိုကွာနေသလည်း
မေးခဲ့သည်ရှိသော် 

ဝင်လာတဲ့လေကလေးသည်
နှာသီးဖျားကိုတိုးထိပြီး ပျက်သွားပါတယ်။
ပြန်ထွက်သွားတဲ့လေကလေးလည်း
နှာသီးဖျားကိုတိုးထိပြီး ပျက်သွားပါတယ်

ထိုကဲ့သို့အပျက်ကိုမြင်တိုင်းမြင်တိုင်း
ရုပ်နာမ်တွေကို ခိုင်တယ်မြဲတယ်လို့ယူ
ထားတဲ့ သဿတဒိဋ္ဌိ စင်ပါတယ်။

ဝင်လေထွက်လေနဲ့ နှာခေါင်းကရုပ်
သိနေတဲ့စိတ်ကလေးကနာမ်
ရုပ်နာမ် ပဲလို့သိရင်။

ရုပ်နာမ်အပေါ်မှာ ငါ သူတစ်ပါး
ယောကျားမိန်းမ ပုဂ္ဂိုလ်သတ္တဝါလို့
ယူထားတဲ့ သက္ကာယဒိဋ္ဌိ စင်ပါတယ်။

ဝင်လေလေးဟာ 
ဝင်လာပြီးပျက်သွားပေမဲ့
ထွက်လေကလေးက အစားထိုးပြီး 
ဖြစ်လာတာကိုသိရင် အပြတ်ယူတဲ့ 
ဥစ္ဆေဒဒိဋ္ဌိလည်း စင်ပါတယ်။

ရုပ်နာမ်တွေဟာ တစ်ခုဖြစ်လိုက် 
တစ်ခုပျက်လိုက်
တစ်ခုအစားထိုးလိုက်နဲ့
ဓမ္မအစဉ်တွေတန်းနေတာပါလား၊

ရုအ်နာမ်အကြောင်းအကျိုးတွေ 
အစဉ်တန်းနေတာပါလားလို့
အကြောင်းအကျိုးအပေါ် 
ဉာဏ်ရှင်းပြန်တော့
ဝီစိကိစ္ဆာ စင်ပါတယ်။

ဒါကြောင့် 
ဝင်လေထွက်လေရှု့မှတ်ခြင်းရဲ့
အကျိုးကျေးဇူးများလှပါတယ်။

တရားထိုင်တဲ့အခါ။
ဘာရှု့ရမှန်းမသိဘူးလို့ မငြီးပါနဲ့
အမေမွေးကထဲက သေတဲ့အထိ
မိမိနဲ့အတူရှိနေတဲ့ ဝင်လေ
ထွက်လေလေးကိုသာ
သတိကပ်၍ ရှု့မှတ်နေပါ  
 သွား ရပ် ထိုင် လျှောင်း
အရိယာပုဒ်တိုင်းမှာ ရှု့မှတ်လို့ရပါတယ်။

ကျန်တာတွေမရှု့ရတော့ဘူးလား 
လို့မေးရင် မိမိခန္ဓာမှာဘာပေါ်ပေါ်ရှု့
လို့ရပါတယ်။ အဖြစ်ကိုမြင်တိုင်း မြင်တိုင်း 
ဥစ္ဆေဒဒိဋ္ဌိစင်ပြီး
အပျက်ကို့မြင်တိုင်း 
သဿတ ဒိဋ္ဌိစင်ပါတယ်။

ဘာမှမပေါ်ရင် 
ဝင်လေထွက်လေလေးပဲမှတ်နေပါ
မိမိခန္ဓာကိုယ်ပေါ်ကပြလာရင်
 ပြတဲ့နေရာလေးကိုဉာဏ်ကလေးနဲ့ 
ကြည့်လိုက်ပါ။

