စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, June 13, 2021

ကောင်းကျိုးလိုချင် သတိပဌာန်ပွား

- ကောင်းကျိုးလိုချင် သတိပဋ္ဌာန်ပွား

ဘုရားရှင်က မဟာသတိပဋ္ဌာန်သုတ်မှာ ဝိပဿနာ တရားကို ကျင့်ရင် 

၁။ တပ်မက်မှု အညစ်ကြေး၊ မတရား လိုချင်မှု အညစ်အကြေး၊ သူတစ်ပါး ပစ္စည်း မတရားလိုချင်တဲ့ အတွေး အစရှိတဲ့ ကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်မယ်။

၂။ စိုးရိမ်ပူဆွေး၊ ငိုကြွေးမြည်တမ်းခြင်းတို့ လွန်မြောက်မယ်။

၃။ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုတို့ ချုပ်ငြိမ်းမယ်။

၄။ မြင့်မြတ် ဖြူစင်တဲ့ အရိယာမဂ်ကို ရမယ်။

၅။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မယ်လို့ ဟောခဲ့ပါတယ်။

ကဲ ယောဂီ အခု ပြောပြခဲ့တဲ့ ကောင်းကျိုးတွေ ရချင်ရင်တော့ သတိပဋ္ဌာန်လေးပါးကို ရှုပွားပါတော့။

ကိုယ်ယာယ ဓာတ်လေးပါးကို ရှုတာ ကာယာနူပဿနာ။ စိတ်အမျိုးမျိုးကို ရှုတာ စိတ္တာနူပဿနာ၊ ဝေဒနာ ခံစားမှုကို ရှုတာ ဝေဒနာနူပဿနာ၊ ရုပ် နာမ် အပေါင်း အရောအနှောကို ရှုတာ ဓမ္မာနူပဿနာ။ တစ်နည်း မှတ်သားမှု၊ ပြုပြင် စေ့ဆော်မှုကို ရှုတာ ဓမ္မာနူပဿနာ။

မြတ်စွာဘုရားက စိတ္တာနုပဿနာနဲ့ ပတ်သက်ပြီး အခုလို ဟောခဲ့ပါတယ်။ 

အာရုံငါးပါး လိုချင်တဲ့စိတ်ကို သိပါ။ လိုချင်မှုကင်းတဲ့ စိတ်ကိုလည်း သိပါ။ ဒေါသဖြစ်ရင် ဒေါသစိတ်ကို သိပါ။ ဒေါသကင်းတဲ့ စိတ်ကို သိပါ။  မောဟစိတ်၊ မောဟကင်းတဲ့ စိတ်၊  ပျံ့လွှင့်တဲ့စိတ်၊ တည်ကြည်တဲ့စိတ်၊  မတည်ကြည်တဲ့စိတ်၊ လွတ်မြောက်တဲ့စိတ်၊ မလွတ်မြောက်တဲ့ စိတ်တို့ကိုလည်း ဖြစ်ပေါ်နေတဲ့ အတိုင်း သဘောအတိုင်း သိပါလို့ ဟောပြ ပေးခဲ့ပါတယ်။

တရားအားထုတ်နေချိန်၊ အခြားအချိန်တွေမှာ ကိုယ့်စိတ်မှာ ဘယ်လို အတွေးစိတ်မျိုး၊ စိတ်ကူးမျိုးပဲ ပေါ်လာပါစေ သိအောင်ကြိုးစား မှတ်ပေးရပါတယ်။ စိတ်အစဉ် ဖြစ်တာ သိလိုက်တာနဲ့ ရှေ့ဆက် မဖြစ်တော့ပါဘူး။ မသိလို့ စိတ်ရဲ့ ဆွဲရာနောက်ကို ပါသွားရခြင်းဖြစ်ပါတယ်။ တရားအားထုတ်နေဆဲ ရာဂစိတ် ဖြစ်တဲ့အခါ သိလိုက်တာနဲ့ ရာဂစိတ်က ပျောက်ပြီး သိစိတ်က အစားထိုး လာပါတယ်။ သိစိတ်ကိုလည်း နောက်စိတ်က သိလိုက်ရင် ရှေ့စိတ်က ပျောက်သွားပါတယ်။ စိတ်ဆိုတာဟာ တစ်သမှတ်တည်း ထိန်းထားလို့ ရတဲ့အရာ မဟုတ်တဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်က လိုက်သိပေးနေတာကိုပဲ သတိရှိနေတာ၊ စိတ်ကိုသိနေတာလို့ ပြောနိူင်ပါတယ်။

