စာလုံး

ႂကြေရာက္လာၾကေသာ ဓမၼမိတ္ေဆြမ်ားအားလုံး ကိုယ္၏က်န္းမာျခင္း စိတ္၏ခ်မ္းသာျခင္း ႏွင့္ျပည့္စုံၾကပါေစ။

Monday, March 2, 2020

တေမိယဇာတ်တော်

 တေမိယဇာတ်တော်  "
~~~~~~~~~~~~~~

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် မဟာဘိနိက္ခမ ပါရမီတော်ကို အကြောင်းပြု၍ ဂါထာပေါင်း ၁၂၁ ဂါထာခွဲတို့ဖြင့် တန်ဆာစီခြယ်သော တေမိယဇာတ်တော်ကို ဟောတော်မူသည်။ ဤတေမိယဇာတ်တော်ကြီးကို မင်းဘူးမြို့
 လေသာကျောင်းတိုက်၌ သီတင်းသုံးသော မင်းဘူး ဦးဩဘာသ အရှင်သူမြတ်သည် ဒါယကာ မောင်ဝက အဖန်အလဲလဲ တောင်းပန်အပ်သည်ဖြစ်၍ မြန်မာစကားပြေ သက်သက်ဖြင့် ပြုစုရေးသားရာ မြန်မာသက္ကရာဇ် ၁၁၄၈ ခုနှစ် တပို့တွဲလဆန်း ၁၁ ရက်နေ့တွင် ပြီးမြောက်သည်။

ထိုတေမိယဇာတ်တော်မှာ အောက်ပါအတိုင်း ဖြစ်သည်။

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည် ကာသိတိုင်းကို အစိုးရသောကြောင့် ကာသိကရာဇ် အမည်ရှိသော မင်းသည် မင်းပြု၏။ ထိုမင်း၏ မိဖုရားကား မဒ္ဒရာဇ်တိုင်း သာဂလပြည် မဒ္ဒရာဇ်မင်း၏ သမီးတော် စန္ဒာဒေဝီဖြစ်သည်။ ထိုမိဖုရားကြီးမှစ၍ မင်းမောင်းမ အပေါင်းတို့တွင် တစ်ယောက်သော မိဖုရားမောင်းမတို့မျှ သားသမီး မထွန်းကားကြပေ။ ထို့ကြောင့် ဗာရာဏသီ ပြည်သူပြည်သား အပေါင်းတို့သည် ထီးမွေနန်းမွေကို ဆက်ခံရန် သားဆုကို တောင်းပါမည့်အကြောင်း မင်းရင်ပြင်၌ အညီအညွတ် စည်းဝေး၍ ကာသိကရာဇ်အား လျှောက်ထားကြကုန်သည်။ ထို့ကြောင့် မင်းကြီး၏ တစ်သောင်းခြောက်ထောင်သော မောင်းမအပေါင်းတို့သည် မိမိတို့ကိုးကွယ်ရာ နတ်တို့ကို ပူဇော်တင်ကိုး၍ သားဆုကို တောင်းကြကုန်၏။ သို့ရာတွင် စန္ဒာဒေဝီ မိဖုရားကြီး၌သာလျှင် သားဆုပန်သည့် အလိုတော်ပြည့်၍ တေမိယဟူသော အလောင်းတော် မင်းသားသည် ဖွားမြင်လေသည်။

တနေ့သ၌ မင်းကြီးသည် တစ်လသား သားငယ်ကို မိဘတို့၏ ချစ်ခြင်းမေတ္တာ အဟုန်ဖြင့် ရင်ခွင်၌ထား၍ မုတ်တံခါးနန်ရင်ပြင် သဘင်တော် ထီးဖြူရိပ်မှာ စိတ်နှလုံး ချမ်းမြေ့စွာ နေလေသည်။ ထိုအခါ မင်းချင်းတို့သည် ခိုးသူလေးယောက်ကို ဖမ်းယူချီနှောင်၍ မင်းကြီးအား ဆက်လာလေ၏။ ထိုအခါ မင်းကြီးလည်း ခိုးသူတို့ကို အများကြောက်ရွံ့ ထိတ်လန့်အောင် ထင်ရှားစွာ စီရင်ဟု ဆိုတော်မူ၏။ ထိုသို့ ကြောက်မက်ဖွယ်ဆိုသော မင်းကြီးစကားကို တစ်လသားအရွယ် မင်းသားငယ် ကြားသိလေသော် ရှေးဘဝက ဗာရာဏသီပြည်ဝယ် အနှစ်နှစ်ဆယ် မင်းပြုခဲ့သည့် အဖြစ်ကြောင့် နှစ်ပေါင်း ရှစ်သောင်းမျှ ငရဲသို့ လားခဲ့ရသည်ကို ပါရမီအလျောက် ပြန်ပြောင်းအောက်မေ့မိ၍ မင်းပြုရမည့် အခြင်းအရာကို များစွာတုန်လှုပ်မိလေသည်။

