ဘုရားရှင်နှင့် တွေ့နေကြသူများ
====================
ခုအချိန်မှာ သက်တော်ထင်ရှား ဘုရားရှင်နဲ့ တွေ့ဆုံခွင့် မရနိုင်ကြတော့ဘူးလို့ ထင်နေကြတာကိုက ဗုဒ္ဓတရားတော်နဲ့ အတော် အလှန်းဝေးနေကြလို့ပဲ။
မြတ်စွာဘုရား သက်တော်ထင်၇ှားရှိစဉ်က ၀က္ကလိရဟန်းတော်ဟာ ဘုရားရှင်ကို အလွန်အမင်းကြည်ညိုတယ်။ ရဟန်းပြုတဲ့အချိန်ကစပြီး တရားဓမ္မသင်ယူအားထုတ်မှုကို လုံး၀မပြုဘဲ ဆွမ်းဘုဉ်းပေးချိန်ကလွဲရင် ကျန်တဲ့အချိန်တိုင်း မြတ်စွာ ဘုရားရှင်ကို မြင်နိုင်လောက်တဲ့နေရာမှာ တည်နေပြီး စက္က၀က်ငှက်များဟာ လမင်းရဲ့အရောင်ကို မျက်တောင်မခတ်ကြည့် နေသလို ဘုရားရှင် မျက်နှာတော်ကိုသာ ကြည့်ရှု ဖူးမြော်နေလေ့ရှိပါတယ်။
မြတ်စွာဘုရားက “ ချစ်သား၀က္ကလိ၊ ဒီအပုပ်ကိုယ်ကြီးကိုကြည့်နေလို့ ဘာအကျိုး ရှိမလဲ။ တရားကိုမြင်သူသာ ငါဘုရားကို မြင်သူဖြစ်တယ်။
တရားကိုမမြင်သူဟာ ငါဘုရားကို တွေ့နေပေမယ့် မြင်ရသူမဟုတ်ဘူး တရားကိုကြည့်သူဟာ ငါဘုရားကို မြင်အောင် ရှုကြည့်သူဖြစ်ရမယ်”လို့ ဆုံးမတော်မူပါတယ်။
ဒီနေရာမှာ မြတ်စွဘုရားရှင်က မိမိကိုယ်ကိုရည်ညွှန်းပြီး “ဒီကိုယ်ပုပ်ကြီးကို ကြည့်နေလို့ ဘာအကျိုးရှိမလဲ”လို့ မိန့်ကြားတာကိုလဲ အထူးသတိပြုရပါမယ်။
အဆင်းရုပ်ဆိုတာ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အရာ၀တ္ထုမဆို ရုပ်တရားသာ ဖြစ်ပါတယ်။ ရုပ်တရားမှန်သမျှ ဘယ်လိုပုဂ္ဂိုလ်မျိုးရဲ့ အဆင်းအသံစတဲ့ ရုပ်တရားကြီးဖြစ်စေ အဓိပတိပစ္စည်း တပ်လောက်အောင် အလေးအနက်အာရုံပြုတဲ့အခါ ကုသိုလ်တရား လုံး၀ မဖြစ်တဲ့အပြင် ရာဂနှင့် ဒိဋ္ဌိဆိုတဲ့ အကုသိုလ်တရားဆိုး နှစ်မျိုးသာဖြစ်ရိုး ထုံးစံ ရှိပါတယ်။
