တရားတွေ မသိုးစေနဲ့
________________
လောကမှာ ဘယ်အရာမဆို အသုံးချတတ်ဖို့ လိုတယ်၊ အသုံးချတတ်မှ အကျိုးရှိတယ်။ အသုံးမချတတ်ရင် အကျိုး မရှိဘူး။
တချို့လူတွေ ဓားတော့ ရှိပါရဲ့၊ ဒါပေမဲ့ ဓားကို မခုတ်ဘဲ ပစ်ထားတဲ့အတွက် သံချေးတက်သွားတယ်။ ဒီတော့ အချည်းနှီး ဖြစ်သွားတယ်။ ဒီလိုပဲ၊ ကိုယ့်မှာ နား ရှိပါလျက် တရားမနာဘူးဆိုရင် ကိုယ့်ရှိတဲ့ နားဟာ ကိုယ့်အတွက် အချည်းနှီး ဖြစ်သွားတယ်။ ဒါကြောင့် တရားကို နာဖြစ်အောင် နာပါ။
တချို့လူတွေ စာတော့ ရေးပါရဲ့၊ ဒါပေမဲ့ ရေထဲ ရေးလိုက်တဲ့အတွက် စာက ခဏပျက်သွားတယ်။ ဒီတော့ အချည်းနှီး ဖြစ်သွားတယ်။ ဒီလိုပဲ၊ တရားတွေ နာယူပါလျက် မမှတ်သားဘူးဆိုရင် နာထားတဲ့ တရားတွေဟာ ကိုယ့်အတွက် အချည်းနှီး ဖြစ်သွားတယ်။ ဒါကြောင့် တရားကို မှတ်သား ဖြစ်အောင် မှတ်သားပါ။
တချို့လူတွေ ထမင်းတော့ ချက်ပါရဲ့၊ ဒါပေမဲ့ ချက်ပြီးတော့ မစားတဲ့အတွက် ထမင်းက သိုးသွားတယ်။ ဒီတော့ အချည်းနှီး ဖြစ်သွားတယ်။ ဒီလိုပါပဲ၊ တရားတွေ မှတ်ထားပါလျက် မကျင့်ဘူးဆိုရင် မှတ်ထားတဲ့ တရားတွေဟာ ကိုယ့်အတွက် အချည်းနှီး ဖြစ်သွားတယ်။ ဒါကြောင့် တရားတွေ မသိုးစေနဲ့၊ မှတ်ထားတဲ့ တရားတွေကို ကျင့်ဖြစ်အောင် ကျင့်ပါ။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________
No comments:
Post a Comment