"' လှူမည်ဟု ဝန်ခံပြီး မလှူခဲ့သော် "'
~~~~~~~~~~~~~~~~~~
အရှင်ဘုရား၊တချို့ဒကာ ဒကာမများသည် ကျောင်း ကန် ဘုရားနှင့် စပ်၍ လှူပါမည်ဟု ဝန်ခံသဖြင့်
ဘုန်းကြီးပိုင်ငွေ၊ အသင်းအဖွဲ့များပိုင် ငွေထဲမှ စိုက်ထုတ်၍ ဆောင်ရွက်ပြီးခါမှ လှူမည်ဟု မပြောမိပါဟု၎င်း၊ မလှူနိုင်တော့ပါဟု၎င်း ငြင်းဆိုသည့် စကား
ပြောကြပါတယ်ဘုရား ။
ထိုပုဂ္ဂိုလ် နှစ်မျိုးသည်
မည်သို့ အကျိုးအပြစ် ရှိနိုင်ပါသနည်းဘုရား ။
စိုက်ထုတ် လုပ်ကိုင်ထားသော
ပုဂ္ဂိုလ်သည်လည်း
စိတ်မကောင်း ဖြစ်ရသဖြင့်
မည်သို့သော အပြစ်ရှိနိုင်ပါသနည်းဘုရား ။
(ဆောင်းဟေမာန်~မြတ်ကြေးမုံ)
အလွန်သိမ်မွေ့သော ကိစ္စ ဖြစ်၏
သဒ်ဓါတရားသညျ မခိုင်မြဲသော ကိစ္စ ဖြစ်၏။
ရှင်မောဂ္ဂလာန်သည်ပင် ဆွမ်းစား ပင့်ထားသော
သူဌေး၏ ပစ္စည်း၊ အသက်၊ သဒ်ဓါတရားတို့ကို
စောင့်ရှောက်ပေးရမည်ဟု လျှောက်ထားရာတွင်
ပစ္စည်း၊ အသက်တို့ကိုသာ
စောင့်ရှောက်ပေးနိုင်မည်။
သဒ်ဓါတရားကိုကား မိမိကိုယ်တိုင်သာ
စောင့်ရှောက်နိုင်လိမ့်မည်။
ငါ မောဂ္ဂလာန်မထေရ်
မစောင့်ရှောက်နိုင်ဟု ဆိုပါသည်။
မလှူချင်၊ မလှူနိုင်တော့၍ ငြင်းပယ်ခြင်းကို
မည်သို့မျှ အပြစ်ယူစရာ မရှိပါ။
သို့သော် လှူပါမည် ဝန်ခံပြီးပါလျက် မလှူခဲ့သော်၊
အင်္ဂုတ္တိုရ် စတုက္ကနိပါတ်
ဒုတိယပဏ္ဏာသက၊ ဝဏိဇ္ဇသုတ်တော်၌
အရှင်သာရိပုတ္တရာ မေးလျှောက်သဖြင့်
ဘုရားရှင် ဟောထားချက်သည်
အလွန် မှတ်သားစရာ ကောင်းလှပါသည်။
လောက၌ အကျိုးစီးပွား
အမြတ်အစွန်း ရလို၍
ရောင်းဝယ်ဖောက်ကားမှု၊
ကုန်သွယ်မှု အမျိုးမျိုး
တူညီစွာ အားထုတ်ပြုလုပ်ကြရာတွင်-
(၁)။ တချို့ကား အမြတ်အစွန်း မရသည့်အပြင်
အရင်းပါ ရှုံးသွား၏။
(၂)။ တချို့ကား အမြတ်အစွန်း ။
မျှော်မှန်းသလောက် မရ၊ အနည်းငယ်မျှသာ ရ၏။
(၃)။ တချို့ကား မျှော်မှန်းထားသလောက်
အမြတ်အစွန်းများ ရရှိ၏။
(၄)။ တချို့ကား မျှော်မှန်းထားသည်ထက်