ထိုအခါ ရှေးက အမိဖြစ်ခဲ့ဖူးသူ ထီးဖြူတော်စောင့် နတ်သမီးသည် တေမိယမင်းသားအား ဆွံ့၊ အ၊ နားပင်း၍ လူခြင်းမတူသော ကာလကဏ္ဏီကဲ့သို့ ဟန်ဆောင်၍ နေရန် အကြံပေးလေသော် တေမိယမင်းသားသည် ထိုအကြံအတိုင်း တစ်ပါးသော သူငယ်များကဲ့သို့ မငို၊ အလိုအလျောက် လက်ခြေတို့ကိုလည်း မယူမသိမ်း၊ မှိန်းမှိန်းရှက်ရှက် အိမ်စက်မွေ့ခြင်းလည်းမရှိ။ နား၊ မျက်စိတူရူ အမြှူအဖျော် မေးခေါ်ငြားလည်း မကြားယောင်သဖွယ် တိမ်းဘက်လှည့်၍ မကြည့်ရှု၊ ပြုစုထိန်းသူတို့ ထားတိုင်းသော ခြေလက်မျက်နှာ ဣရိယာပတ်ဖြင့်သာလျှင် အင်္ဂါသုံးတန်ကို အဓိဋ္ဌာန်မြဲစွာနှင့် ပါရမီဖြည့်တော်မူ၏။

ထိုသို့ မင်းသား မတုန်မလှုပ် နေကြောင်းကို အထိန်းတော်တို့ သိလတ်သော် မင်းကြီးအား လျှောက်ထားပြီးလျှင် သုခမိန်တို့ဖြင့် တိုင်ပင်၍ တစ်နှစ်အရွယ်၌ နို့ရည်ဖြင့် အလိုစမ်းခြင်း၊ နှစ်နှစ်အရွယ်၌ မုန့်ခဲဖွယ်ဖြင့် အလိုစမ်းခြင်း၊ သုံးနှစ်အရွယ်၌ သစ်သီးဖြင့် အလိုစမ်းခြင်း၊ လေးနှစ်အရွယ်၌ ကစားဖွယ်ဖြင့် အလိုစမ်းခြင်း၊ ငါးနှစ်အရွယ်၌ ဘောဇဉ်ဖြင့် အလိုစမ်းခြင်း၊ ခြောက်နှစ်အရွယ်၌ မီးဖြင့် အလိုစမ်းခြင်း၊ ခုနစ်နှစ်အရွယ်၌ ဆင်ဖြင့် အလိုစမ်းခြင်း၊ ရှစ်နှစ်အရွယ်၌ မြွေဖြင့် အလိုစမ်းခြင်း၊ ကိုးနှစ်အရွယ်၌ ကချေသဘင်ဖြင့် အလိုစမ်းခြင်း၊ ဆယ်နှစ်အရွယ်၌ သန်လျက်ဖြင့် အလိုစမ်းခြင်း၊ တဆယ့်တစ်နှစ်အရွယ်၌ ခရုသင်းဖြင့် အလိုစမ်းခြင်း၊ တဆယ့်နှစ်နှစ်အရွယ်၌ စည်ကြီးဖြင့် အလိုစမ်းခြင်း၊ တဆယ့်သုံးနှစ်အရွယ်၌ ဆီမီးဖြင့် အလိုစမ်းခြင်း၊ တဆယ့်လေးနှစ်အရွယ်၌ တင်လဲဖြင့် အလိုစမ်းခြင်း၊ တဆယ့်ငါးနှစ်အရွယ်၌ မစင်ဖြင့် အလိုစမ်းခြင်း၊ တဆယ့်ခြောက်နှစ်အရွယ်၌ မီးမယ်ဖြူးဖြင့် အလိုစမ်းခြင်း၊ တဆယ့်ခုနစ်နှစ်အရွယ်၌ ကချေသည်ဖြင့် အလိုစမ်းခြင်းဟူ၍ မင်းအမတ်တို့သည် တေမိယမင်းသား၏ အလိုကို သိရအောင် ဆယ့်ခုနစ်ကြိမ်တိုင်တိုင် အလိုစမ်းကြကုန်၏။ သို့ရာတွင် အမှန်ကို မလျှောက်ထားနိုင်ကြောင်း သိရသော် မင်းကြီးသည် ပုရောဟိတ် ပုဏ္ဏားတို့အား ခေါ်ယူမေးမြန်းပြန်ရာ ပုရောဟိတ်တို့သည် တေမိယမင်းသားအား ကျက်သရေမရှိ သည်ဖြစ်၍ အမင်္ဂလာ အင်္ဂါချို့ယုတ်သော မြင်းရထား၌ တင်စေ၍ သုဿန်တစပြင်၌ မြှုပ်နှံသဖြင့် ဖျောက်ရန်သင့်မည်ဟု ဓမ္မဝတ်ကို မငဲ့ကွက်ပဲ လျှောက်ထားကြသည်။

ထိုအခါ မယ်တော် စန္ဒာဒေဝီ မိဖုရားကြီးသည် ရှေးအခါက မိမိလိုရာ ခွင့်တောင်းစေဟူသော အမိန့်ကို မင်းကြီးထံမှ ကတိရရှိပြီးဖြစ်သည့်အတိုင်း သားတော်တေမိယမင်းသား အသက်ချမ်းသာစိမ့်သောငှာ သားတော်အား ထီးမွေနန်းမွေ ပေးအပ်ရန် တောင်းဆိုလေ၏။ မင်းကြီးငြင်းလတ်သော် မိဖုရားလည်း တသက်တာမျှ မင်းအဖြစ်မရလျှင် ခုနနှစ် သို့တည်းမဟုတ် ခုနစ်လ၊ ခြောက်လ၊ ငါးလ၊ လေးလ၊ သုံးလ၊ နှစ်လ၊ တစ်လ၊ ဆယ့်ငါးရက်၊ ခုနစ်ရက် စသည်ဖြင့် တတ်နိုင်သမျှဆုကို