စိတ်တစ်ခုနဲ့ တစ်ခုဟာ ဖြစ်ပျက်မှု မြန်လွန်းတဲ့အတွက် စိတ်ဖြစ်ပျက် နေမှုကိုပဲ သိနေနိုင်အောင် ကြိုးစားပေးရပါတယ်။ သမာဓိ အားကောင်းလာရင် တရားအားထုတ်ရင်း စိတ်မှာ ဖြစ်ပေါ်လာမယ့်  အတွေးစိတ်ကူးတွေကို ကြိုတင် သိလာတတ်ပါတယ်။ အပြင်ထွက်တော့မယ်ဆိုတာ သိလိုက်တာနဲ့ အဲဒီစိတ်ကို ထိန်းလိုက်နိုင်ပါပြီ။ ရှေ့ဆက်ပြီး မတိုးဖြစ်တော့ပါဘူး။ ဒါဟာ စိတ်အစဉ်ရဲ့ ဖြစ်ခိုက် ပေါ်ခိုက်ကို သိလိုက်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်မှာ ဘယ်လိုအတွေး စိတ်ကူးမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုစိတ်မျိုးပဲ ဖြစ်ဖြစ် ဖြစ်တာနဲ့ တစ်ပြိုက်နက် သိအောင် ရှုမှတ်ပေးရပါတယ်။  စိတ်မှာဖြစ်သမျှ ကောင်းတဲ့စိတ်ရော မကောင်းတဲ့ စိတ်တွေကိုပါ ဖြစ်ခိုက် ပေါ်ခိုက်မှာ အလိုက်သင့် သိပေးနေတာကို စိတ္တာနုပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။

မဟာသတိပဋ္ဌာနသုတ်မှာ မြတ်စွာဘုရားက ချမ်းသာတဲ့ခံစားမှုကို ခံစားရင်လည်း  ခံစားတယ်လို့ သိပါ။  ဆင်းရဲတဲ့ ခံစားမှုကို ခံစားရင်လည်း  ခံစားတယ်လို့ သိပါ။ ချမ်းသာမဟုတ် ဆင်းရဲမဟုတ်တဲ့ ခံစားမှုကို ခံစားရင်လည်း  ခံစားတယ်လို့ သိပါ။ ကာမဂုဏ်နဲ့ စပ်တဲ့ ချမ်းသာတဲ့ ဝေဒနာကို ခံစားရင်လည်း ခံစားတယ်လို့ သိပါ။ ကာမဂုဏ်နဲ့ စပ်တဲ့ ဆင်းရဲတဲ့ ဝေဒနာကို ခံစားရင်လည်း ခံစားတယ်လို့ သိပါ။ ကာမဂုဏ်နဲ့ မစပ်တဲ့ ချမ်းသာတဲ့ ဝေဒနာကို ခံစားရင်လည်း ခံစားတယ်လို့ သိပါ။ ကာမဂုဏ်နဲ့ မစပ်တဲ့ ဆင်းရဲတဲ့ ဝေဒနာကို ခံစားရင်လည်း ခံစားတယ်လို့  သိပါ။ ကာမဂုဏ်နဲ့ စပ်တဲ့ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်တဲ့ ခံစားမှုကို  ခံစားရင်လည်း ခံစားတယ်လို့ သိပါ။ ကာမဂုဏ်နဲ့ မစပ်တဲ့ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်တဲ့ ဝေဒနာကို ခံစားရင်လည်း ခံစားတယ်လို့ သိပါလို့ ဝေဒနာနုပဿနာ ရှုပွားပုံကို မိန့်ကြားခဲ့ပါတယ်။

