စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, June 13, 2021

အကန်းနှင့်အဆွံ့

အကန်းနှင့်အဆွံ့
🌺🌺🌺🌺🌺🌺
.
ဓာတ်လေးပါးကိုမှီလျက်က....
 ကံစိတ်ဥတုအာဟာရ တို့ဖြင့် ပြုပြင်ပေးထားသော ဤရုပ်၊ ဤနာမ်နှစ်ပါးတို့ သည် အင်အားမဲ့သော #အကန်းနှင့်အဆွံ့တို့ စပ်တူ ပေါင်း ကာ စီးပွားရှာနေသည်သို့သာရှိ၏။ 

အကန်းသည်ကား သွားနိုင်၏။မမြင်.....။ 

အဆွံ့သည်ကား မြင်နိုင်၏၊ မသွားနိုင်။

တစ်နေ့ ထိုနှစ်ဦး ညှိ၍ စီးပွားရှာထွက်ကြရာ အကန်း သည် အဆွံ့ညွှန်ပြသည့်အတိုင်း ခြင်းတောင်းတစ်လုံးယက် ၍ ခေါင်းပေါ်တင်ကာ အဆွံ့ ကို ရွက်ခေါ်ရ၏။

အဆွံ့ကား အကန်းခေါင်းပေါ်မှထိုင်ကာလမ်းပြပေး၏.... သစ်သီးဝလံ ညွှန်ပြပေး၏။......

တက်လိုသော် တက်နည်းပြော၏။ ဆင်းလိုသော် ဆင်းနည်းပြ၏။

ဤသို့ဖြင့် ၎င်းတို့နှစ်ဦးပေါင်းကာ အသက်မွေးဝမ်းကျောင်း ပြုကြရ၏။

တစ်နေ့ အကန်းသည် ပြင်းထန်သောအနာဖြင့် ဗုန်း ဗုန်းလဲကျ မထနိုင်ရှိ၏။ 

ထိုအခါ ထိုအကန်း၌ အားကိုး ဖွယ်အသွင် မမြင်ရပြီထင်သောအဆွံ့  သည် အကန်းတစ်
ယောက်နောက်ထပ်တွေ့သဖြင့် လိုက်ပါသွားချေတော့၏။ 

အကန်းခမျာ အဆွံ့ ​မလာတော့သောအခါ ရလာသောအနာ ဖြင့်ပင် ကွယ်လွန်ရချေပြီ။

အဆွံ့ မရှိလျှင် အကန်း ဘာမျှ မတတ်နိုင်။ တစ်ဖန်အကန်းမရှိသော် အဆွံ့ လည်းဘာမျှ မတတ်နိုင်။ 

 နှစ်ယောက်ပေါင်းမှ အသက်ရှင်ခွင့်ရသော အကန်း အဆွံ့ တို့ကဲ့သို့ ရုပ်နှင့် နာမ်လည်း အတူတူပင် တည်း။ - -

အတ္တဟူသည် ရုပ်နာမ်စုလှုပ်ရှားနေမှုမှတစ်ပါး အခြား မရှိ၊

အတ္တဟူသည် အာရုံနှင့် အာရုံပြုတို့ ဆက်သွယ်နေမှုမှ တစ်ပါး အခြားမရှိ။ 

သို့ကြောင့်အတ္တရှိမရှိ သင်သိလိုလျှင် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ဖြင့် ပြုပြင်ပေးထားသောရုပ် နာမ်တို့၏အတွင်းပိုင်းအလုပ်လုပ်နေပုံတို့ကိုသာ မှတ်ချက် သွင်း၍ တင်းတင်းရှုကြည့်ရာ၏။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး 

အညွန်း ။ [၁၉၉၉ ဖေဖော်ဝါရီ ပဋိဘာနဉာဏဒဿနကထာ၊ စာ-၆၄၆] 
သုဝဏ္ဏသျှမ်စာစဉ်

"အကောင်းဆုံးကို ရအောင်ယူ" တရားတော်မှ...

credit....

တရားတွေမသိုးစေနဲ့

တရားတွေ မသိုးစေနဲ့
________________

လောကမှာ ဘယ်အရာမဆို အသုံးချတတ်ဖို့ လိုတယ်၊ အသုံးချတတ်မှ အကျိုးရှိတယ်။ အသုံးမချတတ်ရင် အကျိုး မရှိဘူး။

တချို့လူတွေ ဓားတော့ ရှိပါရဲ့၊ ဒါပေမဲ့ ဓားကို မခုတ်ဘဲ ပစ်ထားတဲ့အတွက် သံချေးတက်သွားတယ်။ ဒီတော့ အချည်းနှီး ဖြစ်သွားတယ်။ ဒီလိုပဲ၊ ကိုယ့်မှာ နား ရှိပါလျက် တရားမနာဘူးဆိုရင် ကိုယ့်ရှိတဲ့ နားဟာ ကိုယ့်အတွက် အချည်းနှီး ဖြစ်သွားတယ်။ ဒါကြောင့် တရားကို နာဖြစ်အောင် နာပါ။

တချို့လူတွေ စာတော့ ရေးပါရဲ့၊ ဒါပေမဲ့  ရေထဲ ရေးလိုက်တဲ့အတွက် စာက ခဏပျက်သွားတယ်။ ဒီတော့ အချည်းနှီး ဖြစ်သွားတယ်။ ဒီလိုပဲ၊ တရားတွေ နာယူပါလျက် မမှတ်သားဘူးဆိုရင် နာထားတဲ့ တရားတွေဟာ ကိုယ့်အတွက် အချည်းနှီး ဖြစ်သွားတယ်။ ဒါကြောင့် တရားကို မှတ်သား ဖြစ်အောင် မှတ်သားပါ။

တချို့လူတွေ ထမင်းတော့ ချက်ပါရဲ့၊ ဒါပေမဲ့ ချက်ပြီးတော့ မစားတဲ့အတွက် ထမင်းက သိုးသွားတယ်။ ဒီတော့ အချည်းနှီး ဖြစ်သွားတယ်။ ဒီလိုပါပဲ၊ တရားတွေ မှတ်ထားပါလျက် မကျင့်ဘူးဆိုရင် မှတ်ထားတဲ့ တရားတွေဟာ ကိုယ့်အတွက် အချည်းနှီး ဖြစ်သွားတယ်။ ဒါကြောင့် တရားတွေ မသိုးစေနဲ့၊ မှတ်ထားတဲ့ တရားတွေကို ကျင့်ဖြစ်အောင် ကျင့်ပါ။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

ဘုရားရှင်နှင့်တွေ့နေကြသူများ

ဘုရားရှင်နှင့် တွေ့နေကြသူများ
====================
ခုအချိန်မှာ သက်တော်ထင်ရှား ဘုရားရှင်နဲ့ တွေ့ဆုံခွင့် မရနိုင်ကြတော့ဘူးလို့ ထင်နေကြတာကိုက ဗုဒ္ဓတရားတော်နဲ့ အတော် အလှန်းဝေးနေကြလို့ပဲ။

မြတ်စွာဘုရား သက်တော်ထင်၇ှားရှိစဉ်က ၀က္ကလိရဟန်းတော်ဟာ ဘုရားရှင်ကို အလွန်အမင်းကြည်ညိုတယ်။ ရဟန်းပြုတဲ့အချိန်ကစပြီး တရားဓမ္မသင်ယူအားထုတ်မှုကို လုံး၀မပြုဘဲ ဆွမ်းဘုဉ်းပေးချိန်ကလွဲရင် ကျန်တဲ့အချိန်တိုင်း မြတ်စွာ ဘုရားရှင်ကို မြင်နိုင်လောက်တဲ့နေရာမှာ တည်နေပြီး စက္က၀က်ငှက်များဟာ လမင်းရဲ့အရောင်ကို မျက်တောင်မခတ်ကြည့် နေသလို ဘုရားရှင် မျက်နှာတော်ကိုသာ ကြည့်ရှု ဖူးမြော်နေလေ့ရှိပါတယ်။

