စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Wednesday, May 29, 2019
မှတ်သားဖွယ်ရာများ
လေ့လာမှတ်သားဖွယ်ရာများ..
ကျီးကန်းက ကြက်ဥမကြိုက်ဘူး၊
ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။
ခွေးက အစပိုင်း ကျေးဇူးတင်တယ်ပေါ့၊
ကြာတော့ အကျင့် ဖြစ်သွားတယ်။ အကျင့်ဖြစ်လာတော့
ဒါက သူ့ကိုပေးကို ပေးရမလိုဆိုတဲ့ စိတ် ဖြစ်လာတယ်။
တနေ့ကျတော့ ကျီးကန်းက ကြက်ဥကို
ငါးကို ပေးလိုက်တော့ ခွေးက မကျေနပ်တော့ဘူး။
ကြက်ဥဟာ အစကတည်းက
ကျီးကန်းဟာဆိုတာ သူမေ့သွားတယ်။
ကြက်ဥဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာ
ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာမေ့သွားတယ်။
ဒါနဲ့သူတို့စကားများကြပြီး အခင်အမင် ပျက်သွားကြ တယ်။
***************************
သိပ်ပူတဲ့ နွေရာသီတခုမှာ၊ လူတစ်စုက
မြစ်ရေလှိုင်းထဲမှာ ဖောင်စီးသွားကြတယ်။
ဖောင်စီးရင်းနဲ့ ရေဆော့ရင်း
ကောင်မလေးတယောက်ရဲ့ ဖိနပ် ရေထဲကျသွားတယ်။
ကမ်းပေါ်ရောက်ဖို့ ပူခြစ်နေတဲ့ သဲပြင်ကျယ်ကြီးကို
ဖြတ်ရမယ်။ ဒါနဲ့ကောင်မလေးက သူနဲ့လှေအတူစီးတဲ့ သူတွေဆီက တယောက်ယောက် ဖိနပ်ငှားနိုင်မလားလို့ ကူညီတောင်းတယ်။
လူတစ်ယောက်မှာ ဖိနပ်တရံပဲပါတာ
ဘယ်သူမှ မပေးချင် ကြဘူး။
ကောင်မလေးက မကျေနပ်ဖြစ်သွားတယ်။
ဒါနဲ့သူက ဒီလူတွေအားလုံး မကောင်းဘူး။
ကူညီချင်စိတ် မရှိဘူးလို့တွက်လိုက်တယ်။
နောက်တော့ လူတစ်ယောက်က သူ့ဖိနပ်ကို ပေးလိုက်တယ်။
ကောင်မလေးက ကျေးဇူးတင် ကြောင်းပြောလိုက်တယ်။
ဖိနပ်ပေးလိုက်တဲ့လူက
" ဘယ်သူမှမင်းကို ကူညီဖို့တာဝန် မရှိပါဘူး။
မင်းကိုကူညီတာ ခင်မင်မှုတစ်ခုကြောင့်ပဲ၊ မကူညီဖြစ်ရင်
ဒါကို ဒေါသမကြီးပါနဲ့ ဒါ သမရိုးကျပါ ""။
အဲ့လိုပြောတော့ ကောင်မလေးစိတ်ထဲ တွေးမိသွားတယ်။
အဲ့ချိန်ကစပြီး သူ့ကို ကူညီဖူးသူတွေကို အမြဲမှတ်သားထားပြီး
ပြန်လည်ကျေးဇူးဆပ်လေ့ရှိလာပါတယ်။
ကျနော်တို့ဟာ အမြဲတမ်းသူများက ကိုယ့်အပေါ်
ကောင်းဖို့ ပဲ မျှော်လင့်ကြတယ်။အစပိုင်းတော့
ကျေးဇူးတင်မဆုံးဘူးပေါ့။ကြာလာတော့ သူများ
ကိုယ့်အပေါ်ကောင်းတာကို အမြဲလိုချင်တဲ့
အကျင့် ဖြစ်လာတယ် ။
ဒါကို ဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။
တနေ့မှာ ကိုယ့်အပေါ်မကောင်းခဲ့ရင်
အပြစ်တင်ရှုံ့ချ မိတော့တယ်။
**************************
တကယ်တန်းကျတော့၊
သူများမကောင်းတော့တာ မဟုတ်ပါဘူး။
ကိုယ့်ရဲ့စိတ်တွေက ပြောင်းကုန်တာပါ။
ရနေကျဆိုတော့ ကျေးဇူးတရားဆိုတာကို
မေ့သွားတာပါ။
***************************
ညနေတခုမှာ၊ ဆိတ်လေးတစ်ကောင်ဟာ
တောင်ကုန်းပေါ်မှာ ဆော့နေတယ်။ ရုတ်တရက်
သစ်ပင်ခြုံကြားထဲက ၀ံပုလွေတကောင်ထွက်လာပြီး
ဆိတ်ကိုစားမယ်ပြင်တယ်။
ဆိတ်လေးဟာ
အသံကျယ်နဲ့အော်ပြီး သူငယ်ချင်းတွေကို
အကူအညီလှမ်းတောင်းတယ်။
နွားက သစ်ပင်ခြုံထဲက တချက်လှမ်းကြည့်ပြီး
ဝံပုလွေကို မြင်တော့ ပြေးပါလေရော။
မြင်းကခေါင်းငုံ့ပြီးတချက်ကြည့်၊
ဝံပုလွေမြင်တော့ ၀ှစ်ကနဲကိုပြေးပြန်ရော။
ဝက်ကလည်း ဖြတ်သွားရင်း ၀ံပုလွေကိုမြင်တာနဲ့
ကမန်းကတန်း တောင်ပေါ်က ဆင်းပြေးရော။
တောင်အောက်မှာရှိတဲ့ ခွေးက ဆိတ်အော်သံ
ကြားတော့ ကမန်းကတန်းတောင်ပေါ်ပြေးတက်
ခြုံပုတ်တွေထဲက ဖြတ်ပြီး ၀ံပုလွေရဲ့ လည်မြိုကို
ကိုက်ခဲပစ်လိုက်တယ်။
ဝံပုလွေက နာလွန်းလို့ထအော်တယ်၊
ခွေးမာန်ဖီလိုက်တော့ လန့်ပြီးပြေးပါလေရော..။
အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေ
အားလုံး ရောက်လာတယ်။
နွားက… နင်က ဘာလို့ ငါ့ကိုမခေါ်တာလဲ..
