လိုချင်၍ ရသော ဆင်းရဲ
_____________________
🌟 သာဝတ္ထိပြည်တွင်
သူကြွယ်တစ်ဦး၏ဖခင် ကွယ်လွန်လေ၏။
သူကြွယ်သည် ဖခင်သေဆုံးမှုကြောင့်
ကြီးစွာသော စိတ်ဆင်းရဲမှုဖြစ်ကာ သူရူးပမာ ဖြစ်နေသည်။
လမ်းမပေါ်၌ တွေ့သမျှလူများကို
“င့ါအဖေကို တွေ့မြင်ခဲ့ကြပါသလား ၊
ငါ့အဖေကို တွေ့မြင်ခဲ့ကြပါသလား” ဟု
တတွတ်တွတ် ရွတ်ဆိုမေးမြန်နေသည်။
သူ၏ အပူပင် သောကကို မည်သူမျှ
ဖြေသိမ့်ပေးရန် မတတ်နိုင်ဖြစ်နေသည်။
🌟 မြတ်စွာဘုရားရှင်သည်
လောကကို ကြည့်တော်မူသောအခါ
သဗ္ဗညုတစက်ကွင်းအတွင်း ထိုသူကြွယ် ပေါ်လာ၏။
လောကအကျိုးအတွက် ပွင့်တော်မူလာခြင်း
ဖြစ်သော မြတ်စွာဘုရားသည် နောက်ပါရဟန်းကိုမျှ
ခေါ်တော် မမူတော့ဘဲ တစ်ပါးတည်း
ထိုသူကြွယ်အိမ်သို့ ကြွတော်မူသည်။
♦ ဖခင်သောကဖြင့် ညှိုးမှိုင်နေသော သူကြွယ်သည်
“ မြတ်စွာဘုရား တပည့်တော်ဖခင် သွားရာအရပ်ကို
သိတော်မူပါသလား “ ဟု လျောက်ထား၏။
♦ ထိုအခါ မြတ်စွာဘုရားရှင်သည်
“ ဒါယကာ ၊
သင်သည် ယခုဘဝက ဖခင်ကို မေးသလော၊
သို့မဟုတ်
တမလွန်ဘဝက တော်စပ်ခဲ့သောဖခင်ကို မေးသလော “
ဟု မေးလိုက်သောအခါ
“ သြော်..ငါ့မှာ ဖခင်များစွာ ရှိပေတာပဲ “ ဟု
သတိပြန်လည် ဝင်ရောက်လာ၍
စိုးရိမ်သောက လျော့ပါးသွားလေသည်။
♦ သံသရာကျင်လည်ရာတစ်လျောက်
တော်စပ်ခဲ့သော ဖခင်များမှာ
ရေတွက်ခြင်းငှာပင် မတတ်နိုင်။
ထို တော်စပ်ခဲ့သူများနှင့် သေကွဲ ကွဲခဲ့ကြရသည်မှာ
ယခုဘဝတွင်မှ မဟုတ်ကြောင်း နှလုံးသွင်းမှန်၍
သူကြွယ် အမြင်မှန်ရသွားခြင်း ဖြစ်သည်။
မြတ်စွာဘုရားရှင်၏ တရားဟော ဒေသနာဉာဏ်
ကျွမ်းကျင်မှု ဖြစ်သည်။
🔥 သားသေကို ရင်မှာပိုက်၍
အရူးမီဝိုင်း ဖြစ်နေသော ကိသာဂေါတမီက
သူ၏ ကလေးကို အသက်ရှင်အောင် ပြန်လုပ်ပေးပါရန်
မြတ်စွာဘုရားရှင်အား တောင်းပန်သည်ကို ..