ရှေ့ကပေါ်လာတာက အရှု့ခံပါ
နောက်ကသိပေးလိုက်တာက ရှု့တဲ့ဉာဏ်ပါ။

နောက်ကအရှု့ဉာဏ်လေးနဲ့
သိပေးလိုက်တိုင်း ရှေ့ကပေါ်နေတဲ့
ရုပ်နာမ်က ပျက်သွားပါတယ်။
 -------------------
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး

credit

Thursday, April 4, 2024

ကိုယ့်ကိုယ်ကိုဆုံးမဖို့မမေ့ပါနဲ့

ကိုယ့်ကိုယ်ကိုဆုံးမဖို့မမေ့ပါနဲ့
_________🌷🌾🌷__________

စိတ်၏ သဘာဝသည် မကောင်းမှုမှာ ပျော်မွေ့၏။ လူတိုင်းမဟုတ်သော်လည်း ဖြစ်တတ်သည့် သဘာဝတည်း။ ထို့ကြောင့် စိတ်ကို အလိုမလိုက်ရ။ စိတ်ကို အလိုလိုက်လျှင် ဒုစရိုက်သမားအဖြစ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။

စိတ်ကို အလိုမလိုက်မိဖို့အတွက် ကိုယ့်ကိုယ်ကို ဆုံးမဖို့ လို၏။ " ငါဟာ အသက်ကြီးလာသလို စိတ်နေသဘောထားလည်း ကြီးလာစေရမယ်၊ ငါသည် အရွယ် ရလာသလို အကျင့်သိက္ခာလည်း မြင့်မားလာစေရမယ်၊ ငါသည် အရိုးရင့်လာသလို အသိဉာဏ်လည်း ရင့်လာစေရမယ်" ဟု ကိုယ့်ကိုယ်ကို ဆုံးမရမည် ဖြစ်၏။

ကိုယ့်ကိုယ်ကို ဆုံးမမှလည်း ကိုယ့်ကိုယ်ကို ပြုပြင်မည် ဖြစ်၏။ ကိုယ့်ကိုယ်ကို ပြုပြင်မှလည်း လောဘ ဒေါသများ လျော့နည်းလာမည် ဖြစ်၏။ လောဘ ဒေါသများ လျော့နည်းမှလည်း စိတ်သည် ယဉ်ကျေးလာမည် ဖြစ်၏။ စိတ်က ယဉ်ကျေးမှလည်း ဘဝအထက်တန်းကို တက်လှမ်းနိုင်မည် ဖြစ်ပါ၏။

အရှင်ဟတ္တာရောဟ
------------------

သာဝတ္ထိမြို့၌ လူငယ်လေးတစ်ယောက် ရှိ၏။ သူ့ဖခင်သည် ဆင်ထိန်း အကြီးအကဲ ဖြစ်သောကြောင့် ဆင်ထိန်းအတတ်ပညာကို သင်ယူ၏။ လူငယ်လေးသည် ဆင်ထိန်းအတတ်ပညာ တတ်မြောက်သောအခါ ဆင်ရိုင်းများကို ဖမ်းဆီးပြီး ယဉ်ပါးအောင် လေ့ကျင့်ပေးလေတော့သည်။

တနေ့တွင် မြစ်ကမ်းပါးတစ်နေရာ၌ ဆင်ရိုင်းကို ယဉ်ပါးဖို့အတွက် နည်းဗျူဟာ အမျိုးမျိုး သုံးပြီး သွန်သင်ဆုံးမ၍ နေ၏။ ထိုအချိန်မှာပဲ သူ့စိတ်ထဲ အတွေးတစ်ခု ဝင်လာလေသည်။

" ငါဟာ ဆင်ရိုင်းတွေကို ယဉ်ကျေးအောင် ဆုံးမနေတယ်၊ ငါ့စိတ်ကကော ယဉ်ကျေးနေပြီလား၊ သူများကိုသာ ဆုံးမပြီး ကိုယ့်ကိုယ်ကို မဆုံးမဘူးဆိုရင် ကျုယျ့စိတျဟာ ယဉ်ကျေးလာမှာ မဟုတ်ဘူး၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုလည်း ဆုံးမဖို့ လိုတယ်" ။