မြတ်စွာဘုရားက “ ချစ်သား၀က္ကလိ၊ ဒီအပုပ်ကိုယ်ကြီးကိုကြည့်နေလို့ ဘာအကျိုး ရှိမလဲ။ တရားကိုမြင်သူသာ ငါဘုရားကို မြင်သူဖြစ်တယ်။

တရားကိုမမြင်သူဟာ ငါဘုရားကို တွေ့နေပေမယ့် မြင်ရသူမဟုတ်ဘူး တရားကိုကြည့်သူဟာ ငါဘုရားကို မြင်အောင် ရှုကြည့်သူဖြစ်ရမယ်”လို့ ဆုံးမတော်မူပါတယ်။

ဒီနေရာမှာ မြတ်စွဘုရားရှင်က မိမိကိုယ်ကိုရည်ညွှန်းပြီး “ဒီကိုယ်ပုပ်ကြီးကို ကြည့်နေလို့ ဘာအကျိုးရှိမလဲ”လို့ မိန့်ကြားတာကိုလဲ အထူးသတိပြုရပါမယ်။

အဆင်းရုပ်ဆိုတာ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အရာ၀တ္ထုမဆို ရုပ်တရားသာ ဖြစ်ပါတယ်။ ရုပ်တရားမှန်သမျှ ဘယ်လိုပုဂ္ဂိုလ်မျိုးရဲ့ အဆင်းအသံစတဲ့ ရုပ်တရားကြီးဖြစ်စေ အဓိပတိပစ္စည်း တပ်လောက်အောင် အလေးအနက်အာရုံပြုတဲ့အခါ ကုသိုလ်တရား လုံး၀ မဖြစ်တဲ့အပြင် ရာဂနှင့် ဒိဋ္ဌိဆိုတဲ့ အကုသိုလ်တရားဆိုး နှစ်မျိုးသာဖြစ်ရိုး ထုံးစံ ရှိပါတယ်။

ဒါကို သဘောကျ လက်ခံနိုင်ဖို့ဆိုတာကတော့ ပဋ္ဌာန်းဒေသနာ-ကုသလတိတ်-ပဥှာဝါရ- အာရမ္မဏာဓိပတိပစ္စည်း ကျေးဇူးပြုပုံကို လေ့လာသဘောပေါက်မှ လက်ခံနိုင်မှာပါ။ ပဌာန်းဒေသနာတ်ာမှာ“ရူပေ-သဒ္ဒေ-ဂရုံကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ဒိဋ္ဌိဥပ္ပဇ္ဇတိ”တဲ့။ ဘယ်လိုရုပ်အာရုံကိုဖြစ်စေ အလေးအနက် အာရုံပြုခဲ့ရင် သာယာနှစ်သက်မှုဖြစ်ပြီး ရာဂနဲ့ ဒိဋ္ဌိသာဖြစ်တယ်လို့ ဟောတော်မူတာပါ။ တခြားနာမ်အာရုံတွေကို အလေးအနက် အာရုံပြုတဲ့အခါ နှလုံသွင်းအလျောက် ကုသိုလ်၊ အကုသိုလ်နှစ်မျိုးဖြစ်နိုင်ပေမယ့် အကုသိုလ်တရားနှင့် ရုပ်တရားတို့ကို အလေးအနက် အာရုံပြုရာမှာတော့ အကုသိုလ်တစ်မျိုးသာ ဖြစ်ရိုးထုံးစံရှိတယ်။ ကုသိုလ်လုံးဝြဖစ်ခွင့်မရှိပါဘူး။ အလေးအနက် မဟုတ်ဘဲ သဒ္ဓါတရားဖြစ်ရုံ အာရုံပြု တာကတော့ ကုသိုလ်လည်း ဖြစ်ခွင့်ရှိတယ်။ (ပဋ္ဌာန်း ပဥှာဝါရ-အာရမ္မဏ-အဓိပတိကို လေ့လာပါ။)

မြတ်စွာဘုရားရှင်က ၀က္ကလိရဟန်းကို အထက်ပါ အဆုံးအမနှင့် လွန်ကဲနေတဲ့ သဒ္ဓါတရားကို တားဖြစ်ဆုံးမပေမယ့် လိုက်နာခြင်း မပြုလို့ ဝါဆို၊ ဝါကပ်တဲ့နေ့မှာ “၀က္ကလိ ငါဘုရားနှင့်ဝေးရာကို ဖယ်သွားလော့”လို့ တိုက်ရိုက်နှင်ထုတ်လိုက်တယ်။

၀က္ကလိရဟန်း စိတ်ဓာတ်ကျပြီး ဂိဇ္စျကုဋ်တောင်စောင်းက ခုန်ချဖို့ကြံစည်တာကို သိတော့မှ မြတ်စွာဘုရားရှင်က ကြွရောက်ပြီး ပူပင်သော ငြိမ်းအေးအောင် ဆုံးမတော်မူလို့ တရားကိုသိမြင်ပြီး ရဟန္တာဖြစ်တော်မူတဲ့အခါ ဘုရားရှင်ကို တကယ်တွေ့မြင်တဲ့ ပုဂ္ဂိုလ်ဖြစ်သွားပါတယ်။ နောက်တော့ သဒ္ဓါတရား ကြီးမားလွန်ကဲတဲ့ ဧတဒဂ်ဘွဲ့ ရရှိခဲ့ပါတယ်။

တကယ်တမ်းဘုရားရှင်နဲ့ တွေ့ဖို့ဆိုတာ ဘုရားရှင်ရဲ့ ရူပကာယတော်ကို မြင်ရတာကို အဓိကမထာဘဲ ဘုရားရှင် ဟောကြား တော်မူတဲ့အတိုင်း လိုက်နာကျင့်ကြံ သူများဟာ မိမိတို့ အကျင့်အသိနဲ့အညီ ဘယ်ခေတ် ဘယ်အခါ ဘယ်အချိန်မှာမဆို ဘုရားရှင် ကို တွေ့မြင်နေရမှာ ဖြစ်ပါတယ်။

ဂုဏ်တော်ကို အာရုံပြုနိုင်ဖို့ သဒ္ဓါတရားကို နှိုးဆော်ဖို့အတွက် ရုပ်ပွါးတော်များကို ပူဇော်တဲ့နေရာမှာလည်း ဂုဏ်တော်ကို အဓိကထားဖို့ အရေးကြီးပါတယ်။ ဂုဏ်တော်ကွယ်ပြီး ပုံတော်အပေါ်မှာသာ အာရုံပြုလို့ကတော့ မြတ်စွာဘုရားရဲ့ အဆုံးအမတော်နဲ့ တစ်ခြားစီ ဖြစ်နေကြပါပဲ။ ဘုရားရှင်လက်တော်က ဘုရားရှင်ကို မျက်စိနဲ့ တွေ့မြင်ကြ သူတွေဟာလည်း ဘုရားရှင်တို့ရဲ့ ဂုဏ်ကျေးဇူးကို မသိသူ၊ သိပေမယ့် လက်မခံသူတို့ ဟာ ဘုရားရှင်ကို တွေ့လွဲ လွဲကြသူတွေပဲ ဖြစ်သွားကြတယ်။

တကယ်တွေ့ခွင့်မရကြပါဘူး။ တစ်ချို့ဆို တွေ့လွဲရုံမကဘူး။ “တွေ့ကွဲ ကွဲကြပြီး” အဝီစိငရဲ အထိ ရောက်ကြသူတွေအကြောင်း ပိဋကစာပေတွေမှာ အထင်အရှား ပါပြီးသားပါ။

