ဒါနကြောင့် နိဗ္ဗာန်ရောက်
____________________
ဒါနဆိုတာ လှူချင်တန်းချင် ပေးချင်ကမ်းချင်တဲ့ စိတ်ပါပဲ။ ဘာပဲလှူလှူ ဘာပဲပေးပေး စေတနာ ရက်ရောဖို့ အရေးကြီးတယ်။ ကောင်းခြင်း မကောင်းခြင်း နည်းခြင်း များခြင်းက အဓိက မဟုတ်ပါဘူး။ စေတနာသန့်လေ အကျိုးပေး သန်လေပဲ ဖြစ်ပါတယ်။
တစ်ယာကွမ်းဆေး၊
ရေအေးတစ်ခွက်၊
ဆီတစ်စက်နှင့်၊
လဘက်တစ်ရိုး၊
ကြံတစ်ချိုးမျှ၊
မြတ်နိုးကြည်ဖြူ၊
ဒါနဟူသည်၊
အလှူကောင်းမှု၊
ရရာပြုလော။
( မန်လည်ဆရာတော်)
စွန့်ကြဲပေးကမ်း လှူဒါန်းတဲ့ ပုဂ္ဂိုလ်ဟာ ...
၁။ ဘဝကောင်းရမယ်။
၂။ ဝန်းကျင်ကောင်း ရောက်မယ်။
၃။ ဗီဇကောင်း ရမယ်။
လောကမှာ ဘဝကောင်းဆိုတာ အရေးကြီးတယ်။ ဘဝကောင်းဆိုတာ အခြား မဟုတ်ဘူး၊ လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝတွေပါပဲ။
ဘဝကောင်းရမှလဲ အကောင်း အဆိုးကို ဝေဘန်နိုင်တဲ့ အသိဉာဏ်ကို ရမယ်။ အသိဉာဏ်ရမှလည်း သူတော်ကောင်း တရားတွေကို တန်ဖိုးထားတတ်မှာ မဟုတ်လား။
ဘဝ ဘယ်လောက်ကောင်းကောင်း ဝန်းကျင် မကောင်းရင်လည်း ဘဝအထက်တန်း မရောက်နိုင်ဘူး။
ဒါကြောင့် လူတစ်ယောက် ကြီးပွားချမ်းသာဖို့အတွက် ဝန်းကျင်ကောင်းလည်း လိုအပ်တာပဲ။ ဝန်းကျင်ကောင်း ရောက်မှလည်း မိကောင်း ဘကောင်း ဆရာကောင်း သမားကောင်းတွေနှင့် တွေ့ပြီး အဆုံးမကောင်းတွေ ရမယ်။ အဆုံးအမကောင်းတွေ ရမှလည်း အကောင်းအဆိုးကို ခွဲခြားပြီးတော့ နားလည်မှာ မဟုတ်လား။
ဝန်းကျင် ဘယ်လောက်ကောင်းကောင်း ဗီဇ မကောင်းရင်လည်း ဘဝအထက်တန်း မရောက်နိုင်ဘူး။
ဒါကြောင့် လူတစ်ယောက် ကြီးပွားချမ်းသာဖို့အတွက် ဗီဇကောင်းဖို့လည်း လိုတာပဲ။ ဗီဇဆိုတာ စိတ်နေစိတ်ထား စရိုက်ဝါသနာတွေပါပဲ။
လူတစ်ယောက် ဗီဇမကောင်းတော့ဘူးဆိုရင် ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုတာလို ဘယ်လောက်ဆုံးမဆုံးမ မရဘူး။ ဆိုးမြဲဆိုးလျက်ပဲ။
အရှင်ဒေဝဒတ် ကြည့်ပါလား။ မြတ်စွာဘုရားနဲ့ အတူတူ နေခွင့်ရတယ်၊ တရားတွေ နာရတယ်။ တကယ့်ဝန်းကျင်ကောင်းပဲ။ ဒါပေမဲ့ ဗီဇ မကောင်းတော့ ရဟန်းဆိုးလို့ နာမည် တွင်သွားတယ်။
ဒါကြောင့် ဗီဇကောင်းဖို့ အင်မတန် အရေးကြီးတယ်။ ဗီဇကောင်းမှလည်း သူတော်ကောင်းတရားတွေကို ကျင့်မယ်။ သူတော်ကောင်းတရားတွေ ကျင့်မှလည်း နိဗ္ဗာန်ရောက်မယ်။ ဒါကြောင့် ဒါနကောင်းမှုက နိဗ္ဗာန်ကို ပို့တယ်လို့ နားလည်ရမှာ။
မဟာသေန ပုဏ္ဏား
---------------------
ရာဇဂြိုဟ်မြို့မှာ ပုဏ္ဏားကြီးတစ်ယောက် ရှိတယ်။ မဟာသေနလို့ ခေါ်တယ်။ အရှင်သာရိပုတ္တရာရဲ့ ခမည်းတော် ဝင်္ဂန္တပုဏ္ဏားကြီးရဲ့ သူငယ်ချင်း။