ရလေအောင် လျှောက်ထားရာ နောက်ဆုံး၌ တေမိယမင်းသားအား ခုနစ်ရက် ထီးနန်းအပ်လေ၏။ ဤခုနစ်ရက် ထီးနန်းစိုးစံနေစဉ် မယ်တော် စန္ဒာဒေဝီ မိဖုရားသည် တေမိယမင်းသားအား စကားပြောပါရန် တောင်းပန်သည်။ သို့သော်လည်း တေမိယ မင်းသားသည် မယ်တော်တစ်ယောက်ကို မထောက်မထား သနားခြင်း မရှိလေဟန်ဖြင့် အဓိဋ္ဌာန်မပျက်ရအောင် မတုန်မလှုပ်သာလျှင် နေတော်မူသည်။

ထိုကြောင့် ခုနစ်ရက်မြောက်သောနေ့တွင် ရထားမှူးသည် တေမိယမင်းသားအား မြေတွင်မြှုပ်အံ့ဟု သုဿန်ထုတ်လေသည်။ ထိုအခါမှ တေမိယမင်းသားသည် ‘ငါကား အထက်က ပညာစွမ်း၊ ကိုယ်စွမ်းကို ဖုံးလွှမ်းမြှုပ်တိမ် အချိန်အခါ မဟုတ်သဖြင့် ထုတ်ပြခြင်းမပြု၊ ယခုမူကား ပညာနှင့် ကိုယ်အားကို ထင်ရှားစွာ ထုတ်ပြသင့်သောအခါ ရောက်ပြီ’ ဟုယူဆလျက်၊ ရထားမှ မြေသို့သက်ပြီးလျှင် အဝတ်တန်ဆာတို့ကို ဝတ်ဆင်ရန် တောင့်တတော်မူလေ၏။ ထိုတောင့်တချက်အရ ဝိသကြုံနတ်သားက သိကြားမင်းကိုယ်စား ဝတ်လဲတော်ကို ဆက်သရာ ထိုဝတ်လဲတော်ကို ဝတ်၍ ရထားမှူး သုနန္ဒာနှင့် စကားဆိုတော်မူ၏။ ဘုရားလောင်း တေမိယမင်းသားသည် ရထားမှူးအား အဆွေခင်ပွန်းတို့အား မပြစ်မှားထိုက်ကြောင်း မိတ္တပူဇာဒေသနာ ဆယ်ဂါထာဖြင့် တရားဓမ္မဟောပြသည်တွင် ရထားမှူးသည် တေမိယမင်းသား၏ အဖြစ်သနစ်ကိုသိ၍ နေပြည်တော်သို့ ပြန်ပြီးလျှင် မင်းပြုတော်မူပါရန် လျှောက်ထားလေသည်။

တေမိယမင်းသားကား မင်းအဖြစ်ကိုစွန့်၍ ရဟန်းပြုလျက် ချမ်းသာစွာနေမည်ကို ပြောပြ၍ ခမည်းတော်၊ မယ်တော်၊ ဆွေတော်မျိုးတော်တို့အား ကန်တော့လိုက်ကြောင်းကို မှာကြားကာ ရထားမှူးကို နေပြည်တော်သို့ လွှတ်လေသည်။ ရထားမှူးလည်း နေပြည်တော်သို့ ရောက်၍ အကြောင်းစုံကို လျှောက်ထားလေသော် မယ်တော်၊ ခမည်းတော် စသည်တို့သည် ရဟန်းအဖြစ်သို့ ရောက်ပြီးသော တေမိယမင်းသားထံသို့ ကိုယ်တိုင်လိုက်လာကြပြီးနောက် တေမိယမင်းအား မင်းအဖြစ်ကို ယူပါရန် တောင်းပန်လတ်တော် တေမိယမင်းသည် တောထွက်ခြင်း၏ အကျိုးကိုပြ၍ တရားဓမ္မဟောကြားသည်တွင် မယ်တော်၊ ခမည်းတော်မှအစ ဗာရာဏသီ တစ်ပြည်လုံးသည် ဥစ္စာ၊ စည်းစိမ်ဟူသမျှတို့ကို စွန့်လွှတ်၍ တောထွက်ကာ ရဟန်းပြုကြလေသည်။ ထိုမှတစ်ဖန် ဗာရာဏသီ ပြည်သူပြည်သားတို့ ရဟန်းပြုကြသည်ဟူသော သတင်းကို ကြားသိရသော် အနီးအနားရှိ ခုနစ်ပြည်ထောင် မင်းအပေါင်းတို့လည်း တောထွက်၍ ရဟန်းပြုကြလေကုန်သည်။

ဓမ္မမိတ်ဆွေများအားလုံး နိဗ္ဗာန်၏
အထောက်အပံ့ဖြစ်ကြပါစေ...။

မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)စုစည်း၍ဓမ္မဒါနပြုပါသည် ။


လိုအပ္​မယ္​ထင္​ရင္ ရွယ္​ယူထားပါ
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
" ေတမိယဇာတ္ေတာ္  "
~~~~~~~~~~~~~~