ထိုအတွေးကြောင့် ဘုရားထံ သွားပြီး တရားနာလေတော့၏။ တရားနာပြီးသောအခါ " ကိုယ့်ကိုယ်ကို ဘယ်လို ဆုံးမရမယ်" ဆိုသည်ကို သဘောပေါက်သွားလေ၏။ ထို့နောက် အိမ်ရာတည်ထောင် လူတို့ဘောင်ကို စွန့်ခွါပြီး ရဟန်းဝတ်လိုက်လေတော့သည်။ အခြားရဟန်းများက သူ့ကို ဆင်ထိန်းဘဝမှ ရဟန်းဝတ်လာသူ ဖြစ်သောကြောင့် " ဟတ္ထာရောဟ" ခေါ်ကြလေ၏။ 

တနေ့တွင် အရှင်ဟတ္ထာရောဟသည် ဝိပဿနာတရားကို အပြင်းအထန် အားထုတ်လေ၏။ အချိန်တော်တော်ကြာလာသောအခါ စိတ်သည် ကမ္မဋ္ဌာန်း အာရုံမှ တခြားသို့ ထွက်၍ ထွက်၍ သွား၏။ စိတ်က ငြီးငွေ့သွားခြင်း ဖြစ်သည်။

ဤတွင် အရှင်ဟတ္တာရောဟသည် ဆင်ထိန်းဘဝတုန်းက ဆင်ကို ချွန်းဖြင့်အုပ်၍ ဆုံးမခဲ့ဖူးသည်ကို သတိရသွား၏။ ထို့ကြောင့် " စိတ်ဆိုတာ ဆင်ရိုင်းနှင့် တူတယ်၊ ဆင်ဘယ်လောက်ရိုင်းရိုင်း ချွန်းနှင့် ထိန်းရင် ရသလို စိတ်ဘယ်လောက်ရိုင်းရိုင်း ဉာဏ်နှင့် ထိန်းရင် ရမှာပဲ၊ ဒီတော့ စိတ်ကို နိုင်နင်းအောင် ထိန်းချုပ်မယ်" ဟု ကိုယ့်ကိုယ်ကို ဆုံးမ၍ အပြင်းအထန် အားထုတ်လေတော့၏။ 

အရှင်ဟတ္ထာရောဟသည် ကိုယ့်ကိုယ်ကို ဆုံးမပြီး တရားအားထုတ်သောအခါ သမာဓိ ရလာပြီး ဉာဏ်စဉ် တက်လာလေ၏။ ထို့နောက် ကိလေသာ အာသဝတရားများ ကုန်ခမ်းပြီး ရဟန္တာဖြစ်သွားလေတော့သည်။

ဤဖြစ်စဉ်ကို ကြည့်လျှင် အရှင်ဟတ္ထာရောဟသည် တရားအလုပ်ကို ငြီးငွေ့သောအခါ ကိုယ့်ကိုယ်ကို ဆုံးမပြီး တွန်းအားပေးသည်ကို တွေ့ရပေသည်။ ထို့ကြောင့် တရားအားထုတ်ခါစ အစပိုင်းမှာ အခက်အခဲတွေ့သော်လည်း နောက်ပိုင်းရသောအခါ တဖြေးဖြေး အဆင်ပြေလာပြီး ရဟန္တာအဖြစ်သို့ ရောက်ရှိသွားလေတော့သည်။

ဆုံးမခြင်းနှစ်မျိုး
----------------

ဆုံးမခြင်း နှစ်မျိုး ရှိ၏။ ကိုယ့်ကိုယ်ကို ဆုံးမခြင်းနှင့် သူများကို ဆုံးမခြင်းတို့တည်း။ ထိုနှစ်မျိုးတွင် ကိုယ့်ကိုယ်ကို ဆုံးမခြင်းက ပိုအရေးကြီး၏။ ဘာကြောင့်နည်း၊ ကိုယ့်ကိုယ်ကို ဆုံးမမှ ကိုယ့်ဘဝ တိုးတက်မည် ဖြစ်သောကြောင့်တည်း။