ပိုလွန်သော အမြတ်အစွန်းများ ရရှိ၏။
ရောင်းပန်း၊ ဝယ်ပန်း အလွန်ပွင့်လန်း၏။
ဤသို့ ကွာခြားရသည်မှာ
အဘယ့်ကြောင့်ပါနည်း ဘုရားဟု
အရှင်သာရိပုတ္တရာက မေးလျှောက်ပါသည်။
ဘုရားရှင်က ငါ့ရှင်သာရိပုတ္တရာ
(၁)။ လောက၌ တချို့လူတို့သည်
သမဏ, ဗြဟ္မဏ အစရှိသော အလှူခံပုဂ္ဂိုလ်တို့အား
လှူမည်ဟု ဝန်ခံပြီးမှ ကတိဖျက်၍
မလှူမတန်း မပေးကမ်းခဲ့။
ထိုသူတို့သည် အကျိုးအမြတ် မရသည့်အပြင်
အရင်းပါ ဆုံးရှုံးတတ်၏။
(၂)။ တချို့လူတို့သည် အလှူခံပုဂ္ဂိုလ်တို့အား
ဤ၍ ဤမျှ လှူပါမည်ဟု ဝန်ခံပြီးလျှက်
လှူသောအခါ လျော့၍ အနည်းငယ်မျှသာ လှူ၏။
ထိုသူတို့သည်
မျှော်မှန်းသလောက် အကျိုးအမြတ် မရ၊
စျေးရောင်း၍ မကောင်း ဖြစ်တတ်၏။
(၃)။ တချို့လူတို့သည် အလှူခံတို့အား
ကတိပြုထားသည့်အတိုင်း လှူဒါန်း၏။
ထိုသူတို့သည်
မျှော်မှန်းထားသလောက် အကျိုး ရ၏။
ရောင်းပန်း၊ ဝယ်ပန်း ပွင့်လန်း၏။
(၄)။ တချို့လူတို့သည် အလှူခံပုဂ္ဂိုလ်တို့အား
ဤရွေ့ ဤမျှ လှူပါမည်ဟု ဝန်ခံထားပြီး
လှူသောအခါ ဝန်ခံထားသည်ထက်
အပိုအလျှံနှင့်တကွ လှူတတ်ကြ၏။
ထိုသူတို့သည် မျှော်မှန်းထားသည်ထက်ပင်
ပိုလွန်သော အကျိုးအမြတ်တို့ကို ရရှိကြကုန်၏။
ရောင်းဝယ်ကုန်သွယ်မှု ပို၍ ပွင့်လန်းကြကုန်၏။
ထို့ကြောင့် အလှူရှင်တို့သည်
တကယ် မလှူနိုင်သေးလျှင်
ကတိ မပေးကြသေးဘဲ
မိမိတို့၏ ရင်ထဲတွင်သာ
ပုဗ္ဗစေတနာအဖြစ် တည်ထောင်ထားကြ၍
လှူနိုင်သောအခါကြမှသာ
စွမ်းနိုင်သမျှ လှူဒါန်းကြကုန်ရာ၏။
လှူဖို့တန်းဖို့ ကတိပြုပြီး
လှူဒါန်းချိန် ရောက်သောအခါ
အဆင်မပြေသေး၍ အဆင်ပြေသောအခါ
လှူဒါန်းမည်ဟု စိတ်ကိုထားလျှင်
အပြစ် မရှိပါ။
အလှူခံပုဂ္ဂိုလ်တို့မှာကား-
လှူသူ မရှိဘဲ ဆောင်ရွက်ရမည့်ကိစ္စများ
ဆောင်ရွက် ပြီးစီးသွားခြင်းအတွက်
ကျေနပ်မှု ဖြစ်စေပြီး
အကုသိုလ် မဖြစ်အောင် ဆင်ခြင်ကြကုန်ရာ၏။
အရှင်တိလောကသာရ (ရဝေထွန်း)
#အရှင်ဇဝနဉာဏ
No comments:
Post a Comment