ဘုရားရှင်ရဲ့ ပုံတော်တွေကို ဂုဏ်တော်ထိအောင် အာရုံပြု ကြည်ညိတတ်တဲ့ အတွက် ဘုရားရှင်နဲ့ တကယ်တွေ့ခွင့် ရသူတွေထဲက ရာဇ၀င်မှာ အမှတ်ထင်ထင် သတိထားမိသူ တစ်ဦးကတော့ ပဲခူး၊ ဟံသာ၀တီခေတ်က ‘တလထော်’ဆိုတဲ့ မွန်အမျိုး သမီးတစ်ဦးပါ။ အဲဒီခေတ်က အုပ်ချုပ်တဲ့ ‘တိဿမင်း’ဆိုတာ မိစ္ဆာဒိဋ္ဌိအယူရှိသူဖြစ်လို့ ဘုရားရှင်ရဲ့ ဥဒ္ဒိဿရုပ်ပွားစေတီတွေကို ဖျက်ဆီးစေခဲ့ပါတယ်။ တချို့ ရေထဲမျော လုပ်စေတဲ့အခါ ရေထဲမျောနေတဲ့ ရုပ်ပွားတော်တွေကို ‘တလထော်’ဆိုတဲ့ အမျိုးသမီးက ကြိုးကြိုးစားစား လိုက်ဆယ်ပြီး အိမ်ပေါ်မှာ ကိုးကွယ်ထားပါတယ်။ သူရဲ့ စိတ်အာရုံထဲမှာ ဆင်းတုတော်တွေကို အရုပ်လို သဘောမထားဘဲ ဘုရားရှင်လို့ပဲ သဘောထားတဲ့ အတွက် အခုလို လိုက်ဆယ်ပြီး အိမ်ပေါ် ပင့်ထားတာပါ။

ဒီအကြောင်းကို ဘုရင်တိဿမင်းသိတော့ သူ့အာဏာကို ဖီဆန်တယ်ဆိုပြီး ‘တလထော်’ကို နည်းအမျိုးမျိုးနဲ့ သတ်စေခဲ့ ပါတယ်။ ဆင်နဲ့ တိုက်တဲ့အခါမှာလည်း ဘယ်ဆင်မှ မတိုးဝံ့။ မီးနဲ့တိုက်လည်းမရ။ တွင်းတူးမြှုပ်လို့လည်း အကြောင်းမထူး အောင် ဖြစ်နေပါတယ်။ အကြောင်းကတော့ အဲဒီအချိန်မှာ ‘တလထော်’က မြတ်စွာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း သတ်မိန့်ပေးတဲ့ဘုရင်၊ သတ်ဖို့ အားထုတ်တဲ့ မင်းမှုထမ်း၊ ဆင်ထိန်း၊ ဆင်စတဲ့ သတ္တဝါအားလုံး မေတ္တာပို့သနေတဲ့အတွက် သူ့နှလုံးသားထဲမှာ ဘုရားရှင် ကိန်း၀ပ်တည်နေတော်မူလို့ ဖြစ်ပါတယ်။

တလထော်ကို ဆင်နဲ့တိုက်ပြီး အသတ်ခိုင်းရာမှာ ဆင်တွေတစ်ကောင်မှ မတိုးရဲတဲ့အကြောင်း ဖတ်ရတဲ့အခါ သက်တော် ထင်ရှား ဘုရားရှင်ကို နာဠာဂီရိ ဆင်ကြီးနဲ့ တိုက်စဉ်က ဆင်ကြီးကို ချွန်းနဲ့ အတတန်တန်ထိုးပြီး အမိန့်ပေးပေမယ့် ချွန်းဒဏ်ကိုသာ အောင့်ခံပြီး မြတ်စွာဘုရားကို ထိုးသတ်ခြင်းမပြုတဲ့ နာဠာဂီရိဆင်ကြီးကို မြင်ယောင် မိပါတယ်။

တစ်ဆက်တည်းမှာပဲ အခုအချိန်မှာ တစ်ချို့အမျိုးသမီးများ စည်းစိမ်ဥစ္စာနဲ့ ကာမ ဂုဏ်ကို အကြောင်းပြုပြီး အမျိုး၊ ဘာသာ၊ သာသနာကို စွန့်လွှတ်ကာ ဇာတ်ပျက် နေကြတဲ့အကြောင်းတွေ ကြားသိရတဲ့အခါ စည်းစိမ်အာရုံ ကာမဂုဏ်အတွက် မဆိုထားနဲ့ အသက်အတွက်တောင် ငဲ့ကွက်ခြင်းမရှိဘဲ အမျိုး၊ ဘာသာ၊သာသနာကို ကာကွယ်တဲ့ ‘တလထော်’ဆိုတဲ့ အမျိုးသမီးငယ်အတွက် ဂုဏ်ယူ၀မ်းမြောက် သာဓု ခေါ်ပြီး တလေးတစား ဂုဏ်ပြုမိပါတယ်။

ဘုရားရှင်တို့အပေါ်မှာ ပုံတော်ကို ထွင်းဖောက်ပြီး ဂုဏ်တော်ရောက်အောင် ကြည်ညိုတ်ကြလို့ နှလုံးသားထဲအထိ ဘုရားရှင် ကိန်း၀ပ်ပြီး အသက်ကို သတ်ဖြတ်လို့ မရကြတဲ့ သားကောင်း သမီးကောင်းတို့အကြောင်းကို ပိဋကတ်တော်ထဲမှာလည်း အတော်များများ တွေ့ရပါတယ်။

ပုံတော်ထက် ဂုဏ်တော်ကို လေးစားကြည်ညို တတ်ကြပြီး လေးစားကြည်ညိုတဲ့ ဘုရားရှင်ရဲ့ အဆုံးအမကို လိုက်နာကျင့် သုံးသူမှန်သမျှ အခုအချိန်အထိလည်း ဘုရားရှင်နဲ့ တွေ့နေကြဆဲ ဖြစ်တယ်ဆိုတာ….

ယောဟိ သဒ္ဓမ္မံ ပဿတိ၊ သော မံ ပဿတိ ပဏ္ဍိတော။

“တရားတော်ကို မြင်နေသမျှ ငါဘုရားရှင်ကို တွေ့မြင်နေသူဖြစ်တယ်”ဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးအမတော်အရ ထင်ရှားသိသာတဲ့ အတွက် အချိန်မနှောင်းမီ ဘုရားရှင်နဲ့ အစစ်အမှန် တွေ့ခွင့်ရအောင် နည်းဟောင်း နည်းကောင်းများအတိုင်း ကြိုးစားအားထုတ် ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ဓမ္မဒေါင်းလုပ်မှတဆင့်
C/O

ဥတ္တရအလင်း

ကောင်းကျိုးလိုချင် သတိပဌာန်ပွား

- ကောင်းကျိုးလိုချင် သတိပဋ္ဌာန်ပွား

ဘုရားရှင်က မဟာသတိပဋ္ဌာန်သုတ်မှာ ဝိပဿနာ တရားကို ကျင့်ရင် 

၁။ တပ်မက်မှု အညစ်ကြေး၊ မတရား လိုချင်မှု အညစ်အကြေး၊ သူတစ်ပါး ပစ္စည်း မတရားလိုချင်တဲ့ အတွေး အစရှိတဲ့ ကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်မယ်။

၂။ စိုးရိမ်ပူဆွေး၊ ငိုကြွေးမြည်တမ်းခြင်းတို့ လွန်မြောက်မယ်။

၃။ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုတို့ ချုပ်ငြိမ်းမယ်။

၄။ မြင့်မြတ် ဖြူစင်တဲ့ အရိယာမဂ်ကို ရမယ်။

၅။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မယ်လို့ ဟောခဲ့ပါတယ်။

ကဲ ယောဂီ အခု ပြောပြခဲ့တဲ့ ကောင်းကျိုးတွေ ရချင်ရင်တော့ သတိပဋ္ဌာန်လေးပါးကို ရှုပွားပါတော့။