လောကမှာ အလွယ်ကူဆုံးအလုပ်ကို ပြောပါဆိုလျှင် သူများကို ဆုံးမခြင်း ဖြစ်၏။ မှန်၏။ သူများကို " လောဘ ဒေါသ မကြီးစေနဲ့၊ အတ္တမာနကို လျှော့ပါ၊ မေတ္တာနှင့်နေ၊ အမုန်းအာဃာတ မထားနဲ့၊ ခွင့်လွှတ်ပါ သည်းခံပါ" ဟု ဆုံးမရသည်မှာ လွယ်ကူလှ၏။ သို့သော် ကိုယ့်ကိုယ်ကို ဆုံးမကြည့်ပါ။ အပြောလွယ်သလောက် အလုပ်ခက်ကြောင်း တွေ့ရမည် ဖြစ်ပေသည်။ 

ထို့ကြောင့် မြတ်စွာဘုရားက " အတ္တာ ဟိ ကိရ ဒုဒ္ဒမော - ကိုယ့်ကိုယ်ကို ဆုံးမရတာ အခက်ဆုံး" ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် ဘယ်လိုပင် ခက်ခက် ကိုယ့်ဘဝ တိုးတက်ချင်လျှင်တော့ ကိုယ့်ကိုယ်ကို ဆုံးမရမည်ပင် ဖြစ်၏။ ကိုယ့်ကိုယ်ကို ဆုံးမမှလည်း ကိုယ့်ကိုယ်ကို ပြုပြင်မည် ဖြစ်၏။ ကိုယ့်ကိုယ်ကို ပြုပြင်မှလည်း ကိုယ့်ဘဝသည် ကောင်းသထက် ကောင်းလာမည် ဖြစ်ပါပေ၏။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_____________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

Monday, April 1, 2024

အိမ်တွင်းဝိပဿနာ

အိမ်တွင်းဝိပဿနာ
_____🌹🌹🌹______

ဝိပဿနာဆိုသည်ကား စိတ်အလုပ်တည်း။ ထို့ကြောင့် ဝိပဿနာ အားထုတ်သည့်အခါ ခန္ဓာထဲ စိတ်ပို့ပြီး သတိကပ်ထားရ၏။ တည်ငြိမ်အောင်လည်း ကြိုးစားရ၏။ ဉာဏ်နှင့်လည်း ကြည့်ရ၏။ အရှိန်ရလာသောအခါ စိတ်သည် လေငြိမ်ရာအရပ်မှာ ထွန်းထားသည့် ဖယောင်းမီးကဲ့သို့ ငြိမ်နေတော့၏။

စိတ်ငြိမ်လျှင် လောဘ ဒေါသများ ဖြစ်ခွင့် မရှိတော့ပေ။ လောဘ ဒေါသများ ဖြစ်ခွင့် မရှိသောအခါ စိတ်သည် ငြိမ်းအေးသွားတော့၏။ ထို့ကြောင့် ယောဂီသူတော်စင်တို့သည် တရားထိုင်ပြီးသောအခါ " အော် ... ချမ်းသာလေစွာ့တကား " ဟု ပြောကြခြင်း ဖြစ်ပေသည်။

တချို့ကား ဝိပဿနာဆိုသည်မှာ ရိပ်သာတို့ တရားစခန်းတို့မှာ အားထုတ်ရသော တရားဟု ထင်နေဟန်တူ၏။ တကယ်တော့ ဝိပဿနာဆိုသည်ကား စိပ်ပုတီးနှင့် ရိပ်ကြီးခိုသူတို့အတွက်သာ မဟုတ်ပေ၊  အိမ်မှာနေကြသည့် လူသားတို့အတွက်လည်း အသုံးဝင်သည့် တရား ဖြစ်ပေသည်။

အနာဂါမ် အိမ်ရှင်မ
--------------

ကောဏဂုံ ဘုရားလက်ထက်က သဒ်ဓါထကျသနျသော အမျိုးသမီးတစ်ယောက် ရှိ၏။ တနေ့တွင် ထိုမျိုးကောင်းသမီးလေးသည် မိမိအိမ်သို့ ဆွမ်းဘုဉ်းပေးကြွတော်မူ ပါရန် ကောဏဂုံဘုရားကို ပင့်လျှောက်လေ၏။ မြတ်စွာဘုရားက လက်ခံတော်မူ၏။

