စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, March 30, 2021

လိုချင်၍ရသော ဆင်းရဲ

လိုချင်၍ ရသော ဆင်းရဲ 
_____________________

🌟 သာဝတ္ထိပြည်တွင် 
သူကြွယ်တစ်ဦး၏ဖခင် ကွယ်လွန်လေ၏။ 
သူကြွယ်သည် ဖခင်သေဆုံးမှုကြောင့်
ကြီးစွာသော စိတ်ဆင်းရဲမှုဖြစ်ကာ သူရူးပမာ ဖြစ်နေသည်။ 
လမ်းမပေါ်၌ တွေ့သမျှလူများကို 
“င့ါအဖေကို တွေ့မြင်ခဲ့ကြပါသလား ၊ 
 ငါ့အဖေကို တွေ့မြင်ခဲ့ကြပါသလား” ဟု 
 တတွတ်တွတ် ရွတ်ဆိုမေးမြန်နေသည်။ 
 သူ၏ အပူပင် သောကကို မည်သူမျှ
 ဖြေသိမ့်ပေးရန် မတတ်နိုင်ဖြစ်နေသည်။

🌟 မြတ်စွာဘုရားရှင်သည် 
လောကကို ကြည့်တော်မူသောအခါ  
သဗ္ဗညုတစက်ကွင်းအတွင်း ထိုသူကြွယ် ပေါ်လာ၏။ 
လောကအကျိုးအတွက် ပွင့်တော်မူလာခြင်း
ဖြစ်သော မြတ်စွာဘုရားသည် နောက်ပါရဟန်းကိုမျှ 
ခေါ်တော် မမူတော့ဘဲ တစ်ပါးတည်း 
ထိုသူကြွယ်အိမ်သို့ ကြွတော်မူသည်။
 
♦ ဖခင်သောကဖြင့် ညှိုးမှိုင်နေသော သူကြွယ်သည် 
“  မြတ်စွာဘုရား တပည့်တော်ဖခင် သွားရာအရပ်ကို 
 သိတော်မူပါသလား “ ဟု လျောက်ထား၏။

♦ ထိုအခါ မြတ်စွာဘုရားရှင်သည် 
“ ဒါယကာ ၊ 
 သင်သည် ယခုဘဝက ဖခင်ကို မေးသလော၊ 
 သို့မဟုတ် 
 တမလွန်ဘဝက တော်စပ်ခဲ့သောဖခင်ကို မေးသလော “
 ဟု မေးလိုက်သောအခါ 
“ သြော်..ငါ့မှာ ဖခင်များစွာ ရှိပေတာပဲ “ ဟု 
 သတိပြန်လည် ဝင်ရောက်လာ၍ 
 စိုးရိမ်သောက လျော့ပါးသွားလေသည်။

♦ သံသရာကျင်လည်ရာတစ်လျောက်
 တော်စပ်ခဲ့သော ဖခင်များမှာ
 ရေတွက်ခြင်းငှာပင် မတတ်နိုင်။ 
 ထို တော်စပ်ခဲ့သူများနှင့် သေကွဲ ကွဲခဲ့ကြရသည်မှာ 
 ယခုဘဝတွင်မှ မဟုတ်ကြောင်း နှလုံးသွင်းမှန်၍ 
 သူကြွယ် အမြင်မှန်ရသွားခြင်း ဖြစ်သည်။

မြတ်စွာဘုရားရှင်၏ တရားဟော ဒေသနာဉာဏ် 
ကျွမ်းကျင်မှု ဖြစ်သည်။ 

🔥 သားသေကို ရင်မှာပိုက်၍ 
 အရူးမီဝိုင်း ဖြစ်နေသော ကိသာဂေါတမီက 
 သူ၏ ကလေးကို အသက်ရှင်အောင် ပြန်လုပ်ပေးပါရန်
 မြတ်စွာဘုရားရှင်အား တောင်းပန်သည်ကို ..

“ ဘယ်လိုဖြစ်နိုင်မှာလဲ၊ သတ္တဝါဆိုတာ သေမျိုးပဲ၊ 
 ခန္ဓာရရင် ကြီးကြီးငယ်ငယ် လူတိုင်း တစ်နေ့သေရမှာဘဲ “ ဟု တုံးတိတိ မဟော။

 သောကအပူမီး အပြင်းအထန် အလောင်ခံနေရသူသည်
 သတိနှင့်ကိုယ် မကပ်ဘဲ ဖြစ်နေတတ်သည်။
 ထိုအချိန်၌ မည့်သည့်တရား ဟော ဟော 
 နားဝင်မည် မဟုတ်ချေ။ 

မဟာကရုဏာတော်ဖြင့် အနူးညံ့ဆုံး စကားကိုသုံး၍ 
“လူမသေဖူးသောအိမ်မှ နှမ်းဆီကိုသာ ရအောင် ရှာခဲ့ပါ"
 ဟု ခိုင်းလိုက်လေသည်။ 

 ♦ တစ်အိမ်တက်ဆင်း နှမ်းဆီတောင်းသော် 
 လူသေဖူးသော အိမ်ချည်းသာဖြစ် နေ၍ 
“လူဆိုတာ သေမျိုးပါလား” ဆိုသည်ကို 
 ကိသာဂေါတမီကိုယ်တိုင် အဖြေထုတ်မိကာ 
 သတိပြန်လည်လာ၍ 
 သားသေကို စွန့်ပစ်လိုက်တော့သည်။

🌟 ဓမ္မစကြာတရားဒေသနာတွင် 
“အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော -  
 မချစ်အပ်သော ပုဂ္ဂိုလ် သင်္ခါရအာရုံတို့နှင့် 
 ဆုံတွေ့ရခြင်းသည် ဆင်းရဲ၏၊ 
 ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော - 
 ချစ်အပ်သော ပုဂ္ဂိုလ် သင်္ခါရ အာရုံတို့နှင့် 
 ကွဲကွာရခြင်းသည် ဆင်းရဲ၏ “ ဟု ဟော်တော်မူသည်။

ဖခင်သေဆုံးခဲ့သော သူကြွယ်နှင့် 
 သားကို ဆုံးရှုံးခဲ့ရသော ကိသာဂေါတမီတို့မှာ 
 ဆင်းရဲမည်မှာ ထင်ရှားပါသည်။

🌟 သို့သော် 
 ချစ်ခင်သူများနှင့် ဆုံတွေ့ရပါသော်လည်း 
 ဆင်းရဲရသော အခြေနေမျိုးလည်း ရှိပြန်သည်။  
“ ယမ်ပိ စ်ဆံ န လဘတိ တမ်ပိ ဒုက်ခံ - 
 လိုချင်တောင့်တနေပါလျက် မရခြင်းသည်လည်း 
 ဆင်းရဲ၏ “ ဟု ဟောထားပုံမျိုး ဖြစ်သည်။ 
 ကိုယ်အလိုရှိသော အခြေနေမျိုး မဖြစ်လာပြန်ကလည်း 
 ဆင်းရဲရသည်သာ ဖြစ်သည်။

💥 ချစ်ခင်သူများနှင့် ဆုံရပါလျက် 
 ဆင်းရဲရသော အဖြစ်ပျက်တစ်ခုရှိပါသည်။

ဂေါတမ မြတ်စွာဘုရားရှင် ပွင့်တော်မူစဉ်က 
ဒတ္တ ဆိုသော သူဋ္ဌေးသားတစ်ယောက်ရှိသည်။ 
ဒတ္တ ကလေးငယ်ဘဝတွင်  သူတို့အိမ်သို့ ဓားပြ 
ဝင်တိုက်သည်။ ဓားပြခေါင်းဆောင်သည် ပစ္စည်းယူရုံတင်မကဘဲ ဒတ္တ၏ မိခင်ကိုပင် အတင်းအဓမ္မသိမ်းပိုက်ခဲ့သဖြင့် ဒတ္တနှင့် သူ့မိခင်မှာ
ငယ်စဉ်ကတည်းက ရှင်ကွဲ ကွဲခဲ့ရသည်။

💢 ဒတ္တ၏မိခင်သည် 
 ဓားပြခေါင်းဆောင်နှင့် သမီးလေးတစ်ယောက်ရပြီး 
 ဓားပြကြီးနှင့်လည်းကွဲ၍ 
 ထိုသမီးလေးနှင့် ရှင်ကွဲ ထပ်ကွဲပြန်သည်။ 
 သားနှင့်သမီးကို ဆုံးရှုံးရသော ဒတ္တ၏ မိခင်သည် 
“ အပ္ပိယေဟိ သမ္ပယော ဂေါ ဒုက္ခာ နှင့် 
 ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော “
 နှစ်မျိုးလုံးနှင့် ကြုံလိုက်ရသည်။

 💢 ဒတ္တ အရွယ်ရောက်လာသောအခါ 
 ဇနီးနှစ်ယောက်နှင့် အိမ်ထောင်ကျသည်။ 
 ဇနီးတစ်ယောက်မှာ အသက်ကြီးကြီး အရွယ်ဖြစ်၍
 နောက်ဇနီးတစ်ယောက်မှာ 
 အသက်ငယ်ငယ် အရွယ်ဖြစ်သည်။