ငါ့ဂျို သူ့ဗိုက်ပေါက်အောင်လုပ်ပစ်မှာပေါ့......၊
မြင်းက… နင်က ဘာလို့ငါ့ကိုမပြောလဲ၊
ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့.......။
ဝက်က…
နင် ငါ့ကို ခေါ်ရောပေါ့ ငါတစ်ချက်ပက်လိုက်ရင်
သူတောင်ပေါ်ကတောင် ပြုတ်ကျသွားမှာ....။
အဲ့လို ပြောသံတွေကြားမှာ ခွေးလေး မပါခဲ့ပါ။
မိတ်ဆွေစစ်ဆိုတာ
စကားအလှတွေ သုံးနေစရာမလိုပါဘူး။
တကယ့်လိုအပ်ချိန်မှာ မင်းကိုလက်လှမ်း
ကူညီတဲ့သူဟာ မိတ်ဆွေစစ်ပါ။
************************
အနားမှာရှိနေတဲ့ သူငယ်ချင်းတွေ၊
ခင်မင်နေတဲ့ သူငယ်ချင်း တွေဟာ သူငယ်ချင်းအစစ်
ဟုတ်မဟုတ် မသေချာသေးပါ။
တစ်ခါတလေ အဝေးမှာရှိနေပြီး အမြဲတမ်း
ပေါင်းသင်းနေတာ မဟုတ်ပေမယ့် မင်းတကယ်
အကူအညီလိုအပ်နေချိန် မှာ ၊ အပိုမပြောပဲ
ကူညီတဲ့သူ ဂရုစိုက်တဲ့သူသာ
တကယ့် မိတ်ဆွေ/သူငယ်ချင်း အစစ်ပါပဲ။
ဘ၀မှာ တန်ဖိုးထားသင့်တဲ့ မိတ်ဆွေ
သူငယ်ချင်းကောင်း များ ပိုင်ဆိုင်ကြပါစေ....
           #credit #original
Thursday, May 23, 2019
ကိုယ့်ကိုယ်ကိုယ် သတိပေးခြင်း
ကိုယ့်ကိုယ်ကိုယ် သတိပေးခြင်း
~~~~~~~~~~~~~~~~~~~
စကားကိုလည်း မကြမ်းစေနဲ့။
တရားကိုလည်း မဆန်းစေနဲ့။
အစားကိုလည်း မသရမ်းလေနဲ့။
မေတ္တာကိုလည်း မခမ်းစေနဲ့။
ဒေါသကိုလည်း မလွှမ်းစေနဲ့။
သတိကိုလည်း မလွတ်စေနဲ့။
စကားကြမ်းတော့ နာခံခက်၏။
တရားဆန်းတော့ လမ်းမှန်ပျက်၏။
အစားသရမ်းတော့ ရောဂါသက်၏။
မေတ္တာခမ်းတော့ အကျိုးပျက်၏။
ဒေါသလွှမ်းတော့ ရန်ငြိုးဖက်၏။
သတိလွတ်တော့ အားလုံးပျက်၏။
အပ္ပမာဒေန သမ္ပာဒေထ
မမေ့ကြနဲ့ပေါ့။
မနာပ ဒါယီ အရှင်ဝိစိတ္တ
ကြိုးစားပါဦးမည်..
Credit to #မင်း  fb acc
တစ်ပွင့်ထဲသော ” စိန် ”
" တစ်ပွင့်ထဲသောစိန်"
လူတချို့ ဘာလို့ပြောင်းလဲသွားသလဲ
သင်သိလား?
သူတို့တန်ဖိုးကို
သူတို့ကိုယ်တိုင်သက်မှတ်လိုက်လို့...
ငါ့စိတ်ထား ငါ့ခံယူချက်
ငါ့စေတနာ ငါ့ပေးဆပ်မှုတွေနဲ့
ဒီလူတွေနဲ့မတန်ဘူးလို့
သူတွေးမိသွားရင်....
ငါဒီလူတွေနဲ့ဆက်ပြီးပေါင်းသင်းနေရင်
ငါ့အတွက်ကောင်းကျိုးထက်
ဆိုးကျိုးပိုများလာမယ်လို့ သေချာတွေးမိရင်...
ငါ့တန်ဖိုးဟာ သူတို့နဲ့မတန်ဘူးလို့တွေးမိရင်..
ငါ့ type နဲ့သူတို့ type ဟာ
တကယ်တော့ဘယ်လိုမှ ရေရှည်ဆက်နေလို့
မဖြစ်နိုင်တော့ဘူးလို့ မြင်မိရင်...
