စာလုံး

ႂကြေရာက္လာၾကေသာ ဓမၼမိတ္ေဆြမ်ားအားလုံး ကိုယ္၏က်န္းမာျခင္း စိတ္၏ခ်မ္းသာျခင္း ႏွင့္ျပည့္စုံၾကပါေစ။

Monday, March 2, 2020

၂။ မဟာဇနကဇာတ်တော်


၂။ မဟာဇနကဇာတ်တော်

ဇနကဇာတ်တော်ဟု အတိုချုံး၍ ခေါ်ဝေါ်ကြသော မဟာဇနကဇာတ်တော်သည် ဇာတ်ကြီးဆယ်ဘွဲ့တွင် ဒုတိယမြောက် ဇာတ်တော်ဖြစ်၍ မူရင်းပါဠိတော်၌ ဂါထာပေါင်း ၁၈၆ ဂါထာဖြင့် ဖွဲ့ဆိုထားသည်။ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တစ်နေ့သ၌ တရားသဘင်ဝယ် အစည်းအဝေးဖြစ်ကြလတ်သော်၊ရဟန်းတို့သည် မြတ်စွာဘုရား၏ နိက္ခမပါရမီ ဖြည့်တော်မူပုံကို ချီးမွမ်းကြလေရာ မြတ်စွာဘုရားသည် ထိုပါရမီကို အကြောင်းပြု၍ မဟာဇနက ဇာတ်တော်ကို ဟောကြားတော်မူလေသည်။

ထိုဇာတ်တော်ကြီးကို မင်းဘူးမြို့ အရှင်ဦးဩဘာသသည် လေသာကျောင်း၊ ကျောင်းတကာ မောင်ဝ၏သား ဒါယကာ မောင်ထောက်က တောင်းပန်အပ်၍ ၁၁၄၇ ခုနှစ်တွင် ပါဠိတော်မှ မြန်မာသို့ အနက်ပြန်၍ ပြုစုတော်မူသည်။

ဇနကဇာတ်တော်မှာ ဤသို့ဖြစ်သည်။

လွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထ္တိလာပြည်၍ မဟာဇနက အမည်ရှိသောမင်းသည် မင်းပြုသည်။ ထိုမင်း၌အရိဋ္ဌဇနကမင်းသား၊ ပေါလဇနကမင်းသား ဟူ၍ သားတော်နှစ်ပါးရှိ၏။ အရိဋ္ဌ ဇနကမင်းသားအား အိမ်ရှေ့အရာကိုပေး၏။ ပေါလဇနကမင်းသားအား သေနာပတိအရာကို ပေး၏။ မင်းကြီးနတ်ရွာစံသော် အရိဋ္ဌဇနကသည် ခမည်းတော်၏ အရိုက်အရာကို ဆက်ခံစိုးစံ၍ ပေလဇနကသည် အိမ်ရှေ့အရာ၌ တည်လေသည်။ ထိုအခါ ပေါလဇနက အိမ်ရှေ့မင်း၏ အတွင်းကျွန်ယုံဖြစ်သော အမတ်တစ်ဦးသည် မိမိအလို မပြည့်သည်နှင့် မိမိ အရှင်သခင်ပေါ်တွင် အငြိုးထား၍ အရိဋ္ဌဇနက မင်းကြီးထံ စံဝင်ပြီးသော် ဂုံးတိုက်ချောစား လေသည်။ အကြိမ်ကြိမ် ဂုံးချောလေသော် မင်းကြီးလည်း ငါ၏ ညီသည် ငါ့ကို မကောင်းကြံရာ၏ဟု အယူရှိ၍ အိမ်ရှေ့မင်းကို ဖမ်းဆီးစေပြီးလျှင် အနှောင်အဖွဲ့၌ ချထားသည်။

ထိုအခါ အိမ်ရှေ့မင်းသည် နောင်တော်အပေါ်၌ မပြစ်မှားမိကြောင်း သစ္စာအဓိဋ္ဌာန်ပြုလေရာ သစ္စာ၏ အာနုဘော်ကြောင့် အနှောင်အဖွဲ့မှ လွတ်လေ၏။ ပေါလဇနကလည်း ဤသို့ အနှောင်အဖွဲ့မှ လွတ်လေသော် ရွာငယ်များကို သိမ်းရုံး၍ လက်နက်ပြုပြီးလျှင် နောင်တော်အား ယခင်က ရန်မလုပ်လိုသော်လည်း ယခု ရန်လုပ်ရတော့မည်ဟု ဆို၍ စစ်ထိုးလေ၏။ ဤသို့ မင်းညီနောင်တို့ စစ်ထိုးရာ နောင်တော် အရိဋ္ဌဇနကသည် အရေးရှုံးနိမ့်၍ နတ်ရွာစံလေသော် အရိဋ္ဌဇနကမင်းကြီး၏ မိဖုရားကြီးသည် မိမိဝမ်း၌ ဘုရားလောင်း မဟာဇနကမင်း၏ သန္ဓေဖြင့်ထွက်ပြေးရာ သိကြားမင်း၏ တန်ခိုးဖြင့် ဒိသာပါမောက္ခ ဆရာကြီးထံ ရောက်လေသည်။ ထိုဒိသာပါမောက္ခ ဆရာကြီးထံ ရောက်သည်တွင် ဘုန်းသမ္ဘာရှင်ဖြစ်သော အလောင်းတော် မဟာဇနကမင်းသားကို ဖွားမြင်လေသည်။

