_____🌾🌼🌼🌾________
လောကမှာ ဘယ်အရာမှ ထာဝရ ဆုပ်ကိုင်ထားလို့ မရဘူး၊ ဒါကြောင့် " မရလို့ မဖြစ်ဘူး၊ ရကိုရမှ ဖြစ်မယ်၊ မရှိလို့ မဖြစ်ဘူး၊ ရှိကို ရှိမှ ဖြစ်မယ်" ဆိုပြီး တမ်းတမ်းစွဲ မဖြစ်စေနဲ့။ တမ်းတမ်းစွဲဖြစ်နေရင် မရမှာလည်း စိုးရိမ်တယ်။ ရရင်လည်း လက်လွတ်သွားမှာကို စိုးရိမ်တယ်။ ဒီတော့ စိတ်ဖိစီးမှု များသွားတယ်။
စိတ်ဖိစီးမှုများရင် လူက နေလို့ ထိုင်လို့ မကောင်းတော့ဘူး။ တချို့ဆိုရင် ရောဂါတောင် ဖြစ်သွားတယ်။ အဲဒါ ဘာကြောင့်လဲ၊ မနေတတ်လို့ပါ။ ဒါကြောင့် နေတတ်ဖို့ လိုတယ်။
ဘယ်လိုနေရမလဲ၊ စိတ်ကို ပေါ့ပေါ့ပါးပါးလေး ထားရမယ်။ ဘာကိုမှ ဆုပ်ကိုင်မထားရဘူးလို့ ဆိုလိုတယ်။ မှန်တယ်။ တစ်ခုခု ဆုပ်ကိုင်ထားရင် စိတ်ထဲမှာ လေးသွားတယ်။ ဒါကြောင့် ကိုယ့်အတွက် အရေးမကြီးတာတွေကို လွှတ်ချရမယ်။ ဒါမှ စိတ်ထဲမှာ ပေါ့သွားမယ်။
ခေါင်းအေးစေ ခြေထောက်နွေးစေ
---------🌷🌷🌷----------
ရှေးလူကြီးတွေက ပြောကြတယ်။ " ခေါင်း အေးစေ ခြေထောက်နွေးစေ" တဲ့။ ခေါင်းအေးစေဆိုတာ သောကကို အကြာကြီး သိမ်းမထာနဲ့လို့ ဆိုလိုတယ်။ သောကဖြစ်လွန်းအားကြီးရင် ခေါင်းပူသွားတယ်။ ဒီတော့ လူက နေလို့ထိုင်လို့ မကောင်းတော့ဘူး။ ဒါကြောင့် ပေါ့ပေါ့ပါးပါး နေတတ်ဖို့ လိုတယ်။
ဘာပဲလုပ်လုပ် လုပ်စရာရှိတာကို လုပ်နိုင်သလောက် အေးအေးဆေးဆေး လုပ်ပါ။ ဆန္ဒမစောရဘူး။ အလုပ်လုပ်ပြီးရင်လည်း အေးအေးဆေးဆေး အနားယူရမယ်။
အလုပ်လုပ်ရင်လည်း အားစိုက်ပြီးလုပ်ရမယ်။ ဒါပေမဲ့ လောဘ မကြီးရဘူး၊ နည်းနည်းရရ များများရရ ကျေနပ်ရမယ်။
ဘယ်အရာမဆို အကြောင်းစုံမှ ဖြစ်တာပါ။ ကံမရှိ ဉာဏ်ရှိတိုင်းမွဲဆိုတာလို ကံမပါရင် ဘာမှ အလုပ်မဖြစ်ဘူး။ ဒါကြောင့် အလုပ်လုပ်ပါလျက် မဖြစ်ခဲ့ရင် အခွင့်မသင့်လို့ဘဲလို့ နှလုံးသွင်းရမယ်။
တခါတရံ ပြဿနာတစ်ခုခုကြောင့် စိတ်ဖိစီးမှုတွေ များပြီး သောကဖြစ်တတ်တယ်။ စားလည်း ဒီစိတ် သွားလည်း ဒီစိတ်နဲ့ မေ့လို့ မရဘူး ဖြစ်နေတယ်။ ဒီတော့ အာရုံလွှဲလိုက်ပါ။ စာပဲဖတ်ဖတ် တရားပဲ နာနာ ပုတီးပဲစိပ်စိပ် တရားပဲထိုင်ထိုင်၊ တစ်ခုခု လုပ်လိုက်ပါ။
ဒါဆိုရင် စိတ်က မလေးတော့ဘူး၊ ပေါ့ပေါ့ပါးပါးလေး ဖြစ်သွားတယ်။ ပေါ့ပါးမှ လွတ်လပ်မယ်။ လွတ်လပ်မှလည်း ဘဝက ငြိမ်းချမ်းမှာ မဟုတ်ပါလား။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
အင်ကြင်းမြိုင်ဆရာတော်
အရှင်ဒေဝိန္ဒာဘိဝံသ
No comments:
Post a Comment