_________🌿🌷🌿___________
လူတစ်ယောက်အကြောင်း သိလိုပါက သူ၏ အပေါင်းအသင်းကို ကြည့်သောအားဖြင့် ထိုက်သလောက် မှန်းဆနိုင်ပေသည်။ ဘာကြောင့်နည်း၊ လူဆိုသည်ကား ဝါသနာ တူရာတူရာ စရိုက် တူရာတူရာ ပေါင်းသင်းကြသောကြောင့်တည်း။ ထို့ကြောင့် ရှေးလူကြီးများက " ဓာတ်တူနံတူ ဆေးဖက်ယူ" ဟု ဆိုခဲ့ကြခြင်း ဖြစ်သည်။
မှန်၏။ ပညာတတ်ကလည်း ပညာတတ်အချင်းချင်း ပေါင်းကြ၏။ စာပေသမားကလည်း စာပေသမား အချင်းချင်း ပေါင်းကြ၏။ သုတေသနသမားကလည်း သုတေသနသမား အချင်းချင်း ပေါင်းကြ၏။ တရားသမားကလည်း တရားသမား အချင်းချင်း ပေါင်းကြ၏။ ဒုစရိုက်သမားကလည်း ဒုစရိုက်သမား အချင်းချင်း ပေါင်းကြ၏။ ဤကား လူ့သဘာဝင် ဖြစ်ပေသည်။
ရာဇဂြိုဟ်က ဖြစ်စဉ်
----------------------
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ အရှင်သာရိပုတ္တရာသည် များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွား၏၊ အရှင်မဟာမောဂ္ဂလာန်သည်လည်း များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွား၏၊ အရှင်မဟာကဿပသည်လည်း များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွား၏၊ အရှငျအနုရုဒ်ဓါသညျလညျး များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွား၏၊ အသျှင်ပုဏ္ဏသည်လည်း များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံ သွား၏၊ အသျှင်ဥပါလိသည်လည်း များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွား၏၊ အရှင်အာနန္ဒာသည်လည်း များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွား၏၊ ဒေဝဒတ်သည်လည်း များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွား၏။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတော်များကို မေးမြန်းတော်မူ၏။
" ချစ်သားတို့ သာရိပုတြာနှင့် ရဟန်းတို့ကို မြင်သလား" ။
" မြင်ပါတယ်ဘုရား"
" ချစ်သားတို့ ... သာရိပုတြာနှင့် ရဟန်းတော်တို့ဟာ ဉာဏ်အလွန်ထက်ကြတယ်" ။
" မှန်ပါဘုရား" ။
" ချစ်သားတို့ မောဂ္ဂလာန်နှင့် ရဟန်းတို့ကို မြင်သလား" ။
" မြင်ပါတယ်ဘုရား"
" ချစ်သားတို့ ... မောဂ္ဂလာန်နှင့် ရဟန်းတော်တို့ဟာ တန်ခိုး အလွန်ကြီးကြတယ်" ။
" မှန်ပါဘုရား" ။
" ချစ်သားတို့ ကဿပနှင့် ရဟန်းတို့ကို မြင်သလား" ။
" မြင်ပါတယ်ဘုရား"
" ချစ်သားတို့ ... ကဿပနှင့် ရဟန်းတော်တို့ဟာ ဓုတင်ကို အားစိုက်ပြီး ကျင့်ကြတယ်" ။
" မှန်ပါဘုရား" ။
" ချစ်သားတို့ အနုရုဒ်ဓါနှင့ျ ရဟန်းတို့ကို မြင်သလား" ။
" မြင်ပါတယ်ဘုရား"
" ချစ်သားတို့ ... အနုရုဒ်ဓါနှင့ျ ရဟန်းတော်တို့ဟာ နတ်မျက်စိနှင့် တူတဲ့ မျက်စိ ရှိကြတယ်" ။
" မှန်ပါဘုရား" ။
" ချစ်သားတို့ ပုဏ္ဏနှင့် ရဟန်းတို့ကို မြင်သလား" ။
" မြင်ပါတယ်ဘုရား"
" ချစ်သားတို့ ... ပုဏ္ဏနှင့် ရဟန်းတော်တို့ဟာ တရားဟော အလွန်ကောင်းကြတယ်" ။