♦ သူတို့သုံးဦးသည် 
 ချစ်ချစ်ခင်ခင်ဖြင့် ပေါင်းသင်းနေလာခဲ့ကြသည်။ 
 လင်တစ်ဦးတည်း ဖြစ်သော်လည်း 
 မယားနှစ်ယောက်သည် အချင်းမများကြ။ 

♦ တစ်နေ့တွင် စကားလက်ဆုံကျ၍
 ရှေးဟောင်းနှောင်းဖြစ် မိမိဘဝဇာတ်ကြောင်းများကို 
 ကိုယ်စီ ကိုယ်စီ ပြောကြရင်း…

♦ ဒတ္တသည် သူငယ်စဉ်ဘဝကတည်းက 
 ကွဲကွာသွားခဲ့သည့် မိခင်နှင့် ပြန်ဆုံလိုက်ရသည်။

♦ ဒတ္တ၏ အမေသည်  
 ကလေးအရွယ်ကပင် စွန့်လွှတ်ခဲ့ရသော 
 ဓားပြကြီးနှင့်ရခဲ့သည့်သမီးကို ပြန်တွေ့လိုက်ရသည်။

ဒတ္တမိခင်၏ သားသမီးများနှင့် ပြန်လည်ဆုံတွေ့ခန်း။

ချစ်ခင်သူများနှင့် ကွဲကွာရခြင်းသည် 
 ဆင်းရဲဟု ဆိုလျင် 
 ချစ်ခင်သူများနှင့် ပေါင်းစည်းရခြင်းသည် 
 သုခ ဖြစ်ရပေမည်။

🔥 သို့သော်…
ဒတ္တတို့ မိသားစု ပေါင်းဆုံခန်းကား…

သားအရင်းဖြစ်သူ ဒတ္တကို 
 လင်အဖြစ်ပေါင်းသင်းနေမိသည့်  
 လင်တူမယားဘဝရောက်နေသော 
 အမေ နှင့့် သမီး 
 အရင်းခေါက်ခေါက်ကြီး၏အဖြစ်…
 အမေနှင့်ညီမကို 
 မယားအဖြစ် ပေါင်းသင်းမိနေသည့် 
 ဒတ္တ၏အဖြစ်…

ရင်နာစရာကောင်းလွန်းလှသည့် 
 မလိုလားအပ်သော အခြေနေမျိုး ကြုံလိုက်ကြရသည်။

ဖြစ်ရလေ…

ဘယ်လောက် ရှက်ရှာကြမလဲ။ 
 ဘယ်လောက် မျက်နှာပူစရာ ကောင်းလိုက်သလဲ။ 
 ဘယ်လောက် ယူကျုံးမရ ဖြစ်နေလိုက်ကြမလဲ..။ 

လွန်စွာဝမ်းနည်းဖွယ်ကောင်းသည့် 
 သူတို့သုံးဦး၏ အဖြစ်အပျက်။

မိခင်ကို မယားပြုနေမိသည့် သားနှင့်၊ 
 သားကို လင်တော်မိနေသည့် မိခင်၏ အဖြစ်ကား..။
 ကံကြမ္မာက ရက်စက်လွန်းသည်။
________________

မြန်မာ့စိတ်ဓာတ် အရင်းခံနှင့် 
 ထိုဇာတ်ကြောင်းကိုဖတ်မိသောအခါ 
 အတော်သံဝေဂ ရမိသည်။
 မြန်မာတို့သည် ဗုဒ္ဓအဆုံးအမ ယဉ်ကျေးမှုနှင့်
 ကြီးပြင်းလာသူများဖြစ်သည်။ 
 မိဘ ဆရာ သမားကို ရတနာသုံးပါး ကဲ့သို့ပင် 
 ရိုသေမြတ်နိုး တန်ဖိုးထားသူများဖြစ်သည်။

ဒတ္တတို့ခေတ် လူ့အဖွဲ့စည်းသည်လည်း 
 မိဘကို တန်ဖိုးထားသော လူ့အဖွဲ့အစည်း ဖြစ်သည်။ 
 ဘာသာတရားအရလည်း မိဘကို ရိုသေကြသည်။ 
 မိအို ဘအိုကို လုပ်မကျွေးဘဲ 
 ပစ်ထားသော သားသမီးမျိုးဆိုလျင် 
 ဝိုင်းဝန်းကဲ့ရဲ့ ပြစ်တင်၍ 
 လူ့ဘောင်က ကြဉ်ဖဲထားကြသည်အထိ 
 အပြစ်ပေးတတ်ကြသည်။

ယဉ်ကျေးသော လူ့အဖွဲ့အစည်းသည် 
 သားနှင့်အမေ ၊ အဖေနှင့်သမီး 
 ကာမစပ်ယှက်ခြင်းကို လက်မခံကြပါ။

ဤသို့သော ယဉ်ကျေးမှု အဖွဲ့အစည်းအတွင်း
 ကြုံလိုက်ရသော ဒတ္တ၏ အဖြစ်သည် 
 အတော်တုန်လှုပ်စရာကောင်းသည်။ 
 သူတို့မိသားစုအဖြစ်ကို 
 ပတ်ဝန်းကျင်ကပါ သိရှိသွားမည်ဆိုပါက 
 မတွေးရဲစရာပင် ဖြစ်သည်။

ရဟန်းဘဝဖြင့် ပျံတော်မူသွားသော 
 စာရေးဆရာကြီးတစ်ယောက်၏ 
 လက်ရှိဘဝ ဇနီးမယားသည်
 အတိတ်ဘဝတစ်ခုက သမီးတော်စပ်ခဲ့သည်ဟု ဆို၏။

🔥 သံသရာတစ်လျောက် ကျင်လည်ရာတွင် 
 အမိ၊ အဖ၊ မောင်နှမ အပြန်ပြန်အလှန်လှန်
 တော်စပ်နိုင်ကြပါသော်လည်း
 ယခုကဲ့သို့ တစ်ဘဝထဲတွင် ပြန်မှားယွင်းမိကြသည့် 
 အဖြစ်ပျက်မျိုးကား ရှားပါလိမ့်မည်။

💢 အရင်းစစ်ပါက 
“ သံခိတ်တနေ ပဉ်စုပါဒါနက်ခန်ဓာ ဒုက်ခာ - 
 အကျဉ်းချုပ်လိုက်လျင် 
 အစွဲလမ်းခံတတ်သော ခန္ဓာရထားခြင်းသည် 
 ဆင်းရဲ “  ပင်ဖြစ်သည်။ 
 ခန္ဓာရနေပါက ထိုအဖြစ်ပျက်မျိုး သံသရာတစ်ကွေ့ 
 မ တွေ့ကြုံနိုင်ဘူးဟု မည်သူမျှ တပ်အပ် မပြောနိုင်။ 

♦ ခန္ဓာရခြင်းသည် လိုချင်ခဲ့၍ ရနေခြင်းဖြစ်သည်။ 
 လိုချင်ရခြင်းမှာလည်း “ ခိုင်တယ်၊ မြဲတယ်၊ 
 လှပ တင့်တယ်တယ်၊ ငါ့အလိုအတိုင်း ဖြစ်နိုင်တယ် “ 
 ဆိုသော အတွေးခေါ်မှား အမြင်မှားများကြောင့် ဖြစ်သည်။ 

♦ ထိုအတွေးအမြင်မှားကြောင့် 
 ခန္ဓာရအောင် အားထုတ်သည်။
လိုချင်မက်မောလှသဖြင့် 
 ရအောင်အားထုတ်ခဲ့ရသော ခန္ဓာသည် 
 တကယ်တမ်းရလာသောအခါ မိမိအလိုသို့မလိုက်၊ 
 မိမိဖြစ်စေချင်သလို အခြေနေမျိုးနှင့်မကြုံ၊ 
 သူဖြစ်ချင်သလို ဖြစ်နေသည်၊ 
 မိမိက မကြံုံစေချင်သည့် အခြေနေမျိုးလည်း
 ကြုံကြရသည်။ ဤကား နိယာမတရားသာဖြစ်သည်။ 
 ထိုနိယာမတရားကို ငြင်းဆန်နေလျင်
 ငြင်းဆန်သူသာ ပင်ပန်းရုံရှိမည်။ 

♦ အများက ကောင်းမွန်သည်၊ ချမ်းသာသည်ဟု 
 သတ်မှတ်ထားကြသော
 ဗြဟ္မာချမ်းသာ၊ နတ်ချမ်းသာ၊ လူချမ်းသာ ဆိုသော 
 ဘဝများသည်လည်း တကယ်တမ်းချမ်းသာပါ၏လား။ 
 ကိလေသာ မကုန်သေးလျင် သောက မကင်းနိုင်။
 သောကမကင်းနိုင်သောဘဝသည် 
 ဘယ်မှာချမ်းသာအစစ်ဖြစ်ပါမည်လဲ။ 

💢 ထို့ကြောင့် မြတ်စွာဘုရားရှင်က 
 မည်သည့်ဘဝကိုမျှ ချမ်းသာသည်ဟု ချီးမွမ်းတော် မမူ။ 
 သစ္စာအမြင်ဖြင့်ကြည့်လျင် ဘဝရလာခြင်းသည် 
 ဆင်းရဲရလာခြင်းသာ ဖြစ်သည်။