တရားအားထုတ်ချိန်မှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ ပေါ်လာတတ်တဲ့ ဘယ်လို ဝေဒနာမျိုးကိုမဆို သတိကပ်ပြီး ရှုမှတ်ပေးရပါမယ်။ ဝေဒနာဆိုတာ ခံစားခြင်းဖြစ်တဲ့ အတွက် ဘယ်လို ခံစားမှုမျိုးပဲ ဖြစ်ဖြစ် မှတ်သိ ပေးရပါမယ်။ ထွက်လေ ၀င်လေကို မှတ်နေရင်း ခန္ဓာကိုယ် တစ်နေရာရာက ယားလာတဲ့အခါ အဲဒီယားတဲ့ ဝေဒနာကို စိတ်နဲ့အာရုံပြုပြီး ဖြစ်ပေါ်နေတဲ့ ခံစားချက်ကို အလိုက်သင့် သိနေနိုင်အောင် ကြိုးစား မှတ်ပေးရပါတယ်။ ယားနေတဲ့ ခံစားမှုဟာ ပိုပြီး ယားလာရင်လည်း ယားလာနိုင်သလို၊ လျော့သွားရင်လည်း လျော့သွားတတ်ပါတယ်။ တိုးတိုး လျော့လျော့ သူဖြစ်နေတဲ့ အတိုင်းပဲ လိုက်သိ နေနိုင်အောင် ကြိုးစားရပါမယ်။ သည်းခံနိုင်သလောက် သည်းခံပြီး မှတ်ပေးရပါမယ်။ ဝေဒနာကို မှတ်တဲ့အခါမှာ အလွယ်တကူတော့ လက်မလျော့ဖို့ လိုပါတယ်။

ဆင်းရဲတဲ့ ဝေဒနာမျိုးဟာ ပိုပိုပြီး ပြင်းထန်လာတယ်လို့ ယောဂီစိတ်မှာ ထင်လာတတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံး သည်းခံပြီး မှတ်ပေးရပါမယ်။ အဲလိုမှတ်တဲ့အခါ ပျောက်သွားပြီး တစ်ခြားခံစားမှု ဝေဒနာ မှတ်စရာ မရှိသေးရင် ထွက်လေ ၀င်လေကို ပြန်မှတ်ပေးပါ။ ဝေဒနာက မပျောက်ဘဲ ပိုပိုပြင်းထန်လာတယ်၊ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး ဆိုရင်တော့ ဒေါသအဖြစ်ခံပြီး မမှတ်တော့ဘဲ လစ်လျူရှုထားလိုက်ပါ။ ထွက်လေ ၀င်လေကို ပြန်မှတ်ကြည့်ပါ။ အဲလိုမှ မရဘူးဆိုရင်တော့ အမှတ်သတိနဲ့ ခန္ဓာကိုယ် အနေအထား ပြုပြင်ပြီး ထွက်လေ ၀င်လေကို ပြန်မှတ်နိုင်ပါတယ်။ 

ထွက်လေ ၀င်လေ မှတ်မှုကတော့ ပင်တိုင်အမှတ်တစ်ခု ဖြစ်တဲ့အတွက် တခြားမှတ်စရာ အာရုံမရှိရင် သူ့ကိုပဲ ပြန်ပြန် မှတ်ပေးရပါတယ်။ 

ခန္ဓာကိုယ်မှာ ပေါ်သမျှ ဝေဒနာကို မှတ်မှုဟာ ဝေဒနာနုပဿနာ ဖြစ်တဲ့အတွက် သမာဓိအားကောင်းလို့ ထင်လာတဲ့ ချမ်းသာတဲ့ ခံစားမှု၊ ပေ့ါပါးတဲ့ ခံစားမှု၊ ငြိမ်းချမ်းတဲ့ ခံစားမှုတွေကိုလည်း ခံစားတဲ့အတိုင်း မှတ်ပေးရပါမယ်။ ခံစားလို့ ကောင်းတယ်ဆိုပြီး အဲဒီခံစားမှုမှာပဲ သာယာနေမယ်ဆိုရင် တရားဟာ ရှေ့ဆက် တက်မှာ မဟုတ်သလို ဉာဏ်ပွင့်လာမှာလည်း မဟုတ်တော့ပါဘူး။ 

ကောင်းကောင်းဆိုးဆိုး ဘယ်လို ခံစားမှုမျိုးမဆို သတိကပ်ပြီး မှတ်ကြည့်ပါ။ ဒါက အာနာပါနကို ရှုမှတ်လို့ အချိန်အတော်ကြာရင် ပေါ်လာတတ်တဲ့ ခံစားမှု ဝေဒနာနဲ့ ပတ်သက်လို့ ရှုမှတ်ရမယ့် ရှုမှတ်ပုံကို ပြောပြတာ ဖြစ်ပါတယ်။