ထို့နောက် အိမ်ပြန်လာပြီး အိမ်ရှေ့၌ မဏ္ဍပ်ကို ထိုး၏။ မဏ္ဍပ်အောက်ရှိ မြေညီညီတွင် သဲဖြူများခင်း၏။ အထက်တွင် ပိတ် မျက်နှာကျက်တပ်ကာ ပန်းနံ့သာ စသော ပူဇော်ဖွယ်ပစ္စည်းများကို အသင့်ပြင်ဆင်၍ ထား၏။

နောက်တစ်နေ့နံနက် ရောက်သော် ကောဏဂုံမြတ်စွာဘုရားသည် အမျိုးသမီးလေး၏ မဏ္ဍပ်သို့ ကြွတော်မူလာကာ ခင်းထားပြီးသော နေရာ၌ ထိုင်တော်မူ၏။ အမျိုးသမီးလေးသည် ဝမ်းသာအားရ ဖြစ်နေ၏။ ဆွမ်းလည်း ကပ်၏။ သင်္ကန်းလည်း လှူ၏။

ထို့နောက် ကောဏဂုံဘုရားက တရားဟော၏။ တရားကို စူးစိုက်ပြီး နာယူလေ၏။ တရားဟောပြီးသည့်နောက် ပြန်ကြွတော်မူလေသည်။ ထိုအချိန်မှ စပြီး အသက်ထက်ဆုံး ကောင်းမှု လုပ်လေတော့၏။

ထိုအမျိုးသမီးလေးသည် ဘဝအမျိုးမျိုး ကျင်လည်ပြီးနောက် ဘုရားဂေါတမ လက်ထက်တော်တွင်  ဝေသာလီမြို့၌ သူဌေးသမီး ဖြစ်ခဲ့လေသည်။ နာမည်ကား ထေရိကာ ဖြစ်၏။ အရွယ်ရောက်သောအခါ မင်းသားတစ်ပါးနှင့် အကြောင်းပါပြီး မင်းသားအိမ် လိုက်သွားရလေသည်။

တနေ့တွင် မဟာပဇာပတိဂေါတမီထံ သွားပြီး တရားနာ၏။  တရားနာကြားပြီး ရဟန်းပြုလိုစိတ် ပေါ်လာ၏။ ထို့ကြောင့် မင်းသားကို ဘိက္ခုနီ ( အမျိုးသမီးရဟန်း) ဝတ်ဖို့ ခွင့်တောင်းလေ၏။ သို့သော် မင်းသားက ခွင့်မပြုချေ။ ထို့ကြောင့် နေအိမ်မှာတွင် ဝိပဿနာ အားထုတ်လေတော့၏။

တနေ့တွင် စားဖိုရုံ၌ ဟင်းများချက်နေစဉ် မီးတောက် မီးလျှံများ တက်လာ၏။ မီးတောက်မီးလျှံတို့သည် အိုးတစ်ခုလုံးကို ဖြစ်ဖြစ် မြည်အောင် တောက်လောင်နေကြ၏။ ထေရိကာသည် ထိုမီးတောက်မီးလျှံများကို ခဏမစဲ တဖွဲဖွဲ ဖြစ်လာပြီးနောက် ချုပ်ပျောက်ပျက်စီး၍ သွားရသော အနိစ္စလက္ခဏာကို ဆင်ခြင်ပွားများလေ၏။ ထို့နောက် မိမ်ခန္ဓာ၏ ဖြစ်ပြီး ပျက်ရသည့် သဘာဝလေးကို စိုက်ပြီး ရှုမှတ်၏။ 

ထိုသို့ရှုရင်းဖြင့် ဉာဏ်စဉ်တက်ကာ သောတာပန် ဖြစ်သွားလေတော့သည်။ ဆက်လက်ပြီး ရှုမှတ်၏။ သကဒါဂါမ် ဖြစ်သွား၏။ ဆက်လက်ပြီး ရှုမှတ်၏။ အနာဂါမ်အဖြစ်သို့ ရောက်ရှိသွားလေတော့သည်။