ဇနကမင်းသားလည်း အရွယ်ရောက်လတ်သော် မိမိ၏မျိုးရိုးကို မိခင်အား မေးမြန်းရာတွင် မိမိ၏ ဖခမည်းတော်သည် မိထ္တိလာပြည့်ရှင် အရိဋ္ဌဇနက မင်းကြီးဖြစ်၍ ဦးရီးတော် ပေါလဇနကသည် မိထ္တိလာပြည်၌ စိုးစံနေကြောင်း သိရှိလေ၏။ ထိုအခါ ဇနကမင်းသားသည် မိမိ ခမည်းတော်၏ အရိက်အရာ ဖြစ်သော မိထ္တိလာပြည်ကို သိမ်းယူရန် အကြံဖြစ်သည်။ ဤသို့သိမ်းယူနိုင်ရန် အလို့ငှာ ပင်လယ်ခရီးဖြင့် သင်္ဘောလွှင့်၍ ကူးသန်းရောင်းဝယ်နိုင်စေရန် မယ်တော်အား ခွင့်အကြိမ်ကြိမ်ပန်၍ သင်္ဘောလွင့်ခဲ့သည်။

သို့သော် ဇနကမင်းသား၏ သင်္ဘောသည် ပင်လယ်ခရီး၌ နစ်လေသည်။ ထိုအခါ သင်္ဘောသား ခုနစ်ရာတို့သည် ယောက်ျားတို့၏ လုံ့လကို တစ်စုံတစ်ခုမျှမပြုပဲ ငိုကြွေးမြည်တမ်းလျက်ပင် ငါး၊ လိပ်၊ ငမန်းတို့၏ အစာဖြစ်လေကုန်သည်။ ဘုရားလောင်းကား ယောက်ျားတို့၏ လုံ့လဝိရိယကို မလျှော့ပဲ ခုနှစ်ပတ်လုံး ပင်လယ်၌ ကူးတော်မူ၏။ ထိုအခါ မဏိမေခလာ နတ်သမီးသည် မနီးမဝေးသော ကောင်းကင်က ကိုယ်ထင်ပြကာ ရပ်လျက် ကောင်းမြတ်သော လုံ့လဖြင့် တည်းကူးသလော၊ မူးရူးသောစိတ်ဖြင့် တည်းကူးသလောဟု စုံစမ်းရန် ‘တစ်ဖက်ကမ်းသို့ မရောက်နိုင်ရာသော ဤမဟာသမုဒ္ဒရာ၌ အပင်အပန်းကူးသဖြင့် အဘယ်အကျိုးထူးကို ရ၍ ကိုယ်ဆန္ဒပြည့်မည် ထင်မြင်ဖွယ်ရှိသောကြောင့် ကြိုးစားအားထုတ်ခြင်းကို ပြုဘိသလော’ ဟု မေး၏။ ထိုအခါ ဘုရားအလောင်းသည် ‘နတ်သမီး ကောင်းစွာအားထုတ်လပ်သော ယောက်ျားတို့၏ လုံ့လသည် အကျိုးမဲ့ ဖြစ်ဘူးသည်မရှိ။ ဤသမုဒ္ဒရာကမ်းကို မမြင်ကာမျှနှင့် အဘယ့်ကြောင့် ယောက်ျားတို့၏ လုံ့လကို လျှော့ထိုက်အံ့နည်း။ ကမ်းကိုမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ၊အကျိုးကို မြင်သဖြင့် ငါလုံ့လပြုသည်’ ဟု ဆိုသည်။