“ ဘယ်လိုဖြစ်နိုင်မှာလဲ၊ သတ္တဝါဆိုတာ သေမျိုးပဲ၊
ခန္ဓာရရင် ကြီးကြီးငယ်ငယ် လူတိုင်း တစ်နေ့သေရမှာဘဲ “ ဟု တုံးတိတိ မဟော။
သောကအပူမီး အပြင်းအထန် အလောင်ခံနေရသူသည်
သတိနှင့်ကိုယ် မကပ်ဘဲ ဖြစ်နေတတ်သည်။
ထိုအချိန်၌ မည့်သည့်တရား ဟော ဟော
နားဝင်မည် မဟုတ်ချေ။
မဟာကရုဏာတော်ဖြင့် အနူးညံ့ဆုံး စကားကိုသုံး၍
“လူမသေဖူးသောအိမ်မှ နှမ်းဆီကိုသာ ရအောင် ရှာခဲ့ပါ"
ဟု ခိုင်းလိုက်လေသည်။
♦ တစ်အိမ်တက်ဆင်း နှမ်းဆီတောင်းသော်
လူသေဖူးသော အိမ်ချည်းသာဖြစ် နေ၍
“လူဆိုတာ သေမျိုးပါလား” ဆိုသည်ကို
ကိသာဂေါတမီကိုယ်တိုင် အဖြေထုတ်မိကာ
သတိပြန်လည်လာ၍
သားသေကို စွန့်ပစ်လိုက်တော့သည်။
🌟 ဓမ္မစကြာတရားဒေသနာတွင်
“အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော -
မချစ်အပ်သော ပုဂ္ဂိုလ် သင်္ခါရအာရုံတို့နှင့်
ဆုံတွေ့ရခြင်းသည် ဆင်းရဲ၏၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော -
ချစ်အပ်သော ပုဂ္ဂိုလ် သင်္ခါရ အာရုံတို့နှင့်
ကွဲကွာရခြင်းသည် ဆင်းရဲ၏ “ ဟု ဟော်တော်မူသည်။
ဖခင်သေဆုံးခဲ့သော သူကြွယ်နှင့်
သားကို ဆုံးရှုံးခဲ့ရသော ကိသာဂေါတမီတို့မှာ
ဆင်းရဲမည်မှာ ထင်ရှားပါသည်။
🌟 သို့သော်
ချစ်ခင်သူများနှင့် ဆုံတွေ့ရပါသော်လည်း
ဆင်းရဲရသော အခြေနေမျိုးလည်း ရှိပြန်သည်။
“ ယမ်ပိ စ်ဆံ န လဘတိ တမ်ပိ ဒုက်ခံ -
လိုချင်တောင့်တနေပါလျက် မရခြင်းသည်လည်း
ဆင်းရဲ၏ “ ဟု ဟောထားပုံမျိုး ဖြစ်သည်။
ကိုယ်အလိုရှိသော အခြေနေမျိုး မဖြစ်လာပြန်ကလည်း
ဆင်းရဲရသည်သာ ဖြစ်သည်။
💥 ချစ်ခင်သူများနှင့် ဆုံရပါလျက်
ဆင်းရဲရသော အဖြစ်ပျက်တစ်ခုရှိပါသည်။
ဂေါတမ မြတ်စွာဘုရားရှင် ပွင့်တော်မူစဉ်က
ဒတ္တ ဆိုသော သူဋ္ဌေးသားတစ်ယောက်ရှိသည်။
ဒတ္တ ကလေးငယ်ဘဝတွင် သူတို့အိမ်သို့ ဓားပြ
ဝင်တိုက်သည်။ ဓားပြခေါင်းဆောင်သည် ပစ္စည်းယူရုံတင်မကဘဲ ဒတ္တ၏ မိခင်ကိုပင် အတင်းအဓမ္မသိမ်းပိုက်ခဲ့သဖြင့် ဒတ္တနှင့် သူ့မိခင်မှာ
ငယ်စဉ်ကတည်းက ရှင်ကွဲ ကွဲခဲ့ရသည်။
💢 ဒတ္တ၏မိခင်သည်
ဓားပြခေါင်းဆောင်နှင့် သမီးလေးတစ်ယောက်ရပြီး
ဓားပြကြီးနှင့်လည်းကွဲ၍
ထိုသမီးလေးနှင့် ရှင်ကွဲ ထပ်ကွဲပြန်သည်။