သူဟာ အဲဒီအသိုင်းအဝိုင်းနဲ့ ခပ်ခွာခွာနေလိုက်ရင်း
နောက်ဆုံး လုံးဝအဆက်အသွယ်ဖြတ်သွားလိမ့်မယ်...
အဲဒါ
မာန်တက်သွားတာမဟုတ်ဘူး
စိတ်မမှန်တာ မဟုတ်ဘူး
ချေသွားတာ မဟုတ်ဘူး...
သူ့တန်ဖိုးအမှန်ကို သူသိသွားတာ
သူ့ကိုယ်သူ အချိန်မီကယ်တင်လိုက်တာ..
ဒါကြောင့်
တချို့လူတွေ ရုတ်တရက်ပြောင်းလဲသွားရင်
သူ့ကိုအပြစ်မတင်ပါနဲ့
သူ့တန်ဖိုးကို သင်တို့ကိုယ်တိုင်အသိအမှတ်ပြုခဲ့ရဲ့လား
သူ့ရဲ့တည်ရှိခြင်းကို သင်တို့လေးစားခဲ့ဖူးသလား
ပြန်တွေးကြည့်ပါ...
သင်ကိုယ်တိုင်လည်း
တချို့လူတွေအပေါ်ပြောင်းလဲသင့်ရင်
အားမနာပါနဲ့
ပြောင်းလဲပါ...
သင့်တန်ဖိုးကို သင်ကိုယ်တိုင်ဖြတ်ပါ
သင့်တန်ဖိုးကို မမြင်မသိတဲ့လူတွေကို
ရဲဝံ့စွာ ဥပေက္ခာပြုပါ
သင့်မှာရှိနေတဲ့ ကောင်းကွက်တွေကိုမမြင်ဘဲ
အားနည်းချက်တွေကို မပြုပြင်ပေးဘဲ လှောင်ပြောင်ကဲ့ရဲ့ပြစ်တင်နေသူတွေကြားမှာ
ဘာအတွက်နဲ့ဆက်နေနေမလဲ
သူတို့ဟာ သင့်တန်ဖိုးကို ချနေကြသူတွေသာဖြစ်တယ်
သူတို့ခေါင်းဆောင်ပါဝင်ရမယ့်ဇာတ်ကားမှာ
သင့်ကိုဇာတ်ပို့အနေနဲ့သာ အိမ်ဖြည့်ပါဝင်စေတဲ့သူတွေသာဖြစ်တယ်
အချိန်တန်ရင် သူတို့ကိစ္စသူတို့ဆက်လုပ်သွားကြတာမို့
သင်ဟာ အိမ်ဖြည့်အဆင့်ထက်မပိုပါဘူး...
ဒါကြောင့်
အားနာမနေပါနဲ့
သင့်တန်ဖိုးကို သင်ကိုယ်တိုင်သတ်မှတ်ပြီး
ကိုယ်နဲ့တန်တဲ့နေရာ တန်တဲ့သူကိုသာရှာပါ..
လုပ်ကြည့်ပါ...
သင်ဟာ တစ်ပွင့်ထဲပါ
ဒါပေမယ့် 'စိန်'......
credit:original  writer and uploader
Wednesday, May 22, 2019
ဗုဒ္ဓမှာတမ်း
ဗုဒ္ဓမှာတမ်း
🌸🌸🌸🌸
သွားတော့မယ်.. အာနန္ဒာ
တရားနဲ့သာ ဖြေရစ်ကြပေတော့
နေမဖြစ်တဲ့လမ်းမှာ
ငါဘုရားလည်းမြန်းရမယ် ဒါ..အဆန်းမှမဟုတ်ပဲ
ဖြစ်ရင်ပျက်မြဲ
ချစ်ခင်သမျှလည်း ခွဲရမှာမဟုတ်လား
ငိုပွဲတွေရပ်
မျက်ရည်ဇာတ်သိမ်း သောကကိုထိန်းပေါ့
ငြိမ်းချမ်းစွာ
ထွက်ခွာမသွားခင်
သက်သာစွာအသာနားဖို့
ငါ ဘုရားကို...
ရေကြည် တစ်ခွက်လောက် ဆက်စမ်းပါ
ပြန်မလာတော့ဘူး.. အာနန္ဒာ...
သံသရာအလည်ရပ်ခဲ့ပြီမို့
ခန္ဓာနယ်စပ်က ငါရုန်းထွက်တော့မယ်
အသုံးမဲ့ အဆုံးမဲ့
အရှုံးနဲ့ ရင်းရတဲ့လမ်းမှာ ငါ သိပ်ပင်ပန်းခဲ့တယ်
အနွမ်းပြေဖို့...
အလွမ်းတွေရဲ့ ဟိုဖက်ကမ်း
ငါတန်းတန်းကြီးသွားနှင့်မယ်
မဂ္ဂင်လမ်းကလိုက်ခဲ့ကြ..
ဂရုစိုက်ပါ  အာနန္ဒာ..
ကုသိနာနဲ့ လုမ္ဗိနီ မိဂဒါဝုန်နဲ့ မဟာဗောဓိ
ငါ့အတ္ထုပ္ပတ္တိဟာ..
တောတွေနဲ့ အနားကွပ်
ငါဟာ တကယ့် တောသားအစစ်ပေါ့
သစ်ပင်ရင်းမှာ ငါ့ကိုဖွား
သစ္စာတရားကို တောမှာဖွေ
ငါပိုင်တဲ့နေ့တွေဟာ သစ်ပင်တွေနဲ့ဝေလို့..