ကိုယ်ယာယ ဓာတ်လေးပါးကို ရှုတာ ကာယာနူပဿနာ။ စိတ်အမျိုးမျိုးကို ရှုတာ စိတ္တာနူပဿနာ၊ ဝေဒနာ ခံစားမှုကို ရှုတာ ဝေဒနာနူပဿနာ၊ ရုပ် နာမ် အပေါင်း အရောအနှောကို ရှုတာ ဓမ္မာနူပဿနာ။ တစ်နည်း မှတ်သားမှု၊ ပြုပြင် စေ့ဆော်မှုကို ရှုတာ ဓမ္မာနူပဿနာ။

မြတ်စွာဘုရားက စိတ္တာနုပဿနာနဲ့ ပတ်သက်ပြီး အခုလို ဟောခဲ့ပါတယ်။ 

အာရုံငါးပါး လိုချင်တဲ့စိတ်ကို သိပါ။ လိုချင်မှုကင်းတဲ့ စိတ်ကိုလည်း သိပါ။ ဒေါသဖြစ်ရင် ဒေါသစိတ်ကို သိပါ။ ဒေါသကင်းတဲ့ စိတ်ကို သိပါ။  မောဟစိတ်၊ မောဟကင်းတဲ့ စိတ်၊  ပျံ့လွှင့်တဲ့စိတ်၊ တည်ကြည်တဲ့စိတ်၊  မတည်ကြည်တဲ့စိတ်၊ လွတ်မြောက်တဲ့စိတ်၊ မလွတ်မြောက်တဲ့ စိတ်တို့ကိုလည်း ဖြစ်ပေါ်နေတဲ့ အတိုင်း သဘောအတိုင်း သိပါလို့ ဟောပြ ပေးခဲ့ပါတယ်။

တရားအားထုတ်နေချိန်၊ အခြားအချိန်တွေမှာ ကိုယ့်စိတ်မှာ ဘယ်လို အတွေးစိတ်မျိုး၊ စိတ်ကူးမျိုးပဲ ပေါ်လာပါစေ သိအောင်ကြိုးစား မှတ်ပေးရပါတယ်။ စိတ်အစဉ် ဖြစ်တာ သိလိုက်တာနဲ့ ရှေ့ဆက် မဖြစ်တော့ပါဘူး။ မသိလို့ စိတ်ရဲ့ ဆွဲရာနောက်ကို ပါသွားရခြင်းဖြစ်ပါတယ်။ တရားအားထုတ်နေဆဲ ရာဂစိတ် ဖြစ်တဲ့အခါ သိလိုက်တာနဲ့ ရာဂစိတ်က ပျောက်ပြီး သိစိတ်က အစားထိုး လာပါတယ်။ သိစိတ်ကိုလည်း နောက်စိတ်က သိလိုက်ရင် ရှေ့စိတ်က ပျောက်သွားပါတယ်။ စိတ်ဆိုတာဟာ တစ်သမှတ်တည်း ထိန်းထားလို့ ရတဲ့အရာ မဟုတ်တဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်က လိုက်သိပေးနေတာကိုပဲ သတိရှိနေတာ၊ စိတ်ကိုသိနေတာလို့ ပြောနိူင်ပါတယ်။

စိတ်တစ်ခုနဲ့ တစ်ခုဟာ ဖြစ်ပျက်မှု မြန်လွန်းတဲ့အတွက် စိတ်ဖြစ်ပျက် နေမှုကိုပဲ သိနေနိုင်အောင် ကြိုးစားပေးရပါတယ်။ သမာဓိ အားကောင်းလာရင် တရားအားထုတ်ရင်း စိတ်မှာ ဖြစ်ပေါ်လာမယ့်  အတွေးစိတ်ကူးတွေကို ကြိုတင် သိလာတတ်ပါတယ်။ အပြင်ထွက်တော့မယ်ဆိုတာ သိလိုက်တာနဲ့ အဲဒီစိတ်ကို ထိန်းလိုက်နိုင်ပါပြီ။ ရှေ့ဆက်ပြီး မတိုးဖြစ်တော့ပါဘူး။ ဒါဟာ စိတ်အစဉ်ရဲ့ ဖြစ်ခိုက် ပေါ်ခိုက်ကို သိလိုက်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်မှာ ဘယ်လိုအတွေး စိတ်ကူးမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုစိတ်မျိုးပဲ ဖြစ်ဖြစ် ဖြစ်တာနဲ့ တစ်ပြိုက်နက် သိအောင် ရှုမှတ်ပေးရပါတယ်။  စိတ်မှာဖြစ်သမျှ ကောင်းတဲ့စိတ်ရော မကောင်းတဲ့ စိတ်တွေကိုပါ ဖြစ်ခိုက် ပေါ်ခိုက်မှာ အလိုက်သင့် သိပေးနေတာကို စိတ္တာနုပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။

မဟာသတိပဋ္ဌာနသုတ်မှာ မြတ်စွာဘုရားက ချမ်းသာတဲ့ခံစားမှုကို ခံစားရင်လည်း  ခံစားတယ်လို့ သိပါ။  ဆင်းရဲတဲ့ ခံစားမှုကို ခံစားရင်လည်း  ခံစားတယ်လို့ သိပါ။ ချမ်းသာမဟုတ် ဆင်းရဲမဟုတ်တဲ့ ခံစားမှုကို ခံစားရင်လည်း  ခံစားတယ်လို့ သိပါ။ ကာမဂုဏ်နဲ့ စပ်တဲ့ ချမ်းသာတဲ့ ဝေဒနာကို ခံစားရင်လည်း ခံစားတယ်လို့ သိပါ။ ကာမဂုဏ်နဲ့ စပ်တဲ့ ဆင်းရဲတဲ့ ဝေဒနာကို ခံစားရင်လည်း ခံစားတယ်လို့ သိပါ။ ကာမဂုဏ်နဲ့ မစပ်တဲ့ ချမ်းသာတဲ့ ဝေဒနာကို ခံစားရင်လည်း ခံစားတယ်လို့ သိပါ။ ကာမဂုဏ်နဲ့ မစပ်တဲ့ ဆင်းရဲတဲ့ ဝေဒနာကို ခံစားရင်လည်း ခံစားတယ်လို့  သိပါ။ ကာမဂုဏ်နဲ့ စပ်တဲ့ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်တဲ့ ခံစားမှုကို  ခံစားရင်လည်း ခံစားတယ်လို့ သိပါ။ ကာမဂုဏ်နဲ့ မစပ်တဲ့ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်တဲ့ ဝေဒနာကို ခံစားရင်လည်း ခံစားတယ်လို့ သိပါလို့ ဝေဒနာနုပဿနာ ရှုပွားပုံကို မိန့်ကြားခဲ့ပါတယ်။

တရားအားထုတ်ချိန်မှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ ပေါ်လာတတ်တဲ့ ဘယ်လို ဝေဒနာမျိုးကိုမဆို သတိကပ်ပြီး ရှုမှတ်ပေးရပါမယ်။ ဝေဒနာဆိုတာ ခံစားခြင်းဖြစ်တဲ့ အတွက် ဘယ်လို ခံစားမှုမျိုးပဲ ဖြစ်ဖြစ် မှတ်သိ ပေးရပါမယ်။ ထွက်လေ ၀င်လေကို မှတ်နေရင်း ခန္ဓာကိုယ် တစ်နေရာရာက ယားလာတဲ့အခါ အဲဒီယားတဲ့ ဝေဒနာကို စိတ်နဲ့အာရုံပြုပြီး ဖြစ်ပေါ်နေတဲ့ ခံစားချက်ကို အလိုက်သင့် သိနေနိုင်အောင် ကြိုးစား မှတ်ပေးရပါတယ်။ ယားနေတဲ့ ခံစားမှုဟာ ပိုပြီး ယားလာရင်လည်း ယားလာနိုင်သလို၊ လျော့သွားရင်လည်း လျော့သွားတတ်ပါတယ်။ တိုးတိုး လျော့လျော့ သူဖြစ်နေတဲ့ အတိုင်းပဲ လိုက်သိ နေနိုင်အောင် ကြိုးစားရပါမယ်။ သည်းခံနိုင်သလောက် သည်းခံပြီး မှတ်ပေးရပါမယ်။ ဝေဒနာကို မှတ်တဲ့အခါမှာ အလွယ်တကူတော့ လက်မလျော့ဖို့ လိုပါတယ်။