သားနှင့်သမီးကို ဆုံးရှုံးရသော ဒတ္တ၏ မိခင်သည်
“ အပ္ပိယေဟိ သမ္ပယော ဂေါ ဒုက္ခာ နှင့်
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော “
နှစ်မျိုးလုံးနှင့် ကြုံလိုက်ရသည်။
💢 ဒတ္တ အရွယ်ရောက်လာသောအခါ
ဇနီးနှစ်ယောက်နှင့် အိမ်ထောင်ကျသည်။
ဇနီးတစ်ယောက်မှာ အသက်ကြီးကြီး အရွယ်ဖြစ်၍
နောက်ဇနီးတစ်ယောက်မှာ
အသက်ငယ်ငယ် အရွယ်ဖြစ်သည်။
♦ သူတို့သုံးဦးသည်
ချစ်ချစ်ခင်ခင်ဖြင့် ပေါင်းသင်းနေလာခဲ့ကြသည်။
လင်တစ်ဦးတည်း ဖြစ်သော်လည်း
မယားနှစ်ယောက်သည် အချင်းမများကြ။
♦ တစ်နေ့တွင် စကားလက်ဆုံကျ၍
ရှေးဟောင်းနှောင်းဖြစ် မိမိဘဝဇာတ်ကြောင်းများကို
ကိုယ်စီ ကိုယ်စီ ပြောကြရင်း…
♦ ဒတ္တသည် သူငယ်စဉ်ဘဝကတည်းက
ကွဲကွာသွားခဲ့သည့် မိခင်နှင့် ပြန်ဆုံလိုက်ရသည်။
♦ ဒတ္တ၏ အမေသည်
ကလေးအရွယ်ကပင် စွန့်လွှတ်ခဲ့ရသော
ဓားပြကြီးနှင့်ရခဲ့သည့်သမီးကို ပြန်တွေ့လိုက်ရသည်။
ဒတ္တမိခင်၏ သားသမီးများနှင့် ပြန်လည်ဆုံတွေ့ခန်း။
ချစ်ခင်သူများနှင့် ကွဲကွာရခြင်းသည်
ဆင်းရဲဟု ဆိုလျင်
ချစ်ခင်သူများနှင့် ပေါင်းစည်းရခြင်းသည်
သုခ ဖြစ်ရပေမည်။
🔥 သို့သော်…
ဒတ္တတို့ မိသားစု ပေါင်းဆုံခန်းကား…
သားအရင်းဖြစ်သူ ဒတ္တကို
လင်အဖြစ်ပေါင်းသင်းနေမိသည့်
လင်တူမယားဘဝရောက်နေသော
အမေ နှင့့် သမီး
အရင်းခေါက်ခေါက်ကြီး၏အဖြစ်…
အမေနှင့်ညီမကို
မယားအဖြစ် ပေါင်းသင်းမိနေသည့်
ဒတ္တ၏အဖြစ်…
ရင်နာစရာကောင်းလွန်းလှသည့်
မလိုလားအပ်သော အခြေနေမျိုး ကြုံလိုက်ကြရသည်။
ဖြစ်ရလေ…
ဘယ်လောက် ရှက်ရှာကြမလဲ။
ဘယ်လောက် မျက်နှာပူစရာ ကောင်းလိုက်သလဲ။
ဘယ်လောက် ယူကျုံးမရ ဖြစ်နေလိုက်ကြမလဲ..။
လွန်စွာဝမ်းနည်းဖွယ်ကောင်းသည့်
သူတို့သုံးဦး၏ အဖြစ်အပျက်။
မိခင်ကို မယားပြုနေမိသည့် သားနှင့်၊
သားကို လင်တော်မိနေသည့် မိခင်၏ အဖြစ်ကား..။
ကံကြမ္မာက ရက်စက်လွန်းသည်။
________________
မြန်မာ့စိတ်ဓာတ် အရင်းခံနှင့်
ထိုဇာတ်ကြောင်းကိုဖတ်မိသောအခါ
အတော်သံဝေဂ ရမိသည်။
မြန်မာတို့သည် ဗုဒ္ဓအဆုံးအမ ယဉ်ကျေးမှုနှင့်
ကြီးပြင်းလာသူများဖြစ်သည်။
မိဘ ဆရာ သမားကို ရတနာသုံးပါး ကဲ့သို့ပင်
ရိုသေမြတ်နိုး တန်ဖိုးထားသူများဖြစ်သည်။