ဤသဘောကို ဒတ္တတို့မိသားစု နားလည်လိုက်သည်။

💥 ဒတ္တသည် သူ၏ ဆိုးဝါးလွန်းလှသော ကံကြမ္မာကို
 ကြောက်လန့်မုန်းတီးမိ၍ ပြင်းစွာသော သံဝေဂရကာ 
 ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်။ 
 လမ်းမှန်ဖြင့် ထွက်ပေါက်ရှာတွေ့ခဲ့၍
 တော်သေးသည်ဟု ဆိုရမည်။ သို့မဟုတ်ပါက 
 ထိုစိတ်ဖိစီးမှုဒဏ်ကို မည်သို့မျှခံနိုင်မည်မထင်။ 

🔥 လူအများစုသည် စိတ်ဖိစီးမှုဖြစ်လာသောအခါ  
 ကာမဂုဏ်များဖြင့် အစားထိုးပြီး
 မေ့ဖျောက် ရှောင်လွှဲ တတ်ကြသည်။
 ရှောင်လွှဲမှုသည် ယာယီသာ ဖြစ်သည်။ 
 ဒဏ်ရာရသဖြင့် သွေးစိမ်းထွက်၍ 
 နာကျင်နေသော ခံစားမှုကို ပြေပျောက်ရန် 
 ဘိန်းကျွေး၍ ယာယီမေ့ပျောက်ထားမှုမျိုး ဖြစ်သည်။ 
 ဘိန်းအရှိန်ပြေလျင် နာကျင်မှုကို ပြန်ခံစားရမည်သာ ဖြစ်သည်။ 

💫 ဂျပန်နိုင်ငံတွင် စိတ်ဖိစီးမှုဒေါသကို ဖြေဖျောက်ရန်
 စင်တာများရှိသည်ဟု ဖတ်ဖူးသည်။
 ဒေါသဖြစ်နေသော လူသည် ထိုခန်းမသို့သွား၍
 တွေ့သမျှပစ္စည်းကို ကိုင်ပေါက်၊ ရိုက်ခွဲ၊
 အော်ကြီးဟစ်ကျယ်ဖြင့် မောပန်းသည်အထိ 
 အားရပါးရ ဆဲဆိုနိုင်သည်။ 
 ထိုခန်းမ အသုံးပြုခ ပိုက်ဆံတော့ ပေးရသည်။ 

✨ ထိုနည်းကို ကောင်းသည်ဟု မမြင်။ 
 ဖြစ်ပေါ်လာသော ဒေါသကို ဤကဲ့သို့ ဖြေရှင်းပါက 
 ယာယီထွက်ပေါက် ရကောင်းရသွားနိုင်သော်လည်း
 နည်းမှန်လမ်းမှန်ဖြင့် ဖြေရှင်းခြင်းမဟုတ်ပေ။
 ဒေါသကို ဖောက်ထုတ်ခွင့်ရမှ 
 စိတ်ကျေနပ်မှု ရရှိသောသူသည်
 နောင်အခါ ဒေါသထပ်ဖြစ်လာပါက  
 သူ့အနားရှိ အရာဝတ္ထု ၊ သက်ရှိ ပုဂ္ဂိုလ်များအတွက် 
 အန္တရာယ် အလွန်ရှိပေသည်။

🔥 အချို့က စိတ်ဖိစီးမှုဒဏ်ကို မခံနိုင်သည့့်အဆုံး 
 လက်မြောက် အရှုံးပေး၍
 လောကမှ ထွက်သွားတတ်သည်။

🌟 ဗုဒ္ဓစာပေထဲတွင် ဥပမာတစ်ခုရှိသည်။

 ♦ ခွေးတစ်ကောင်ကို တုတ်ဖြင့်ပစ်ခတ်လျင်
 ခွေးသည် တုတ်ကိုသာ ရန်ရှာ၍ လိုက်ကိုက်သည်။
 တုတ်ဖြင့်ပစ်ခတ်သူကို မမြင်သောကြောင့်
 နောက်ထပ် ပစ်ခတ်မှု ခံနေရသည်။

♦ ခြင်္သေ့တစ်ကောင်ကို တုတ်ဖြင့်ပစ်ခတ်လျင်
 ခြင်္သေ့သည် တုတ်ကိုမကိုက်၊
 တုတ်ပစ်သူကိုသာရှာ၍ လိုက်ကိုက်သည်။ 
 ထို့ကြောင့် နောက်ထပ် ပစ်ခတ်မခံရတော့။

♦ ခွေးသည် အကျိုး၌ ကျင့်၍ 
 ဒုက္ခအဆက်မပြတ် တွေ့ရသည်။
 ခြင်္သေ့သည် အကြောင်း၌ကျင့်သဖြင့် 
 ဒုက္ခရပ်သွားသည်။

♦ တုတ်ထိမှန်၍ နာကျင်မှုဒုက္ခခံစားရခြင်းသည် 
 ပစ်ခတ်သူကြောင့် ဖြစ်သည်။ 
 ပစ်ခတ်သူမရှိလျင် ပစ်ခတ်ခြင်းအမှုမဖြစ်နိုင်။ 
 ပစ်ခတ်ခြင်းအမှုမရှိလျင် 
 ထိမှန်၍ နာကျင်ခြင်းအမှုလည်း မရှိနိုင်တော့ပေ။ 
 အကြောင်းသတ်မှ အကျိုးရပ်မည်မှာ 
 သဘာဝ အမှန်တရားဖြစ်သည်။

💫 ဒတ္တသည်ကား ပါရမီရှင်ဖြစ်သည်။
အကျိုးတရား၌ ပြိုလဲမသွားပေ။
ခြောက်လှန့်နေသော ထိုဖြစ်ရပ်ကြီးကို 
သူ့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးပြုသည်။

ဂင်္ဂါမြစ်ဘေးတွင် 
ထန်းရွက်သုံးရွက်ဖြင့်သာ တဲငယ်လေးဆောက်၍ 
ပံသကူသင်္ကန်းကိုသာ ဝတ်ရုံသည်။

💢 မလိုအပ်ဘဲ စကားလုံးဝ မပြောတော့ဟု 
 အဓိဋ္ဌာန်ဆောက်တည်၍ တရားကိုသာ 
 တစိုက်မတ်မတ် ကြိုးစားအားထုတ်လိုက်ရာ 
 အရဟတ္တဖိုလ်သို့ ရောက်ရှိခဲ့သည်။ 
 ဆင်းရဲရခြင်း အကြောင်းတရားကို
 ဖော်ထုတ်ဖယ်ရှားပစ်နိုင်ခဲ့လေပြီ။

💢 မဂ္ဂင်ရှစ်ပါးမြတ်တရားသည် 
 သားသေမိခင်တို့၏ သောကကိုလည်း
 ဖြေဖျောက်ပေးနိုင်စွမ်းရှိသည်။ 
 လင်သေ မုဆိုးမများ၏ မျက်ရည်ကိုလည်း 
 သုတ်ပေးနိုင်သည်။ 
 အမှောင်ကံကြမ္မာနှင့် ကြုံရသူများကိုလည်း 
 အလင်းရောင်ပေး လမ်းပြ ကယ်ထုတ်နိုင်သည်။

💢ဒတ္တအတွက် သံသရာကြွေး အားလုံးကျေလေပြီ။ 
ဥပါဒါန်တို့၏ နှောင်ဖွဲ့ခြင်း မခံရတော့၍ 
စိတ်ဆင်းရဲမှု အားလုံးတို့မှ လွန်မြောက်သွားတော့၏။ 
တဏှာ ကုန်ခန်းပြီဖြစ်၍ နောင်ခန္ဓာ ဖြစ်စရာ မရှိတော့။ 
ဒုက္ခအားလုံး ဇာတ်သိမ်းတော့၏။ 

♦ လူကြားထဲ ခေါင်းမဖော်ဝံ့လောက်အောင် 
ဆိုးရွားလွန်းလှသည့် သူ၏အဖြစ်ကို မထေရ်မြတ်က
ကိုယ်တိုင် ထေရအပဒါန်တွင် ရင်ဖွင့်ခဲ့သည်။

♦ ဂင်္ဂါမြစ်ဘေးနားတွင် နေထိုင်သီတင်းသုံးသဖြင့် 
ဂင်္ဂါတီရိယထေရ်ဟု ထင်ရှားခဲ့လာပါတော့သည်။

Credit ...အရှင်ပညာသီရိ ( ရမ္မာကျွန်း )

ပြန်လည်မျှဝေပါသည်။
🙏ဓမ္မမိတ်ဆွေများ ကောင်းကျိုး တရား တိုးပွားကြပါစေ🙏

Monday, March 29, 2021

သတိပဌာန်ဆေးတော်ကြီးကို သောက်သုံးစို့..

မြန်မာပြည် ကြီး
ကျမ်းမာစေဖို့

သတိ ပ ဌာန် ဆေးတော်ကြီးကို
သောက်သုံးကြပါစို့...