ဆင်းရဲတဲ့ ဝေဒနာမျိုးဟာ ပိုပိုပြီး ပြင်းထန်လာတယ်လို့ ယောဂီစိတ်မှာ ထင်လာတတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံး သည်းခံပြီး မှတ်ပေးရပါမယ်။ အဲလိုမှတ်တဲ့အခါ ပျောက်သွားပြီး တစ်ခြားခံစားမှု ဝေဒနာ မှတ်စရာ မရှိသေးရင် ထွက်လေ ၀င်လေကို ပြန်မှတ်ပေးပါ။ ဝေဒနာက မပျောက်ဘဲ ပိုပိုပြင်းထန်လာတယ်၊ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး ဆိုရင်တော့ ဒေါသအဖြစ်ခံပြီး မမှတ်တော့ဘဲ လစ်လျူရှုထားလိုက်ပါ။ ထွက်လေ ၀င်လေကို ပြန်မှတ်ကြည့်ပါ။ အဲလိုမှ မရဘူးဆိုရင်တော့ အမှတ်သတိနဲ့ ခန္ဓာကိုယ် အနေအထား ပြုပြင်ပြီး ထွက်လေ ၀င်လေကို ပြန်မှတ်နိုင်ပါတယ်။ 

ထွက်လေ ၀င်လေ မှတ်မှုကတော့ ပင်တိုင်အမှတ်တစ်ခု ဖြစ်တဲ့အတွက် တခြားမှတ်စရာ အာရုံမရှိရင် သူ့ကိုပဲ ပြန်ပြန် မှတ်ပေးရပါတယ်။ 

ခန္ဓာကိုယ်မှာ ပေါ်သမျှ ဝေဒနာကို မှတ်မှုဟာ ဝေဒနာနုပဿနာ ဖြစ်တဲ့အတွက် သမာဓိအားကောင်းလို့ ထင်လာတဲ့ ချမ်းသာတဲ့ ခံစားမှု၊ ပေ့ါပါးတဲ့ ခံစားမှု၊ ငြိမ်းချမ်းတဲ့ ခံစားမှုတွေကိုလည်း ခံစားတဲ့အတိုင်း မှတ်ပေးရပါမယ်။ ခံစားလို့ ကောင်းတယ်ဆိုပြီး အဲဒီခံစားမှုမှာပဲ သာယာနေမယ်ဆိုရင် တရားဟာ ရှေ့ဆက် တက်မှာ မဟုတ်သလို ဉာဏ်ပွင့်လာမှာလည်း မဟုတ်တော့ပါဘူး။ 

ကောင်းကောင်းဆိုးဆိုး ဘယ်လို ခံစားမှုမျိုးမဆို သတိကပ်ပြီး မှတ်ကြည့်ပါ။ ဒါက အာနာပါနကို ရှုမှတ်လို့ အချိန်အတော်ကြာရင် ပေါ်လာတတ်တဲ့ ခံစားမှု ဝေဒနာနဲ့ ပတ်သက်လို့ ရှုမှတ်ရမယ့် ရှုမှတ်ပုံကို ပြောပြတာ ဖြစ်ပါတယ်။

တရားထိုင်တဲ့အခါ ကိုယ်မှာပေါ်နေတဲ့ ပူတာ အေးတာ တိုးတာ လှုပ်တာ  မာတာ ပျော့တာ ညောင်းတာ
နာတာ ကိုက်တာ ထုံတာ ကျဉ်တာ စတဲ့ သဘာဝတွေကို  ရှုနေတာ အချို့က ဝေဒနာ ရှုတယ်လို့ ပြောနေကြပါတယ်။ အမှန်က ဝေဒနာ ရှုတာ မဟုတ်ပါ။ ကာယကို ရှုတာပါ။ ဒါကြောင့် ကာယာနုပဿနာ ရှုတယ်လို့ ပြောမှ မှန်ပါတယ်။

ကိုယ်ပေါ်မှာ ပေါ်နေတဲ့ ပူတာ အေးတာ စတဲ့ တရားများရဲ့ မခံသာတဲ့ သဘာ၀၊ ခံသာတဲ့ သဘာ၀၊ အလယ် အလတ် ခံသာတဲ့ သဘာဝ ခံစားမှုကို ရှုမှသာ
ဝေဒနာ ရှုတယ်လို့ ပြောမှ မှန်ပါတယ်။
ဝေဒနာနုပဿနာ ရှုတယ်ပေါ့။

မဟာသတိပဋ္ဌာနသုတ်မှာ ဘုရားက ဣရိယာပုတ် အမူအရာ အမျိုးမျိုးကို ရှုဖို့ သိဖို့ အခုလို ဟောပြထားပါတယ်။ 

တရားအားထုတ်တဲ့ ယောဂီဟာ သွားရင် သွားတယ်လို့ သိပါ။ ထိုင်ရင် ထိုင်တယ်လို့ သိပါ။ ရပ်ရင် ရပ်တယ်လို့ သိပါ။ လျောင်းရင် လျောင်းတယ်လို့ သိပါ။ ယောဂီရဲ့ ရုပ်အပေါင်းဟာ  အမူအရာ အမျိုးမျိုးနဲ့ ရှိနေရင် အဲဒီ  အမူအရာ အမျိုးမျိုးကိုပဲ သိပါလို့ ရှင်းပြ ဟောခဲ့ပါတယ်။

မြတ်စွာဘုရားရှင်က ရှေ့သို့တိုးရာ၊ နောက်သို့ ဆုတ်ရာမှာ သိပြီး ပြုပါ။ တည့်တည့်ကြည့်ရာ၊ တစောင်းကြည့်ရာမှာ သိပြီး ပြုပါ။ ကွေးရာ ဆန့်ရာမှာ သိပြီး ပြုပါ။ အသုံး အဆောင်တွေ ကိုင်ရာမှာ သိပြီး ပြုပါ။ စားရာ သောက်ရာ ခဲရာ လျက်ရာမှာ သိပြီး ပြုပါ။ ကျင်ကြီး ကျင်ငယ်စွန့်ရာမှာ သိပြီး ပြုပါ။ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ၊ တိတ်တိတ် ဆိတ်ဆိတ် နေရာမှာလည်း သိပြီး ပြုပါလို့ အသေးစိပ် မိန့်ကြားခဲ့ပါတယ်။

တရား အားထုတ်သူဟာ ကိုယ် တရား တက်တယ်၊ မတက်ဘူး သိချင်ကြပါတယ်။ ကိုယ့်ရဲ့ အမူအကျင့်၊ ကိလေသာ အနည်းအများ၊ စိတ်နေ စိတ်ထားဟာ တရား အားမထုတ်ခင်ကနဲ့ အခုအားထုတ်ပြီးမှ ဘယ်လို ထူးခြား လာသလဲဆိုတာ ချိန်ထိုးကြည့်ရင် သိနိုင်ပါတယ်။ 

အမူအကျင့်က ယဉ်ကျေးလာတယ်။ ကိလေသာတွေ လျှော့နည်းလာတယ်။ စိတ်ထားတွေ ပိုပြီး ကောင်းမွန်လာတယ်။ ဒါဆိုရင် တရား တိုးတက် နေတာပါပဲ။

                 #အရှင်ဥဇ္ဇယ

Tuesday, June 8, 2021

အသိဉာဏ်မရှိတဲ့သူကို ပစ္စည်းဥစ္စာကဖျက်ဆီးတတ်တယ်..