ဒတ္တတို့ခေတ် လူ့အဖွဲ့စည်းသည်လည်း
မိဘကို တန်ဖိုးထားသော လူ့အဖွဲ့အစည်း ဖြစ်သည်။
ဘာသာတရားအရလည်း မိဘကို ရိုသေကြသည်။
မိအို ဘအိုကို လုပ်မကျွေးဘဲ
ပစ်ထားသော သားသမီးမျိုးဆိုလျင်
ဝိုင်းဝန်းကဲ့ရဲ့ ပြစ်တင်၍
လူ့ဘောင်က ကြဉ်ဖဲထားကြသည်အထိ
အပြစ်ပေးတတ်ကြသည်။
ယဉ်ကျေးသော လူ့အဖွဲ့အစည်းသည်
သားနှင့်အမေ ၊ အဖေနှင့်သမီး
ကာမစပ်ယှက်ခြင်းကို လက်မခံကြပါ။
ဤသို့သော ယဉ်ကျေးမှု အဖွဲ့အစည်းအတွင်း
ကြုံလိုက်ရသော ဒတ္တ၏ အဖြစ်သည်
အတော်တုန်လှုပ်စရာကောင်းသည်။
သူတို့မိသားစုအဖြစ်ကို
ပတ်ဝန်းကျင်ကပါ သိရှိသွားမည်ဆိုပါက
မတွေးရဲစရာပင် ဖြစ်သည်။
ရဟန်းဘဝဖြင့် ပျံတော်မူသွားသော
စာရေးဆရာကြီးတစ်ယောက်၏
လက်ရှိဘဝ ဇနီးမယားသည်
အတိတ်ဘဝတစ်ခုက သမီးတော်စပ်ခဲ့သည်ဟု ဆို၏။
🔥 သံသရာတစ်လျောက် ကျင်လည်ရာတွင်
အမိ၊ အဖ၊ မောင်နှမ အပြန်ပြန်အလှန်လှန်
တော်စပ်နိုင်ကြပါသော်လည်း
ယခုကဲ့သို့ တစ်ဘဝထဲတွင် ပြန်မှားယွင်းမိကြသည့်
အဖြစ်ပျက်မျိုးကား ရှားပါလိမ့်မည်။
💢 အရင်းစစ်ပါက
“ သံခိတ်တနေ ပဉ်စုပါဒါနက်ခန်ဓာ ဒုက်ခာ -
အကျဉ်းချုပ်လိုက်လျင်
အစွဲလမ်းခံတတ်သော ခန္ဓာရထားခြင်းသည်
ဆင်းရဲ “ ပင်ဖြစ်သည်။
ခန္ဓာရနေပါက ထိုအဖြစ်ပျက်မျိုး သံသရာတစ်ကွေ့
မ တွေ့ကြုံနိုင်ဘူးဟု မည်သူမျှ တပ်အပ် မပြောနိုင်။
♦ ခန္ဓာရခြင်းသည် လိုချင်ခဲ့၍ ရနေခြင်းဖြစ်သည်။
လိုချင်ရခြင်းမှာလည်း “ ခိုင်တယ်၊ မြဲတယ်၊
လှပ တင့်တယ်တယ်၊ ငါ့အလိုအတိုင်း ဖြစ်နိုင်တယ် “
ဆိုသော အတွေးခေါ်မှား အမြင်မှားများကြောင့် ဖြစ်သည်။
♦ ထိုအတွေးအမြင်မှားကြောင့်
ခန္ဓာရအောင် အားထုတ်သည်။
လိုချင်မက်မောလှသဖြင့်
ရအောင်အားထုတ်ခဲ့ရသော ခန္ဓာသည်
တကယ်တမ်းရလာသောအခါ မိမိအလိုသို့မလိုက်၊
မိမိဖြစ်စေချင်သလို အခြေနေမျိုးနှင့်မကြုံ၊
သူဖြစ်ချင်သလို ဖြစ်နေသည်၊
မိမိက မကြံုံစေချင်သည့် အခြေနေမျိုးလည်း
ကြုံကြရသည်။ ဤကား နိယာမတရားသာဖြစ်သည်။
ထိုနိယာမတရားကို ငြင်းဆန်နေလျင်
ငြင်းဆန်သူသာ ပင်ပန်းရုံရှိမည်။
♦ အများက ကောင်းမွန်သည်၊ ချမ်းသာသည်ဟု
သတ်မှတ်ထားကြသော
ဗြဟ္မာချမ်းသာ၊ နတ်ချမ်းသာ၊ လူချမ်းသာ ဆိုသော
ဘဝများသည်လည်း တကယ်တမ်းချမ်းသာပါ၏လား။
