စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, March 22, 2024

မာနဖြစ်တယ်ဆိုတာ

မာနဖြစ်တယ်ဆိုတာ
_____🌷🌾🌷______

ဦးဇင်း စဉ်းစားမိတာ တစ်ခုက 
မာနဖြစ်တယ်ဆိုတာ တကယ်တန်းက ကိုယ့်ဘဝရဲ့အခြေအနေမှန်ကို နားမလည်လို့ ဖြစ်ရတဲ့ သဘာဝလို့ ထင်တယ်။ ဟုတ်လား။

အမှန်တရားကိုသာ တကယ် သိမယ်ဆိုရင် မာနဖြစ်စရာ ဘာမှ မရှိပါလားဆိုတာကို အလိုလို ရှင်းမယ်ပေါ့ စိတ်ထဲက။

ဆိုကြပါစို့ ဒါယကာ ဒါယိကာမတို့ 
ဦးဇင်းတို့တစ် တွေ တစ်စုံတစ်ခုသော အကြောင်းကြောင့် ကိုယ့်ကိုယ်ကို မာနဖြစ်တယ် လို့ သိရပြီဆိုလို့ရှိရင် အဲဒီအကြောင်းတရားကို သေသေချာချာ စီစစ်ကြည့်ပါ။ 

ဥပမာ "ပိုက်ဆံတွေ သူများထက် ပေါလို့ ငါ မာနတက် နေတာလား"လို့ စဉ်းစားကြည့်။ 
ပညာတွေ တတ်လို့ မာနဖြစ် နေတာလား။ ရုပ်ရည်လှပတင့်တယ်လို့ မာန ဖြစ်နေတာလား ။အစစအရာရာ သူများထက်သာလို့ 
မာနဖြစ်နေတာလား။ စဉ်းစားကြည့်ပေါ့နော်။

အဲလို စဉ်းစားကြည့်လို့ "သြော် အဲဒီလို သာတဲ့ အချက်တွေကြောင့် ငါ့မှာမာန်မာန ဖြစ်နေတာ"လို့ တကယ်လို့ သိခဲ့မယ်ဆိုရင် "အဲဒီ သာနေတဲ့ အချက်တွေဟာ 
ကိုယ့်ဘဝ အခက်အခဲ ပြဿနာတွေကို တကယ် ရှင်းနိုင်ရဲ့လား"လို့ ထပ်ပြီးတော့ စဉ်းစားကြည့်။

ဘဝမှာ ငွေကြေးနဲ့ မရှင်းနိုင်တဲ့ ပြဿနာတွေ, တတ်ထား တဲ့ ပညာနဲ့ ပြဿနာတွေ။ ဒါတွေကသာလျှင် တကယ်တန်းက အပုံကြီး များတာနော်။ 

ဘဝခန္ဓာဆိုတာ တစ်နေ့ကျရင် 
နာကျင်ကိုက်ခဲမူ,အခံခက်မူ။
ဒုက္ခဝေဒနာတွေနဲ့ နပန်းလုံးရမယ့် 
အနေအထား။ ပြီးရင် မစွန့်ချင် စွန့်ချင်နဲ့ အားလုံးကို စွန့်ပစ်ပြီးတော့
ပျက်စီးရမယ့်, သေဆုံးရမယ့်
အနေအထား။ဟုတ်တယ် မဟုတ်လား။

အဲဒီအချိန်မှာ ဒါယကာ ဒါယိကာမတို့ ဦးဇင်းတို့ ပိုက်ဆံရှိရှိ မရှိရှိ ,
ပညာတတ်တတ် မတတ်တတ်
ရင်ဆိုင်နိုင်တဲ့ အစွမ်းသတ္တိသာ 
မရှိဘူးဆိုရင် အကုန်လုံးဟာ သနားစရာ အဆင်မပြေဖြစ်ကြမယ့် သတ္တဝါချည်းပဲ။ 
ဟုတ်တယ် မဟုတ်လား။

အဲတော့ ကိုယ်မာနကြီးနေတဲ့ အကြောင်းတရားက အဲဒီ ပြဿနာကို ရှင်းနိုင်သလား?
မရှင်းနိုင်ဘူး။

ထင်နေတာနော်,လူတွေက။ လူတွေက ထင်နေတာ။ တကယ့်တကယ်က အကုန်လုံးဟာ ပြဿနာခဲတွေ ချည်းပဲ။ ပြဿနာထုပ်တွေပဲ။
အကုန်လုံးဟာ ဒုက္ခသည်တွေပဲ။ 
မဖြေရှင်းရသေးတဲ့ ပြဿနာတန်းလန်းနဲ့ နေကြရတဲ့ သတ္တဝါတွေပဲ။

အဲဒီတော့ ကိုယ့်အခြေအနေမှန်ကို 
ကိုယ်မသိလို့သာလျှင်
မာန်မာနဆိုတာ ဖြစ်ကြတာ။

ဒါကြောင့် ကိုယ့်ရဲ့အခြေအနေမှန်ကို တတ်နိုင်သမျှ ကျယ်ကျယ် ပြန့်ပြန့် စေ့စေ့စုံစုံ သိအောင် ကြိုးစားအားထုတ်ကြည့်။ ဟုတ်လား။

သစ္စာရွှေစည်ဆရာတော်

No comments:

Post a Comment