ျမတ္စြာဘုရားသည္ သာဝတၳိျပည္ ေဇတဝန္ေက်ာင္းေတာ္တြင္ သီတင္းသုံးေတာ္မူစဥ္ မဟာဘိနိကၡမ ပါရမီေတာ္ကို အေၾကာင္းျပဳ၍ ဂါထာေပါင္း ၁၂၁ ဂါထာခြဲတို႔ျဖင့္ တန္ဆာစီျခယ္ေသာ ေတမိယဇာတ္ေတာ္ကို ေဟာေတာ္မူသည္။ ဤေတမိယဇာတ္ေတာ္ႀကီးကို မင္းဘူးၿမိဳ႕
 ေလသာေက်ာင္းတိုက္၌ သီတင္းသုံးေသာ မင္းဘူး ဦးဩဘာသ အရွင္သူျမတ္သည္ ဒါယကာ ေမာင္ဝက အဖန္အလဲလဲ ေတာင္းပန္အပ္သည္ျဖစ္၍ ျမန္မာစကားေၿပ သက္သက္ျဖင့္ ျပဳစုေရးသားရာ ျမန္မာသကၠရာဇ္ ၁၁၄၈ ခုႏွစ္ တပို႔တြဲလဆန္း ၁၁ ရက္ေန႔တြင္ ၿပီးေျမာက္သည္။