"သတိပဋ္ဌာန်ရဲ့ကျေးဇူး(၄)မျိုး"
~~~~~~~~~~~~~~~~~

ဒုက္ခဆိုတာ ကိုယ်ဆင်းရဲ
ဒေါမနဿဆိုတာ စ်ိတ်ဆင်းရဲ
ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုဆိုတာတွေကို
လူတွေဟာ ကြုံတွေ့နေကြရတယ်။

ကိုယ်ဆင်းရဲမှုဆ်ိုတာ ကာယိကဒုက္ခ
ခေါင်းကိုက်တယ်,ဖျားနာတယ်,
သွားကိုက်တယ်,ကျောအောင့်တယ်
စသည်ဖြင့် ကာယိကဒုက္ခတွေ
ခံစားရတဲ့နောက်မှာ နောက်ဆက်တွဲက
ဒေါမနဿလိုက်လာတယ် ။

အဲဒီအတွက် စိတ်ဆင်းရဲတယ်၊
ဒေါမနဿဆိုတာ စိတ်ထဲမှာ
မကျေမနပ်ဖြစ်ပြီးစိတ်ဆင်းရဲတာ၊
သောကနဲ့ဒေါမနဿသဘာဝချင်းအတူတူပဲ၊
သို့သော် aspect လို့ခေါ်တဲ့
ဖြစ်ပုံဖြစ်နည်းကွာတယ် ။

"သောက"ကတစ်ခုခုဆုံးရှုံးသွားပြီ
သို့မဟုတ် ဆုံးရှုံးတော့မယ်ဆိုရင်
စိတ်ထဲမှာပူတဲ့ဟာကိုပြောတာ၊
"ဒေါမနဿ"ဆိုတာမကျေနပ်လို့ဖြစ်စေ၊
တစ်စုံတစ်ခုမဖြစ်ချင်တာဖြစ်နေလို့
ဖြစ်စေ၊စ်ိတ်ထဲမခံချိမခံသာဖြစ်နေတာ ။

သဘာဝတရားနှစ်ခုကတော့
ဒေါသနဲ့ယှဉ်လာတဲ့ဝေဒနာချည်းပဲ၊
ဖြစ်ပုံချင်းမတူလို့
မြတ်စွာဘုရားကခွဲဟောထားတာ၊
ဒေါမနဿကိုဒုက္ခနဲ့တွဲပြီးဟောထားတယ်။

သွားကိုက်တယ်
ကိုက်ရမလား စိတ်ဆင်းရဲတယ်၊
ခေါင်းကိုက်တယ်
ကိုက်ရမလား စိတ်ဆင်းရဲတယ်၊
ရောဂါဖြစ်ရင် စ်ိတ်ဆင်းရဲတယ်၊
ဒုက္ခဖြစ်ရင်ဒေါမနဿနောက်ကလိုက်တယ်၊
အဲဒီဒေါမနဿဆိုတဲ့
စ်ိတ်ကိုညစ်နွမ်းစေတဲ့
ပူလောင်ပင်ပန်းစေတတ်တဲ့တရားတွေကို
ချုပ်ပျောက်စေချင်ရင်လည်း
ဒီသတိပဋ္ဌာန်တရားကိုပဲ
ပွားများအားထုတ်ရမယ် ။

ဒီနေရာမှာ သောကတဲ့,ပရိဒေဝတဲ့,
ဒုက္ခတဲ့,ဒေါမနဿတဲ့ နှလုံးသားကို,
စိတ်ကို ပူလောင်စေတတ်တဲ့
နှလုံးသားရဲ့နာကျင်မှုအပူ၄မျိုးကို
ဟောဒီသတိပဋ္ဌာန်တရားက
ဖယ်ရှားနိုင်တယ်၊
လောကမှာ လူတွေဟာ
ဒါတွေနဲ့ပဲ ခံရခက်နေကြတာ၊
ဒါတွေကိုကျော်လွှားနိူင်တယ်ဆ်ိုရင်
တန်ဖိုးကြီးတဲ့ကျင့်စဉ်ပဲ ။

ဒီသတိပဋ္ဌာန်တရားကိုကျင့်လိုက်ရင်
သောကလည်းမရှိတော့ဘူး၊
ပရိဒေဝလည်းမဖြစ်တော့ဘူး၊
ဒုက္ခလည်းမဖြစ်တော့ဘူး၊
ဒေါမနဿလည်းမလာတော့ဘူး၊
အားလုံးငြ်ိမ်းချမ်းသွားမယ်၊ကျေနပ်စရာပဲ၊
ဒါသတိပဋ္ဌာန်ရဲ့ကျေးဇူး(၄)မျိုးကို
ဟောထားတာ ။

(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

🙏🙏🙏🙏🙏🙏🙏🙏🙏

("မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်"
တရားတော်မှကောက်နုတ်ပူဇော်ပါ၏)

credit....

မမေ့သင့်သော ထိုသုံးပါး

"မမေ့သင့်သောထိုသုံးပါး"
~~~~~~~~~~~~~~

၁။ ဝယဓမ္မသင်္ခါရ
ဖြစ်ပြီးတိုင်း ပျက်ရမည့်
သေခြင်းတရား မမေ့သင့်။

၂။တိသရဏရတန
သင့်အတွက်ဖြစ်ပေါ်လာသော
ရတနာမြတ်သုံးပါးမမေ့သင့်။

၃။မဟာလာဘိက ဒုလ်လဘ
သင်အသက်ရှင်ဆဲဆွဲသုံးနိုင်သည့်
ဒုလ္လဘငါးပါးမမေ့သင့်။

ထိုသုံးပါးတို့တွင်ရှင်တော်မြတ်ဘုရားသည်

သေခြင်းတရားကို
ပရိနိဗ္ဗာန်ဝင်ခါနီးအထိ
သတိပေးတော်မူသွား၏။

သရဏဂုံကိုကား
သီလခံယူကြလေတိုင်းပင်
သတိပေးတော်မူသွား၏။

ဒုလႅဘတရားကိုကား
တစ်နေ့လျှင်တစ်ကြိမ်ကျ
သတိပေးတော်မူသွား၏။

အဘယ်ကြောင့်ဆိုသော်...
သေခြင်းကိုမေ့လျော့လေသူသည်
နေခြင်းကိုလည်း
မေ့ပျောက်နေတတ်လှ၍...

အနေမှားအသေမှားကြာလေသူသည်
သူ့ဖို့စောင့်စား ရတနာသုံးပါးကိုလည်း
မေ့ပျောက်နေတတ်လှ၍...

ရတနာများအလကားထားသူသည်
မိမိ၏ လူ့ဘဝ အရမတော်လှတော့၍...

