စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, August 13, 2024

ဖောက်ပြန်နေတဲ့ရုပ်နဲ့နာမ်

ဖောက်ပြန်နေတဲ့ နာမ်နဲ့ ရုပ်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ကိုယ့်ခန္ဓာက ဟောတဲ့ တရားကို ကိုယ့်ဉာဏ်နားနဲ့ နာပါ။

ကိုယ့်ခန္ဓာကို ဉာဏ်နဲ့ကြည့်ရင် အချိန်တိုင်း တွေ့ရမဲ့ တရား နှစ်ပါးရှိပါတယ်။ ရုပ်ခန္ဓာတစ်ပါးနဲ့
နာမ်ခန္ဓာလေးပါး၊ ပေါင်းတော့ ခန္ဓာ ငါးပါးပေါ့။

ရုပ် _ ဖောက်ပြန်မှုသဘော၊
ဝေဒနာ _ ခံစားမှုသဘော၊
သညာ _ မှတ်သားမှုသဘော၊
သင်္ခါရ _ စေ့ဆော် တိုက်တွန်းမှုသဘော၊
ဝိဉာဉ် _ သိကြံတတ်တဲ့ သဘော။

ရုပ် + နာမ် [ခန္ဓာလေးပါး] ရုပ်နဲ့နာမ်လို့ခေါ်ပါတယ်။

ရုပ်ဆိုတာ မာမှု ပျော့မှု၊ ပူမှု အေးမှု၊ လှုပ်မှု ငြိမ်မှု၊ ဖွဲ့စေးမှု ယိုစီးမှု ဆိုတဲ့ ဓါတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားပြီး
အချိန်နဲ့ အမျှ ပြောင်းလဲ နေတဲ့ ရုပ်တရားဖြစ်ပါတယ်။

အဲဒီ ရုပ်တရားကြီး အပေါ်မှာ
၁။ မျက်လုံးရုပ်
၂။ နားရုပ်
၃။ နှာခေါင်းရုပ်
၄။ လျှာရုပ်
၅။ ကိုယ်ရုပ်နဲ့
၆။ ဟဒယ နှလုံးရုပ် ဆိုပြီး ရုပ်ခြောက်မျိုး ပိုင်းခြားထားပါတယ်။

မျက်လုံးရဲ့တာဝန်က မြင်တတ်တဲ့ သဘောဘဲ ရှိပါတယ်။ နားက ကြားတတ်တဲ့ သဘော၊
နှာခေါင်းက အနံ့ ခံယူတတ်တဲ့ သဘော။ လျှာက အရသာ ခံတတ်တဲ့ သဘော၊ ကိုယ်က တွေ့ထိပေးတဲ့ သဘော။ မနောဟဒယက ကြံတွေးတတ်တဲ့ သဘော၊
ဒီခြောက်မျိုးဘဲ ရှိပါတယ်။

သူ့အာရုံနဲ့ သူ့ဒွါရတိုက်ပြီး ဆိုင်ရာ ဆိုင်ရာ သဘောတရားတွေ ပေါ်ပါတယ်။

ရုပ်တရားမှာ ပထဝီဓာတ်က မာမှု ပျော့မှု ဆိုတဲ့ ဆန့်ကျင်ဖက် တရားနှစ်ခု မတည့်ပါဘူး။

တေဇောဓာတ်ကလည်း ပူမှု အေးမှုဆိုတဲ့ ဆန့်ကျင်ဖက် တရားနှစ်ခု မတည့်ပါဘူး။

အာပေါဓာတ်ကလည်း နည်းရင် ဖွဲ့စေးပြီး များရင် ယိုစီးပြီး ဆန့်ကျင်ဖက် နှစ်ခု မတည့်ပါဘူး။

ဝါယောဓာတ်ကလည်း လှုပ်မှု ငြိမ်မှု ဆန့်ကျင်ဖက်နှစ်ခု မတည့်ပါဘူး။

သတိထားပြီး ကိုယ့်ခန္ဓာထဲကို ဉာဏ်ကလေးနဲ့ ကြည့်ပါက သဘောတရားများနဲ့ လှုပ်လိုက် ငြိမ်လိုက်၊
ပူလိုက် အေးလိုက်၊ တောင့်တင်းလိုက် လျှော့ကျလိုက်၊ ဖွဲ့စေးလိုက် ယိုစီးလိုက် အချိန်တိုင်း ပြောင်းလဲ နေတာကိုဘဲ ဖောက်ပြန်နေတယ်လို့ခေါ်ပါတယ်။

