စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, July 31, 2021

တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး၏အတွေ့အကြုံ

တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ၏ အတွေ့အကြုံ 
နှင့် အဆုံးအမဩဝါဒ

တစ်ညနေ ဘုန်းကြီးဆီကို လူတစ်ယောက်ရောက်လာပြီး လာကန်တော့တယ် ။ အဖြူရောင်အဝတ်နဲ့ ....

"  အရှင်ဘုရား မေတ္တာပို့ပေးပါ ပရိတ်တော်တွေလည်း ရွတ်ပေးပါ...."လို့ လျှောက်ထားတယ် ။  ခဏအကြာ ဘုန်းကြီးရှေ့ကပြန်ထွက်သွားပြီး တောင်တစ်ခုလုံး  လင်းထိန်သွားတာ
တွေ့လိုက်ရတယ်။ တောင်စောင့်နတ်ကြီးကိုး ။

ဝိဇ္ဇာတွေလာဖူးကြတယ်

တစ်ညကျတော့ အတော်လေးအေးလို့ 
ဘုန်းကြီးစောင်အထပ်ထပ်ခြုံပြီး လှဲနေတုန်း  အလွန်မွှေးကြိုင်တဲ့ ရနံ့တွေနဲ့အတူ   ဟိမဝန္တာကဝိဇ္ဇာနှစ်ပါး ဘုန်းကြီးနားမှာ မတ်တပ်ရပ်ပီး ဘုန်းကြီးကိုကန်တော့နေကြတာတွေ့လိုက်တယ်။ တစ်ကိုယ်လုံး   နုညံ့တဲ့အနီရောင်အမွှေးအမှင်တွေ ဖုံးအုပ်ထားတယ်။ " ဘာလာလုပ်တာလဲ...."
လို့မေးတော့ " အရှင်ဘုရားရဲ့ သီလသမာဓိပညာကို ကြည်ညိုလို့ လာကန်တော့တာပါဘုရား..."တဲ့ ။
တစ်ကျောင်းလုံး သူတို့ကိုယ်က   
အရောင်အဝါတွေနဲ့ လင်းနေတယ် ။

တစ်နေ့မှာတော့ အပေါ်က လေယာဉ်ပျံအသံလိုကြားပြီး ဘုန်းကြီးရှေ့ကို ဝိဇ္ဇာတစ်ပါးကျလာတယ်။ " တပည့်တော်ဝိဇ္ဇာဓိုရ် ဦးကျော်ပါဘုရား...."လို့လျောက်ထားပြီး သူကလည်း 
"အရှင်ဘုရားရဲ့သီလ သမာဓိ ပညာ
ကျော်ကြားလို့ လာပြီးဖူးတာပါဘုရား...."တဲ့ ။ ပရိတ်ရွတ်ပေးဖို့နဲ့ မေတ္တာပွါးပေးဖို့ လျောက်ထားပြီး  ဘုန်းကြီးကို  သက်တမ်းရှည်အောင် သူပေါင်နဲ့  ပေါင်တစ်ဖက်ချင်း လဲဖို့လျောက်ထားတယ် ။

ဘုန်းကြီးက တကာ့ပေါင်ကို ပြပါဦးလို့ဆိုတော့ဝိဇ္ဇာဓိုလ်ကသူ့ပေါင်ကို​ြပ​တယ်။ဒါနဲ့ ဘုန်းကြီးက  "တကာ 
ဦးကျော်ရေ ....ပေါင်တစ်ဖက်မည်း တစ်ဖက်ဖြူနဲ့ မဖြစ်သေးပါဘူး...."
လို့ ပြန်ပြောလိုက်တယ်။  ခဏကြာတော့ လက်အုပ်ချီရင်း   ကောင်းကင်ပေါ်  ပျံတက်သွားတယ် ။

ကပ္ပိယကြီးတွမ်မှုံ

ဘုန်းကြီးကိုကြည်ညိုလို့ အနီးနားရွာကနေလာပြီးဝေယျာဝစ္စတွေ လုပ်ကိုင်ပေးနေတဲ့ ဂေါရခါးလူမျိုး " တွမ်မှုံ" ဆိုတဲ့ ကပ္ပိယကြီး တစ်ယောက်ရှိတယ် ။
နောက် မကျန်းမာဖြစ်ပြီး ကွယ်လွန်သွားတယ်။တနေ့ ဘုန်းကြီးနေပူစာလှုံနေတုန်း လက်ပေါ်ကိုငှက်ကလေးတစ်ကောင်လာနားတယ်။ ကြည့်လိုက်တော့ တွမ်မှုံ ဖြစ်နေတယ် ။

ဒါနဲ့ ဘုန်းကြီးက "ဟဲ့ …နင်တွမ်မှုံ မဟုတ်လား...." လို့ပြောလိုက်တော့ ကျိကျော်  ကျိကျော်လို့အော်ပြီးပြန်ထွက်သွားတယ် ။ တော်ကြာ အနီရောင်ငှက်လေးဖြစ်လိုက်  အပြာရောင်ငှက်လေးဖြစ်လိုက်နဲ့ ငှက်ဘဝ ခြောက်ခါလောက်ဖြစ်တယ် ။