ထိုလူသား...
မိမိရှိ ယုံကြည်ချက်စွမ်းပကား
ဘေးပစင်သွား
လုံးပါးပါးချေပြီတကား။

မိမိ၏လွတ်မြောက်ရေးလမ်းစ
အဝေးကြီးဝေးရရှာချေပြီတကား။

မိမိ၏ရထိုက်ရှိအခွင့်အရေးများ
လက်လွတ်ဆုံးပါးရရှာချေပြီတကား။

(မဟာဗောဓိမြိုင်ဆရာတော်)
🙏🙏🙏🙏🙏🙏🙏🙏🙏

အရဟံစေတီတည်

"စိတ်ချမ်းသာချင်ရင် ရင်ထဲမှာ
အရဟံစေတီ နေ့တိုင်းတည်"
~~~~~~~~~~~~~~~~

အရဟံပွားနေရင် ကိုယ့်ရင်ထဲမှာ
"အရဟံစေတီ" တည်လိုက်တာပါ၊
အောက်ခြေပလ္လင်ကို"သီလ"နဲ့တည်ပါမယ် ။

အလယ်ပစ္စယံ၊အထက်ပစ္စယံကို
"ဂုဏ်တော်ဘာဝနာ"နဲ့တည်ပါမယ်၊
ထီးတော်ကိုတော့"ဝိပဿနာ"နဲ့
တင်လိုက်မယ်ဆိုရင်
ကိုယ့်ရင်ထဲမှာ ကြည်နူးဖွယ်ရာ
အရဟံစေတီတစ်ဆူရှိနေတော့တာပါ။

ကိုယ့်ရင်ထဲမှာ အရဟံစေတီတည်ထားရင်
ကိုယ့်ကိုကိုယ်လည်းကြည်ညိုရသလို
အများကလည်းကြည်ညိုရတာ
အကျိုးရှိပါတယ်။

အပြင်မှာလည်းကုသိုလ်ဖြစ်ဖို့အတွက်
စေတီတည်ရမှာပါပဲ၊
ဒါပေမယ့်အပြင်မှာတည်တဲ့စေတီက
ပိုက်ဆံရယ်,လူအင်အားရယ်,မြေရယ်,
အချိန်ရယ် အများကြီးပေးရတယ်၊
ရင်ထဲကအရဟံစေတီကတော့
ဘုရားကိုကြည်ညိုစိတ်ရယ်,
အချိန်တစ်ခုရယ် ပါပဲ ၊
အလုပ်လုပ်ရင်းတည်မယ်ဆိုရင်
အချိန်တောင်သီးခြားမကုန်ပါဘူး။

အပြင်မှာစေတီမတည်နိုင်လို့
ဘာမှအားငယ်စရာမလိုပါဘူး၊
ရင်ထဲမှာအရဟံစေတီတည်ပြီး
ကုသိုလ်ယူလို့ရပါတယ် ။

စေတီတည်ပြီးတဲ့အခါ
ထီးတော်တင်ပွဲဆိုပြီး
အိမ်မှာဘုန်းကြီးပင့်၊ဆွမ်းကပ်
လူဧည့်သည်တွေကိုဧည့်ခံလို့ရပါသေးတယ်၊
ဧည့်သည်တွေကစေတီဘယ်မှာလဲဆိုရင်
ရင်ထဲမှာလို့ပြောလိုက်ရုံပါပဲ ။

ဘယ်လိုတည်သလဲလို့မေးလာရင်
တည်ပုံတည်နည်းတွေကိုပြောပြလိုက်ရင်
ဓမ္မဒါနကုသိုလ်တောင်
ထပ်ရပါသေးတယ်။

ဘာပဲပြောပြော ရင်ထဲမှာ
အရဟံစေတီတည်ထားရင်
စိတ်အေးချမ်းနေတာပါပဲ၊
စိတ်ချမ်းသာချင်ရင် ရင်ထဲမှာ
အရဟံစေတီနေ့တိုင်းတည်နေဖို့ပါပဲ ။

အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)

🙏🙏🙏🙏🙏🙏🙏🙏🙏

Friday, March 26, 2021

တိုက်ဆိုင်မှုလို့မပြောနဲ့

💎တိုက်ဆိုင်မှုလို့ မပြောနဲ့💎

ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ သူတွေဟာ လူတွေတင် မဟုတ်ဘူး နတ် ဗြဟ္မာ ဝိဇ္ဇာ စတဲ့ မမြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ အများကြီးပါ ..

ဘုရားပွင့်တာ နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာကျော်ပေမဲ့ နတ်သက်နဲ့ဆို နှစ်ဆယ့်ခြောက်ရက် ဗြဟ္မာသက်နဲ့ဆို မိနစ်ပိုင်းပဲ ရှိသေးတယ်..

နတ်ပြည် ဗြဟ္မာ့ပြည်မှာ ဘုရားပွင့်ပြီးတာ ပူပူနွေးနွေးပဲရှိသေးတယ် ...ကမ္ဘာပေါ်မှာ လူသား သန်းခုနစ်ထောင်ကျော်ရှိပြီး ဗုဒ္ဓဘာသာ ကိုးကွယ်မူ့ဟာ အနည်းဆုံးဆိုပေမဲ့ မမြင်နိုင်တဲ့ နတ်ဗြဟ္မာတွေနဲ့ ပေါင်းလိုက်ရင် ဗုဒ္ဓဘာသာဟာ ကိုးကွယ်သူ အများဆုံးရှိပါတယ် ...

လူ့ပြည့်မှာ သာသနာကွယ်ရင် နတ်ပြည် ဗြဟ္မာ့ပြည်မှာပါ သာသနာ ကွယ်မယ်ဆိုတာ သူတို့ကောင်းကောင်းကြီးသိတယ် ...

ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူက နည်းနည်းလေးပဲရှိတယ်ဆိုပြီး မစော်ကားကြပါနဲ့ ...ဖျက်စီးရင် ဖျက်စီးတဲ့သူတွေပဲ ဒုက္ခရောက်လိမ့်မယ်ဆိုတာ
သိထားကြပါ...

သာသနာဟာ လေးအသင်္ချေကမ္ဘာတသိန်းပေးဆပ်ပြီးမှ ပေါ်ပေါက်လာတာမို့ လွယ်လွယ်နဲ့ မကွယ်နိုင်သေးပါဘူး ...

သီဟိုဠ်မှာ ကပ်ဘေးဖြစ်တော့ တဆယ်နှနှစ်မိုးခေါင်ခဲ့ဘူးတယ် စဉ်းစားကြည့်ပေါ့ ၁၂ နှစ်မိုး မရွာဘူးဆိုတော့ လူတွေ ဘယ်လောက်တောင် ဒုက္ခရောက်မလဲ စဉ်းစားယုံနဲ့သိနိုင်တယ်..

ရဟန်းသံဃာ အဲဒီအချိန်က ခြောက်သိန်းကျော်ရှိခဲ့တယ် ကပ်ဘေးလည်းဖြစ်ရော အစာငတ်ပြီး ပျံလွန်တော်မူတာတွေရော လူထွက်တာတွေရောနဲ့ အကုန်လုံးနီးပါး ကုန်တယ်..

ကပ်ဘေးပြီးလို့ ရဟန်းသံဃာတွေပြန်စုတဲ့အခါ 
တစ်ထောင့်ခြောက်ရာ ပဲရှိတော့တယ်တဲ့ ...စဉ်းစားကြည့်ပါ ခြောက်သိန်းကနေ တထောင့်ခြောက်ရာပဲ ကျန်တယ်ဆိုတော့ တော်တော်မလွယ်ဘူး ...

အခုသာသနာဟာ အဲဒီ..ရဟန်းအပါး တစ်ထောင့်ခြောက်ရာနဲ့ပြန်ပြီး စတင်ခဲ့ရတာပါ ပြောချင်တာက ဖျက်ချင်သလောက်ဖျက် လွယ်လွယ် မပျက်ဘူးဆိုတာပြောချင်တာ

အခုလည်း မြန်မာပြည်နဲ့ဗုဒ္ဓဘာသာကို ကြိုက်သလောက်ဖိအားပေး ကြိုက်တဲ့အဖွဲ့အစည်းဖျက် မပျက်စေရပါဘူး ...

ဖျက်လေ ဒုက္ခရောက်လေ ဆိုတာ လေ့လာကြည့်ရင် တွေ့ပါလိမ့်မယ် ...အခုလည်း ..သာသနာတော်ကို ဖျက်သူတွေ သာသနာတော်ကို မှေးမိန်အောင်လုပ်သူတွေ စောင့်ကြည့်နေကြ ပြီးမှ တိုက်ဆိုင်မူ့လို့ မပြောနဲ့

ဗုဒ္ဓဘာသာမှာ...မမြင်ရတဲ့ စွမ်းအားတွေ အများကြီးရှိတယ်ဆိုတာ သိပ်မကြာခင် သက်သေပြလိမ့်မယ်...

Crd

ပြိုင်မငြင်းနဲ တုမငြင်းနဲ့ ရန်မဖြစ်နဲ့

တခါက... 
ဘုန်းကြီးကျောင်းသား ၂ယောက် 
အငြင်းပွားပြီး ရန်ဖြစ်ကြတယ်တဲ့..။

ဘုန်းကြီးက သိသွားတော့ ... 
အဲ့ဒီ ရန်ဖြစ်နေတဲ့ ကျောင်းသား၂ ယောက် ကို ခေါ်မေးပြီ .. ဘာလို့ ရန်ဖြစ်ကြတယ်ပေါ့..။

👦🏻တစ်ဦးက . ၁+၂ ကို ၃ လို့ပြောတယ်
 
👦🏼နောက် တစ်ဦးက ၁+၂ ကို ၄ လို့ပြောတယ် ။

၃ ကြာ...၄ကြာ
ဆိုပြီး အငြင်းပွားပြီး 
ရန်ဖြစ်တဲ့အထိ ဖြစ်သွားကြတာ..