ထိုေတမိယဇာတ္ေတာ္မွာ ေအာက္ပါအတိုင္း ျဖစ္သည္။

ေရွးလြန္ေလၿပီးေသာအခါ ဗာရာဏသီျပည္ ကာသိတိုင္းကို အစိုးရေသာေၾကာင့္ ကာသိကရာဇ္ အမည္ရွိေသာ မင္းသည္ မင္းျပဳ၏။ ထိုမင္း၏ မိဖုရားကား မဒၵရာဇ္တိုင္း သာဂလျပည္ မဒၵရာဇ္မင္း၏ သမီးေတာ္ စႏၵာေဒဝီျဖစ္သည္။ ထိုမိဖုရားႀကီးမွစ၍ မင္းေမာင္းမ အေပါင္းတို႔တြင္ တစ္ေယာက္ေသာ မိဖုရားေမာင္းမတို႔မၽွ သားသမီး မထြန္းကားၾကေပ။ ထို႔ေၾကာင့္ ဗာရာဏသီ ျပည္သူျပည္သား အေပါင္းတို႔သည္ ထီးေမြနန္းေမြကို ဆက္ခံရန္ သားဆုကို ေတာင္းပါမည့္အေၾကာင္း မင္းရင္ျပင္၌ အညီအညြတ္ စည္းေဝး၍ ကာသိကရာဇ္အား ေလၽွာက္ထားၾကကုန္သည္။ ထို႔ေၾကာင့္ မင္းႀကီး၏ တစ္ေသာင္းေျခာက္ေထာင္ေသာ ေမာင္းမအေပါင္းတို႔သည္ မိမိတို႔ကိုးကြယ္ရာ နတ္တို႔ကို ပူေဇာ္တင္ကိုး၍ သားဆုကို ေတာင္းၾကကုန္၏။ သို႔ရာတြင္ စႏၵာေဒဝီ မိဖုရားႀကီး၌သာလၽွင္ သားဆုပန္သည့္ အလိုေတာ္ျပည့္၍ ေတမိယဟူေသာ အေလာင္းေတာ္ မင္းသားသည္ ဖြားျမင္ေလသည္။

တေန႔သ၌ မင္းႀကီးသည္ တစ္လသား သားငယ္ကို မိဘတို႔၏ ခ်စ္ျခင္းေမတၱာ အဟုန္ျဖင့္ ရင္ခြင္၌ထား၍ မုတ္တံခါးနန္ရင္ျပင္ သဘင္ေတာ္ ထီးျဖဴရိပ္မွာ စိတ္ႏွလုံး ခ်မ္းေျမ့စြာ ေနေလသည္။ ထိုအခါ မင္းခ်င္းတို႔သည္ ခိုးသူေလးေယာက္ကို ဖမ္းယူခ်ီေႏွာင္၍ မင္းႀကီးအား ဆက္လာေလ၏။ ထိုအခါ မင္းႀကီးလည္း ခိုးသူတို႔ကို အမ်ားေၾကာက္ရြံ့ ထိတ္လန႔္ေအာင္ ထင္ရွားစြာ စီရင္ဟု ဆိုေတာ္မူ၏။ ထိုသို႔ ေၾကာက္မက္ဖြယ္ဆိုေသာ မင္းႀကီးစကားကို တစ္လသားအရြယ္ မင္းသားငယ္ ၾကားသိေလေသာ္ ေရွးဘဝက ဗာရာဏသီျပည္ဝယ္ အႏွစ္ႏွစ္ဆယ္ မင္းျပဳခဲ့သည့္ အျဖစ္ေၾကာင့္ ႏွစ္ေပါင္း ရွစ္ေသာင္းမၽွ ငရဲသို႔ လားခဲ့ရသည္ကို ပါရမီအေလ်ာက္ ျပန္ေျပာင္းေအာက္ေမ့မိ၍ မင္းျပဳရမည့္ အျခင္းအရာကို မ်ားစြာတုန္လႈပ္မိေလသည္။