"ဟနန္တိ ဘောဂါ ဒုမ္မေဓံ၊ နော စ ပါရဂဝေသိနော"

"အသိဉာဏ်မရှိတဲ့သူကို 
ပစ္စည်းဥစ္စာက ဖျက်ဆီးတတ်တယ်"
****************************
                 
ပိုက်ဆံတွေ ဘယ်လောက် ချမ်းသာချမ်းသာ 
ထိုပိုက်ဆံက နတ်ပြည်မပို့နိုင်ဘူး၊ 
ပစ္စည်းဥစ္စာက နတ်ပြည်မပို့နိုင်ဘူး။
ပစ္စည်းဥစ္စာကို အကြောင်းပြုပြီး 
ဒါနကောင်းမှုလုပ်မှ၊ သီလဆောက်တည်မှ 
နတ်ရွာသုဂတိဆိုတာ ရောက်တာ။ 

လောကမှာ ပစ္စည်းဥစ္စာရှိတဲ့သူ 
ထိုပစ္စည်းဥစ္စာကို အကြောင်းပြုပြီး 
လူတိုင်း ချမ်းသာ သုခရတယ်လို့ မအောက်မေ့နဲ့၊ 
ဒီဘဝမှာလည်း ဆင်းရဲကြပြီး
 နောင်ဘဝမှာလည်း ဒုက္ခရောက်ကြတယ်။
           
ဒါကြောင့် မြတ်စွာဘုရားက 
"ဟနန္တိ ဘောဂါ ဒုမ္မေဓံ၊ နော စ ပါရဂဝေသိနော"

"အသိဉာဏ်မရှိတဲ့သူကို ပစ္စည်းဥစ္စာက 
ဖျက်ဆီးတတ်တယ်" တဲ့၊

ပစ္စည်းဥစ္စာကြောင့် ထိုပုဂ္ဂိုလ်ဟာ ပျက်စီးရတယ်၊
ပစ္စည်းဥစ္စာကြောင့် ထိုပုဂ္ဂိုလ်ဟာ သေရတယ်၊
ပစ္စည်းဥစ္စာက ဒုက္ခပေးလို့ 
လူတွေမှာ ဒုက္ခအမျိုးစုံဖြစ်တယ်၊
ပစ္စည်းဥစ္စာက ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကို 
ဖျက်ဆီးနိုင်တယ်။

သို့သော် ပစ္စည်းဥစ္စာကို အသုံးချပြီး 
နိဗ္ဗာန်တစ်ဖက်ကမ်းကို တက်လှမ်းတဲ့ 
သူတော်စင်တွေကိုတော့ 
ပစ္စည်းက အနှောင့်အယှက် မဖြစ်ဘူး။ 
သူတို့က ပစ္စည်းဥစ္စာကို အကြောင်းပြုပြီးတော့
 ကောင်းမှုတွေ ပြုကြတယ်။
             
ဒီလိုမဟုတ်ရင် ဒီဘဝမှာလည်း 
ပစ္စည်းကြောင့် အန္တရာယ်ဖြစ်ရတယ်။
ထိုပစ္စည်းကို တပ်မက်ပြီးတော့ သေရသည့်အတွက်
 နောက်ဘဝမှာလည်း ပြိတ္တာဖြစ်ရတယ်၊ 
ငရဲရောက်တယ်၊ ဒုက္ခတွေဖြစ်ကုန်တယ်။ 
ဒီတော့ ပစ္စည်းဥစ္စာဟာ အားကိုးစရာ ဟုတ်ရဲ့လား၊ မဟုတ်ဘူး။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph. D)
................................................................

"အားပေးစကား" တရားဒေသနာတော်မှ 
ကူးယူပူဇော်ပါသည်။

(post တိုင်းကို 
လွတ်လပ်စွာ share နိုင်ပါတယ်ရှင်၊ 
သက်ရှည် ကျန်းမာ စိတ်ချမ်းသာ၍ 
လိုရာဆန္ဒ ပြည့်ပါစေ။)
Dhammapractitioner

ဘာစိတ်ဖြစ်ဖြစ်သိနေပါ

-    ဘာစိတ်ဖြစ်ဖြစ် သိနေပါ
********************************

စိတ်ဆိုတာ လွှင့်တတ်တဲ့ သဘာဝ
မရှိပါ။ ဖြစ်တတ်တဲ့ သဘောပဲ 
ရှိပါတယ်။ အများပြော 
စိတ်လွှင့်တယ်လို့ သုံးနှုန်းထားပေမယ့်
အမှန်က ဖြစ်တတ်တဲ့ သဘာဝပဲ
ရှိပါတယ်။ သူ့ဖြစ်တာကို ယောဂီက
သိပေးဖို့ပဲ လိုပါတယ်။

စိတ်ဆိုးဖြစ်လည်း သိပါ၊ 
စိတ်ကောင်းဖြစ်လည်း သိပါ။
စိတ်အေးရင်လည်း သိပါ၊ 
စိတ်ပူရင်လည်း သိပေးပါ။

ရှုနည်း မသိရင် စိတ်လွှင့်တိုင်း 
ပြန်ဆွဲနေရတာနဲ့ ယောဂီ
ပင်ပန်းပါတယ်။ အခုလို သိတော့
စိတ်ဖြစ်တိုင်း အလိုက်သင့် သိနေရုံ,
ရှုနေရုံပါပဲ။

သားခင်တဲ့စိတ်၊ သမီးအမှတ်ရတဲ့စိတ်၊ 
လင်သား, ဇနီး မကျေနပ်တဲ့စိတ် 
ဘာစိတ်ပေါ်ပေါ် သတိနဲ့ သိပေးပါ။ 
သိနေချိန်မှာ မသိမှု မောဟ အဝိဇ္ဇာ 
စင်ကြယ်နေပါတယ်။ စိတ်ပရမတ်
သိနေချိန် သစ္စာမြင်နေချိန်ပါပဲ။

တရားက မခက်ပေမယ့်
အရှုခံတရားမှန်း မသိရင် 
နည်းနည်းလေးနဲ့ ကပ်လွဲနေပါတယ်။

တရား မထိုင်ချိန်မှာလည်း စိတ်က
မငြိမ်ပါဘူး။ ဒီအချိန် စိတ်မငြိမ်ရင်
ယောဂီက စိတ်မငြိမ်ရကောင်းလားလို့
ပြဿနာ မဖြစ်ပါဘူး။ 
မကျေနပ်စိတ်လည်း မဖြစ်ပါဘူး။
သတိမထားပဲ စိတ်ကို ဖြစ်သလို
လွှတ်ထားတော့ မငြိမ်မှန်းလည်း 
မသိတော့ပါဘူး။

တရားထိုင်ချိန် စိတ်မငြိမ်ရင် ယောဂီက
မကျေနပ်တော့ပါဘူး။
စိတ်ကို အတင်းငြိမ်အောင်
အာရုံမှာ ချည်နှောင်ပြီး စိတ်ငြိမ်မှ
ကောင်းတယ်ထင်ပြီး လုပ်နေပါတယ်။
ဒီအချိန်မှာ ကိုယ့်စိတ်ကို
သတိထားနေတော့ စိတ်မငြိမ်မှန်း 
ပိုပြီး သိသာတာပေါ့။

ဘယ်အချိန်ဖြစ်ဖြစ် သတိ
လက်မလွှတ်ပါစေနဲ့။ သတိသာ 
ရှိနေပါစေ တရားဖြစ်ပါတယ်။
သတိ မရှိရင် မတရားဖြစ်နေပါပြီ။

နှလုံးသွင်းမှန်ရင်, သတိဖြစ်ရင်
ကုသိုလ်ဖြစ်ပါတယ်။

ဘာမှ မသိပဲ စိတ်က ကိလေသာ
အာရုံတစ်ခုခုနဲ့ မေ့မျောနေရင် 
တရားစိတ် မဟုတ်တော့ပါဘူး။ 

တရားစိတ် ဆိုတာ ဖြစ်ကြော
တိုရပါမယ်။ ဖြစ်မှန်း သတိပါတဲ့ စိတ်က
သိရပါမယ်။ စိတ်မငြိမ်တာကိုလည်း
သိရပါမယ်။ စိတ်ငြိမ်အောင်လည်း
ချုပ်ကိုင် မထားရပါဘူး။

စိတ်ကို ချုပ်လည်း မချုပ်ထားပါနဲ့။
လွှင့်လည်း မလွှင့်ပါစေနဲ့။ လွှင့်ရင်
လွှင့်မှန်း သိနေပါ။

 *မူရင်းတင်သူ အရှင်ဥဇ္ဇယ🙏      

credit....