ငါ့ရဲ့ နောက်ဆုံးထွက်သက်လေဟာ
သစ်ပင်ရင်းပဲ ဖြစ်သင့်တယ်
သစ်ပင်ကို ချစ်ခင်ဖို့
ငါ.. တရားတွေဟောခဲ့ပြီးပြီ..
တောဆိုတာ သံသရာရဲ့ ထွက်ပေါက်
တောပျောက်ရင် နိဗ္ဗာန်ပါပျောက်မယ်
တောမရှိရင် ဘုရားမရှိနိုင်ဘူး..
အရိယာတွေ မွေးထုတ်ဖို့
တောအုပ်တွေရှိမှ ဖြစ်မယ်
သတိပဋ္ဌာန်ကို သင်ပြတိုင်း
သစ်ပင်ရင်းကို သွားကြဖို့
ငါ ခဏခဏ တိုက်တွန်းခဲ့ပြီးပြီ
စိတ်ချခြင်းများစွာနဲ့
အခုတော့ ငါ သွားပါရစေတော့
သဘောထားကြီးဖို့
တောသားကြီးတွေဖြစ်အောင်သာ
ကြိုးစားရစ်ပေတော့...
Ashin Zanaka
ပြန်လည်ကူးယူပူဇော်သူ Nang Mo
#Credit#အညတရ အရှင်သောပါကမြိုင်
Tuesday, May 21, 2019
အတိတ်ကံနဲ့တင် ပြီးသွားသူများ
" အတိတ်ကံနဲ့ တင် ပြီးသွားသူများ "
_________________________
  ရဝေနွယ်(အင်းမ)
လောကမှာ ဘယ်အချိန် တန်ဘိုးအရှိဆုံးလဲလို့ မေးရင် လက်ရှိရောက်တဲ့ ပစ္စုပ္ပန်အချိန်ဟာ တန်ဖိုးအရှိဆုံးပါ။
ဘာဖြစ်လို့ လဲဆိုတော့ အတိတ်ဆိုတာပြီးခဲ့ပြီးပြီ, အနာဂတ်ဆိုတာလဲ မရောက်သေးပါဘူး, အတိတ်က ရွှေထီးဆောင်းခဲ့တာကို စားမြုံ့ ပြန်နေမယ်။
ဒါမှမဟုတ် မရောက်သေးတဲ့ အနာဂတ်ကို စိတ်ကူးနဲ့  အိပ်မက်မက်နေမယ်ဆိုရင် တစ်ကြိမ်သာ ဆုံခွင့်ရတဲ့ ပစ္စုပ္ပန် အချိန်နဲ့ လွဲလို့ သာနေပါလိမ့်မယ်, ရွှေထက်တန်ဖိုးရှိတဲ့ အချိန်တွေကို အဓိပ္ပာယ်မဲ့ ဖြုန်းပစ်နေရာလဲ ရောက်ပါတယ်။
ပစ္စုပ္ပန် အချိန်ဆိုတာ လောကီအတွက် အကျိုးရှိအောင် အသုံးချရသလို လောကုတ္တရာအတွက်လဲ အကျိုးရှိအောင် အသုံးချရပါတယ်, လောကီအတွက်တော့ အထူးပြောစရာ မလိုတော့ပါဘူး။
လောကုတ္တရာရေးဖြစ်တဲ့ ဝိပဿနာရှုတဲ့နေရာမှာ ရောက်ဆဲ ဖြစ်ဆဲပစ္စုပ္ပန် ရုပ်နာမ်ကိုသာ ရှုမှတ်ရပါတယ်။
ဥပမာ - ရေချိုးရင် " ချိုးတယ် ချိုးတယ် " ထမင်းစားရင် စားတယ် စားတယ် ", နောက်ဆုံး ကျင်ကြီး, ကျင်ငယ်စွန့် ရင်တောင် " စွန့် တယ် စွန့် တယ် " လို့  မှတ်ရပါတယ်။ ပစ္စုပ္ပန်တည့်တည့် ဖြစ်ပျက်နေတာကိုပဲ ရှုမှတ်နေရပါတယ်။
ဒီပစ္စုပ္ပန် အချိန်သဘောတွေနဲ့  အစချီနေရတာကတော့ ပစ္စုပ္ပန်အချိန်တွေကို အကျိုးရှိအောင် မသုံးခဲ့ကြတဲ့ သူဋ္ဌေးဆင်းရဲသား လင်မယားနှစ်ယောက် အကြောင်းပြောပြချင်လို့ ပါ။
မြတ်စွာဘုရား လက်ထက်တော်က ကုဋေရှစ်ဆယ် ချမ်းသာတဲ့ သူဋ္ဌေးသားတစ်ယောက်ရှိပါတယ်။
သူဋ္ဌေးသားရဲ့ မိဘတွေကသားဖြစ်သူကို ချစ်လွန်းလို့ စိတ်ကြိုက် သုံးစွဲခွင့် ပြုထားပါတယ်, ပြီးတော့ တစ်သက်စာ မကုန်ဘူးဆိုပြီး ပညာမသင်စေဘဲ က, တာ သီချင်းဆိုတာ တီးမှုန်တာလောက်ပဲ သင်စေပါတယ်။
အရွယ်ရောက်လာတော့ သူ့ လိုပဲ ကုဋေရှစ်ဆယ် ချမ်းသာတဲ့ ပညာမတတ်တဲ့ သူဋ္ဌေးသမီးတစ်ယောက်နဲ့  အိမ်ထောင်ချပေးပါတယ်။ နှစ်ယောက်ပေါင်းလိုက်တော့ ကုဋေတစ်ရာခြောက်ဆယ် ချမ်းသာတဲ့ သူဋ္ဌေးလင်မယားပေါ့, ဒီလိုနဲ့  နှစ်ဘက်မိဘတွေ ကွယ်လွန်သွားကြပါတယ်။
တစ်နေ့ သူဋ္ဌေးသားဘုရင့်ဆီက ပြန်အလာ လမ်းမှာ အရက်သမားတွေက အရက်ကို သောက်ပြ, အမြည်းကိုစားပြနဲ့ " အရှင်သူဋ္ဌေးသား အသက်တစ်ရာ ရှည်ပါစေ, အရှင် သူဋ္ဌေးသားကို အမှီပြုပြီး စားနိုင် သောက်နိုင်ရပါလို၏ " လို့  ဆုတောင်း ကြပါတယ်, ဒီလိုနဲ့ အရက်သမားတွေနဲ့  ပေါင်းမိပြီး အရက်တွေ သောက်ဖြစ်သွားပါတော့တယ်။
