အိမ်တွင်းဝိပဿနာ
_____🌹🌹🌹______
ဝိပဿနာဆိုသည်ကား စိတ်အလုပ်တည်း။ ထို့ကြောင့် ဝိပဿနာ အားထုတ်သည့်အခါ ခန္ဓာထဲ စိတ်ပို့ပြီး သတိကပ်ထားရ၏။ တည်ငြိမ်အောင်လည်း ကြိုးစားရ၏။ ဉာဏ်နှင့်လည်း ကြည့်ရ၏။ အရှိန်ရလာသောအခါ စိတ်သည် လေငြိမ်ရာအရပ်မှာ ထွန်းထားသည့် ဖယောင်းမီးကဲ့သို့ ငြိမ်နေတော့၏။
စိတ်ငြိမ်လျှင် လောဘ ဒေါသများ ဖြစ်ခွင့် မရှိတော့ပေ။ လောဘ ဒေါသများ ဖြစ်ခွင့် မရှိသောအခါ စိတ်သည် ငြိမ်းအေးသွားတော့၏။ ထို့ကြောင့် ယောဂီသူတော်စင်တို့သည် တရားထိုင်ပြီးသောအခါ " အော် ... ချမ်းသာလေစွာ့တကား " ဟု ပြောကြခြင်း ဖြစ်ပေသည်။
တချို့ကား ဝိပဿနာဆိုသည်မှာ ရိပ်သာတို့ တရားစခန်းတို့မှာ အားထုတ်ရသော တရားဟု ထင်နေဟန်တူ၏။ တကယ်တော့ ဝိပဿနာဆိုသည်ကား စိပ်ပုတီးနှင့် ရိပ်ကြီးခိုသူတို့အတွက်သာ မဟုတ်ပေ၊ အိမ်မှာနေကြသည့် လူသားတို့အတွက်လည်း အသုံးဝင်သည့် တရား ဖြစ်ပေသည်။
အနာဂါမ် အိမ်ရှင်မ
--------------
ကောဏဂုံ ဘုရားလက်ထက်က သဒ်ဓါထကျသနျသော အမျိုးသမီးတစ်ယောက် ရှိ၏။ တနေ့တွင် ထိုမျိုးကောင်းသမီးလေးသည် မိမိအိမ်သို့ ဆွမ်းဘုဉ်းပေးကြွတော်မူ ပါရန် ကောဏဂုံဘုရားကို ပင့်လျှောက်လေ၏။ မြတ်စွာဘုရားက လက်ခံတော်မူ၏။
ထို့နောက် အိမ်ပြန်လာပြီး အိမ်ရှေ့၌ မဏ္ဍပ်ကို ထိုး၏။ မဏ္ဍပ်အောက်ရှိ မြေညီညီတွင် သဲဖြူများခင်း၏။ အထက်တွင် ပိတ် မျက်နှာကျက်တပ်ကာ ပန်းနံ့သာ စသော ပူဇော်ဖွယ်ပစ္စည်းများကို အသင့်ပြင်ဆင်၍ ထား၏။
နောက်တစ်နေ့နံနက် ရောက်သော် ကောဏဂုံမြတ်စွာဘုရားသည် အမျိုးသမီးလေး၏ မဏ္ဍပ်သို့ ကြွတော်မူလာကာ ခင်းထားပြီးသော နေရာ၌ ထိုင်တော်မူ၏။ အမျိုးသမီးလေးသည် ဝမ်းသာအားရ ဖြစ်နေ၏။ ဆွမ်းလည်း ကပ်၏။ သင်္ကန်းလည်း လှူ၏။
ထို့နောက် ကောဏဂုံဘုရားက တရားဟော၏။ တရားကို စူးစိုက်ပြီး နာယူလေ၏။ တရားဟောပြီးသည့်နောက် ပြန်ကြွတော်မူလေသည်။ ထိုအချိန်မှ စပြီး အသက်ထက်ဆုံး ကောင်းမှု လုပ်လေတော့၏။
ထိုအမျိုးသမီးလေးသည် ဘဝအမျိုးမျိုး ကျင်လည်ပြီးနောက် ဘုရားဂေါတမ လက်ထက်တော်တွင် ဝေသာလီမြို့၌ သူဌေးသမီး ဖြစ်ခဲ့လေသည်။ နာမည်ကား ထေရိကာ ဖြစ်၏။ အရွယ်ရောက်သောအခါ မင်းသားတစ်ပါးနှင့် အကြောင်းပါပြီး မင်းသားအိမ် လိုက်သွားရလေသည်။
တနေ့တွင် မဟာပဇာပတိဂေါတမီထံ သွားပြီး တရားနာ၏။ တရားနာကြားပြီး ရဟန်းပြုလိုစိတ် ပေါ်လာ၏။ ထို့ကြောင့် မင်းသားကို ဘိက္ခုနီ ( အမျိုးသမီးရဟန်း) ဝတ်ဖို့ ခွင့်တောင်းလေ၏။ သို့သော် မင်းသားက ခွင့်မပြုချေ။ ထို့ကြောင့် နေအိမ်မှာတွင် ဝိပဿနာ အားထုတ်လေတော့၏။