ကျန်းမာရေးမကောင်းခဲ့သော်..

❝ ကျန်းမာရေး မကောင်းခဲ့သော် ❞
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မြတ်စွာဘုရားက မကျန်းမာတဲ့ ပုဂ္ဂိုလ်တွေဆိုရင်
ဒီတရား ၅ - မျိုးကို နှလုံးသွင်းပါတဲ့.....

နံပါတ်(၁)
ဒီကိုယ်ခန္ဓာကိုယ်ကြီးဟာ မတင့်မတယ်
ရွှံစဖွယ် ကောင်းတယ် ဆိုတာကို မပြတ် 
ဆင်ခြင်ပေးပါတဲ့။

နံပါတ်(၂)
ကိုယ်စားတဲ့ အစာ အာဟာရတွေရဲ့
စက်ဆုပ်ဖွယ် အခြေအနေတွေကို
မပြတ် ဆင်ခြင် စဉ်းစားပေးပါတဲ့။

နံပါတ်(၃)
လောကကြီးရဲ့ပျော်ရွှင်စရာ ကင်းမဲ့နေပုံကို
ဆင်ခြင် စဉ်းစားပေးပါတဲ့။

နံပါတ်(၄)
သင်္ခါရမှန်သမျှ ဘယ်အရာမှ မမြဲဘူးဆိုတဲ့
အနိစ္စသညာကို ဆင်ခြင် စဉ်းစားပေးပါတဲ့။

နံပါတ်(၅)
သေခြင်းနဲ့ ပတ်သက်တဲ့ 
အမှတ်သညာ တစ်ခု ကိုယ့်ရဲ့
သေခြင်းပဲ ဖြစ်စေ၊ ကိုယ်နဲ့ပတ်သက်တဲ့
ပုဂ္ဂိုလ်တွေရဲ့သေဆုံးခြင်းပဲဖြစ်စေ၊ 

သေဆုံးခြင်းနဲ့ပတ်သက်ပြီး သတိ သံဝေဂ အသိဉာဏ် အမြဲတမ်းဖြစ်အောင်
ဆင်ခြင် စဉ်းစားပေးပါလို့ ဟောကြား
တော်မူတာ ဖြစ်တယ်။

ဒီနှလုံးသွင်းတရား ၅ - မျိုးဟာ
မကျန်းမာ သူတွေအတွက် အထူးလိုအပ်တဲ့
နှလုံးသွင်းတရားကမ္မဋ္ဌာန်း ၅ - ခုပဲ ဖြစ်တယ်လို့
ဒီလိုဆိုလိုတာ။

ခုလိုကမ္မဋ္ဌာန်း ၅ - မျိုးကို 
နှလုံးသွင်း ဆင်ခြင်ခြင်းအားဖြင့်
ထိုပုဂ္ဂိုလ်ဟာ ကြီးမားတဲ့ အကျိုး
ကျေးဇူးတွေကို ရရှိနိုင်တယ်။

မြတ်စွာဘုရားကဘယ်လောက်ထိအောင် 
ဟောတုန်း ဆိုလို့ရှိရင် ဒီလိုသာ မှန်မှန်ကန်ကန် နှလုံးသွင်းပြီး၊

ဒီတရား ၅ - မျိုး သူ့သန္တာန်မှာ ပြည့်ပြည့်ဝဝကြီး
ရှိမယ်ဆိုရင် သူဟာ မသေခင်မှာ ရဟန္တာကြီး ဖြစ်သွားနိုင်ပါတယ်လို့ ဟောထားတယ် ။

ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

ဗောဓိဥာဏဿ ပစ္စယော ဟောတု
Credit-

ကိုယ်နဲ့မပတ်သက်တဲ့ စိတ်ထား

"ကိုယ်နဲ့မပတ်သက်တဲ့စိတ်ထား"

အလုပ်ပါးလို့ အချိန်အားတဲ့ အခါမျိုးမှာ 
သက်တောင့်သက်သာနေပြီး 
ကိုယ်မှာ ပေါ်နေတာတွေနဲ့ စိတ်မှာ
ဖြစ်နေတာကို အေးအေးဆေးဆေး 
ကြည့်နေလို့ ရပါတယ်။

တရား အားထုတ်တယ် ဆိုတာ 
ကိုယ်နဲ့ စိတ်မှာ ဖြစ်နေတာတွေ 
ဖြစ်တဲ့အခိုက်မှာ သူတို့
သဘောသိအောင် သတိထား
နေရတာဖြစ်ပါတယ်။

ရှုစရာ အများကြီး မရှိပါဘူး။
ကာယ ဝေဒနာ စိတ္တာ ဓမ္မ တွေကို 
အနုပဿနာ အကြိမ်ကြိမ် အနုစိတ်
လေ့လာ သုံးသပ်ပေးနေရတာ 
ဖြစ်ပါတယ်။

ရှုစရာလေးမျိုး ကွဲပြားတယ်လို့ 
ပြောရပေမဲ့ အနှစ်ချုပ်လိုက်တော့ 
ကိုယ်နဲ့ စိတ်ပါဘဲ။

ဝေဒနာ ဆိုတာလည်း ကိုယ်နဲ့ စိတ်မှာ
ပေါ်လာတဲ့ တရားဖြစ်ပြီး ဓမ္မ 
ဆိုတာလည်း ကျိုယျနဲ့စိတျမှာ ဖြစ်နေတဲ့ 
တရားတွေပါဘဲ။

ဘယ်ဟာကို အရင် ရှုမလဲလို့ 
မေးစရာ ရှိပါတယ်။
ဘာမှ ဟုတ်တိပတ်တိ 
မရှုတတ်သေးရင်တော့ ရှုရလွယ်တဲ့ 
ကာယက စရှုရပါတယ်။

ကာယပြီးတော့ ဝေဒနာ။

ဝေဒနာပြီးမှ လျင်မြန်လှတဲ့ စိတ်ကို
ရှုရပါတယ်။

အားလုံး သဘောပေါက်သွားပြီ 
ဆိုရင်တော့ ဓမ္မာနုပဿနာ ရှုရပါတယ်။

ဓမ္မာနုပဿနာ ရောက်ပြီ ဆိုရင်တော့ 
ဘယ်အာရုံ ရယ်လို့ မရွေးချယ် 
ဖြစ်တော့ပါဘူး။
ပေါ်ရာ အာရုံကို ဓမ္မ ဖြစ်အောင် 
အလိုက်သင့် ရှုသွားရုံပါဘဲ။

ဓမ္မာနူပဿနာ ရောက်ရင် ကာယ 
ဝေဒနာ စိတ္တ ဆိုတဲ့ အရှုခံတွေကို ဘာမှ
ဝင်ရောက် စွက်ဖက်လို့ မရတော့ပါဘူး။

အရင်က သူစိမ်းလို ရှုတယ် 
ဆိုတာထက် ကိုယ်နဲ့ မပတ်သက်တဲ့  
စိတ်ထားနဲ့ ရှုရတော့မှာ ဖြစ်ပါတယ်။

ပေါ်ရာ ပြရာ ငါမပါဘဲ ရှုရပါမယ်။

အဲလို ရှုနိုင်ပြီ ဆိုရင်တော့ သဘာဝ
တရားကို ကောင်းမွန်စွာ 
ဉာဏ်ရောက်ပြီလို့ ဆိုနိုင်ပါတယ်။

ဓမ္မသဘာဝ အစစ်အမှန်ကိုလည်း 
တွေ့နိုင်ပါတယ်။

အေးချမ်းမှု အစစ်အမှန်ကိုလည်း 
ရနိူင်ပါတယ်။

 
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

credit....