တနေ့၊ အရှင်သာရိပုတ္တရာ ဆွမ်းခံကြွရင်းနှင့် ပုဏ္ဏားကြီးကို သတိရလာတယ်။ ဒါနဲ့ မတွေ့တာကြာပြီးဆိုပြီး မဟာသေနရဲ့ အိမ်၀င်လိုက်တယ်။ မဟာသေနဟာ အရှင်သာရိပုတ္တရာကို မြင်တဲ့အခါ လှူစရာ မရှိလို့ အိမ်ထဲမှာပဲ နေလိုက်တယ်။ အပြင် ထွက် မတွေ့တော့ဘူး။ မလှူချင်လို့ မဟုတ်ဘူး၊ လှူစရာ မရှိလို့။
ပုဏ္ဏားကြီး မတွေ့တော့ အရှင်သာရိပုတ္တရာ ပြန်ကြွသွားတယ်။ ပုဏ္ဏားကြီးခမျာမှာတော့ စိတ်မကောင်း ဖြစ်နေရှာတယ်။
ရာဇဂြိုဟ်မြို့မှာ ပုဏ္ဏာများရဲ့ ဆုတောင်းပွဲ ကျင်းပတော့ မဟာသေနပုဏ္ဏာကြီးအတွက် ဝတ်စုံတစ်စုံနှင့် နို့ထမင်းတစ်ပွဲ ရတယ်။
ပုဏ္ဏားကြီးဟာ ဝမ်းသာအားရ ဖြစ်ပြီး အရှင်သာရိပုတ္တရာကို လှူမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ အိမ်ကနေ စောင့်နေတယ်။ အရှင်သာရိပုတ္တရာ ကြွလာတယ်။ ပုဏ္ဏားကြီးဟာ နို့ထမင်းကော ဝတ်စုံကော အကုန်လုံး လှူလိုက်တယ်။ လှူပြီးတဲ့အခါ "အရှင်ဘုရားတို့ မြင်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုပါရစေ" လို့ ဆုတောင်းတယ်။
ပုဏ္ဏားကြီးဟာ လှူပြီးတဲ့အခါ "ငါ လှူချင်တာ ကြာပြီ၊ အခု လှူလိုက်ရပြီ" ဆိုပြီး ပီတိ ဖြစ်နေတယ်။ အဲဒီနောက် မကြာလိုက်ပါဘူး၊ ပုဏ္ဏားကြီး ကွယ်လွန်သွားတယ်။
ပုဏ္ဏားမှ ကိုရင်
------------------
ပုဏ္ဏားကြီး ကွယ်လွန်ပြီးနောက် သာဝတ္ထိမြို့က အမျိုးသမီးရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေနေပါတယ်။ အဲဒီအမျိုးသမီးက အရှင်သာရိပုတ္တရာကို ကြည်ညိတဲ့ အမျိုးသမီး။ ပဋ္ဌာန်းဆက်ဆိုတာ ဒါပဲ။ အတိတ်က ဆုံခဲ့တော့ အခုလည်း ပြန်ဆုံရတယ်။
ပုဏ္ဏားကြီးဟာ အရှင်သာရိပုတ္တရာကို ကြည်ညိုသည့်အတွက် အရှင်သာရိပုတ္တရာကို ကြည်ညိုတဲ့ အမျိုးသမီးရဲ့ ဝမ်းကြာတိုက်မှာ လူသွားဖြစ်တာ။
မွေးပြီဆိုတဲ့အခါ အရှင်သာရိပုတ္တရာကို အိမ်မှာ ပင့်ပြီး ဆွမ်းကပ်တယ်။ တိဿလို့ နာမည်ပေးတယ်။ ကလေးလေးဟာ အရှင်သာရိပုတ္တရာကို မြင်လိုက်တာနဲ့ ကမ္ဗလာခြုံထည်လေးကို လက်နဲ့ဆွဲပြီး အရှင်သာရိပုတ္တရာရဲ့ ခြေရင်းနား ချလိုက်တယ်တဲ့။ အမှန်တော့ လှူလိုက်တာပဲ။ မွေးရာပါဗီဇဆိုတာ အဲဒါပြောတာ။ ဒါတင်ပဲလား, မကသေးဘူး။ အရှင်သာရိပုတ္တရာထံ နေချင်နေတာ၊ ဒါနဲ့ အသက် ၇-နှစ်အရွယ်မှာ ကိုရင်၀တ်လိုက်တယ်။
ကိုရင်တိဿ ဆွမ်းခံကြွတော့ လှူမည့်လှူတွေက တန်းစီနေတယ်။ အဲဒါ ဘာကြောင့်လဲ၊ အတိတ်က ပြုခဲတဲ့ ဒါနကောင်းမှုကြောင့်ပါ။ ဆွမ်း သင်္ကန်း ကျောင်း ဆေးဆိုတဲ့ ပစ္စည်းလေးပါး လှူမည့်သူတွေ အလျှံပယ်ပဲ။ ရသမျှ ပစ္စည်းတွေကိုလည်း သံဃာတွေ ပြန်လှူတယ်။
ကိုရင်တိဿကို ကြည့်တဲ့အခါ ...