ဒါကို သဘောကျ လက်ခံနိုင်ဖို့ဆိုတာကတော့ ပဋ္ဌာန်းဒေသနာ-ကုသလတိတ်-ပဥှာဝါရ- အာရမ္မဏာဓိပတိပစ္စည်း ကျေးဇူးပြုပုံကို လေ့လာသဘောပေါက်မှ လက်ခံနိုင်မှာပါ။ ပဌာန်းဒေသနာတ်ာမှာ“ရူပေ-သဒ္ဒေ-ဂရုံကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ဒိဋ္ဌိဥပ္ပဇ္ဇတိ”တဲ့။ ဘယ်လိုရုပ်အာရုံကိုဖြစ်စေ အလေးအနက် အာရုံပြုခဲ့ရင် သာယာနှစ်သက်မှုဖြစ်ပြီး ရာဂနဲ့ ဒိဋ္ဌိသာဖြစ်တယ်လို့ ဟောတော်မူတာပါ။ တခြားနာမ်အာရုံတွေကို အလေးအနက် အာရုံပြုတဲ့အခါ နှလုံသွင်းအလျောက် ကုသိုလ်၊ အကုသိုလ်နှစ်မျိုးဖြစ်နိုင်ပေမယ့် အကုသိုလ်တရားနှင့် ရုပ်တရားတို့ကို အလေးအနက် အာရုံပြုရာမှာတော့ အကုသိုလ်တစ်မျိုးသာ ဖြစ်ရိုးထုံးစံရှိတယ်။ ကုသိုလ်လုံးဝြဖစ်ခွင့်မရှိပါဘူး။ အလေးအနက် မဟုတ်ဘဲ သဒ္ဓါတရားဖြစ်ရုံ အာရုံပြု တာကတော့ ကုသိုလ်လည်း ဖြစ်ခွင့်ရှိတယ်။ (ပဋ္ဌာန်း ပဥှာဝါရ-အာရမ္မဏ-အဓိပတိကို လေ့လာပါ။)
မြတ်စွာဘုရားရှင်က ၀က္ကလိရဟန်းကို အထက်ပါ အဆုံးအမနှင့် လွန်ကဲနေတဲ့ သဒ္ဓါတရားကို တားဖြစ်ဆုံးမပေမယ့် လိုက်နာခြင်း မပြုလို့ ဝါဆို၊ ဝါကပ်တဲ့နေ့မှာ “၀က္ကလိ ငါဘုရားနှင့်ဝေးရာကို ဖယ်သွားလော့”လို့ တိုက်ရိုက်နှင်ထုတ်လိုက်တယ်။
၀က္ကလိရဟန်း စိတ်ဓာတ်ကျပြီး ဂိဇ္စျကုဋ်တောင်စောင်းက ခုန်ချဖို့ကြံစည်တာကို သိတော့မှ မြတ်စွာဘုရားရှင်က ကြွရောက်ပြီး ပူပင်သော ငြိမ်းအေးအောင် ဆုံးမတော်မူလို့ တရားကိုသိမြင်ပြီး ရဟန္တာဖြစ်တော်မူတဲ့အခါ ဘုရားရှင်ကို တကယ်တွေ့မြင်တဲ့ ပုဂ္ဂိုလ်ဖြစ်သွားပါတယ်။ နောက်တော့ သဒ္ဓါတရား ကြီးမားလွန်ကဲတဲ့ ဧတဒဂ်ဘွဲ့ ရရှိခဲ့ပါတယ်။
တကယ်တမ်းဘုရားရှင်နဲ့ တွေ့ဖို့ဆိုတာ ဘုရားရှင်ရဲ့ ရူပကာယတော်ကို မြင်ရတာကို အဓိကမထာဘဲ ဘုရားရှင် ဟောကြား တော်မူတဲ့အတိုင်း လိုက်နာကျင့်ကြံ သူများဟာ မိမိတို့ အကျင့်အသိနဲ့အညီ ဘယ်ခေတ် ဘယ်အခါ ဘယ်အချိန်မှာမဆို ဘုရားရှင် ကို တွေ့မြင်နေရမှာ ဖြစ်ပါတယ်။