စာထဲမှာ ပြထားတာကတော့ သူဋ္ဌေးသားက ငွေတွေကို ဘေးမှာပုံပြီး သူ့ ရဲ့သောက်ဖော်သောက်ဖက် အရက်သမားတွေနဲ့  ပန်းတွေဝယ်ခိုင်းလိုက် နံ့ သာတွေ ဝယ်ခိုင်းလိုက်တဲ့, ပြီးတော့ တီးတတ်, မှုတ်တတ်တဲ့ သူတွေခေါ် တီးခိုင်းမှုတ်ခိုင်း, သီချင်းဆိုတတ်တဲ့ သူတွေခေါ် သီချင်းဆိုခိုင်း, ကတတ်တဲ့ သူတွေကို ကခိုင်း, ဆုငွေတွေကို တစ်ထောင် နှစ်ထောင်မျိုးဆုချလိုက် အရက်တွေ သောက်လိုက်ပေါ့။
ဒီခေတ်လို စားသောက်ဆိုင်ကြီးတွေမှာ ပန်းကုံးစွပ်တာတို့  ဘာတို့ မရှိပေမယ့် ခပ်ဆင်ဆင်ပါပဲ, နောက်ဆုံးအနှစ် ချုပ်ရရင် အလုပ်မလုပ်ဘဲ အရက်ချည်း ထိုင်သောက်နေလိုက်တာ ပစ္စည်းတွေကုန်ခမ်းပြီး တောင်းစားရတဲ့ ဘဝရောက်သွားရော ဆိုပါတော့။
တစ်နေ့ မြတ်စွာဘုရားက တောင်းစားနေတဲ့ သူဋ္ဌေးလင်မယားကို ရဟန်းသာမဏေတွေက စားကြွင်း, စားကျန်တွေ ပေးနေတာ တွေ့ မြင်တော့ အရှင်အာနန္ဒာကို အောက်ပါအတိုင်း မိန့် တော်မူပါတယ်။
" ချစ်သား အာနန္ဒာ အခုမြင်နေရတဲ့ နှစ်ယောက်ကို ကြည့်စမ်းပါ, သူဋ္ဌေးသားဟာ ပထမအရွယ်မှာ တကယ်လို့  စီးပွားရှာလိုက်ရင် ဒီမြို့ မှာ ပထမ အချမ်းသာဆုံး သူဋ္ဌေးကြီး ဖြစ်လိမ့်မယ်။
အိမ်မှထွက်ပြီး ရဟန်းပြုလိုက်မယ်ဆိုရင် အရဟတ္တဖိုလ်ကို ရလိမ့်မယ်, သူ့ မယားဟာလဲ အနာဂါမိဖိုလ်ကို ရလိမ့်မယ်, ဒါမှမဟုတ် ဒုတိယအရွယ်မှာ စီးပွားရှာလိုက်မယ်ဆိုရင်လဲ ဒီမြို့ မှာ ဒုတိယချမ်းသာဆုံး သူဋ္ဌေးကြီး ဖြစ်လိမ့်မယ်, ရဟန်းပြုမယ်ဆိုရင် အနာဂါမ် ဖြစ်လိမ့်မယ် မယားလဲ သကဒါဂါမ်ဖြစ်လိမ့်မယ်။
ဒါမှမဟုတ် သတိဉာဏ်ဝင်ပြီး တတိယအရွယ်မှာ စီးပွားရှာဦးမယ် ဆိုရင်လဲ သူဋ္ဌေးဖြစ်လိမ့်မယ်။ ရဟန်းပြုမယ်ဆိုရင်တော့ သကဒါဂါမ်ဖြစ်လိမ့်မယ်, မယားက သောတာပန် ဖြစ်လိမ့်မယ်, အခု အရွယ်မှာတော့ အချိန်တွေ လွန်ခဲ့ပြီ, လူ့ စည်းစိမ်တွေမှ ဆုတ်ယုတ်ခဲ့သလို ရဟန်းအဖြစ်ဆိုတဲ့ မဂ်ဖိုလ်တွေမှလဲ ဆုတ်ယုတ်ခဲ့ပြီ, ရေခြောက်သွေ့ နေတဲ့ ရေအိုင်ကို ရောက်ရှိနေတဲ့ ကြိုးကြာငှက်လို ဖြစ်ခဲ့ရရှာပြီး။ "
ရှေ့ ပိုင်းက စကားတွေနဲ့  ပြန်ဆက်ရရင် အတိတ်ကုသိုလ်ကံ ဘယ်လောက်ကောင်းခဲ့ ကောင်းခဲ့ ပစ္စုပ္ပန်ကံကို အသုံးမချတတ်တော့ လောကီချမ်းသာတွေနဲ့  လွဲခဲ့ရသလို လောကုတ္တရာ ချမ်းသာတွေနဲ့ လဲ လွဲခဲ့ရပါတယ်။
တကယ်ပြောမယ်ဆို အတိတ်ကံက တော်တော်အားကြီးခဲ့တာပါ, အတိတ်ကံနဲ့ ပဲ ထိုင်စားနေတော့ ဘဝတစ်ခုရဲ့ အဆုံးကို မရောက်ခင်မှာပဲ အတိတ်ကံ အကျိုးတွေက ကုန်ခမ်းသွားခဲ့ပါပြီ။
တစ်ကြိမ်သာ ဆုံခွင့်ရမယ့် ပစ္စုပ္ပန်အချိန်ကို လောကီအတွက် လောကုတ္တရာအတွက် အကျိုးရှိအောင် အသုံးချတတ်ဖို့ ပါပဲလေ။
ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ) - ရေးသားတော် မူခဲ့သော - " သံသရာ ခရီးဖော် " - မှ
Credit_original uploader
သင်ခန်းစာ
#သင်ခန်းစာ
အမတ်ကြီးနဲ့ဘုရင့်သားဟာ
တစ်နေ့တော့ တိုင်းခန်းလှည့်
လည်လာရင်းနဲ့ချောင်းတစ်ခုနားကို
ရောက်တော့ ....