ထိုအခါ ေရွးက အမိျဖစ္ခဲ့ဖူးသူ ထီးျဖဴေတာ္ေစာင့္ နတ္သမီးသည္ ေတမိယမင္းသားအား ဆြံ့၊ အ၊ နားပင္း၍ လူျခင္းမတူေသာ ကာလကဏၰီကဲ့သို႔ ဟန္ေဆာင္၍ ေနရန္ အႀကံေပးေလေသာ္ ေတမိယမင္းသားသည္ ထိုအႀကံအတိုင္း တစ္ပါးေသာ သူငယ္မ်ားကဲ့သို႔ မငို၊ အလိုအေလ်ာက္ လက္ေျခတို႔ကိုလည္း မယူမသိမ္း၊ မွိန္းမွိန္းရွက္ရွက္ အိမ္စက္ေမြ႕ျခင္းလည္းမရွိ။ နား၊ မ်က္စိတူ႐ူ အျမႇဴအေဖ်ာ္ ေမးေခၚျငားလည္း မၾကားေယာင္သဖြယ္ တိမ္းဘက္လွည့္၍ မၾကည့္ရႈ၊ ျပဳစုထိန္းသူတို႔ ထားတိုင္းေသာ ေျခလက္မ်က္ႏွာ ဣရိယာပတ္ျဖင့္သာလၽွင္ အဂၤါသုံးတန္ကို အဓိ႒ာန္ျမဲစြာႏွင့္ ပါရမီျဖည့္ေတာ္မူ၏။

ထိုသို႔ မင္းသား မတုန္မလႈပ္ ေနေၾကာင္းကို အထိန္းေတာ္တို႔ သိလတ္ေသာ္ မင္းႀကီးအား ေလၽွာက္ထားၿပီးလၽွင္ သုခမိန္တို႔ျဖင့္ တိုင္ပင္၍ တစ္ႏွစ္အရြယ္၌ နို႔ရည္ျဖင့္ အလိုစမ္းျခင္း၊ ႏွစ္ႏွစ္အရြယ္၌ မုန႔္ခဲဖြယ္ျဖင့္ အလိုစမ္းျခင္း၊ သုံးႏွစ္အရြယ္၌ သစ္သီးျဖင့္ အလိုစမ္းျခင္း၊ ေလးႏွစ္အရြယ္၌ ကစားဖြယ္ျဖင့္ အလိုစမ္းျခင္း၊ ငါးႏွစ္အရြယ္၌ ေဘာဇဥ္ျဖင့္ အလိုစမ္းျခင္း၊ ေျခာက္ႏွစ္အရြယ္၌ မီးျဖင့္ အလိုစမ္းျခင္း၊ ခုနစ္ႏွစ္အရြယ္၌ ဆင္ျဖင့္ အလိုစမ္းျခင္း၊ ရွစ္ႏွစ္အရြယ္၌ ေႁမြျဖင့္ အလိုစမ္းျခင္း၊ ကိုးႏွစ္အရြယ္၌ ကေခ်သဘင္ျဖင့္ အလိုစမ္းျခင္း၊ ဆယ္ႏွစ္အရြယ္၌ သန္လ်က္ျဖင့္ အလိုစမ္းျခင္း၊ တဆယ့္တစ္ႏွစ္အရြယ္၌ ခ႐ုသင္းျဖင့္ အလိုစမ္းျခင္း၊ တဆယ့္ႏွစ္ႏွစ္အရြယ္၌ စည္ႀကီးျဖင့္ အလိုစမ္းျခင္း၊ တဆယ့္သုံးႏွစ္အရြယ္၌ ဆီမီးျဖင့္ အလိုစမ္းျခင္း၊ တဆယ့္ေလးႏွစ္အရြယ္၌ တင္လဲျဖင့္ အလိုစမ္းျခင္း၊ တဆယ့္ငါးႏွစ္အရြယ္၌ မစင္ျဖင့္ အလိုစမ္းျခင္း၊ တဆယ့္ေျခာက္ႏွစ္အရြယ္၌ မီးမယ္ျဖဴးျဖင့္ အလိုစမ္းျခင္း၊ တဆယ့္ခုနစ္ႏွစ္အရြယ္၌ ကေခ်သည္ျဖင့္ အလိုစမ္းျခင္းဟူ၍ မင္းအမတ္တို႔သည္ ေတမိယမင္းသား၏ အလိုကို သိရေအာင္ ဆယ့္ခုနစ္ႀကိမ္တိုင္တိုင္ အလိုစမ္းၾကကုန္၏။ သို႔ရာတြင္ အမွန္ကို မေလၽွာက္ထားနိုင္ေၾကာင္း သိရေသာ္ မင္းႀကီးသည္ ပုေရာဟိတ္ ပုဏၰားတို႔အား ေခၚယူေမးျမန္းျပန္ရာ ပုေရာဟိတ္တို႔သည္ ေတမိယမင္းသားအား က်က္သေရမရွိ သည္ျဖစ္၍ အမဂၤလာ အဂၤါခ်ိဳ႕ယုတ္ေသာ ျမင္းရထား၌ တင္ေစ၍ သုႆန္တစျပင္၌ ျမႇုပ္ႏွံသျဖင့္ ေဖ်ာက္ရန္သင့္မည္ဟု ဓမၼဝတ္ကို မငဲ့ကြက္ပဲ ေလၽွာက္ထားၾကသည္။