ဂုဏ်တော်ကို အာရုံပြုနိုင်ဖို့ သဒ္ဓါတရားကို နှိုးဆော်ဖို့အတွက် ရုပ်ပွါးတော်များကို ပူဇော်တဲ့နေရာမှာလည်း ဂုဏ်တော်ကို အဓိကထားဖို့ အရေးကြီးပါတယ်။ ဂုဏ်တော်ကွယ်ပြီး ပုံတော်အပေါ်မှာသာ အာရုံပြုလို့ကတော့ မြတ်စွာဘုရားရဲ့ အဆုံးအမတော်နဲ့ တစ်ခြားစီ ဖြစ်နေကြပါပဲ။ ဘုရားရှင်လက်တော်က ဘုရားရှင်ကို မျက်စိနဲ့ တွေ့မြင်ကြ သူတွေဟာလည်း ဘုရားရှင်တို့ရဲ့ ဂုဏ်ကျေးဇူးကို မသိသူ၊ သိပေမယ့် လက်မခံသူတို့ ဟာ ဘုရားရှင်ကို တွေ့လွဲ လွဲကြသူတွေပဲ ဖြစ်သွားကြတယ်။
တကယ်တွေ့ခွင့်မရကြပါဘူး။ တစ်ချို့ဆို တွေ့လွဲရုံမကဘူး။ “တွေ့ကွဲ ကွဲကြပြီး” အဝီစိငရဲ အထိ ရောက်ကြသူတွေအကြောင်း ပိဋကစာပေတွေမှာ အထင်အရှား ပါပြီးသားပါ။
ဘုရားရှင်ရဲ့ ပုံတော်တွေကို ဂုဏ်တော်ထိအောင် အာရုံပြု ကြည်ညိတတ်တဲ့ အတွက် ဘုရားရှင်နဲ့ တကယ်တွေ့ခွင့် ရသူတွေထဲက ရာဇ၀င်မှာ အမှတ်ထင်ထင် သတိထားမိသူ တစ်ဦးကတော့ ပဲခူး၊ ဟံသာ၀တီခေတ်က ‘တလထော်’ဆိုတဲ့ မွန်အမျိုး သမီးတစ်ဦးပါ။ အဲဒီခေတ်က အုပ်ချုပ်တဲ့ ‘တိဿမင်း’ဆိုတာ မိစ္ဆာဒိဋ္ဌိအယူရှိသူဖြစ်လို့ ဘုရားရှင်ရဲ့ ဥဒ္ဒိဿရုပ်ပွားစေတီတွေကို ဖျက်ဆီးစေခဲ့ပါတယ်။ တချို့ ရေထဲမျော လုပ်စေတဲ့အခါ ရေထဲမျောနေတဲ့ ရုပ်ပွားတော်တွေကို ‘တလထော်’ဆိုတဲ့ အမျိုးသမီးက ကြိုးကြိုးစားစား လိုက်ဆယ်ပြီး အိမ်ပေါ်မှာ ကိုးကွယ်ထားပါတယ်။ သူရဲ့ စိတ်အာရုံထဲမှာ ဆင်းတုတော်တွေကို အရုပ်လို သဘောမထားဘဲ ဘုရားရှင်လို့ပဲ သဘောထားတဲ့ အတွက် အခုလို လိုက်ဆယ်ပြီး အိမ်ပေါ် ပင့်ထားတာပါ။
ဒီအကြောင်းကို ဘုရင်တိဿမင်းသိတော့ သူ့အာဏာကို ဖီဆန်တယ်ဆိုပြီး ‘တလထော်’ကို နည်းအမျိုးမျိုးနဲ့ သတ်စေခဲ့ ပါတယ်။ ဆင်နဲ့ တိုက်တဲ့အခါမှာလည်း ဘယ်ဆင်မှ မတိုးဝံ့။ မီးနဲ့တိုက်လည်းမရ။ တွင်းတူးမြှုပ်လို့လည်း အကြောင်းမထူး အောင် ဖြစ်နေပါတယ်။ အကြောင်းကတော့ အဲဒီအချိန်မှာ ‘တလထော်’က မြတ်စွာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း သတ်မိန့်ပေးတဲ့ဘုရင်၊ သတ်ဖို့ အားထုတ်တဲ့ မင်းမှုထမ်း၊ ဆင်ထိန်း၊ ဆင်စတဲ့ သတ္တဝါအားလုံး မေတ္တာပို့သနေတဲ့အတွက် သူ့နှလုံးသားထဲမှာ ဘုရားရှင် ကိန်း၀ပ်တည်နေတော်မူလို့ ဖြစ်ပါတယ်။