ထိုအခါ နတ်သမီးသည် ဘုရားလောင်း၏ တရားကို နာလိုသောကြောင့် ပြန်၍ စာနာတတ်လေသော် ဘုရားလောင်းသည် လုံ့လပြုခြင်းကြောင့် ယောက်ျားမှန်လျက်နှင့် အသက်မရှိသော ကျွန်းထင်းကဲ့သို့ လုံ့လမပြုပဲ နေသည်ဟု အများတကာတို့ အပြစ်မတင်နိုင်စေရန် လုံ့လကို ပြုသင့်ကြောင်း ပြောပြသည့်အပြင် လုံ့လအကျိုးကို လက်ငင်းခံစားရကြောင်း ပြလို၍ ‘ဤသမုဒ္ဒရာ၌ငါနှင့်အတူ သင်္ဘောပျက်ကျသော ခုနစ်ရာသော သင်္ဘောသားတို့သည် ယောက်ျားတို့၏ လုံ့လချို့တဲ့လေခြင်းကြောင့် ငါး၊ လိပ်တို့၏ အစာသာ ဖြစ်ကြလေကုန်ပြီ။ ငါမူကား ယောက်ျားတို့၏ လုံ့လကို မလျှော့ခြင်းကြောင့် ငါး၊ လိပ်တို့၏ ဘေးမှလွတ်သည့်ပြင် လူသာမန်တို့ မြင်ရခဲသော သင်နတ်သမီးကို ငါမြင်ရ၏။ သင်သနား၍ ငါ့ကို ကယ်ဆောင်ပါလျှင် ငါ၌ အကျိုးရှိလတ္တံ့။ သင်မဆယ်တင်၍ ဤတွင်ပင် ငါဆုံးရသော်လည်း လုံ့လပြုကျိုး ငါ၌ရှိလေပြီ’ ဟူ၍ နတ်သမီး မဆိုသာအောင် ပြန်လှန်ချေပလေသည်။ ထိုစကားကို ကြားလျှင် နတ်သမီးသည် နှစ်သက်သည်ဖြစ်၍ ဘုရားလောင်းတော် ဇနကမင်းသား အလိုရှိရာ မိထ္တိလာပြည်သို့ ပို့ဆောင်၍ ကျောက်ဖျာထက်၌ သိပ်ထားလေသည်။

ထိုအခါ မိထ္တိလာပြည်၌ကား ဘထွေးတော် ပေါလဇနကမင်း နတ်ရွာစံ၍ ခုနစ်ရက်ရှိနှင့်ပြီး သတည်း။ ပေါလဇနကမင်း၌ သီဝလိဒေဝီဟူသော သမီးတော်သာလျှင် ကျန်ရစ်လေသည်။ ပေါလဇနကမင်းသည် ထီးနန်းဆက်ခံ စိုးစံသည့် ကိစ္စအတွက် နတ်ရွာမစံမီ မှူးကြီးမတ်ရာတို့အား မှာကြားခဲ့သည်ကား ဗိုလ်ခြေတစ်ထောင် တင်နိုင်ချနိုင်သော လေးကို တစ်ယောက်တည်းဖြင့် တင်နိုင်ချနိုင်သော ကာယဗလရှိသူ၊ တစ်ဆယ့်ခြောက်လုံးသော ရွှေအိုးကြီးကို ဖော်ထုတ်နိုင်သော ဉာဏဗလရှိသူ မည်သည့်အမျိုးကိုမဆို သမီးတော် သီဝလိဒေဝီ နှစ်သက်သည်ရှိသော် ထီးနန်းအပ်နှင်းလေ ဟူ၍ဖြစ်သည်။

ထိုမှာကြားချက်အရ မင်းသမီးနှင့် ထိုက်တန်ရာကို ရှာကြံ၍ မရနိုင်လတ်သော် မှူးမတ်တို့သည် မင်းလောင်းရှိရာသို့ အဓိဋ္ဌာန်ဖြင့် ဖုတ်သွင်းရထား လွှတ်လေသည်။ ထိုအခါ ရထားသည် ဘုရားလောင်း ဇနကမင်းသား စက်တော်ခေါ်ရာ မင်္ဂလာကျောက်ဖျာ၌ ရပ်တန့်လေသည်။ ထို့ကြောင့် မှူးကြီးမတ်ရာ သေနာပတိတို့သည် ပုရောဟိတ်၏ အကြံပေးချက်အရ ဘုန်းရှင် သမ္ဘာရှင် ဖြစ်မဖြစ်ကိုလည်းကောင်း၊ ပေါလဇနကမင်း မိန့်မှာခဲ့သည့်အတိုင်း ကာယဗလ၊ ဉာဏဗလ ရှိမရှိကိုလည်းကောင်း စမ်းသပ်ပြီးသော် အလောင်းတော် ဇနကမင်းသားအား မိထ္တိလာပြည်၏ ထီးနန်းကို သီဝလိဒေဝီ မင်းသမီးနှင့်တကွ အပ်နှင်းလေသည်။