တနေ့တွင် စားဖိုရုံ၌ ဟင်းများချက်နေစဉ် မီးတောက် မီးလျှံများ တက်လာ၏။ မီးတောက်မီးလျှံတို့သည် အိုးတစ်ခုလုံးကို ဖြစ်ဖြစ် မြည်အောင် တောက်လောင်နေကြ၏။ ထေရိကာသည် ထိုမီးတောက်မီးလျှံများကို ခဏမစဲ တဖွဲဖွဲ ဖြစ်လာပြီးနောက် ချုပ်ပျောက်ပျက်စီး၍ သွားရသော အနိစ္စလက္ခဏာကို ဆင်ခြင်ပွားများလေ၏။ ထို့နောက် မိမ်ခန္ဓာ၏ ဖြစ်ပြီး ပျက်ရသည့် သဘာဝလေးကို စိုက်ပြီး ရှုမှတ်၏။
ထိုသို့ရှုရင်းဖြင့် ဉာဏ်စဉ်တက်ကာ သောတာပန် ဖြစ်သွားလေတော့သည်။ ဆက်လက်ပြီး ရှုမှတ်၏။ သကဒါဂါမ် ဖြစ်သွား၏။ ဆက်လက်ပြီး ရှုမှတ်၏။ အနာဂါမ်အဖြစ်သို့ ရောက်ရှိသွားလေတော့သည်။
ထိုအချိန်မှစ၍ ထေရိကာသည် အလှအပ အဆင်းတန်ဆာတို့ကို မဝတ်မဆင် တော့ချေ။ မင်းသားက အကြောင်းကို မေးမြန်းလေရာ လူ့ဘဝ၌ နေ၍ မသင့်လျော်တော့ကြောင်းကို ပြောပြ၏။ ထိုအခါကျမှ မင်းသားသည် ဘိက္ခုနီဝတ်ဖို့ ခွင့်ပြုလေသည်။
ထေရိကာသည် ဝမ်းသာအားရ ဖြစ်ပြီး
မဟာပဇာပတိဂေါတမီထံ ဘိက္ခုနီ ဝတ်လိုက်လေသည်။ ထို့နောက် ဘုရားကို သွားရောက်ဖူးမျှော်လေ၏။ မြတ်စွာဘုရားက တရားဟောသောအခါ တရား၏အဆုံး၌ ကိလေသာကုန်ခမ်းပြီး ရဟန္တာမကြီးအဖြစ်သို့ ရောက်ရှိသွားလေတော့သည်။
ဤဖြစ်စဉ်ကို ကြည့်ပါက ထေရိကာသည် အိမ်ရှင်မဘဝနှင့် အနာဂါမ်ဖြစ်သွားကြောင်း တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် ဝိပဿနာဆိုသည်ကား အိမ်မှုကိစ္စလုပ်ရင်း အားထုတ်လို့ ရသည့်အတွက် အလွန်လွယ်ကူသော တရားဟု ဆိုရမည် ဖြစ်ပေသည်။ သို့သော် ရချင်စိတ် ရှိဖို့တော့ လို၏။ သို့မှသာ ကြိုးစားပမ်းစား အားထုတ်မည် ဖြစ်ပါ၏။
ပုံမှန်လုပ်လျှင် မခဲယဉ်းပါ
--------------------------
အိန္ဒိယနိုင်ငံမှ ဝိပဿနာတရားပြဆရာကြီး ဦးဂိုအင်ဂါဆိုလျှင် အကျဉ်းထောင်ထဲထိ သွားရောက်ပြီး တရားပြခဲ့လေသည်။ အကျဉ်းသားများသည် ဝိပဿနာ တရားကို စိတ်ပါလက်ပါ အားထုတ်ကြ၏။ အံ့သြဘွယ်ပင် ဖြစ်သည်။
ဝိပဿနာအလုပ်သည် အစပိုင်းမှာ ခဲယဉ်း၏။ သို့သော် အလေ့အကျင့်ရှိလျှင် မခဲယဉ်းတော့ပါ။ ထို့ကြောင့် ဝေဘူဆရာတော်ကြီးက " ရှေ့မှာရောက်နေတဲ့ ထမင်းပွဲ ထိုင်စားရတာ၊ တည်ထားတဲ့ ရေအိုးမှာ ခပ်ပြီး သောက်ရတာကမှ ခက်ပါသေးတယ်၊ ကြာပါသေးတယ်၊ ရုပ်ပေါ် နာမ်ပေါ်မှာ ထားရတာ အလုပ်လဲ မပျက်၊ ငွေလဲ မကုန်၊ လူလဲ မပန်း၊ နေရာလဲ မရွေးရ၊ လွယ်လိုက်တာဗျာ၊ လွယ်လိုက်တာမှ အင်မတန် လွယ်တာဗျာ့" ဟု မိန့်တော်မူခဲ့လေသည်။
ဘယ်လောက်ပဲ အလုပ်ရှုတ်ရှုတ် လူတစ်ယောက်မှာ နားချိန်ဆိုသည်မှာ ရှိပါ၏။ ယင်းနားချိန်လေမှာ တစ်နာရီဖြစ်စေ, နာရီဝက်ဖြစ်စေ, ဝိပဿနာတရားကို ပုံမှန် အားထုတ်သင့်လှပေသည်။ သို့မှသာ သောကနည်းပြီး အပူအပင် ကင်းသည့် ဘဝကို တည်ဆောက်နိုင်မည် ဖြစ်ပါ၏။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
___________________
#အင်ကြင်းမြိုင်ဆရာတော်
No comments:
Post a Comment