ဖောက်ပြန်နေတယ် ဆိုတာ ပြောင်းလဲနေတာ။ ပြောင်းလဲနေတယ် ဆိုတာ နဂို ဓမ္မ မရှိတော့တာ။
နဂို ဓမ္မ မရှိတော့တာ နောက်ဓမ္မ အစားထိုးတာ။ နောက်ဓမ္မ အစားထိုး နေတာကို ဖေါက်ပြန်နေတယ်လို့ ခေါ်ပါတယ်။ 

ကိုယ့်ခန္ဓာမှာ ပူရာကနေ အေးသွားရင် ဖေါက်ပြန်တာ။ ငြိမ်ရာကနေ လှုပ်သွားရင် ဖေါက်ပြန်တာ။ မာရာကနေ ပျော့သွားရင် ဖေါက်ပြန်တာ။ ဖွဲ့စည်းရာမှ ယိုစီး ထွက်လာရင် ဖေါက်ပြန်တာ။ အာပေါဓာတ်ရဲ့ သဘောက ဖွဲ့မှု သဘောရှိပါတယ်။

ပြောင်းလဲ ဖောက်ပြန် နေတာတွေ မြင်တိုင်း ဖောက်ပြန်တယ်လို့ သိသိပေးတာ အမှန်မြင်တာမို့ သမ္မာဒိဋ္ဌိ အမြင်ဖြစ်ပါတယ်။

အမှန်မြင်တဲ့ သမ္မာဒိဋ္ဌိ နောက်မှာ အမှားမြင်တဲ့ မိစ္ဆာဒိဋ္ဌိ 
မလာနိူင်တော့ပါဘူး။ ဒီအသိမျိုးဟာ ကာယနုပဿနာ ရှုပွားသူများ အတွက် ကျေးဇူးများပါတယ်။

ရုပ်ဟာ အဖြစ်နှေး၊ အပျက်နှေးတဲ့ အတွက်ကြောင့် 
ဉာဏ်နုံ့သူများနဲ့ သင့်လျှော်ပါတယ်။ လက်ဖျစ် တစ်တွက်မှာ ရုပ်ကလပ်စည်းပေါင်း ကုဋေ ငါးထောင် ပျက်တယ်လို့ ဘုရားရှင်ရဲ့ ဉာဏ်တော်နဲ့ မြင်ခဲ့ပါတယ်။

                

   သူရှိ ကိုယ်ထွက် ကိုယ်ရှိ သူထွက်

တရားအားထုတ်တဲ့ အခါ 
ပစ္စည်းပျောက် ရှာသလိုမျိုး 
တွေ့ချင်စိတ် သိပ်များနေရင် 
မောတာဘဲ အဖတ်တင်ပါမယ်။
ဘာမှ တွေ့မှာ မဟုတ်ပါဘူး။

စိတ်ကို အတတ်နိုင်ဆုံး 
လျှော့ချလိုက်ပြီး စိတ်အေး 
လက်အေးနဲ့သူပြတာကို 
ကြည့်နေတတ်ဖို့ လိုပါတယ်။

ကိုယ်မှာ ဘာတွေ ပြနေလဲ။
အများကြီးပါဘဲ။ စိတ်မှာ ဘာတွေ 
ဖြစ်နေလဲ။ အများကြီးပါဘဲ။
တစ်သက်လုံး ထိုင်ကြည့်နေရင်တောင် 
အသက်သာ ကုန်သွားမယ်။
ကြည့်စရာတွေက မကုန်ပါဘူး။

ဒီလောက် အများကြီး အဆက်မပြတ်
ဖြစ်နေတာတွေ ရှိနေပါလျက်နဲ့ ဟိုရှာ
ဒီရှာ လုပ်နေရင် အတော် 
မတရား တာပါဘဲ။

သူ့ဖာသာ ပေါ်ချိန်တန်ပေါ်၊ 
ပျက်ချိန်တန် ပျက်နေတာ
တွေကိုလည်း ပေါ်အောင် 
ပျောက်အောင် လုပ်နေရင်လည်း 
သဘာဝကို အတော် ဆန့်ကျင်တာဘဲ။

တရားအားထုတ်သူဟာ လုပ်စရာ 
အလုပ် တစ်ခုဘဲ ရှိပါတယ်။
အဲဒါကတော့ ပေါ်ရာ ပြရာကို 
ပေါ်တဲ့အတိုင်း ပြတဲ့အတိုင်း ရှုနေဖို့ 
ပါဘဲ။