ထိုအခါ မယ္ေတာ္ စႏၵာေဒဝီ မိဖုရားႀကီးသည္ ေရွးအခါက မိမိလိုရာ ခြင့္ေတာင္းေစဟူေသာ အမိန႔္ကို မင္းႀကီးထံမွ ကတိရရွိၿပီးျဖစ္သည့္အတိုင္း သားေတာ္ေတမိယမင္းသား အသက္ခ်မ္းသာစိမ့္ေသာငွာ သားေတာ္အား ထီးေမြနန္းေမြ ေပးအပ္ရန္ ေတာင္းဆိုေလ၏။ မင္းႀကီးျငင္းလတ္ေသာ္ မိဖုရားလည္း တသက္တာမၽွ မင္းအျဖစ္မရလၽွင္ ခုနႏွစ္ သို႔တည္းမဟုတ္ ခုနစ္လ၊ ေျခာက္လ၊ ငါးလ၊ ေလးလ၊ သုံးလ၊ ႏွစ္လ၊ တစ္လ၊ ဆယ့္ငါးရက္၊ ခုနစ္ရက္ စသည္ျဖင့္ တတ္နိုင္သမၽွဆုကို ရေလေအာင္ ေလၽွာက္ထားရာ ေနာက္ဆုံး၌ ေတမိယမင္းသားအား ခုနစ္ရက္ ထီးနန္းအပ္ေလ၏။ ဤခုနစ္ရက္ ထီးနန္းစိုးစံေနစဥ္ မယ္ေတာ္ စႏၵာေဒဝီ မိဖုရားသည္ ေတမိယမင္းသားအား စကားေျပာပါရန္ ေတာင္းပန္သည္။ သို႔ေသာ္လည္း ေတမိယ မင္းသားသည္ မယ္ေတာ္တစ္ေယာက္ကို မေထာက္မထား သနားျခင္း မရွိေလဟန္ျဖင့္ အဓိ႒ာန္မပ်က္ရေအာင္ မတုန္မလႈပ္သာလၽွင္ ေနေတာ္မူသည္။