တွမ်မှုံ မလာတာကြာလို့  ဘယ်ဘဝများရောက်နေပါလိမ့်လို့ ဘုန်းကြီးတွေးနေတုန်း နေပူမှာလှမ်းထားတဲ့ သင်္ကန်းပေါ်မှာ ကင်းခြေများကြီးတစ်ကောင် ရောက်နေတာတွေ့ရတယ်။
တွမ်မှုံ က ကင်းခြေများဖြစ်နေတာကိုး ….ဒါနဲ့ ဘုန်းကြီးက " ဟဲ့ တွမ်မှုံ ….   နင့်ကို….   သူများနင်းမိရင်လည်း မကောင်းဘူး ….  နင်းမိလို့  ပြန်ကိုက်ရင်လည်း မကောင်းဘူး။ ငါ့ကျောင်းကို ဧည့်သည်တွေလာကြလိမ့်မယ် သွားတော့...."လို့ပြောတော့ တလှုပ်လှုပ်နဲ့ ပြန်ထွက်သွားတယ် ။

ကင်းခြေများဘဝကနေ အတော်လေးကြာတော့ မြွေစိမ်းလေးဖြစ်လိုက်၊ အနီလေးဖြစ်လိုက်နဲ့ …

တစ်နေ့ ရေအိုးစင်မှာရေသောက်နေတုန်း ခြေထောက်ကို  ခေါင်းနဲ့လာထိနေလို့ ကြည့်လိုက်တော့  တွမ်မှုံဖြစ်နေတယ် မြွေမဘဝရောက်နေပြန်တယ်။ ခဏကြာတော့ နောက်ဆုတ်နောက်ဆုတ်နဲ့ကျောင်းဝကိုပြန်ထွက်သွားတယ်။ သူ့လင်နဲ့ သားနှစ်ကောင်က မဝင်ရဲလို့ ကျောင်းခြံဝမှာကျန်ခဲ့တာကို သွားခေါ်လာပြီး  မြွေလေးကောင်ကဘုန်းကြီးခြေထောက်ကို    
ခေါင်းတွေနဲ့ထိထိပြီးကန်တော့နေကြတယ် ။    

ကန်တော့ပီးတဲ့အခါ နောက်ဆုတ် နောက်ဆုတ်နဲ့ ပြန်ထွက်သွားကြတယ် ။ ခုတော့ ဘယ်ဘဝတွေ ရောက်နေမှန်းတောင်မသိတော့ဘူး။ အတူနေခဲ့ဖူးတဲ့ သံယောဇဉ်ပါပဲ ။

ဘုန်းကြီးပြောချင်တာက လူ့ဘဝကနေ တိရစ္ဆာန်ဘဝကို ရောက်သွားရင်တော်တော်နဲ့   လူပြန်မဖြစ်တော့ဘူး။*
ဒါ့ကြောင့်  ရခဲတဲ့လူ့ဘဝရောက်တုန်းမှာ  ဒါန သီလ ဘာဝနာကို မမေ့ကြနဲ့ 
ကုသိုလ်များများလုပ်ကြဖို့ ဘုန်းကြီးတိုက်တွန်းပါတယ်။

တောင်တန်းသာသနာပြုဆရာတော်ကြီးဦးဥတ္တမသာရ၏ ဩ​ဝါဒ

DGYပြန်လည်မျှဝေသည်။

Monday, July 26, 2021

လူတွေရဲ့အသက်ဆိုတာ

သေခြင်းက လူတွေဆီကို 
လာနေတာ မဟုတ်ဘူး …

လူတွေက သေခြင်းဆီကို 
သွားနေကြတာ …

ဘယ်သေမင်းကမှ လာပြီး သတ်မှာ မဟုတ်ဘူး
ကိုယ်တိုင် သွားပြီးတော့ကို 
အသတ်ခံကြရမှာ …

သတ်ဖို့လာနေတာ မဟုတ်ဘူး
သေဖို့ သွားနေကြတာ …

ဒီခရီးမှာ 
သေခြင်းက ဘယ်နားက စောင့်နေလဲ ဆိုတာတော့
ဘယ်သူမှ အသေအချာ မသိနိုင်ဘူး …

အသေအချာ သိနိုင်တာကတော့ …

-  ဒီခရီးကို အရပ်အနား မရှိ 
   အမြဲသွားနေရတယ် ဆိုတာရယ်
-  တစ်ချိန်ထက် တစ်ချိန် 
   ပို နီးနီးလာတယ် ဆိုတာရယ်
   ဒီ နှစ်ချက်ပါပဲ …

