ကိုယ့်ကိုယ်ကိုဆုံးမဖို့မမေ့ပါနဲ့
_________🌷🌾🌷__________
စိတ်၏ သဘာဝသည် မကောင်းမှုမှာ ပျော်မွေ့၏။ လူတိုင်းမဟုတ်သော်လည်း ဖြစ်တတ်သည့် သဘာဝတည်း။ ထို့ကြောင့် စိတ်ကို အလိုမလိုက်ရ။ စိတ်ကို အလိုလိုက်လျှင် ဒုစရိုက်သမားအဖြစ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
စိတ်ကို အလိုမလိုက်မိဖို့အတွက် ကိုယ့်ကိုယ်ကို ဆုံးမဖို့ လို၏။ " ငါဟာ အသက်ကြီးလာသလို စိတ်နေသဘောထားလည်း ကြီးလာစေရမယ်၊ ငါသည် အရွယ် ရလာသလို အကျင့်သိက္ခာလည်း မြင့်မားလာစေရမယ်၊ ငါသည် အရိုးရင့်လာသလို အသိဉာဏ်လည်း ရင့်လာစေရမယ်" ဟု ကိုယ့်ကိုယ်ကို ဆုံးမရမည် ဖြစ်၏။
ကိုယ့်ကိုယ်ကို ဆုံးမမှလည်း ကိုယ့်ကိုယ်ကို ပြုပြင်မည် ဖြစ်၏။ ကိုယ့်ကိုယ်ကို ပြုပြင်မှလည်း လောဘ ဒေါသများ လျော့နည်းလာမည် ဖြစ်၏။ လောဘ ဒေါသများ လျော့နည်းမှလည်း စိတ်သည် ယဉ်ကျေးလာမည် ဖြစ်၏။ စိတ်က ယဉ်ကျေးမှလည်း ဘဝအထက်တန်းကို တက်လှမ်းနိုင်မည် ဖြစ်ပါ၏။
အရှင်ဟတ္တာရောဟ
------------------
သာဝတ္ထိမြို့၌ လူငယ်လေးတစ်ယောက် ရှိ၏။ သူ့ဖခင်သည် ဆင်ထိန်း အကြီးအကဲ ဖြစ်သောကြောင့် ဆင်ထိန်းအတတ်ပညာကို သင်ယူ၏။ လူငယ်လေးသည် ဆင်ထိန်းအတတ်ပညာ တတ်မြောက်သောအခါ ဆင်ရိုင်းများကို ဖမ်းဆီးပြီး ယဉ်ပါးအောင် လေ့ကျင့်ပေးလေတော့သည်။
တနေ့တွင် မြစ်ကမ်းပါးတစ်နေရာ၌ ဆင်ရိုင်းကို ယဉ်ပါးဖို့အတွက် နည်းဗျူဟာ အမျိုးမျိုး သုံးပြီး သွန်သင်ဆုံးမ၍ နေ၏။ ထိုအချိန်မှာပဲ သူ့စိတ်ထဲ အတွေးတစ်ခု ဝင်လာလေသည်။
" ငါဟာ ဆင်ရိုင်းတွေကို ယဉ်ကျေးအောင် ဆုံးမနေတယ်၊ ငါ့စိတ်ကကော ယဉ်ကျေးနေပြီလား၊ သူများကိုသာ ဆုံးမပြီး ကိုယ့်ကိုယ်ကို မဆုံးမဘူးဆိုရင် ကျုယျ့စိတျဟာ ယဉ်ကျေးလာမှာ မဟုတ်ဘူး၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုလည်း ဆုံးမဖို့ လိုတယ်" ။
ထိုအတွေးကြောင့် ဘုရားထံ သွားပြီး တရားနာလေတော့၏။ တရားနာပြီးသောအခါ " ကိုယ့်ကိုယ်ကို ဘယ်လို ဆုံးမရမယ်" ဆိုသည်ကို သဘောပေါက်သွားလေ၏။ ထို့နောက် အိမ်ရာတည်ထောင် လူတို့ဘောင်ကို စွန့်ခွါပြီး ရဟန်းဝတ်လိုက်လေတော့သည်။ အခြားရဟန်းများက သူ့ကို ဆင်ထိန်းဘဝမှ ရဟန်းဝတ်လာသူ ဖြစ်သောကြောင့် " ဟတ္ထာရောဟ" ခေါ်ကြလေ၏။
တနေ့တွင် အရှင်ဟတ္ထာရောဟသည် ဝိပဿနာတရားကို အပြင်းအထန် အားထုတ်လေ၏။ အချိန်တော်တော်ကြာလာသောအခါ စိတ်သည် ကမ္မဋ္ဌာန်း အာရုံမှ တခြားသို့ ထွက်၍ ထွက်၍ သွား၏။ စိတ်က ငြီးငွေ့သွားခြင်း ဖြစ်သည်။