ထိုေၾကာင့္ ခုနစ္ရက္ေျမာက္ေသာေန႔တြင္ ရထားမႉးသည္ ေတမိယမင္းသားအား ေျမတြင္ျမႇုပ္အံ့ဟု သုႆန္ထုတ္ေလသည္။ ထိုအခါမွ ေတမိယမင္းသားသည္ ‘ငါကား အထက္က ပညာစြမ္း၊ ကိုယ္စြမ္းကို ဖုံးလႊမ္းျမႇုပ္တိမ္ အခ်ိန္အခါ မဟုတ္သျဖင့္ ထုတ္ျပျခင္းမျပဳ၊ ယခုမူကား ပညာႏွင့္ ကိုယ္အားကို ထင္ရွားစြာ ထုတ္ျပသင့္ေသာအခါ ေရာက္ၿပီ’ ဟုယူဆလ်က္၊ ရထားမွ ေျမသို႔သက္ၿပီးလၽွင္ အဝတ္တန္ဆာတို႔ကို ဝတ္ဆင္ရန္ ေတာင့္တေတာ္မူေလ၏။ ထိုေတာင့္တခ်က္အရ ဝိသၾကဳံနတ္သားက သိၾကားမင္းကိုယ္စား ဝတ္လဲေတာ္ကို ဆက္သရာ ထိုဝတ္လဲေတာ္ကို ဝတ္၍ ရထားမႉး သုနႏၵာႏွင့္ စကားဆိုေတာ္မူ၏။ ဘုရားေလာင္း ေတမိယမင္းသားသည္ ရထားမႉးအား အေဆြခင္ပြန္းတို႔အား မျပစ္မွားထိုက္ေၾကာင္း မိတၱပူဇာေဒသနာ ဆယ္ဂါထာျဖင့္ တရားဓမၼေဟာျပသည္တြင္ ရထားမႉးသည္ ေတမိယမင္းသား၏ အျဖစ္သနစ္ကိုသိ၍ ေနျပည္ေတာ္သို႔ ျပန္ၿပီးလၽွင္ မင္းျပဳေတာ္မူပါရန္ ေလၽွာက္ထားေလသည္။

ေတမိယမင္းသားကား မင္းအျဖစ္ကိုစြန႔္၍ ရဟန္းျပဳလ်က္ ခ်မ္းသာစြာေနမည္ကို ေျပာျပ၍ ခမည္းေတာ္၊ မယ္ေတာ္၊ ေဆြေတာ္မ်ိဳးေတာ္တို႔အား ကန္ေတာ့လိုက္ေၾကာင္းကို မွာၾကားကာ ရထားမႉးကို ေနျပည္ေတာ္သို႔ လႊတ္ေလသည္။ ရထားမႉးလည္း ေနျပည္ေတာ္သို႔ ေရာက္၍ အေၾကာင္းစုံကို ေလၽွာက္ထားေလေသာ္ မယ္ေတာ္၊ ခမည္းေတာ္ စသည္တို႔သည္ ရဟန္းအျဖစ္သို႔ ေရာက္ၿပီးေသာ ေတမိယမင္းသားထံသို႔ ကိုယ္တိုင္လိုက္လာၾကၿပီးေနာက္ ေတမိယမင္းအား မင္းအျဖစ္ကို ယူပါရန္ ေတာင္းပန္လတ္ေတာ္ ေတမိယမင္းသည္ ေတာထြက္ျခင္း၏ အက်ိဳးကိုျပ၍ တရားဓမၼေဟာၾကားသည္တြင္ မယ္ေတာ္၊ ခမည္းေတာ္မွအစ ဗာရာဏသီ တစ္ျပည္လုံးသည္ ဥစၥာ၊ စည္းစိမ္ဟူသမၽွတို႔ကို စြန႔္လႊတ္၍ ေတာထြက္ကာ ရဟန္းျပဳၾကေလသည္။ ထိုမွတစ္ဖန္ ဗာရာဏသီ ျပည္သူျပည္သားတို႔ ရဟန္းျပဳၾကသည္ဟူေသာ သတင္းကို ၾကားသိရေသာ္ အနီးအနားရွိ ခုနစ္ျပည္ေထာင္ မင္းအေပါင္းတို႔လည္း ေတာထြက္၍ ရဟန္းျပဳၾကေလကုန္သည္။

ဓမၼမိတ္ေဆြမ်ားအားလုံး နိဗၺာန္​၏
အ​ေထာက္​အပ့ံျဖစ္​ၾကပါ​ေစ...။

မ်ိဳးဆက္​သစ္​အရွင္​(ဖို​ေလးလုံး)စုစည္​း၍ဓမၼဒါနျပဳပါသည္​ ။

No comments:

Post a Comment