ဘုန်းကြီးက ခဏကြာကြာ စဉ်းစားပြီး 

၁+၂ ကို ၃ လို့ ဖြေတဲ့သူ 
လာခဲ့ကွာလို့ ခေါ်လိုက်တယ်။

အခေါ်ခံရတဲ့ ကလေးက 
သူ့ကို ချီးမွမ်းတော့မယ်ထင်ပြီး 
ဘုန်းကြီးအနားသို့ သွားတာပေါ့ ...။

ဘုန်းကြီးက 
အဲ့ဒီ ကလေးကို ရိုက်ပါသတဲ့...။

ဘာကြောင့်ရိုက်တယ်ဆိုတာ 
သိသလား ..? ရှင်းပြမယ်..။

၁+၂ ကို ၃ လို့ မသိတဲ့ သူနဲ့ 
တုပြီး  ငြင်းတဲ့ မင်း မှာ
အပြစ်ရှိတာကြောင့်တဲ့ ။ 

ငြင်းတယ်ဆိုတာ.... 
ထိုက်သလောက် 
အဆင့်တူမှ ငြင်းလို့ရတာမျိုးပါတဲ့။

အဆင့်သိပ်ကွာရင်
ပြိုင်လို့မရဘူး 
တုလို့မရဘူး။
ငြင်းလို့လည်းမရဘူး။

ငြင်းတိုင်း ငြင်းတိုင်း .. 
ငါ သူ့ထက်သာတယ်လို့ မထင်ပါနဲ့

တက္ကသိုလ် ပါမောက္ခဆရာက 
မူလတန်းကျောင်းသားနဲ့ ယှဉ်ပြီး 
ငြင်းမလား။

ငြင်းခုန်ခြင်းသည် 
တန်းညှိခြင်း တစ်မျိုးပါ...

ခက်တာက 
လူတွေက ငြင်းပြီဆိုရင် 
ငါ သူ့ထက်သာတယ်လို့ 
ထင်တာများတတ်ကြတာတဲ့။

ဒါ့ကြောင့် ..
ကိုယ့်ကို ကိုယ် တန်ဖိုးထားရင်
ဆင်ခြင်ဉာဏ်မရှိတဲ့သူတွေနဲ
ပြိုင်မငြင်းနဲ့ တုမငြင်းနဲ့ 
ရန်မဖြစ်ပါနဲ့တဲ့ ... ။

အရှင်ဥတ္တမ (သစ္စာရွှေစည်ဆရာတော်)
ဘေးမဖြစ်အောင်နေပါတရားတော်မှ...

ချစ်ခြင်း မုန်းခြင်း ကင်းလွတ်ခြင်း

ချစ်ခြင်း , မုန်းခြင်းတွေဟာ

ချစ်ခြင်းကြောင့်လည်း မသက်သာဘူး
မုန်းခြင်းကြောင့်လည်း
မသက်သာဘူး … 

အချစ်နဲ့ အမုန်းသည် 
သတ္တဝါကို တစ်မျိုးစီ နှိပ်စက်နိုင်တယ် ဆိုတာ
သဘောပေါက်ကြဖို့ … 

ချစ်ရင်လည်း
ချစ်လွန်းလို့_ဒုက္ခရောက်ရတယ်
မုန်းရင်လည်း
မုန်းလွန်းလို့_ဒုက္ခရောက်ရတယ် … 

ဒါကြောင့် … 

ကိုယ့်ပေါ်မှာ -
🔹ကောင်းတာတွေပဲ လုပ်လုပ်
🔹မကောင်းတာတွေပဲ လုပ်လုပ်
တူညီစွာထားတဲ့ စိတ်ကို မွေးနိုင်မယ် ဆိုရင် … 

ကိုယ်ဟာ 
အရမ်း အရည်အသွေးမြင့်မားတဲ့
လူတစ်ယောက် အနေအထားကို ရောက်နိုင်တယ် … ။

သစ္စာရွှေစည်_ဆရာတော်

ဒါနကြောင့် နိဗ္ဗာန်ရောက်

ဒါနကြောင့် နိဗ္ဗာန်ရောက်
____________________

ဒါနဆိုတာ လှူချင်တန်းချင် ပေးချင်ကမ်းချင်တဲ့ စိတ်ပါပဲ။ ဘာပဲလှူလှူ ဘာပဲပေးပေး စေတနာ ရက်ရောဖို့ အရေးကြီးတယ်။ ကောင်းခြင်း မကောင်းခြင်း နည်းခြင်း များခြင်းက အဓိက မဟုတ်ပါဘူး။ စေတနာသန့်လေ အကျိုးပေး သန်လေပဲ ဖြစ်ပါတယ်။

တစ်ယာကွမ်းဆေး၊
ရေအေးတစ်ခွက်၊ 
ဆီတစ်စက်နှင့်၊
လဘက်တစ်ရိုး၊ 
ကြံတစ်ချိုးမျှ၊ 
မြတ်နိုးကြည်ဖြူ၊ 
ဒါနဟူသည်၊ 
အလှူကောင်းမှု၊ 
ရရာပြုလော။ 
( မန်လည်ဆရာတော်)

စွန့်ကြဲပေးကမ်း လှူဒါန်းတဲ့ ပုဂ္ဂိုလ်ဟာ ...

၁။ ဘဝကောင်းရမယ်။
၂။ ဝန်းကျင်ကောင်း ရောက်မယ်။
၃။ ဗီဇကောင်း ရမယ်။

လောကမှာ ဘဝကောင်းဆိုတာ အရေးကြီးတယ်။ ဘဝကောင်းဆိုတာ အခြား မဟုတ်ဘူး၊ လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝတွေပါပဲ။

ဘဝကောင်းရမှလဲ အကောင်း အဆိုးကို ဝေဘန်နိုင်တဲ့ အသိဉာဏ်ကို ရမယ်။ အသိဉာဏ်ရမှလည်း သူတော်ကောင်း တရားတွေကို တန်ဖိုးထားတတ်မှာ မဟုတ်လား။

ဘဝ ဘယ်လောက်ကောင်းကောင်း ဝန်းကျင် မကောင်းရင်လည်း ဘဝအထက်တန်း မရောက်နိုင်ဘူး။

ဒါကြောင့် လူတစ်ယောက် ကြီးပွားချမ်းသာဖို့အတွက် ဝန်းကျင်ကောင်းလည်း လိုအပ်တာပဲ။ ဝန်းကျင်ကောင်း ရောက်မှလည်း မိကောင်း ဘကောင်း ဆရာကောင်း သမားကောင်းတွေနှင့် တွေ့ပြီး အဆုံးမကောင်းတွေ ရမယ်။ အဆုံးအမကောင်းတွေ ရမှလည်း အကောင်းအဆိုးကို ခွဲခြားပြီးတော့ နားလည်မှာ မဟုတ်လား။

ဝန်းကျင် ဘယ်လောက်ကောင်းကောင်း ဗီဇ မကောင်းရင်လည်း ဘဝအထက်တန်း မရောက်နိုင်ဘူး။

ဒါကြောင့် လူတစ်ယောက် ကြီးပွားချမ်းသာဖို့အတွက် ဗီဇကောင်းဖို့လည်း လိုတာပဲ။ ဗီဇဆိုတာ စိတ်နေစိတ်ထား စရိုက်ဝါသနာတွေပါပဲ။

လူတစ်ယောက် ဗီဇမကောင်းတော့ဘူးဆိုရင် ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုတာလို ဘယ်လောက်ဆုံးမဆုံးမ မရဘူး။ ဆိုးမြဲဆိုးလျက်ပဲ။

အရှင်ဒေဝဒတ် ကြည့်ပါလား။ မြတ်စွာဘုရားနဲ့ အတူတူ နေခွင့်ရတယ်၊ တရားတွေ နာရတယ်။ တကယ့်ဝန်းကျင်ကောင်းပဲ။ ဒါပေမဲ့ ဗီဇ မကောင်းတော့ ရဟန်းဆိုးလို့ နာမည် တွင်သွားတယ်။

ဒါကြောင့် ဗီဇကောင်းဖို့ အင်မတန် အရေးကြီးတယ်။ ဗီဇကောင်းမှလည်း သူတော်ကောင်းတရားတွေကို ကျင့်မယ်။ သူတော်ကောင်းတရားတွေ ကျင့်မှလည်း နိဗ္ဗာန်ရောက်မယ်။ ဒါကြောင့် ဒါနကောင်းမှုက နိဗ္ဗာန်ကို ပို့တယ်လို့ နားလည်ရမှာ။

မဟာသေန ပုဏ္ဏား
---------------------

ရာဇဂြိုဟ်မြို့မှာ ပုဏ္ဏားကြီးတစ်ယောက် ရှိတယ်။ မဟာသေနလို့ ခေါ်တယ်။ အရှင်သာရိပုတ္တရာရဲ့ ခမည်းတော် ဝင်္ဂန္တပုဏ္ဏားကြီးရဲ့ သူငယ်ချင်း။

တနေ့၊ အရှင်သာရိပုတ္တရာ ဆွမ်းခံကြွရင်းနှင့် ပုဏ္ဏားကြီးကို သတိရလာတယ်။ ဒါနဲ့ မတွေ့တာကြာပြီးဆိုပြီး မဟာသေနရဲ့ အိမ်၀င်လိုက်တယ်။ မဟာသေနဟာ အရှင်သာရိပုတ္တရာကို မြင်တဲ့အခါ လှူစရာ မရှိလို့ အိမ်ထဲမှာပဲ နေလိုက်တယ်။ အပြင် ထွက် မတွေ့တော့ဘူး။ မလှူချင်လို့ မဟုတ်ဘူး၊ လှူစရာ မရှိလို့။ 

ပုဏ္ဏားကြီး မတွေ့တော့ အရှင်သာရိပုတ္တရာ ပြန်ကြွသွားတယ်။ ပုဏ္ဏားကြီးခမျာမှာတော့ စိတ်မကောင်း ဖြစ်နေရှာတယ်။