ဤသို့ဖြင့် မဟာဇနကမင်းနှင့် သီဝလိဒေဝီ မိဖုရားတို့သည် မင်း၏စည်းစိမ်ဖြင့် တင့်တယ်စွာ စံနေတော်မူကြသည်။ တစ်နေ့သောအခါ ဥယျာဉ်တော်သို့ ထွက်တော်မူသည်တွင်း မဟာဇနကမင်းသည် သရက်ပင် နှစ်ပင်၏ ဥပမာကို ကြည့်၍ ဤအပင်ကား အသီးမသီးသောကြောင့် စိမ်းစိမ်းလတ်လတ် ညိုဖတ်သော ခက်ရွက်ဖြင့် နှစ်သက်ဖွယ် ပြကတေ့အတိုင်းရှိသည်။ ဤအပင်ကား အသီးသီးခြင်းကြောင့် ဖျက်ဆီးတတ်သော သူနှင့် ဆက်ဆံသည်ဖြစ်၍ ပြကတေ့အတိုင်း မတည်ရ။ ဤပြည်စည်းစိမ်သည်လည်း ရန်သူနှင့် ဆက်ဆံခြင်းကြောင့် အသီးသီးသော သရက်ပင်နှင့်တူသည်။ ရန်သူ မဆက်ဆံသော စည်းစိမ်ကိုရှာလျှင် ရသေ့ရဟန်း၏ အဖြစ်သည်သာ ရန်သူနှင့် မဆက်ဆံသောကြောင့် အသီးမသီသော သရက်ပင်နှင့်တူ၏ ဟူ၍နေက္ခမ္မဝိတက်ဖြင့် အကြံတော်ရရှိပြီးလျှင် ရဟန်းအဖြစ်ကို တောင့်တ၍ တောထွက်တော်မူသည်။ ထိုအခါ သီဝလိဒေဝီနှင့်တကွ မိဖုရား ခုနစ်ရာတို့သည် မဟာဇနကမင်း၏ နောက်သို့လိုက်ပါလျက် တောမထွက်ရလေအောင် အမျိုးမျိုးသော ပရိယာယ်တို့ဖြင့် တားမြစ်ကြကုန်သည်။

ထိုအခါ ဘုရားလောင်းအား နာရဒရှင် ရသေ့နှင့် မိဂါဇိန်ရှင် ရသေ့တို့က ငါးပါးအာရုံ ကာမဂုဏ်တို့ကို ဖြတ်၍ တစ်ယောက်တည်းချင်း ကမ္မဋ္ဌာန်းကို ရှေးရှုသော ရဟန်းတို့၏ဘဝကို ညွှန်ပြ ဩဝါဒ ပေးတော်မူသည်။ သို့သော် သီဝလိဒေဝီနှင့်တကွ မိဖုရား မောင်းမ မိဿံတို့သည် အလောင်းတော် ဇနကမင်း၏ နောက်သို့လိုက်ပါမြဲ လိုက်ပါလျက်ရှိရာ လက်ကောက် နှစ်ဆင့်ဝတ်ရာ၌ အသံဖြစ်၍ လက်ကောက်တစ်ဆင့် ဝတ်ရာ၌ အသံမဖြစ်သည့် ဥပမာကိုလည်းကောင်း၊ မျက်စိတစ်ဖက်ကို မှိတ်လျက် တစ်ဖက်ဖြင့် ကြည့်၍သာ မြားကို ဖြောင့်၍ရသော ဥပမာကိုလည်းကောင်း၊ ဖြတ်အပ်ပြီးသော ဖြူဆံမြက်ပင်မှ မြက်ညွန့်ကို ထိုအပင်၌ တစ်ဖန်ပြန်ဆက်၍ မရကောင်းသော ဥပမာကိုလည်းကောင်း အလောင်းတော် ဇနကမင်းသည် သီဝလိဒေဝီ မိဖုရားအား ပြလေသည်တွင်မှ မိဖုရားနှင့်တကွသော အမတ်တို့သည် ဘုရားလောင်းထံသို့ ဆက်၍ မလိုက်တော့ပဲ ပြည်တော်သို့ ပြန်ကြလေကုန်သည်။ ထိုနောက် မိဖုရားကြီးသည် သားတော် ဒီဃာဝု မင်းသားအား ထီးနန်းအပ်၍မိမိကိုယ်တိုင် ရဟန်းပြုလေသည်။

ဤမဟာဇနက ဇာတ်တော်၌ နိက္ခမပါရမီကို အဓိကထား၍ မြတ်စွာဘုရား ဟောကြားတော်မူသည် ဖြစ်သော်လည်း ဝိရိယပါရမီ ဖြည့်တင်းပုံကိုလည်း ပြဆိုထားသည်။ 

ဓမ္မမိတ်ဆွေများအားလုံး နိဗ္ဗာန်၏
အထောက်အပံ့ဖြစ်ကြပါစေ...။

မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)စုစည်း၍ဓမ္မဒါနပြုပါသည် ။


" မဟာဇနကဇာတ္ေတာ္ "

ဇနကဇာတ္ေတာ္ဟု အတိုခ်ဳံး၍ ေခၚေဝၚၾကေသာ မဟာဇနကဇာတ္ေတာ္သည္ ဇာတ္ႀကီးဆယ္ဘြဲ႕တြင္ ဒုတိယေျမာက္ ဇာတ္ေတာ္ျဖစ္၍ မူရင္းပါဠိေတာ္၌ ဂါထာေပါင္း ၁၈၆ ဂါထာျဖင့္ ဖြဲ႕ဆိုထားသည္။ ျမတ္စြာဘုရားသည္ သာဝတၳိျပည္ ေဇတဝန္ေက်ာင္းေတာ္၌ သီတင္းသုံးေတာ္မူစဥ္ တစ္ေန႔သ၌ တရားသဘင္ဝယ္ အစည္းအေဝးျဖစ္ၾကလတ္ေသာ္၊ရဟန္းတို႔သည္ ျမတ္စြာဘုရား၏ နိကၡမပါရမီ ျဖည့္ေတာ္မူပုံကို ခ်ီးမြမ္းၾကေလရာ ျမတ္စြာဘုရားသည္ ထိုပါရမီကို အေၾကာင္းျပဳ၍ မဟာဇနက ဇာတ္ေတာ္ကို ေဟာၾကားေတာ္မူေလသည္။