အ၀တ်ပုံတစ်ခုကိုတွေ့သတဲ့....
အဲဒီအ၀တ်ပုံမှာ အပေါ်ဝတ်အက်ျီ
တစ်ထည်နဲ့ ပုဆိုးအစုတ် နှစ်ထည်ကို တွေ့ပါတယ်။
ဘုရင့်သားက စုတ်ပြတ်နေတဲ့
အ၀တ်ပုံကိုကြည့်ပြီးတော့
"အမတ်ကြီးကြည့်ပါ"...,
ဒီအ၀တ်ပုံဟာ
ဆင်းရဲသားတစ်ယောက်ရဲ့
အ၀တ်ပုံ ဖြစ်ရမယ်...
အ၀တ်တွေဒီနားမှာ
ထားသွားတာကိုကြည့်ရတာ
သူရေချိုးနေပုံရတယ်"...
အမတ်ကြီးက ပြုံးနေတယ်...
ဘုရင့်သားကပဲ " အမတ်ကြီး
ဒီရေချိုးနေတဲ့ ဆင်းရဲသားရဲ့
အ၀တ်တွေကို ဖွက်ထားပြီး
ချုံပုတ်တစ်ခုထဲကနေ ချောင်းကြည့်
နေရရင် မကောင်းဘူးလား...
သူတက်လာလို့
အ၀တ်တွေပျောက်သွားတာကို
မြင်ရင်တော်တော် ရယ်စရာကောင်းတဲ့
ပြရုပ်ဖြစ်နေမှာ ".....
အမတ်ကြီးက မင်းသားအား...
"အရှင့်သား "
လူတစ်ဦးတစ်ယောက်ရဲ့
Oမ်းနည်းပူဆွေးနေမှုကို ကြည့်၍ ...
ပျော်နေတယ်ဆိုတာ သူတော်ကောင်း
တွေမဟုတ် တကယ်လို့ အရှင့်သား
အနေနဲ့ အရမ်းပျော်ချင်နေတယ်ဆိုရင် ဒီလိုလုပ်".....
အမတ်ကြီးက ရွှေပြား ၂ ပြားအား
မင်းသားကို ထုတ်ပေးလေသည်...
မင်းသားက အမတ်ကြီးအား
နားမလည်သလိုကြည့်၏...
အမတ်ကြီးက " အရှင့်သား "...
ဒီရွှေ၂ပြားအား ထိုဆင်းရဲသားရဲ့ အ၀တ်ပုံထဲက အိပ်ကပ်နှစ်ခုမှာ
တစ်ဖက်တစ်ပြားစီထည့်လိုက်ပါ"....
မင်းသားလဲ သွားထည့်လိုက်၏။
ထို့နောက် သူတို့ နှစ်ဦးသစ်ပင်
အကွယ်တွင်စောင့်ကြည့်နေကြသည်..
မကြာမီဆင်းရဲသားရေထဲမှ
ပြန်တက်လာသည်။
အရင်ဆုံး ပုဆိုးကို ရေလဲပြီး
ဝတ်လိုက်သည်။ထို့နောက်
အင်္ကျီကို ကောက်ဝတ်လိုက်သည်...
ပြီးနောက် အကျီ်အိတ်ထဲ
တစ်ခုခု ရှိနေသလို ခံစားမိသဖြင့်
လက်နှိုက် လိုက်လေသည်။
ထိုအချိန်မှာ အိတ်ကပ်ထဲက ရွှေပြားကို တွေ့သည်။
သူအရမ်းပျော်မြူးသွားသည်။
မယုံနိုင်သလိုထိုရွှေပြားကို ပွတ်ကြည့်၏
ကိုက်ကြည့်၏။
ဆင်းရဲသားကား ပျော်ရွှင်မြူးတူးနေ၏...
ထို့နောက်ပြန်လှည့်အထွက်မှာ
နောက်အိတ်ကပ် တစ်ခုလေးနေ
သည်ကို သတိထားမိ၏။
လက်နှိုက် ကြည့်ပြန်၏။
ရွှေပြားတစ်ပြားထွက် လာပြန်၏။
ထိုအချိန်တွင် ဆင်းရဲသားက
မြေကြီးပေါ် ဒူးထောက် ထိုင်ချပြီး
လက်အုပ်ချီကာ ကောင်းကင် မော့၍ "..
