_________________________
တစ်ဖက်လူကို နိုင်တိုင်းဖိပြီး
ပြောတာလည်း အလွန်
အန္တရာယ်ကြီးတတ်တယ်။
ငါက သူတို့အထက်ကပဲ၊
ငါပြောလည်း သူတို့ ဘာတတ်နိုင်မှာလဲဆိုပြီး
တချို့လူတွေဟာ တစ်ဖက်သားကို
မောက်မောက်မာမာ နှိမ့်နှိမ့်ချချ
ပြောတတ်ကြတယ်။
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတာ၊
အခု မြင့်ပြီး တော်ကြာ နိမ့်ချင် နိမ့်သွားတာ။
အခု နိမ့်နေပေမယ့်လို့ တော်ကြာ
မြင့်ချင် မြင့်လာတာ။
ဘာမှ တစ်သမတ်တည်းရှိတာ မဟုတ်ဘူး။
ကိုယ့်ရဲ့ မောက်မာတဲ့ စကားတွေကြောင့်
တစ်ဖက်လူက ကိုယ့်ထက် မြင့်လာတဲ့
အခါမျိုးမှာ ကိုယ့်ကို လက်စားချေတာမျိုး၊
ဖိနင်းတာမျိုး စသဖြင့် အမျိုးမျိုး
ဒုက္ခပေးတာကို ခံရတတ်တယ်။
လောကကြီးက အတုံ့အလှည့်တွေနှင့်
သွားနေတာ။ ပြုသူဖြစ်မိရင်တော့
တစ်နေ့ခံသူ ဖြစ်ရလိမ့်မယ်။
တကယ်တော့ သူတစ်ပါးကို ထိခိုက်အောင်
ပြောလိုက်တာဟာ ကိုယ့်ကိုယ်ကို
ဒုက္ခပေးတာနဲ့ အတူတူပါပဲ။
မိဘပင် ဖြစ်နေပါစေ၊ သားသမီးတွေကို
ငါ မွေးထားတာပဲဆိုပြီးတော့
စိတ်လိုက်မာန်ပါ မပြောသင့်ပါဘူး။
သားသမီးဖြစ်တဲ့သူက စိတ်ခုပြီး
အခဲမကျေဖြစ်နေရင် သားသမီးအတွက်လည်း
အပြစ်ကြီးလှပါတယ်။
ဒါကြောင့် မိဘတွေအနေနှင့် သားသမီးတွေ အပြစ်မကြီးစေဖို့ သားသမီးတွေနှင့် ဆက်ဆံတဲ့အခါ သတိထားပြီး ပြောဆို ဆက်ဆံသင့်ပါတယ်။
သစ္စာရွှေစည်ဆရာတော်
No comments:
Post a Comment