ထိုဇာတ္ေတာ္ႀကီးကို မင္းဘူးၿမိဳ႕ အရွင္ဦးဩဘာသသည္ ေလသာေက်ာင္း၊ ေက်ာင္းတကာ ေမာင္ဝ၏သား ဒါယကာ ေမာင္ေထာက္က ေတာင္းပန္အပ္၍ ၁၁၄၇ ခုႏွစ္တြင္ ပါဠိေတာ္မွ ျမန္မာသို႔ အနက္ျပန္၍ ျပဳစုေတာ္မူသည္။

ဇနကဇာတ္ေတာ္မွာ ဤသို႔ျဖစ္သည္။

လြန္ေလၿပီးေသာအခါ ဝိေဒဟရာဇ္တိုင္း မိထၱိလာျပည္၍ မဟာဇနက အမည္ရွိေသာမင္းသည္ မင္းျပဳသည္။ ထိုမင္း၌အရိ႒ဇနကမင္းသား၊ ေပါလဇနကမင္းသား ဟူ၍ သားေတာ္ႏွစ္ပါးရွိ၏။ အရိ႒ ဇနကမင္းသားအား အိမ္ေရွ႕အရာကိုေပး၏။ ေပါလဇနကမင္းသားအား ေသနာပတိအရာကို ေပး၏။ မင္းႀကီးနတ္ရြာစံေသာ္ အရိ႒ဇနကသည္ ခမည္းေတာ္၏ အရိုက္အရာကို ဆက္ခံစိုးစံ၍ ေပလဇနကသည္ အိမ္ေရွ႕အရာ၌ တည္ေလသည္။ ထိုအခါ ေပါလဇနက အိမ္ေရွ႕မင္း၏ အတြင္းကၽြန္ယုံျဖစ္ေသာ အမတ္တစ္ဦးသည္ မိမိအလို မျပည့္သည္ႏွင့္ မိမိ အရွင္သခင္ေပၚတြင္ အၿငိဳးထား၍ အရိ႒ဇနက မင္းႀကီးထံ စံဝင္ၿပီးေသာ္ ဂုံးတိုက္ေခ်ာစား ေလသည္။ အႀကိမ္ႀကိမ္ ဂုံးေခ်ာေလေသာ္ မင္းႀကီးလည္း ငါ၏ ညီသည္ ငါ့ကို မေကာင္းႀကံရာ၏ဟု အယူရွိ၍ အိမ္ေရွ႕မင္းကို ဖမ္းဆီးေစၿပီးလၽွင္ အေႏွာင္အဖြဲ႕၌ ခ်ထားသည္။

ထိုအခါ အိမ္ေရွ႕မင္းသည္ ေနာင္ေတာ္အေပၚ၌ မျပစ္မွားမိေၾကာင္း သစၥာအဓိ႒ာန္ျပဳေလရာ သစၥာ၏ အာႏုေဘာ္ေၾကာင့္ အေႏွာင္အဖြဲ႕မွ လြတ္ေလ၏။ ေပါလဇနကလည္း ဤသို႔ အေႏွာင္အဖြဲ႕မွ လြတ္ေလေသာ္ ရြာငယ္မ်ားကို သိမ္း႐ုံး၍ လက္နက္ျပဳၿပီးလၽွင္ ေနာင္ေတာ္အား ယခင္က ရန္မလုပ္လိုေသာ္လည္း ယခု ရန္လုပ္ရေတာ့မည္ဟု ဆို၍ စစ္ထိုးေလ၏။ ဤသို႔ မင္းညီေနာင္တို႔ စစ္ထိုးရာ ေနာင္ေတာ္ အရိ႒ဇနကသည္ အေရးရႈံးနိမ့္၍ နတ္ရြာစံေလေသာ္ အရိ႒ဇနကမင္းႀကီး၏ မိဖုရားႀကီးသည္ မိမိဝမ္း၌ ဘုရားေလာင္း မဟာဇနကမင္း၏ သေႏၶျဖင့္ထြက္ေျပးရာ သိၾကားမင္း၏ တန္ခိုးျဖင့္ ဒိသာပါေမာကၡ ဆရာႀကီးထံ ေရာက္ေလသည္။ ထိုဒိသာပါေမာကၡ ဆရာႀကီးထံ ေရာက္သည္တြင္ ဘုန္းသမၻာရွင္ျဖစ္ေသာ အေလာင္းေတာ္ မဟာဇနကမင္းသားကို ဖြားျမင္ေလသည္။