Wednesday, June 2, 2021

အခွင့်အရေးကိုအသုံးချတတ်ပါစေ


❝ အခွင့်အရေးကို အသုံးချတက်ပါစေ ❞

သံသရာ၀ဋ်က လွတ်ကင်းဖို့ 
တရားဓမ္မတွေကို
 မြတ်စွာဘုရားက 
ဟောပေးခဲ့ပါတယ်။   
 ထိုဟောထားတဲ့ 
တရားဓမ္မတွေကိုကျင့်ဖို့  
 အခွင့်အလမ်း မရရှိတဲ့ 
ပုဂ္ဂိုလ်တွေ
 ရှိကြပါတယ်။  

 လောကမှာ 
လူဖြစ်လာသော်လည်း 
 အခွင့်အရေးဆုံးရှုံးနေတဲ့ 
ပုဂ္ဂိုလ်တွေက 
 အများကြီးပါ။ 

 သံသရာလည်နေကြတဲ့ အထဲမှာ 
 လူတိုင်းလူတိုင်း အခွင့်ကောင်း 
ရရှိနေကြတာ
 မဟုတ်ပါ။ အခွင့်ကောင်းမရတဲ့ 
ပုဂ္ဂိုလ်တွေ 
 အများကြီးရှိပါတယ်။

 အခွင့်အရေးဆိုတာနဲ့ပတ်သက်ပြီး 
ပြောရရင် 
 အခွင့်အရေးဆိုတာ အမျိုးမျိုးရှိပါတယ်။ 

 ဆိုပါစို့- 
 တယ်လီဗစ်ရှင်းကြည့်ချင်တယ်ဆိုရင် 
 အိမ်မှာတယ်လီဗစ်ရှင်းရှိပေမယ့်
 လျှပ်စစ်မီးမရှိဘူး။ 
 လျှပ်စစ်မီးကမလာဘူးဆိုရင် ကြည့်လို့မရပါ။ 
 လျှပ်စစ်မီးလာတဲ့အခါမှ ကြည့်လို့ရပါတယ်။  

 အခွင့်အရေးဆိုတာ အမြဲတမ်း မရှိပါ။ 

 ဟို ယခင်က လျှပ်စစ်မီးနဲ့ ဝေးကွာတဲ့ 
 တောရွာတွေမှာ လျှပ်စစ်မီးမပြောနဲ့
 ကြယ်ကလေးတွေ လ,ကလေးတွေရဲ့ 
 အလင်းရောင်နဲ့ နေကြရပါတယ်။ 

 ကြယ်ရောင် လရောင်လေးတွေကို 
 အားကိုးပြုပြီးတော့ ညအခါမှာ
 ခရီးသွားကြရပါတယ်။

 ဟို ယခင်တုန်းက ဧရာ၀တီတိုင်းက
 လူတွေဟာ...
 ဒီရေ အတက်အကျကြည့်ပြီးတော့ 
 လှေတွေနဲ့ ချောင်းတွေ မြောင်းတွေမှာ
 ခရီးသွားကြရပါတယ်။ 

 ဒီရေတက်ကျ ချိန်ကလေးကိုကြည့်ပြီး  
 သွားရမယ့်ခရီး မကိုက်ညီဘူးဆိုရင်  
 ခရီးဆက်မသွားဘဲ ဒီရေသင့်အောင်  
 စောင့်ဆိုင်းရပါတယ်။

 လူ့ဘ၀ရနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း 
 အခွင့်ကောင်း အမြဲတမ်း ကြုံတာမဟုတ်ပါ။ 
 အခွင့်အရေးကြုံတဲ့ အခိုက်ကလေးမှာ၊ 
 အခွင့်သာခိုက်ကလေးမှာ
 ရသင့်ရထိုက်တာတွေကို ရအောင်ယူလိုက်မှ 
 အခွင့်အရေး ရနိုင်ပါတယ်။  

 အခွင့်အရေးဆိုတာ နောက်တစ်ခါ 
 ပြန်လာချင်မှ လာတတ်တာပါ။
 အခွင့်ကောင်းဟာ ရံဖန်ရံခါမှသာ
 ရောက်လာတတ်ပါတယ်။ 
 တစ်ခါရောက်လာပြီးရင်လည်း
 နောက်ထပ်ရောက်ချင်မှ
 ရောက်လာတတ်တာပါ။

 ရောက်လာတဲ့ အချိန်လေးမှာ 
 လုပ်ရင်လုပ်လိုက်၊ မလုပ်လိုက်ဘူးဆိုရင် 
 ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရပါမယ်။ 

 ဒါကြောင့် လသာတုန်း ဗိုင်းငင်၊
 အချိန်ရှိခိုက် လုံ့လစိုက်ရပါမယ်။

 ထို့အတူပဲ...

 သုံးဆယ့်တစ်ဘုံ သံသရာကြီးထဲမှာလည်း
 သတ္တဝါရယ်လို့ဖြစ်လာပြီးတော့ 
 အခွင့်ကောင်းလေးတွေ လက်လွတ်ဆုံးရှုံးပြီး 
 ဘယ်လိုမှအခွင့်မရတဲ့ ပုဂ္ဂိုလ်မျိုးတွေကတော့

 ၁။ ငရဲကျနေသူ

 ၂။ တိရစ္ဆာန် ဖြစ်နေသူ

 ၃။ ပြိတ္တာ ဖြစ်နေသူ

 ၄။ ရုပ်ခန္ဓာကြီးမပါတဲ့ ဗြဟ္မာ့ဘုံရောက်နေသူ

 ၅။ ဗုဒ္ဓသာသနာတော် မထွန်းကားတဲ့
 နေရာမှာ လူဖြစ်နေရသူ

 ၆။ မိစ္ဆာဒိဌိ ဖြစ်သူ

 ၇။ အသိဉာဏ် ( I Q နိမ့်သူ) မရှိသူ

 ၈။ ဘုရားမပွင့်တဲ့အချိန်ခါ လူဖြစ်ရသူ ဆိုပြီး
 “ရှစ်ယောက်”တောင် ရှိပါတယ်။

 အခုအချိန်ဟာ ဗုဒ္ဓဘာသာ၀င် ဖြစ်တာရယ်၊ 
 ဘုရားသာသနာတွင်း ဖြစ်တာရယ်၊  
 လမ်းကောင်းညွှန်ပြမယ့် ဆရာကောင်း
 ရှိနေတာရယ်၊ ဝိပဿနာတရားအားထုတ်ဖို့   
 အသင့်တော်ဆုံးဖြစ်နေတာရယ်၊
 ဒီလို ပြည့်စုံနေမှတော့...
 ဒီဘ၀ ဒီခန္ဓာ ဇတ်သိမ်းပြီး, 
 အနည်းဆုံး အပါယ်လေးပါးလွတ်တဲ့
 သောတာပန် အရိယာနွယ် ဖြစ်အောင်
 တရားအားထုတ်တဲ့သူဟာ 
 အခွင့်ကောင်းကို ရအောင် အသုံးချယူသူ ဖြစ်ပါတယ်။

အရှင်နန္ဒမာလာဘိဝံသ (Ph.D) 
ဟောကြားသော 
ရှစ်ယောက်နှင့်တစ်ယောက် တရားတော်မှ 
ကောက်နုတ်ရေးသားပူဇော်ပါသည်။ 


🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