ရာဇဂြိုဟ်မြို့မှာ ပုဏ္ဏာများရဲ့ ဆုတောင်းပွဲ ကျင်းပတော့ မဟာသေနပုဏ္ဏာကြီးအတွက် ဝတ်စုံတစ်စုံနှင့် နို့ထမင်းတစ်ပွဲ ရတယ်။

ပုဏ္ဏားကြီးဟာ ဝမ်းသာအားရ ဖြစ်ပြီး အရှင်သာရိပုတ္တရာကို လှူမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ အိမ်ကနေ စောင့်နေတယ်။ အရှင်သာရိပုတ္တရာ ကြွလာတယ်။ ပုဏ္ဏားကြီးဟာ နို့ထမင်းကော ဝတ်စုံကော အကုန်လုံး လှူလိုက်တယ်။ လှူပြီးတဲ့အခါ "အရှင်ဘုရားတို့ မြင်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုပါရစေ" လို့ ဆုတောင်းတယ်။ 

ပုဏ္ဏားကြီးဟာ လှူပြီးတဲ့အခါ "ငါ လှူချင်တာ ကြာပြီ၊ အခု လှူလိုက်ရပြီ" ဆိုပြီး ပီတိ ဖြစ်နေတယ်။ အဲဒီနောက် မကြာလိုက်ပါဘူး၊ ပုဏ္ဏားကြီး ကွယ်လွန်သွားတယ်။ 

ပုဏ္ဏားမှ ကိုရင်
------------------

ပုဏ္ဏားကြီး ကွယ်လွန်ပြီးနောက် သာဝတ္ထိမြို့က အမျိုးသမီးရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေနေပါတယ်။ အဲဒီအမျိုးသမီးက အရှင်သာရိပုတ္တရာကို ကြည်ညိတဲ့ အမျိုးသမီး။ ပဋ္ဌာန်းဆက်ဆိုတာ ဒါပဲ။ အတိတ်က ဆုံခဲ့တော့ အခုလည်း ပြန်ဆုံရတယ်။

ပုဏ္ဏားကြီးဟာ အရှင်သာရိပုတ္တရာကို ကြည်ညိုသည့်အတွက် အရှင်သာရိပုတ္တရာကို ကြည်ညိုတဲ့ အမျိုးသမီးရဲ့ ဝမ်းကြာတိုက်မှာ လူသွားဖြစ်တာ။

မွေးပြီဆိုတဲ့အခါ အရှင်သာရိပုတ္တရာကို အိမ်မှာ ပင့်ပြီး ဆွမ်းကပ်တယ်။ တိဿလို့ နာမည်ပေးတယ်။ ကလေးလေးဟာ အရှင်သာရိပုတ္တရာကို မြင်လိုက်တာနဲ့ ကမ္ဗလာခြုံထည်လေးကို လက်နဲ့ဆွဲပြီး အရှင်သာရိပုတ္တရာရဲ့ ခြေရင်းနား ချလိုက်တယ်တဲ့။ အမှန်တော့ လှူလိုက်တာပဲ။ မွေးရာပါဗီဇဆိုတာ အဲဒါပြောတာ။ ဒါတင်ပဲလား, မကသေးဘူး။ အရှင်သာရိပုတ္တရာထံ နေချင်နေတာ၊ ဒါနဲ့ အသက် ၇-နှစ်အရွယ်မှာ ကိုရင်၀တ်လိုက်တယ်။

ကိုရင်တိဿ ဆွမ်းခံကြွတော့ လှူမည့်လှူတွေက တန်းစီနေတယ်။ အဲဒါ ဘာကြောင့်လဲ၊ အတိတ်က ပြုခဲတဲ့ ဒါနကောင်းမှုကြောင့်ပါ။ ဆွမ်း သင်္ကန်း ကျောင်း ဆေးဆိုတဲ့ ပစ္စည်းလေးပါး လှူမည့်သူတွေ အလျှံပယ်ပဲ။ ရသမျှ ပစ္စည်းတွေကိုလည်း သံဃာတွေ ပြန်လှူတယ်။

ကိုရင်တိဿကို ကြည့်တဲ့အခါ ...

၁။ ရလာတဲ့ ဘဝက လူ့ဘဝ။
၂။ ရောက်နေတဲ့ ဝန်းကျင်က အရှင်သာရိပုတ္တရာရဲ့ အနီးအနား။
၃။ ဗီဇကလည်း မွေးကထဲက ပေးချင်ကမ်းချင်တာ။ ဒါတွေဟာ တရားထူးတရားမြတ် ရဖို့အတွက် အခြေခံ အချက်တွေပါပဲ။ ဒီအချက်တွေနဲ့ ပြည့်စုံတယ်ဆိုတာ အတိတ်က ဒါနကောင်းမှု လုပ်ခဲ့လို့ပဲ ဖြစ်ပါတယ်။

နိဗ္ဗာန်ကို မျက်မှောက်ပြုပြီ
-------------------------

ကိုရင် တိဿဟာ သာဝတ္ထိမြို့မှာ မနေချင်ဘူး။ ဘာကြောင့်လဲ၊ တိတ်ဆိတ်တဲ့ နေရာလေးမှာ တရားအားထုတ်ချင်လို့။ ဒါနဲ့ ဘုရားထံ သွားပြီး တရားတောင်းတယ်။ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းတရား ဟောကြားပေးလိုက်တယ်။ 

တရားနာပြီးတဲ့အခါမှာ ယူဇနာ ၁၂၀-ဝေးသော တောရကျောင်းကို ကြွတယ်။ အဲဒီတောကျောင်းမှာ တစ်ပါးထဲ နေပြီး ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းတယ်။ သိပ် မကြာလိုက်ပါဘူး၊ ကိလေသာ ကုန်ခမ်းပြီး ရဟန္တာ ဖြစ်သွားတယ်။ ကိုရင်ဘဝနှင့် ရဟန္တာ ဖြစ်သွားတာ။ ရဟန္တာဖြစ်ပြီဆိုတော့ နိဗ္ဗာန်ချမ်းသာကို လက်ဝယ်ပိုင်ပိုင် ရရှိသွားပြီ။

ဘာကြောင့် ရဟန္တာ ဖြစ်တာလဲ၊ ဘဝကောင်းခြင်း, ဝန်းကျင်ကောင်းခြင်း, ဗီဇကောင်းခြင်းဆိုတဲ့ အချက် ၃- ချက်နှင့် ပြည့်စုံလို့ပါ။ 

ဒီအချက် ၃- ချက် ပြည့်စုံတယ်ဆိုတာလဲ ဒါနကောင်းမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒါနသည် နိဗ္ဗာန်ကို ပို့နိုင်တယ်လို့ မှတ်ပါ။

တစ်ခုတော့ ရှိတယ်။ အလှူလုပ်တဲ့အခါ ဆုတောင်းတတ်ဖို့တော့ လိုတယ်။ ဘာပဲလှူလှူ "နိဗ္ဗာန် ချမ်းသာကို မျက်မှောက်ပြုပါရစေ" လို့ ဆုတောင်းပါ။ ဒါဆိုရင် ဒါနသည် နိဗ္ဗာန်ကို ပို့ပါလိမ့်မယ်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

Wednesday, March 17, 2021

သွားရင်းလာရင်း ဝိပဿနာမှတ်ရတာပဲ

အပြေးတော့မြန်တယ်
လမ်းမမှန်ဘူးဆို
နောက်ဆုံးလူရဲ့နောက်
အောက်ဆုံးမှာ……………

တွေးတော့ တွေးနေတာပဲ
သူ့အကျိုး ကိုယ့်အကျိုး
ပျက်စီးဖို့အကြံနဲ့ဆို
အကုသိုလ်အတွက် အချိန်ကုန်ခံနေတာပဲ…………

အပြောတော့ ကောင်းတယ်
အကောင်း မပြောဘူး
စကားတော့ကြွယ်တယ်
အမှား မပယ်ဘူးဆိုလျှင်
ပြောသမျှက အရာမဝင်ဘူး…………

လုပ်တော့လုပ်ပါရဲ့
မဟုတ်တရုတ်အလုပ်တွေဆို
ကောင်းကျိုး ရပါ့မလား……………

မကောင်းတာကြံ မမှန်တာပြော
မဟုတ်တာတွေ လုပ်နေကြမယ်ဆို
ဆန္ဒနဲ့ ဘဝတွေဟာ သံသရာမှာ
ဆန့်ကျင်ဘက်တွေပဲ ဖြစ်နေလိမ့်မယ်……………   

                                    ရှင်ဝိမလ
                         ခရမ်းကိုင်း၊ရွာဉီးကျောင်း

လမ်းမှန်

အပြေးတော့မြန်တယ်
လမ်းမမှန်ဘူးဆို
နောက်ဆုံးလူရဲ့နောက်
အောက်ဆုံးမှာ……………

တွေးတော့ တွေးနေတာပဲ
သူ့အကျိုး ကိုယ့်အကျိုး
ပျက်စီးဖို့အကြံနဲ့ဆို
အကုသိုလ်အတွက် အချိန်ကုန်ခံနေတာပဲ…………

အပြောတော့ ကောင်းတယ်
အကောင်း မပြောဘူး
စကားတော့ကြွယ်တယ်
အမှား မပယ်ဘူးဆိုလျှင်