ဇနကမင္းသားလည္း အရြယ္ေရာက္လတ္ေသာ္ မိမိ၏မ်ိဳးရိုးကို မိခင္အား ေမးျမန္းရာတြင္ မိမိ၏ ဖခမည္းေတာ္သည္ မိထၱိလာျပည့္ရွင္ အရိ႒ဇနက မင္းႀကီးျဖစ္၍ ဦးရီးေတာ္ ေပါလဇနကသည္ မိထၱိလာျပည္၌ စိုးစံေနေၾကာင္း သိရွိေလ၏။ ထိုအခါ ဇနကမင္းသားသည္ မိမိ ခမည္းေတာ္၏ အရိက္အရာ ျဖစ္ေသာ မိထၱိလာျပည္ကို သိမ္းယူရန္ အႀကံျဖစ္သည္။ ဤသို႔သိမ္းယူနိုင္ရန္ အလို႔ငွာ ပင္လယ္ခရီးျဖင့္ သေဘၤာလႊင့္၍ ကူးသန္းေရာင္းဝယ္နိုင္ေစရန္ မယ္ေတာ္အား ခြင့္အႀကိမ္ႀကိမ္ပန္၍ သေဘၤာလြင့္ခဲ့သည္။

သို႔ေသာ္ ဇနကမင္းသား၏ သေဘၤာသည္ ပင္လယ္ခရီး၌ နစ္ေလသည္။ ထိုအခါ သေဘၤာသား ခုနစ္ရာတို႔သည္ ေယာက္်ားတို႔၏ လုံ႔လကို တစ္စုံတစ္ခုမၽွမျပဳပဲ ငိုေႂကြးျမည္တမ္းလ်က္ပင္ ငါး၊ လိပ္၊ ငမန္းတို႔၏ အစာျဖစ္ေလကုန္သည္။ ဘုရားေလာင္းကား ေယာက္်ားတို႔၏ လုံ႔လဝိရိယကို မေလၽွာ့ပဲ ခုႏွစ္ပတ္လုံး ပင္လယ္၌ ကူးေတာ္မူ၏။ ထိုအခါ မဏိေမခလာ နတ္သမီးသည္ မနီးမေဝးေသာ ေကာင္းကင္က ကိုယ္ထင္ျပကာ ရပ္လ်က္ ေကာင္းျမတ္ေသာ လုံ႔လျဖင့္ တည္းကူးသေလာ၊ မူး႐ူးေသာစိတ္ျဖင့္ တည္းကူးသေလာဟု စုံစမ္းရန္ ‘တစ္ဖက္ကမ္းသို႔ မေရာက္နိုင္ရာေသာ ဤမဟာသမုဒၵရာ၌ အပင္အပန္းကူးသျဖင့္ အဘယ္အက်ိဳးထူးကို ရ၍ ကိုယ္ဆႏၵျပည့္မည္ ထင္ျမင္ဖြယ္ရွိေသာေၾကာင့္ ႀကိဳးစားအားထုတ္ျခင္းကို ျပဳဘိသေလာ’ ဟု ေမး၏။ ထိုအခါ ဘုရားအေလာင္းသည္ ‘နတ္သမီး ေကာင္းစြာအားထုတ္လပ္ေသာ ေယာက္်ားတို႔၏ လုံ႔လသည္ အက်ိဳးမဲ့ ျဖစ္ဘူးသည္မရွိ။ ဤသမုဒၵရာကမ္းကို မျမင္ကာမၽွႏွင့္ အဘယ့္ေၾကာင့္ ေယာက္်ားတို႔၏ လုံ႔လကို ေလၽွာ့ထိုက္အံ့နည္း။ ကမ္းကိုျမင္သည္ျဖစ္ေစ၊ မျမင္သည္ျဖစ္ေစ၊အက်ိဳးကို ျမင္သျဖင့္ ငါလုံ႔လျပဳသည္’ ဟု ဆိုသည္။