အို အကျွန်ုပ်အား ဖေးမကူညီကြသော
နတ်ဒေ၀ါ အပေါင်းတို့ ...
အကျွန်ုပ်အိမ်တွင် နေမကောင်း
ဖြစ်နေသော ကျွန်ုပ်အမေအား
အသင်တို့ စောင့်ရှောက်ပေး၏...
စားစရာမရှိသောကြောင့်
အားအင်ပြတ်လပ်နေသော ညီမလေးအားလဲ အသင်တို့ စောင့်ရှောက်၏၊...
သင်တို့အား အထူးကျေးဇူးတင်ပါ၏"...
ဟုဆိုကာ ဦးသုံးကြိမ်ချ၍ ပျော်ရွှင်စွာ
ပြန်သွားလေသည်....
ထိုအဖြစ်ကိုကြည့်ပြီး ဘုရင့်သား
မျက်ရည်ကျ၏။ အမတ်ကြီးကား
ပြုံးနေ၏။မင်းသားက " အမတ်ကြီး
ယနေ့ ကျွန်တော့်အား မမေ့နိုင်တဲ့
သင်ခန်းစာတစ်ခုကို သင်ပေးလိုက်ပြီ ဟုပြော၏...
အမတ်ကြီးက "အရှင့်သား လူတွေကို
ဒုက္ခပေးပြီးမှ ပျော်ရတာထက် ...
"သုခ"ပေးခြင်းဟာ တကယ့်ပျော်ရွှင်ခြင်းအစစ်မည်ပေသည် ...
" အရှင့်သားအဖို့မှတ်သားထားပါလေ..
Credit..Original Writer
ဒိဋ္ဌိပြုတ်အောင် ဘယ်လိုရှုမလဲ
🎑 ဒိဋ္ဌိပြုတ်အောင် ဘယ်လိုရှုမလဲ
"""""""""""""""""""""""""""""""""""""""""""""""
(၁) ထွက်လေဝင်လေလေးကို
ရှုနေတာက ကာယာနုပဿနာ။
(၂) ဝမ်းနည်းတယ်၊ ဝမ်းသာတယ်၊
ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတဲ့
ခံစားချက်လေးကို ရှုနေတာက ဝေဒနာနုပဿနာ။
(၃) ကိုယ့်သန္တာန်မှာဖြစ်တဲ့
လောဘနဲ့ယှဉ်တွဲလာတဲ့စိတ်၊
ဒေါသနဲ့ယှဉ်တွဲလာတဲ့စိတ်၊
မောဟနဲ့ယှဉ်တွဲလာတဲ့စိတ်
ဒီစိတ်ကလေးကို ရှုနေတာက စိတ္တာနုပဿနာ။
(၄) ကြံတွေးမှု၊ ကြံစည်မှုတွေ၊
ရုပ်ခန္ဓာဓာတ်သဘောတွေကို
ရှုနေတာက ဓမ္မာနုပဿနာ။
အဲ့ဒီလို မိမိသန္တာန်မှာရှိတဲ့ သဘာဝတရားတွေကို
အမှန်မြင်အောင် ကြည့်တတ်ဖို့လိုအပ်တယ်။
၁။ အဲ့ဒီ အမှန်မြင်အောင် ကြည့်တာကိုပဲ
သမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။
သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင်နိုင်ဖို့အတွက်...
၂။ သမ္မာသင်္ကပ္ပဆိုတဲ့
မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့လိုတယ်။
၃။ အဲ့ဒီလို မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့အတွက်
သမ္မာဝါယာမဆိုတဲ့ ကြိုးစားဖို့ လိုအပ်တယ်။
၎။ အဲ့ဒီလို ကြိုးစားဖို့အတွက်
သမ္မာသတိဆိုတဲ့ စိတ်စိုက်ဖို့လိုတယ်။
၅။ အဲ့ဒီ သမ္မာသတိခေါ်တဲ့
အာရုံတစ်ခုထဲမှာ စိတ်ကိုငြိမ်အောင်ထားတာက
သမ္မာသမာဓိပါ။
ဒီလိုပေါင်းစပ်လိုက်တဲ့ မဂ္ဂင်(၅)ပါးကို
"ကာရာပကမဂ္ဂင်(သို့) ကာရကမဂ္ဂင်"လို့ ခေါ်တယ်။
တရားဓမ္မ ကျင့်ကြံ ကြိုးကုတ် အားထုတ်တဲ့အခါ
ဒီမဂ္ဂင်ငါးခုဟာ ဟန်ချက်ညီညီနဲ့
အလုပ်လုပ်သွားပြီဆိုရင်ဖြင့်
သဘာဝတွေကို အမှန်အတိုင်းသိနိုင်မှာဖြစ်တယ်။
ဆိုကြပါစို့၊
ထွက်လေ ဝင်လေလေးကို
ရှုမှတ်နေတယ်ဆိုရင်
ထွက်လေ ဝင်လေလေးကို
သူ့သဘာဝလေးအတိုင်း
မသိသိအောင် ကြိုးစားတာဟာ
သမ္မာဝါယာမ။
အဲ့ဒီ ထွက်လေ ဝင်လေလေးကို