၁။ ရလာတဲ့ ဘဝက လူ့ဘဝ။
၂။ ရောက်နေတဲ့ ဝန်းကျင်က အရှင်သာရိပုတ္တရာရဲ့ အနီးအနား။
၃။ ဗီဇကလည်း မွေးကထဲက ပေးချင်ကမ်းချင်တာ။ ဒါတွေဟာ တရားထူးတရားမြတ် ရဖို့အတွက် အခြေခံ အချက်တွေပါပဲ။ ဒီအချက်တွေနဲ့ ပြည့်စုံတယ်ဆိုတာ အတိတ်က ဒါနကောင်းမှု လုပ်ခဲ့လို့ပဲ ဖြစ်ပါတယ်။
နိဗ္ဗာန်ကို မျက်မှောက်ပြုပြီ
-------------------------
ကိုရင် တိဿဟာ သာဝတ္ထိမြို့မှာ မနေချင်ဘူး။ ဘာကြောင့်လဲ၊ တိတ်ဆိတ်တဲ့ နေရာလေးမှာ တရားအားထုတ်ချင်လို့။ ဒါနဲ့ ဘုရားထံ သွားပြီး တရားတောင်းတယ်။ မြတ်စွာဘုရားက ကမ္မဋ္ဌာန်းတရား ဟောကြားပေးလိုက်တယ်။
တရားနာပြီးတဲ့အခါမှာ ယူဇနာ ၁၂၀-ဝေးသော တောရကျောင်းကို ကြွတယ်။ အဲဒီတောကျောင်းမှာ တစ်ပါးထဲ နေပြီး ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းတယ်။ သိပ် မကြာလိုက်ပါဘူး၊ ကိလေသာ ကုန်ခမ်းပြီး ရဟန္တာ ဖြစ်သွားတယ်။ ကိုရင်ဘဝနှင့် ရဟန္တာ ဖြစ်သွားတာ။ ရဟန္တာဖြစ်ပြီဆိုတော့ နိဗ္ဗာန်ချမ်းသာကို လက်ဝယ်ပိုင်ပိုင် ရရှိသွားပြီ။
ဘာကြောင့် ရဟန္တာ ဖြစ်တာလဲ၊ ဘဝကောင်းခြင်း, ဝန်းကျင်ကောင်းခြင်း, ဗီဇကောင်းခြင်းဆိုတဲ့ အချက် ၃- ချက်နှင့် ပြည့်စုံလို့ပါ။
ဒီအချက် ၃- ချက် ပြည့်စုံတယ်ဆိုတာလဲ ဒါနကောင်းမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒါနသည် နိဗ္ဗာန်ကို ပို့နိုင်တယ်လို့ မှတ်ပါ။
တစ်ခုတော့ ရှိတယ်။ အလှူလုပ်တဲ့အခါ ဆုတောင်းတတ်ဖို့တော့ လိုတယ်။ ဘာပဲလှူလှူ "နိဗ္ဗာန် ချမ်းသာကို မျက်မှောက်ပြုပါရစေ" လို့ ဆုတောင်းပါ။ ဒါဆိုရင် ဒါနသည် နိဗ္ဗာန်ကို ပို့ပါလိမ့်မယ်။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________
No comments:
Post a Comment