ကိလေသာ မကုန်သေးလျင် သောက မကင်းနိုင်။
သောကမကင်းနိုင်သောဘဝသည်
ဘယ်မှာချမ်းသာအစစ်ဖြစ်ပါမည်လဲ။
💢 ထို့ကြောင့် မြတ်စွာဘုရားရှင်က
မည်သည့်ဘဝကိုမျှ ချမ်းသာသည်ဟု ချီးမွမ်းတော် မမူ။
သစ္စာအမြင်ဖြင့်ကြည့်လျင် ဘဝရလာခြင်းသည်
ဆင်းရဲရလာခြင်းသာ ဖြစ်သည်။
ဤသဘောကို ဒတ္တတို့မိသားစု နားလည်လိုက်သည်။
💥 ဒတ္တသည် သူ၏ ဆိုးဝါးလွန်းလှသော ကံကြမ္မာကို
ကြောက်လန့်မုန်းတီးမိ၍ ပြင်းစွာသော သံဝေဂရကာ
ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်။
လမ်းမှန်ဖြင့် ထွက်ပေါက်ရှာတွေ့ခဲ့၍
တော်သေးသည်ဟု ဆိုရမည်။ သို့မဟုတ်ပါက
ထိုစိတ်ဖိစီးမှုဒဏ်ကို မည်သို့မျှခံနိုင်မည်မထင်။
🔥 လူအများစုသည် စိတ်ဖိစီးမှုဖြစ်လာသောအခါ
ကာမဂုဏ်များဖြင့် အစားထိုးပြီး
မေ့ဖျောက် ရှောင်လွှဲ တတ်ကြသည်။
ရှောင်လွှဲမှုသည် ယာယီသာ ဖြစ်သည်။
ဒဏ်ရာရသဖြင့် သွေးစိမ်းထွက်၍
နာကျင်နေသော ခံစားမှုကို ပြေပျောက်ရန်
ဘိန်းကျွေး၍ ယာယီမေ့ပျောက်ထားမှုမျိုး ဖြစ်သည်။
ဘိန်းအရှိန်ပြေလျင် နာကျင်မှုကို ပြန်ခံစားရမည်သာ ဖြစ်သည်။
💫 ဂျပန်နိုင်ငံတွင် စိတ်ဖိစီးမှုဒေါသကို ဖြေဖျောက်ရန်
စင်တာများရှိသည်ဟု ဖတ်ဖူးသည်။
ဒေါသဖြစ်နေသော လူသည် ထိုခန်းမသို့သွား၍
တွေ့သမျှပစ္စည်းကို ကိုင်ပေါက်၊ ရိုက်ခွဲ၊
အော်ကြီးဟစ်ကျယ်ဖြင့် မောပန်းသည်အထိ
အားရပါးရ ဆဲဆိုနိုင်သည်။
ထိုခန်းမ အသုံးပြုခ ပိုက်ဆံတော့ ပေးရသည်။
✨ ထိုနည်းကို ကောင်းသည်ဟု မမြင်။
ဖြစ်ပေါ်လာသော ဒေါသကို ဤကဲ့သို့ ဖြေရှင်းပါက
ယာယီထွက်ပေါက် ရကောင်းရသွားနိုင်သော်လည်း
နည်းမှန်လမ်းမှန်ဖြင့် ဖြေရှင်းခြင်းမဟုတ်ပေ။
ဒေါသကို ဖောက်ထုတ်ခွင့်ရမှ
စိတ်ကျေနပ်မှု ရရှိသောသူသည်
နောင်အခါ ဒေါသထပ်ဖြစ်လာပါက
သူ့အနားရှိ အရာဝတ္ထု ၊ သက်ရှိ ပုဂ္ဂိုလ်များအတွက်
အန္တရာယ် အလွန်ရှိပေသည်။
🔥 အချို့က စိတ်ဖိစီးမှုဒဏ်ကို မခံနိုင်သည့့်အဆုံး
လက်မြောက် အရှုံးပေး၍
လောကမှ ထွက်သွားတတ်သည်။
🌟 ဗုဒ္ဓစာပေထဲတွင် ဥပမာတစ်ခုရှိသည်။
♦ ခွေးတစ်ကောင်ကို တုတ်ဖြင့်ပစ်ခတ်လျင်
ခွေးသည် တုတ်ကိုသာ ရန်ရှာ၍ လိုက်ကိုက်သည်။
တုတ်ဖြင့်ပစ်ခတ်သူကို မမြင်သောကြောင့်