ထိုအခါ နတ္သမီးသည္ ဘုရားေလာင္း၏ တရားကို နာလိုေသာေၾကာင့္ ျပန္၍ စာနာတတ္ေလေသာ္ ဘုရားေလာင္းသည္ လုံ႔လျပဳျခင္းေၾကာင့္ ေယာက္်ားမွန္လ်က္ႏွင့္ အသက္မရွိေသာ ကၽြန္းထင္းကဲ့သို႔ လုံ႔လမျပဳပဲ ေနသည္ဟု အမ်ားတကာတို႔ အျပစ္မတင္နိုင္ေစရန္ လုံ႔လကို ျပဳသင့္ေၾကာင္း ေျပာျပသည့္အျပင္ လုံ႔လအက်ိဳးကို လက္ငင္းခံစားရေၾကာင္း ျပလို၍ ‘ဤသမုဒၵရာ၌ငါႏွင့္အတူ သေဘၤာပ်က္က်ေသာ ခုနစ္ရာေသာ သေဘၤာသားတို႔သည္ ေယာက္်ားတို႔၏ လုံ႔လခ်ိဳ႕တဲ့ေလျခင္းေၾကာင့္ ငါး၊ လိပ္တို႔၏ အစာသာ ျဖစ္ၾကေလကုန္ၿပီ။ ငါမူကား ေယာက္်ားတို႔၏ လုံ႔လကို မေလၽွာ့ျခင္းေၾကာင့္ ငါး၊ လိပ္တို႔၏ ေဘးမွလြတ္သည့္ျပင္ လူသာမန္တို႔ ျမင္ရခဲေသာ သင္နတ္သမီးကို ငါျမင္ရ၏။ သင္သနား၍ ငါ့ကို ကယ္ေဆာင္ပါလၽွင္ ငါ၌ အက်ိဳးရွိလတၱံ့။ သင္မဆယ္တင္၍ ဤတြင္ပင္ ငါဆုံးရေသာ္လည္း လုံ႔လျပဳက်ိဳး ငါ၌ရွိေလၿပီ’ ဟူ၍ နတ္သမီး မဆိုသာေအာင္ ျပန္လွန္ေခ်ပေလသည္။ ထိုစကားကို ၾကားလၽွင္ နတ္သမီးသည္ ႏွစ္သက္သည္ျဖစ္၍ ဘုရားေလာင္းေတာ္ ဇနကမင္းသား အလိုရွိရာ မိထၱိလာျပည္သို႔ ပို႔ေဆာင္၍ ေက်ာက္ဖ်ာထက္၌ သိပ္ထားေလသည္။

ထိုအခါ မိထၱိလာျပည္၌ကား ဘေထြးေတာ္ ေပါလဇနကမင္း နတ္ရြာစံ၍ ခုနစ္ရက္ရွိႏွင့္ၿပီး သတည္း။ ေပါလဇနကမင္း၌ သီဝလိေဒဝီဟူေသာ သမီးေတာ္သာလၽွင္ က်န္ရစ္ေလသည္။ ေပါလဇနကမင္းသည္ ထီးနန္းဆက္ခံ စိုးစံသည့္ ကိစၥအတြက္ နတ္ရြာမစံမီ မႉးႀကီးမတ္ရာတို႔အား မွာၾကားခဲ့သည္ကား ဗိုလ္ေျခတစ္ေထာင္ တင္နိုင္ခ်နိုင္ေသာ ေလးကို တစ္ေယာက္တည္းျဖင့္ တင္နိုင္ခ်နိုင္ေသာ ကာယဗလရွိသူ၊ တစ္ဆယ့္ေျခာက္လုံးေသာ ေရႊအိုးႀကီးကို ေဖာ္ထုတ္နိုင္ေသာ ဉာဏဗလရွိသူ မည္သည့္အမ်ိဳးကိုမဆို သမီးေတာ္ သီဝလိေဒဝီ ႏွစ္သက္သည္ရွိေသာ္ ထီးနန္းအပ္ႏွင္းေလ ဟူ၍ျဖစ္သည္။

ထိုမွာၾကားခ်က္အရ မင္းသမီးႏွင့္ ထိုက္တန္ရာကို ရွာႀကံ၍ မရနိုင္လတ္ေသာ္ မႉးမတ္တို႔သည္ မင္းေလာင္းရွိရာသို႔ အဓိ႒ာန္ျဖင့္ ဖုတ္သြင္းရထား လႊတ္ေလသည္။ ထိုအခါ ရထားသည္ ဘုရားေလာင္း ဇနကမင္းသား စက္ေတာ္ေခၚရာ မဂၤလာေက်ာက္ဖ်ာ၌ ရပ္တန႔္ေလသည္။ ထို႔ေၾကာင့္ မႉးႀကီးမတ္ရာ ေသနာပတိတို႔သည္ ပုေရာဟိတ္၏ အႀကံေပးခ်က္အရ ဘုန္းရွင္ သမၻာရွင္ ျဖစ္မျဖစ္ကိုလည္းေကာင္း၊ ေပါလဇနကမင္း မိန႔္မွာခဲ့သည့္အတိုင္း ကာယဗလ၊ ဉာဏဗလ ရွိမရွိကိုလည္းေကာင္း စမ္းသပ္ၿပီးေသာ္ အေလာင္းေတာ္ ဇနကမင္းသားအား မိထၱိလာျပည္၏ ထီးနန္းကို သီဝလိေဒဝီ မင္းသမီးႏွင့္တကြ အပ္ႏွင္းေလသည္။