" မှန်ပါဘုရား" ။
" ချစ်သားတို့ ဥပါလိနှင့် ရဟန်းတို့ကို မြင်သလား" ။
" မြင်ပါတယ်ဘုရား"
" ချစ်သားတို့ ... ဥပါလိနှင့် ရဟန်းတော်တို့ဟာ ဝိနည်းကို အလွန်ကျွမ်းကျင်ကြတယ်" ။
" မှန်ပါဘုရား" ။
" ချစ်သားတို့ အာနန္ဒာနှင့် ရဟန်းတို့ကို မြင်သလား" ။
" မြင်ပါတယ်ဘုရား"
" ချစ်သားတို့ ... အာနန္ဒာနှင့် ရဟန်းတော်တို့ဟာ ဗဟုသုတ ရှိကြတယ်" ။
" မှန်ပါဘုရား" ။
" ချစ်သားတို့ ဒေဝဒတ်နှင့် ရဟန်းတို့ကို မြင်သလား" ။
" မြင်ပါတယ်ဘုရား"
" ချစ်သားတို့ ... ဒေဝဒတ်နှင့် ရဟန်းတော်တို့ဟာ အလိုဆိုး ( ဉာဉ်ဆိုး) ရှိကြတယ်" ။
" မှန်ပါဘုရား" ။
ထို့နောက် မြတ်စွာဘုရားသည် " ချစ်သားတို့ ... သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ စိတ်ဓာတ်ညံ့ဖျင်းသူတို့သည် စိတ်ဓာတ်ညံ့ဖျင်းသူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ စိတ်ဓာတ်မြင့်မြတ်သူတို့သည် စိတ်ဓာတ်မြင့်မြတ်သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏ " ဟု မိန့်တော်မူလိုက်လေသည်။
အရှင်ဒေဝဒတ်နှင့်ရဟန်းများ
----------------------------
အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်, အရှင်မဟာကဿပ, အရှငျအနုရုဒ်ဓါ, အရှင်ပုဏ္ဏ, အရှင်ဥပါလိ, အရှင်အာနန္ဒာတို့သည် ထူးချွန်ထက်မြက်ကြသော ဧတဒဂ်ဘွဲ့ရအရှင်မြတ်များ ဖြစ်ကြ၏။ ထို့ကြောင့် အတူနေရဟန်းများ ရှိကြသည်မှာ မဆန်းလှပါ။ ဘာကြောင့်နည်း၊ အတုယူစရာ စံပြ အရှင်မြတ်များ ဖြစ်သောကြောင့်တည်း။
အရှင်ဒေဝဒတ်သည် အကျင့်သိက္ခာ မကောင်းရကား ဉာဉ်ဆိုးရှိသူဟု ဆိုရမည် ဖြစ်၏။ သို့သော် ဉာဉ်ဆိုး ရှိသူဖြစ်သော်လည်း အတူနေရဟန်းများက ရှိနေ၏။ ဘာကြောင့်နည်း၊ သာသနာတော်၌ အရှင်ဒေဝဒတ်လို ဉာဉ်ဆိုးရှိသည့် ရဟန်းတော်များ ရှိနေသောကြောင့်တည်း။ ထို့ကြောင့် မြတ်စွာဘုရားက "သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် ပေါင်းသင်းကြ၏" ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။
ဤဖြစ်စဉ်ကို ကြည့်ကာ " ဉာဉ်ဆိုးရှိလျှင် ဘုရားတောင် ကယ်လို့ မရပါလား" ဟု သင်ခန်းစာယူပြီး ယခုကထဲကစ ဉာဉ်ဆိုးများကို တားဆီးရမည် ဖြစ်သည်။ ဉာဉ်ဆိုးများ တားဆီးနိုင်ဖို့အတွက် သူတော်စဉ်ပုဂ္ဂိုလ်များကို ချဉ်းကပ်ဖို့ လို၏။ သူတော်စဉ်များကို ချဉ်းကပ်မှ သူတော်ကောင်းတရားများ နာရမည် ဖြစ်၏။ သူတော်ကောင်းတရားကို နာရမှလည်း ကိုယ့်ကိုယ်ကို ပြုပြင်နိုင်မည် ဖြစ်၏။ ကိုယ့်ကိုယ်ကို ပြုပြင်နိုင်မှလည်း စိတ်နေစိတ်ထားများ ကောင်းသထက် ကောင်းလာမည် ဖြစ်ပါပေ၏။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊
အေးငြိမ်းချမ်းသာ ရှိပါစေ"
_____________________
#အင်ကြင်းမြိုင်ဆရာတော်
No comments:
Post a Comment