အမြဲတမ်း သတိကပ်ထားတာက သမ္မာသတိ။
ထိုထွက်လေ ဝင်လေ အာရုံတစ်ခုထဲပေါ်မှာ
စိတ်ကိုငြိမ်အောင်ထားတာက သမ္မာသမာဓိ။
ထွက်လေ ဝင်လေလေးရဲ့သဘာဝကို
စဉ်းစားတွေးခေါ်နေတာက သမ္မာသင်္ကပ္ပ။
ဟော... အဲ့ဒီလို လေးခုပေါင်းစပ်လိုက်တဲ့အခါ
ဘာပေါ်လာတုန်းဆိုရင်
ထွက်လေ ဝင်လေလေးရဲ့သဘာဝတရားကို
အမှန်မြင်လိုက်တဲ့ သမ္မာဒိဋ္ဌိဆိုတာ
ပေါ်လာတော့တာပါပဲ။
ဘာကို အမှန်မြင်သလဲဆိုတော့
ထွက်လေ ဝင်လေလေးဟာ
သူ့သဘာဝ ထွက်လေ ဝင်လေပဲ၊
"ငါမဟုတ်ပါလား"ဆိုတဲ့ အယူမှန်သွားတာကို
သမ္မာဒိဋ္ဌိ အမှန်မြင်ခြင်းလို့ခေါ်တယ်။
ငါမဟုတ်ဘူးဆိုတဲ့ အမြင်ဟာ အမှန်မြင်ပေါ့။
အဲ့ဒီ အမှန်မြင်လိုက်တဲ့အခါ
ရုပ်နာမ်ဓမ္မ သင်္ခါရတွေနဲ့ပတ်သက်ပြီး
"ငြီးမွေ့မှု"ဆိုတာ ပေါ်လာတယ်။
ငြီးမွေ့လာတာနဲ့ တစ်ပြိုင်နက်တည်း
"တွယ်တာမှု"ဆိုတာ မရှိတော့ဘူး။
တွယ်တာမှုမရှိတာနဲ့ တစ်ပြိုင်နက်
"လွတ်မြောက်"သွားတာပဲ။
အဲ့ဒီလို
အဆင့်ဆင့်အကျိုးရှိသွားအောင်
မြတ်စွာဘုရားက
ကာယ၊ စိတ္တ၊ ဝေဒနာ၊ ဓမ္မလို့ဆိုတဲ့
သတိပဋ္ဌာန်အာရုံလေးပါးပေါ်မှာ
လူတိုင်းလူတိုင်းဟာ
ဘယ်အချိန်မှာပဲဖြစ်ဖြစ်
မိမိတို့အားလပ်တဲ့အချိန်လေးမှာ
အာရုံစိုက်ပြီးတော့ ကြည့်မယ်ဆိုရင်
ခုနကပြောတဲ့ အသိဥာဏ်တွေအားလုံး
ပေါ်လာကြမှာပါတဲ့။
အဲ့ဒီလို ပေါ်လာတဲ့အခါမှာ
ဝိမုတ္တ "လွတ်မြောက်မှု"ဆိုတာကို
ရလာမှာဖြစ်ပါတယ်။
🎇 ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ကိုယ့်ကိုကိုယ် ဖျက်မှပျက်သည်
“#ကိုယ့်ကိုကိုယ်_ဖျက်မှ_ပျက်သည်”
🌹🍃🌹🍃🌹🍃🌹🍃🌹
    လူတို့သည် ကိုယ့်ကိုကိုယ်
      ဖျက်၍ပျက်နေသည်ကို
    တစ်စုံတစ်ယောက်ကြောင့်  ပျက်ဆီးရသည်ဟုထင်နေသည်။
တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်
မိမိဘဝ၏ ပဲ့ကိုင်ရှင်မဟုတ်ပါ။
မိမိ၏ ကောင်းမှု၊ မကောင်းမှု သည်
  မိမိလက်ထဲမှာသာ ရှိသည်။
  ●  မိမိကာယကံကို
      မိမိကိုယ်တိုင်
      ဖျက်မှ ပျက်သည်။      တစ်ပါးသူက မဖျက်ဆီးနိုင်ပါ။
  ●  မိမိဝစီကံကိုလည်း
      မိမိကိုယ်တိုင်
      ဖျက်မှပျက်သည်။
တစ်ပါးသူက မဖျက်ဆီးနိုင်ပါ။
   ●  မိမိ မနောကံ ကိုလည်း
       မိမိကိုယ်တိုင်
       ဖျက်မှပျက်သည်။
တစ်ပါးသူက မဖျက်ဆီးနိုင်ပါ။
       အကုသိုလ် စရိုက်ဆိုး
     မှန်သမျှပြုလွယ်ဖြစ်လွယ်
          ကျူးလွန်ရန်
      အလွန်လွယ်ကူသည်။
     ထိုကြောင့် မိမိကိုယ်ကို
        ဖျက်ဆီးရန်လည်း
  လွယ်ကူနေခြင်းဖြစ်ပါသည်။
   “ပါပသ္မိံ ရမတိ မနော”ဟု
     ဆိုသည်မဟုတ်လော…?။
       ကျောက်မှဖြစ်သော…
  ဝရဇိန်သည် မှီရာကျောက်ကို
ထွင်းဖောက် ဖျက်ဆီးလေသကဲ့သို့၊
  မိမိပြုသော မကောင်းမှုသည် မိမိကိုယ်ပင်ပြန်လည်ဖျက်ဆီး၏။
🌹🍃🌹🍃🌹🍃🌹🍃🌹🍃🌹🍃🌹🍃
(မဟာကာလဥပသကဝတ္ထု)
   Credit .. ...မဇ္ဈိမ စတား