ကိုယ့်ဆန္ဒတွေ ကိုယ့်အတ္တတွေ 
ကိုယ့်ပယောဂတွေကို အဝေးဆုံးမှာ 
ထားနိုင်လေ သူပြရာကို 
မှန်မှန်ကန်ကန် သိလေပါဘဲ။

သိနေတယ်ဆိုတဲ့ နေရာမှာ အစပိုင်းမှာ 
သတိ ကြဲနေပါမယ်။ အတွေးတွေ 
ဝင်နေပါမယ်။

အတွေးကို ဘေးဖယ်ထားပြီး 
အပြကိုဘဲ ဆက်ကာ,ဆက်ကာ 
သိနေပါ။

သတိ စိပ်လာတာနဲ့အမျှ အတွေး 
ပါးလာ ပါလိမ့်မယ်။

သတိ ဆက်လာတာနဲ့ အမျှ သမာဓိ
ကောင်းလာ ပါလိမ့်မယ်။

သမာဓိကောင်းလေ အမှန်မြင်တဲ့ ပညာ 
ဖြစ်ထွန်း လာလေပါဘဲ။

ဒီလို ပေါ်ရာ ပြရာ တစ်ခုခုကို သတိ 
ရှိနေအောင် အာရုံယူပေးတာ 
အာရုံစိုက်ပေးတာကို ဝိတက်လို့ 
ခေါ်ပါတယ်။ တစ်ချို့က ဝိတက်ကို 
ကြံစည်ခြင်းလို့့အဓိပ္ပာယ် ဖွင့်တဲ့အခါ 
ကြံစည် တွေးတောခြင်းလို့ 
အယူလွဲသွားတတ်ပါတယ်။
ဝိတက်ဟာ အတွေး မဟုတ်ပါဘူး။
ကြံတာဟာ အာရုံစိုက်နေတာလို့ယူမှ 
စကားလုံးနဲ့အလုပ်စဉ် ကိုက်ပါတယ်။

ဒီနေရာမှာ ပြောချင်တာက 
အာရုံမှာ သတိ ကောင်းလာရင် 
သမာဓိ ကောင်းလာမယ်။ သမာဓိ
ကောင်းလာပြီး သတိ ပြန့်ကြဲသွားရင် 
ငိုက်လာတတ်ပါတယ်။
တစ်ချို့ဆို ငိုက်ရုံတင်မကဘဲ 
တခေါခေါနဲ့အိပ်ပျော် 
သွားတတ်ပါတယ်။

အလစ်ချောင်းနေတဲ့ ထိန မိဒ္ဓက 
သတိကြဲနေတဲ့စိတ်၊ 
သတိလွတ်သွားတဲ့ စိတ်ကို ဝင်ရောက် 
သိမ်းပိုက် လိုက်တာ ဖြစ်ပါတယ်။
ဝိတက် လွတ်သွားတဲ့စိတ်ကို 
ထိန,မိဒ္ဓက သိမ်းပိုက်လိုက်တာပါ။
ထိနမိဒ္ဓက ရိုးရိုး အချိန်မှာ မပေါ်ပါဘူး။
သမာဓိလေး နဲနဲကောင်းလာတဲ့ 
အချိန်မှာမှ ချောင်းနေတာပါ။

ဝိတက် ရှိနေရင် ထိနမိဒ္ဓ မဝင်ပါဘူး။ဝိတက်နဲ့ထိနမိဒ္ဓဟာ အတူ မနေပါဘူး။ အတူဖြစ်ခွင့် မရှိပါဘူး။ သူရှိရင် ကိုယ်ထွက်၊ ကိုယ်ရှိရင် သူထွက် ဆန့်ကျင်ဘက် တရားတွေ ဖြစ်ပါတယ်။ပဋိပက္ခ တရားတွေလို့ အဆိုရှိပါတယ်။

ဒီလို ရှိတတ်ပါလားလို့သိထားရင် 
တရားထိုင်ရင်း မငိုက်အောင်လို့အလုပ် သဘောမှာ ဘယ်လို စိတ်ထားရမလဲ ဆိုတဲ့ အဖြေ သိစေချင်ပါတယ်။

မငိုက်ချင်ရင် အာရုံမှာ သတိ 
မလွတ်ပါစေနဲ့။ လွတ်တာနဲ့ငိုက်ပြီသာ မှတ်ပေတော့။

   (မိုးကုတ်ဆရာတော်ကြီး)
    *
🙏ရွှင်လန်းချမ်းမြေ့ကြပါစေ။

# သုတဂဝေသီဗန်းမော်🙏🙏🙏

No comments:

Post a Comment