ပြောသမျှက အရာမဝင်ဘူး…………

လုပ်တော့လုပ်ပါရဲ့
မဟုတ်တရုတ်အလုပ်တွေဆို
ကောင်းကျိုး ရပါ့မလား……………

မကောင်းတာကြံ မမှန်တာပြော
မဟုတ်တာတွေ လုပ်နေကြမယ်ဆို
ဆန္ဒနဲ့ ဘဝတွေဟာ သံသရာမှာ
ဆန့်ကျင်ဘက်တွေပဲ ဖြစ်နေလိမ့်မယ်……………   

                                    ရှင်ဝိမလ
                         ခရမ်းကိုင်း၊ရွာဉီးကျောင်း

အမှားမကင်းသေးသမျှ

အမှားမကင်းသေးသမျှ အမှန်ဆိုတာလည်းအမြဲမခိုင်ခန့်ဘူး
☸➖➖➖➖➖➖➖➖➖➖➖☸
ပုထုဇဉ်မှန်ရင်
အမှားတွေ မကင်းသေးတဲ့အတွက်
ငါက(တရားတဲ့သူ) ဓမ္မ 
မင်းက(မတရားတဲ့သူ) အဓမ္မ လို
့ကြွေးကြော်ပြဖို့မတန်သေးဘူး။

ပြည်စုံတဲ့အသိဉာဏ် ၊ မရှိသေးသူတိုင်း
အမှားမကင်းနိုင်သေးတဲ့အတွက်
အမှန်ခပ်များများ လုပ်နိုင်သူပဲရှိမယ်
မမှားတဲ့ ပုဂ္ဂိုလ် ဓမ္မသက်သက်လူစား
ပုထုဇဉ်တွေရဲ့ လောကမှာမရှိနိုင်ပါဘူး။

လောကမှာ
အပြစ်ကင်းတဲ့ သူဆိုတာ
အရိယာပဲ ရှိတယ်။

အဂတိကင်းတဲ့သူဆိုတာ 
အရိယာ ပဲရှိတယ်။

ဒါ့ကြောင့်.....
ကိုယ့်ကိုကိုယ် 
(အမှန်သက်သက်လူစား)
ဓမ္မဝါဒီလို့ပြောချင်ရင်....
ဒီစကားကို အရိယာဖြစ်ပြီးမှ ပြောပါ။

credit. ... အရှင်ဉာဏဓဇ (တောင်စွန်း)

ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့..

❒ ဘယ်သူတွေ တရားပျက်ပျက် ကိုယ်မပျက်စေနဲ့

လောကကြီးမှာ ဘယ်သူတွေ တရားပျက်ပျက်၊ ကိုယ်မပျက်စေရဘူးဆိုတဲ့ဟာ ရှိကို ရှိရမယ်။လောကမှာ ကိုယ်ကျင့်တရားဆိုတာ အင်မတန်မှ အရေးကြီးတယ်။ ကိုယ်ကျင့်တရားဆိုတာ ဘယ်ခေတ် ဘယ်အခါ ဘယ်ဒေသ ဘယ်ကာလမှာပဲဖြစ်ဖြစ် လူသားတွေ ရှိနေသမျှ လိုက်နာကျင့်သုံးရမယ့် လူတို့ရဲ့ ကိုယ်ကျင့်တရားပေါ့။

တစ်ကြိမ်တစ်ခါတုန်းကတော့ လူ့သက်တမ်း အလွန်ရှည်ခဲ့တယ်တဲ့။ ဘယ်လောက်ရှည်တုံးဆိုလို့ရှိရင် တစ်ခေတ်တုန်းက  မန္ဓာတု စကြာမင်းကြီး လူ့ပြည်မှာ နှစ်ပေါင်းများစွာ စိုးစုံပြီး မင်းလုပ်တယ်။ ဒါနဲ့တင်းတိမ်အားရမှု မရှိတဲ့အခါ တာဝတိံသာနတ်ပြည်တက်ပြီး သိကြားနဲ့အာဏာခွဲဝေယူပြီး သိကြားနဲ့ယှဉ်ပြိုင်ပြီး နတ်ပြည်ကို အုပ်ချုပ်ခဲ့တယ်။ သိကြားမင်း သုံးဆယ့်ခြောက်ယောက် ပြောင်းသွား တာတောင်မှ သူက မသေသေးဘူးတဲ့။ သက်တမ်းအလွန်ရှည်တယ်ပေါ့။  အဲတော့ နတ်ထက် အသက်ရှည်တဲ့ခေတ်ဆိုတာ တစ်ခေတ်ကြုံခဲ့ဖူးတယ်။

အေး လူ့လောကဟာ ရာဇဝတ်မှုတွေ ထူပြောပြီးတော့ ဒုစရိုက်တွေများ လာသည့်အတွက်ကြောင့် သက်တမ်းတွေဟာ တဖြည်းဖြည်း ကျလာတယ်။ မထိန်းနိုင် မသိမ်းနိုင်လောက်အောင် ကျလာပြီး နောင်လည်းပဲ ဆက်ပြီးတော့ သက်တမ်းဟာ ကျဖို့ရှိသေးတယ်။

သို့သော် ... ထိုသက်တမ်းတွေကို ကျမသွားအောင် ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းကတော့ ကိုယ်ကျင့်တရားပဲတဲ့။  ကိုယ်ကျင့်တရားဟာ ရှေးခေတ်ကလည်း ဒီကိုယ်ကျင့်တရားပဲ။ ကနေ့ခေတ်မှာလည်း ဒီကိုယ်ကျင့်တရားပဲ။ သို့သော်သက်တမ်းရှည်တဲ့ခေတ်မှာ ဟောဒီ ကိုယ်ကျင့်တရားကို အလေးအနက်ထားပြီး စောင့်ရှောက်ကြတယ်။ သက်တမ်းတိုတဲ့ခေတ်မှာဆိုရင် ဟောဒီကိုယ်ကျင့်တရားကို အလေးမထားကြဘူးတဲ့။ အလေးမထားကြ သည့်အတွက်ကြောင့် လူ့လောကကြီးဟာ ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့ပြီးတော့ နေကြ ရတယ်။
မြန်မာလူမျိုးတွေ ပြောကြတယ်။ “ဘယ်သူမပြု မိမိမှု” တဲ့ ဟုတ်လား။ 
ကိုယ်လုပ်ခဲ့တာတွေ ကိုယ်လုပ်တာတွေကို ကိုယ်ခံနေကြရတယ်။ 

ဒီကနေ့ခေတ်ကြီး မှာ ပြောကြတယ်။ အိုဇုန်းလွှာကြီး ပါးလို့ ရာသီဥတုတွေ ပူပြင်းလာတယ်လို့ ဒီလို ပြောကြတယ်။ ဘာဖြစ်လို့ အိုဇုန်းလွှာပါးသလဲဆိုလို့ ရှိရင် လူတွေကြောင့်ဖြစ်တယ်။ အေး ... သူတို့ကတော့ တွေးလို့ကြည့်လို့မြင်လို့ရတဲ့ အကြောင်းအရာတွေပဲ လိုက်ပြီး ရှာတယ်။
တကယ် လူ့လောကကြီး ပူနွေးလာတာဟာ ဘာကြောင့်တုံးဆိုရင် လူတွေရဲ့ သန္တာန် အတွင်းအဇ္ဈတ္တမှာ လောဘမီးတွေကလည်းတောက်၊ ဒေါသမီးတွေကလည်းတောက်၊ မောဟမီးတွေကလည်း တောက်၊ ဟောဒီ မီးတွေတောက်နေလို့ လူ့ခန္ဓာ ကိုယ်ကထွက်တဲ့ အပူငွေ့တွေကလည်း အင်မတန်မှ ကြီးမားလာတယ်။ လောကကြီး မပူဘဲနေမလား၊ ပူမှာပဲနော်။
အဲတော့ မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ ဟောထားတယ်။ အလွန့်အလွန် ပြင်းထန်တဲ့ ဒေါသ၊ အာဃာတတွေဟာ လူတွေရဲ့ ရင်ထဲ၊ နှလုံးသားထဲမှာ ရောက်လာပြီတဲ့။ အမှုမဲ့ အမှတ်မဲ့ မနေကြနဲ့၊ဟုတ်ကဲ့လား။

လူတွေရဲ့ ရင်ထဲ နှလုံးသားထဲမှာ မေတ္တာအအေးဓာတ်တွေက တဖြည်းဖြည်း လျော့နည်းလာပြီးတော့ ဒေါသဆိုတဲ့ အပူဓာတ်တွေ ကမ္ဘာကြီးတောင် ပူနွေးလာတဲ့ အချိန် ရောက်လာပြီ။ တော်တော်နဲ့ မအေးနိုင်တော့ဘူး။ 
 အေး ဒါကြောင့်မို့ . တစ်နေရာ တစ်ဒေသဆိုလို့ရှိရင် 
“ဘယ်သူတွေ တရားပျက်ပျက် ကိုယ်မပျက်စေရဘူး” ဆိုတာမျိုး ကိုယ့်ရဲ့ရင်ထဲ၊ နှလုံးထဲမှာ၊ ခေါင်း ထဲမှာ စွဲထားဖို့တော့ လိုအပ်တယ်တဲ့။ လောကကြီးမှာ ဘယ်သူတွေ တရားပျက်ပျက် ကိုယ်မပျက်စေရဘူးဆိုတဲ့ဟာ ရှိကိုရှိရမယ်။ 

#ပါမောက္ခချုပ်ဆရာတော်ကြီး #သုဝဏ္ဏှသျှမ်
#ဘဝခရီးနှင့်ဓမ္မဆီမီး၊ စာ-၅၉၈၊ ၅၉၉ မှ
(စံထားရမည့် ကိုယ်ကျင့်တရားရှိသူများ တရားတော်မှ ကောက်နုတ်ချက်)