နောက်ထပ် ပစ်ခတ်မှု ခံနေရသည်။
♦ ခြင်္သေ့တစ်ကောင်ကို တုတ်ဖြင့်ပစ်ခတ်လျင်
ခြင်္သေ့သည် တုတ်ကိုမကိုက်၊
တုတ်ပစ်သူကိုသာရှာ၍ လိုက်ကိုက်သည်။
ထို့ကြောင့် နောက်ထပ် ပစ်ခတ်မခံရတော့။
♦ ခွေးသည် အကျိုး၌ ကျင့်၍
ဒုက္ခအဆက်မပြတ် တွေ့ရသည်။
ခြင်္သေ့သည် အကြောင်း၌ကျင့်သဖြင့်
ဒုက္ခရပ်သွားသည်။
♦ တုတ်ထိမှန်၍ နာကျင်မှုဒုက္ခခံစားရခြင်းသည်
ပစ်ခတ်သူကြောင့် ဖြစ်သည်။
ပစ်ခတ်သူမရှိလျင် ပစ်ခတ်ခြင်းအမှုမဖြစ်နိုင်။
ပစ်ခတ်ခြင်းအမှုမရှိလျင်
ထိမှန်၍ နာကျင်ခြင်းအမှုလည်း မရှိနိုင်တော့ပေ။
အကြောင်းသတ်မှ အကျိုးရပ်မည်မှာ
သဘာဝ အမှန်တရားဖြစ်သည်။
💫 ဒတ္တသည်ကား ပါရမီရှင်ဖြစ်သည်။
အကျိုးတရား၌ ပြိုလဲမသွားပေ။
ခြောက်လှန့်နေသော ထိုဖြစ်ရပ်ကြီးကို
သူ့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးပြုသည်။
ဂင်္ဂါမြစ်ဘေးတွင်
ထန်းရွက်သုံးရွက်ဖြင့်သာ တဲငယ်လေးဆောက်၍
ပံသကူသင်္ကန်းကိုသာ ဝတ်ရုံသည်။
💢 မလိုအပ်ဘဲ စကားလုံးဝ မပြောတော့ဟု
အဓိဋ္ဌာန်ဆောက်တည်၍ တရားကိုသာ
တစိုက်မတ်မတ် ကြိုးစားအားထုတ်လိုက်ရာ
အရဟတ္တဖိုလ်သို့ ရောက်ရှိခဲ့သည်။
ဆင်းရဲရခြင်း အကြောင်းတရားကို
ဖော်ထုတ်ဖယ်ရှားပစ်နိုင်ခဲ့လေပြီ။
💢 မဂ္ဂင်ရှစ်ပါးမြတ်တရားသည်
သားသေမိခင်တို့၏ သောကကိုလည်း
ဖြေဖျောက်ပေးနိုင်စွမ်းရှိသည်။
လင်သေ မုဆိုးမများ၏ မျက်ရည်ကိုလည်း
သုတ်ပေးနိုင်သည်။
အမှောင်ကံကြမ္မာနှင့် ကြုံရသူများကိုလည်း
အလင်းရောင်ပေး လမ်းပြ ကယ်ထုတ်နိုင်သည်။
💢ဒတ္တအတွက် သံသရာကြွေး အားလုံးကျေလေပြီ။
ဥပါဒါန်တို့၏ နှောင်ဖွဲ့ခြင်း မခံရတော့၍
စိတ်ဆင်းရဲမှု အားလုံးတို့မှ လွန်မြောက်သွားတော့၏။
တဏှာ ကုန်ခန်းပြီဖြစ်၍ နောင်ခန္ဓာ ဖြစ်စရာ မရှိတော့။
ဒုက္ခအားလုံး ဇာတ်သိမ်းတော့၏။
♦ လူကြားထဲ ခေါင်းမဖော်ဝံ့လောက်အောင်
ဆိုးရွားလွန်းလှသည့် သူ၏အဖြစ်ကို မထေရ်မြတ်က
ကိုယ်တိုင် ထေရအပဒါန်တွင် ရင်ဖွင့်ခဲ့သည်။
♦ ဂင်္ဂါမြစ်ဘေးနားတွင် နေထိုင်သီတင်းသုံးသဖြင့်
ဂင်္ဂါတီရိယထေရ်ဟု ထင်ရှားခဲ့လာပါတော့သည်။
Credit ...အရှင်ပညာသီရိ ( ရမ္မာကျွန်း )
ပြန်လည်မျှဝေပါသည်။
No comments:
Post a Comment