ဤသို႔ျဖင့္ မဟာဇနကမင္းႏွင့္ သီဝလိေဒဝီ မိဖုရားတို႔သည္ မင္း၏စည္းစိမ္ျဖင့္ တင့္တယ္စြာ စံေနေတာ္မူၾကသည္။ တစ္ေန႔ေသာအခါ ဥယ်ာဥ္ေတာ္သို႔ ထြက္ေတာ္မူသည္တြင္း မဟာဇနကမင္းသည္ သရက္ပင္ ႏွစ္ပင္၏ ဥပမာကို ၾကည့္၍ ဤအပင္ကား အသီးမသီးေသာေၾကာင့္ စိမ္းစိမ္းလတ္လတ္ ညိဳဖတ္ေသာ ခက္ရြက္ျဖင့္ ႏွစ္သက္ဖြယ္ ျပကေတ့အတိုင္းရွိသည္။ ဤအပင္ကား အသီးသီးျခင္းေၾကာင့္ ဖ်က္ဆီးတတ္ေသာ သူႏွင့္ ဆက္ဆံသည္ျဖစ္၍ ျပကေတ့အတိုင္း မတည္ရ။ ဤျပည္စည္းစိမ္သည္လည္း ရန္သူႏွင့္ ဆက္ဆံျခင္းေၾကာင့္ အသီးသီးေသာ သရက္ပင္ႏွင့္တူသည္။ ရန္သူ မဆက္ဆံေသာ စည္းစိမ္ကိုရွာလၽွင္ ရေသ့ရဟန္း၏ အျဖစ္သည္သာ ရန္သူႏွင့္ မဆက္ဆံေသာေၾကာင့္ အသီးမသီေသာ သရက္ပင္ႏွင့္တူ၏ ဟူ၍ေနကၡမၼဝိတက္ျဖင့္ အႀကံေတာ္ရရွိၿပီးလၽွင္ ရဟန္းအျဖစ္ကို ေတာင့္တ၍ ေတာထြက္ေတာ္မူသည္။ ထိုအခါ သီဝလိေဒဝီႏွင့္တကြ မိဖုရား ခုနစ္ရာတို႔သည္ မဟာဇနကမင္း၏ ေနာက္သို႔လိုက္ပါလ်က္ ေတာမထြက္ရေလေအာင္ အမ်ိဳးမ်ိဳးေသာ ပရိယာယ္တို႔ျဖင့္ တားျမစ္ၾကကုန္သည္။

ထိုအခါ ဘုရားေလာင္းအား နာရဒရွင္ ရေသ့ႏွင့္ မိဂါဇိန္ရွင္ ရေသ့တို႔က ငါးပါးအာ႐ုံ ကာမဂုဏ္တို႔ကို ျဖတ္၍ တစ္ေယာက္တည္းခ်င္း ကမၼ႒ာန္းကို ေရွးရႈေသာ ရဟန္းတို႔၏ဘဝကို ညႊန္ၿပ ဩဝါဒ ေပးေတာ္မူသည္။ သို႔ေသာ္ သီဝလိေဒဝီႏွင့္တကြ မိဖုရား ေမာင္းမ မိႆံတို႔သည္ အေလာင္းေတာ္ ဇနကမင္း၏ ေနာက္သို႔လိုက္ပါျမဲ လိုက္ပါလ်က္ရွိရာ လက္ေကာက္ ႏွစ္ဆင့္ဝတ္ရာ၌ အသံျဖစ္၍ လက္ေကာက္တစ္ဆင့္ ဝတ္ရာ၌ အသံမျဖစ္သည့္ ဥပမာကိုလည္းေကာင္း၊ မ်က္စိတစ္ဖက္ကို မွိတ္လ်က္ တစ္ဖက္ျဖင့္ ၾကည့္၍သာ ျမားကို ေျဖာင့္၍ရေသာ ဥပမာကိုလည္းေကာင္း၊ ျဖတ္အပ္ၿပီးေသာ ျဖဴဆံျမက္ပင္မွ ျမက္ညြန႔္ကို ထိုအပင္၌ တစ္ဖန္ျပန္ဆက္၍ မရေကာင္းေသာ ဥပမာကိုလည္းေကာင္း အေလာင္းေတာ္ ဇနကမင္းသည္ သီဝလိေဒဝီ မိဖုရားအား ျပေလသည္တြင္မွ မိဖုရားႏွင့္တကြေသာ အမတ္တို႔သည္ ဘုရားေလာင္းထံသို႔ ဆက္၍ မလိုက္ေတာ့ပဲ ျပည္ေတာ္သို႔ ျပန္ၾကေလကုန္သည္။ ထိုေနာက္ မိဖုရားႀကီးသည္ သားေတာ္ ဒီဃာဝု မင္းသားအား ထီးနန္းအပ္၍မိမိကိုယ္တိုင္ ရဟန္းျပဳေလသည္။

ဤမဟာဇနက ဇာတ္ေတာ္၌ နိကၡမပါရမီကို အဓိကထား၍ ျမတ္စြာဘုရား ေဟာၾကားေတာ္မူသည္ ျဖစ္ေသာ္လည္း ဝိရိယပါရမီ ျဖည့္တင္းပုံကိုလည္း ျပဆိုထားသည္။ 

ဓမၼမိတ္ေဆြမ်ားအားလုံး နိဗၺာန္​၏
အ​ေထာက္​အပ့ံျဖစ္​ၾကပါ​ေစ...။

မ်ိဳးဆက္​သစ္​အရွင္​(ဖို​ေလးလုံး)စုစည္​း၍ဓမၼဒါနျပဳပါသည္​ ။

No comments:

Post a Comment