တရားထိုင်တဲ့အခါ ကိုယ်မှာပေါ်နေတဲ့ ပူတာ အေးတာ တိုးတာ လှုပ်တာ  မာတာ ပျော့တာ ညောင်းတာ
နာတာ ကိုက်တာ ထုံတာ ကျဉ်တာ စတဲ့ သဘာဝတွေကို  ရှုနေတာ အချို့က ဝေဒနာ ရှုတယ်လို့ ပြောနေကြပါတယ်။ အမှန်က ဝေဒနာ ရှုတာ မဟုတ်ပါ။ ကာယကို ရှုတာပါ။ ဒါကြောင့် ကာယာနုပဿနာ ရှုတယ်လို့ ပြောမှ မှန်ပါတယ်။

ကိုယ်ပေါ်မှာ ပေါ်နေတဲ့ ပူတာ အေးတာ စတဲ့ တရားများရဲ့ မခံသာတဲ့ သဘာ၀၊ ခံသာတဲ့ သဘာ၀၊ အလယ် အလတ် ခံသာတဲ့ သဘာဝ ခံစားမှုကို ရှုမှသာ
ဝေဒနာ ရှုတယ်လို့ ပြောမှ မှန်ပါတယ်။
ဝေဒနာနုပဿနာ ရှုတယ်ပေါ့။

မဟာသတိပဋ္ဌာနသုတ်မှာ ဘုရားက ဣရိယာပုတ် အမူအရာ အမျိုးမျိုးကို ရှုဖို့ သိဖို့ အခုလို ဟောပြထားပါတယ်။ 

တရားအားထုတ်တဲ့ ယောဂီဟာ သွားရင် သွားတယ်လို့ သိပါ။ ထိုင်ရင် ထိုင်တယ်လို့ သိပါ။ ရပ်ရင် ရပ်တယ်လို့ သိပါ။ လျောင်းရင် လျောင်းတယ်လို့ သိပါ။ ယောဂီရဲ့ ရုပ်အပေါင်းဟာ  အမူအရာ အမျိုးမျိုးနဲ့ ရှိနေရင် အဲဒီ  အမူအရာ အမျိုးမျိုးကိုပဲ သိပါလို့ ရှင်းပြ ဟောခဲ့ပါတယ်။

မြတ်စွာဘုရားရှင်က ရှေ့သို့တိုးရာ၊ နောက်သို့ ဆုတ်ရာမှာ သိပြီး ပြုပါ။ တည့်တည့်ကြည့်ရာ၊ တစောင်းကြည့်ရာမှာ သိပြီး ပြုပါ။ ကွေးရာ ဆန့်ရာမှာ သိပြီး ပြုပါ။ အသုံး အဆောင်တွေ ကိုင်ရာမှာ သိပြီး ပြုပါ။ စားရာ သောက်ရာ ခဲရာ လျက်ရာမှာ သိပြီး ပြုပါ။ ကျင်ကြီး ကျင်ငယ်စွန့်ရာမှာ သိပြီး ပြုပါ။ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ၊ တိတ်တိတ် ဆိတ်ဆိတ် နေရာမှာလည်း သိပြီး ပြုပါလို့ အသေးစိပ် မိန့်ကြားခဲ့ပါတယ်။

တရား အားထုတ်သူဟာ ကိုယ် တရား တက်တယ်၊ မတက်ဘူး သိချင်ကြပါတယ်။ ကိုယ့်ရဲ့ အမူအကျင့်၊ ကိလေသာ အနည်းအများ၊ စိတ်နေ စိတ်ထားဟာ တရား အားမထုတ်ခင်ကနဲ့ အခုအားထုတ်ပြီးမှ ဘယ်လို ထူးခြား လာသလဲဆိုတာ ချိန်ထိုးကြည့်ရင် သိနိုင်ပါတယ်။ 

အမူအကျင့်က ယဉ်ကျေးလာတယ်။ ကိလေသာတွေ လျှော့နည်းလာတယ်။ စိတ်ထားတွေ ပိုပြီး ကောင်းမွန်လာတယ်။ ဒါဆိုရင် တရား တိုးတက် နေတာပါပဲ။

                 #အရှင်ဥဇ္ဇယ

No comments:

Post a Comment