တလထော်ကို ဆင်နဲ့တိုက်ပြီး အသတ်ခိုင်းရာမှာ ဆင်တွေတစ်ကောင်မှ မတိုးရဲတဲ့အကြောင်း ဖတ်ရတဲ့အခါ သက်တော် ထင်ရှား ဘုရားရှင်ကို နာဠာဂီရိ ဆင်ကြီးနဲ့ တိုက်စဉ်က ဆင်ကြီးကို ချွန်းနဲ့ အတတန်တန်ထိုးပြီး အမိန့်ပေးပေမယ့် ချွန်းဒဏ်ကိုသာ အောင့်ခံပြီး မြတ်စွာဘုရားကို ထိုးသတ်ခြင်းမပြုတဲ့ နာဠာဂီရိဆင်ကြီးကို မြင်ယောင် မိပါတယ်။
တစ်ဆက်တည်းမှာပဲ အခုအချိန်မှာ တစ်ချို့အမျိုးသမီးများ စည်းစိမ်ဥစ္စာနဲ့ ကာမ ဂုဏ်ကို အကြောင်းပြုပြီး အမျိုး၊ ဘာသာ၊ သာသနာကို စွန့်လွှတ်ကာ ဇာတ်ပျက် နေကြတဲ့အကြောင်းတွေ ကြားသိရတဲ့အခါ စည်းစိမ်အာရုံ ကာမဂုဏ်အတွက် မဆိုထားနဲ့ အသက်အတွက်တောင် ငဲ့ကွက်ခြင်းမရှိဘဲ အမျိုး၊ ဘာသာ၊သာသနာကို ကာကွယ်တဲ့ ‘တလထော်’ဆိုတဲ့ အမျိုးသမီးငယ်အတွက် ဂုဏ်ယူ၀မ်းမြောက် သာဓု ခေါ်ပြီး တလေးတစား ဂုဏ်ပြုမိပါတယ်။
ဘုရားရှင်တို့အပေါ်မှာ ပုံတော်ကို ထွင်းဖောက်ပြီး ဂုဏ်တော်ရောက်အောင် ကြည်ညိုတ်ကြလို့ နှလုံးသားထဲအထိ ဘုရားရှင် ကိန်း၀ပ်ပြီး အသက်ကို သတ်ဖြတ်လို့ မရကြတဲ့ သားကောင်း သမီးကောင်းတို့အကြောင်းကို ပိဋကတ်တော်ထဲမှာလည်း အတော်များများ တွေ့ရပါတယ်။
ပုံတော်ထက် ဂုဏ်တော်ကို လေးစားကြည်ညို တတ်ကြပြီး လေးစားကြည်ညိုတဲ့ ဘုရားရှင်ရဲ့ အဆုံးအမကို လိုက်နာကျင့် သုံးသူမှန်သမျှ အခုအချိန်အထိလည်း ဘုရားရှင်နဲ့ တွေ့နေကြဆဲ ဖြစ်တယ်ဆိုတာ….
ယောဟိ သဒ္ဓမ္မံ ပဿတိ၊ သော မံ ပဿတိ ပဏ္ဍိတော။
“တရားတော်ကို မြင်နေသမျှ ငါဘုရားရှင်ကို တွေ့မြင်နေသူဖြစ်တယ်”ဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးအမတော်အရ ထင်ရှားသိသာတဲ့ အတွက် အချိန်မနှောင်းမီ ဘုရားရှင်နဲ့ အစစ်အမှန် တွေ့ခွင့်ရအောင် နည်းဟောင်း နည်းကောင်းများအတိုင်း ကြိုးစားအားထုတ် ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ဓမ္မဒေါင်းလုပ်မှတဆင့်
C/O
No comments:
Post a Comment