ထိုအချိန်မှစ၍ ထေရိကာသည် အလှအပ အဆင်းတန်ဆာတို့ကို မဝတ်မဆင် တော့ချေ။ မင်းသားက အကြောင်းကို မေးမြန်းလေရာ လူ့ဘဝ၌ နေ၍ မသင့်လျော်တော့ကြောင်းကို ပြောပြ၏။ ထိုအခါကျမှ မင်းသားသည် ဘိက္ခုနီဝတ်ဖို့ ခွင့်ပြုလေသည်။

ထေရိကာသည် ဝမ်းသာအားရ ဖြစ်ပြီး 
မဟာပဇာပတိဂေါတမီထံ ဘိက္ခုနီ ဝတ်လိုက်လေသည်။ ထို့နောက် ဘုရားကို သွားရောက်ဖူးမျှော်လေ၏။ မြတ်စွာဘုရားက တရားဟောသောအခါ တရား၏အဆုံး၌ ကိလေသာကုန်ခမ်းပြီး ရဟန္တာမကြီးအဖြစ်သို့ ရောက်ရှိသွားလေတော့သည်။

ဤဖြစ်စဉ်ကို ကြည့်ပါက ထေရိကာသည် အိမ်ရှင်မဘဝနှင့် အနာဂါမ်ဖြစ်သွားကြောင်း တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် ဝိပဿနာဆိုသည်ကား အိမ်မှုကိစ္စလုပ်ရင်း အားထုတ်လို့ ရသည့်အတွက် အလွန်လွယ်ကူသော တရားဟု ဆိုရမည် ဖြစ်ပေသည်။ သို့သော် ရချင်စိတ် ရှိဖို့တော့ လို၏။ သို့မှသာ ကြိုးစားပမ်းစား အားထုတ်မည် ဖြစ်ပါ၏။

ပုံမှန်လုပ်လျှင် မခဲယဉ်းပါ
--------------------------

အိန္ဒိယနိုင်ငံမှ ဝိပဿနာတရားပြဆရာကြီး ဦးဂိုအင်ဂါဆိုလျှင် အကျဉ်းထောင်ထဲထိ သွားရောက်ပြီး တရားပြခဲ့လေသည်။ အကျဉ်းသားများသည် ဝိပဿနာ တရားကို စိတ်ပါလက်ပါ အားထုတ်ကြ၏။ အံ့သြဘွယ်ပင် ဖြစ်သည်။

ဝိပဿနာအလုပ်သည် အစပိုင်းမှာ ခဲယဉ်း၏။ သို့သော် အလေ့အကျင့်ရှိလျှင် မခဲယဉ်းတော့ပါ။  ထို့ကြောင့် ဝေဘူဆရာတော်ကြီးက " ရှေ့မှာရောက်နေတဲ့ ထမင်းပွဲ ထိုင်စားရတာ၊ တည်ထားတဲ့ ရေအိုးမှာ ခပ်ပြီး သောက်ရတာကမှ ခက်ပါသေးတယ်၊ ကြာပါသေးတယ်၊ ရုပ်ပေါ် နာမ်ပေါ်မှာ ထားရတာ အလုပ်လဲ မပျက်၊ ငွေလဲ မကုန်၊ လူလဲ မပန်း၊ နေရာလဲ မရွေးရ၊ လွယ်လိုက်တာဗျာ၊ လွယ်လိုက်တာမှ အင်မတန် လွယ်တာဗျာ့" ဟု မိန့်တော်မူခဲ့လေသည်။

ဘယ်လောက်ပဲ အလုပ်ရှုတ်ရှုတ် လူတစ်ယောက်မှာ နားချိန်ဆိုသည်မှာ ရှိပါ၏။ ယင်းနားချိန်လေမှာ တစ်နာရီဖြစ်စေ, နာရီဝက်ဖြစ်စေ, ဝိပဿနာတရားကို ပုံမှန် အားထုတ်သင့်လှပေသည်။  သို့မှသာ သောကနည်းပြီး အပူအပင် ကင်းသည့် ဘဝကို တည်ဆောက်နိုင်မည် ဖြစ်ပါ၏။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
___________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