ဤတွင် အရှင်ဟတ္တာရောဟသည် ဆင်ထိန်းဘဝတုန်းက ဆင်ကို ချွန်းဖြင့်အုပ်၍ ဆုံးမခဲ့ဖူးသည်ကို သတိရသွား၏။ ထို့ကြောင့် " စိတ်ဆိုတာ ဆင်ရိုင်းနှင့် တူတယ်၊ ဆင်ဘယ်လောက်ရိုင်းရိုင်း ချွန်းနှင့် ထိန်းရင် ရသလို စိတ်ဘယ်လောက်ရိုင်းရိုင်း ဉာဏ်နှင့် ထိန်းရင် ရမှာပဲ၊ ဒီတော့ စိတ်ကို နိုင်နင်းအောင် ထိန်းချုပ်မယ်" ဟု ကိုယ့်ကိုယ်ကို ဆုံးမ၍ အပြင်းအထန် အားထုတ်လေတော့၏။
အရှင်ဟတ္ထာရောဟသည် ကိုယ့်ကိုယ်ကို ဆုံးမပြီး တရားအားထုတ်သောအခါ သမာဓိ ရလာပြီး ဉာဏ်စဉ် တက်လာလေ၏။ ထို့နောက် ကိလေသာ အာသဝတရားများ ကုန်ခမ်းပြီး ရဟန္တာဖြစ်သွားလေတော့သည်။
ဤဖြစ်စဉ်ကို ကြည့်လျှင် အရှင်ဟတ္ထာရောဟသည် တရားအလုပ်ကို ငြီးငွေ့သောအခါ ကိုယ့်ကိုယ်ကို ဆုံးမပြီး တွန်းအားပေးသည်ကို တွေ့ရပေသည်။ ထို့ကြောင့် တရားအားထုတ်ခါစ အစပိုင်းမှာ အခက်အခဲတွေ့သော်လည်း နောက်ပိုင်းရသောအခါ တဖြေးဖြေး အဆင်ပြေလာပြီး ရဟန္တာအဖြစ်သို့ ရောက်ရှိသွားလေတော့သည်။
ဆုံးမခြင်းနှစ်မျိုး
----------------
ဆုံးမခြင်း နှစ်မျိုး ရှိ၏။ ကိုယ့်ကိုယ်ကို ဆုံးမခြင်းနှင့် သူများကို ဆုံးမခြင်းတို့တည်း။ ထိုနှစ်မျိုးတွင် ကိုယ့်ကိုယ်ကို ဆုံးမခြင်းက ပိုအရေးကြီး၏။ ဘာကြောင့်နည်း၊ ကိုယ့်ကိုယ်ကို ဆုံးမမှ ကိုယ့်ဘဝ တိုးတက်မည် ဖြစ်သောကြောင့်တည်း။
လောကမှာ အလွယ်ကူဆုံးအလုပ်ကို ပြောပါဆိုလျှင် သူများကို ဆုံးမခြင်း ဖြစ်၏။ မှန်၏။ သူများကို " လောဘ ဒေါသ မကြီးစေနဲ့၊ အတ္တမာနကို လျှော့ပါ၊ မေတ္တာနှင့်နေ၊ အမုန်းအာဃာတ မထားနဲ့၊ ခွင့်လွှတ်ပါ သည်းခံပါ" ဟု ဆုံးမရသည်မှာ လွယ်ကူလှ၏။ သို့သော် ကိုယ့်ကိုယ်ကို ဆုံးမကြည့်ပါ။ အပြောလွယ်သလောက် အလုပ်ခက်ကြောင်း တွေ့ရမည် ဖြစ်ပေသည်။
ထို့ကြောင့် မြတ်စွာဘုရားက " အတ္တာ ဟိ ကိရ ဒုဒ္ဒမော - ကိုယ့်ကိုယ်ကို ဆုံးမရတာ အခက်ဆုံး" ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် ဘယ်လိုပင် ခက်ခက် ကိုယ့်ဘဝ တိုးတက်ချင်လျှင်တော့ ကိုယ့်ကိုယ်ကို ဆုံးမရမည်ပင် ဖြစ်၏။ ကိုယ့်ကိုယ်ကို ဆုံးမမှလည်း ကိုယ့်ကိုယ်ကို ပြုပြင်မည် ဖြစ်၏။ ကိုယ့်ကိုယ်ကို ပြုပြင်မှလည်း ကိုယ့်ဘဝသည် ကောင်းသထက် ကောင်းလာမည် ဖြစ်ပါပေ၏။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_____________________
#အင်ကြင်းမြိုင်ဆရာတော်
No comments:
Post a Comment