( ၁ )  အချိန်တိုင်း သွားနေတယ်
( ၂ )  ပို နီးနီး လာတယ်

#အချိန်တိုင်း_သွားနေတယ်_ဆိုတာကို

မြတ်စွာဘုရားက
တောင်ကျမြစ်တစ်စင်းနှင့် ဥပမာပေးတယ် …
“ နဒီပဗ္ဗ တေယျူ ပမံ ဇီဝိတံ မနုဿာနံ ”

❝ လူတွေရဲ့အသက်ဆိုတာ
   တောင်ကျမြစ်နှင့်တူတယ် ❞ တဲ့

တောင်ကျမြစ် ဆိုတော့ 
ရိုးရိုးမြစ်တွေလို အေးအေးဆေးဆေးစီးနေတာ 
မဟုတ်ဘူး …

အရှိန်အဟုန်နဲ့ 
မြန်မြန်ဆန်ဆန် စီးနေတာ …

စဉ်းစားကြည့် …

ပင်လယ်ဆီကိုသွားနေတဲ့သူ့ရဲ့ ခရီးဟာ
တစ်စက္ကန့်လောက်တောင် ရပ်နားလို့မရဘူး
အချိန်တိုင်း စီးနေရတယ် …

လူတွေရဲ့ အသက်ကလည်း ဒီတိုင်းပဲ …

သေခြင်းဆီကိုသွားနေရတဲ့ ဒီခရီးကို 
ရပ်ထားလို့မရဘူး …

အချိန်တိုင်း သွားနေရတဲ့ 
တောင်ကျမြစ်တွေလိုပဲ …

#ပို_နီးနီးလာတယ်_ဆိုတာကိုတော့ 

မြတ်စွာဘုရားက
သားသတ် ရုံသွား နွားမများနဲ့ ဥပမာပေးတယ် …
“ ဂေါဝဇ္ဈူပမံ ဇီဝိတံ မနုဿာနံ ”

❝ လူတွေရဲ့အသက် ဆိုတာ 
   သားသတ်ရုံဆီကို
   အဆွဲခံရတဲ့ နွားမများနဲ့တူတယ် ❞ တဲ့ …

အဲ့ဒီနွားမတွေရဲ့ 
ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းဟာ
အသတ်ခံရခြင်းနှင့် ပိုပို နီးလာတယ် …

အဲ့လိုပဲ…

လူတွေရဲ့ အသက်ကလည်း
တစ်ချိန်ထက် တစ်ချိန် သေခြင်းနဲ့ ပိုပို နီးလာတယ် …

-  မနှစ်ကထက် ဒီနှစ် ပိုနီးလာတယ်
-  အရင်လကထက် ဒီလ ပိုနီးလာတယ်
-  မနေ့ကထက် ဒီနေ့ ပိုနီးလာတယ်
-  ခုနကထက် အခု ပိုနီးလာတယ်

သိပ်မကြာခင် 
ဒီလူတွေအားလုံး သေကြရမှာ
ဒီလူတွေအကုန်လုံး ပျောက်သွားကြမှာ …

နောက်လူတွေနဲ့ အစားထိုးထိုးနေတော့
လောကက ပုံမပျက် သွားနေတယ်လို့ 
ထင်ကြရတာ …

တကယ်တော့ 
လောကက ပုံမပျက် သွားနေတာ မဟုတ်ဘူး
ပုံပျက် ပန်းပျက် သွားနေတာ …

သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ
🌷🙏🙏🙏🌹

credit...

သတိနဲ့နေပါ

တရားလဲ မထိုင်နဲ့..ရိပ်သာလဲ မသွားနဲ့..
စျေးရောင်းတဲ့သူကလဲ စျေးရောင်းရင်း မှတ်နေပါ..
မှတ်ရင် အတွေးမဝင်ပါဘူး..
အဲဒါ သတိ ပဲ..

သတိ ရှိနေရင် အတွေးမဝင်တာမို့
ကိလေသာတွေ ငြိမ်းနေပါလိမ့်မယ်..
အဲဒါကြောင့် သတိဟာ သမထ ပါပဲ..
သတိ ကနေပဲ ဝိပဿ     နာဆီ ပို့ဆောင်ပေးပါလိမ့်မယ်..

ဖြစ် ပျက်တွေ နားမလည်ရင် မစဉ်းစားပါနဲ့..

သူ့ အလိုလို သိလာလိမ့်မယ်..
မသိချင်တောင် မရပါဘူး..

အဲတော့ ဘုရားဟောတဲ့ ဒုက္ခ ဟုတ် မဟုတ်
မြင်ပါလိမ့်မယ်..

ဒီတော့ ဖြစ် ပျက် မြင်
ဖြစ် ပျက် မုန်း 
ဖြစ် ပျက် ဆုံး လို့
နိဗ္ဗာန် မြင်ပါလိမ့်မယ်..

အဓိက က အတွင်းလမ်းက သွားဖို့ပဲ..

သတိ က အမြဲကပ်ထားတော့
အတွေးကလေးက
သတိ မရှိရင် ခံစားလို့ မကောင်းတာမို့
သတိနား ကပ်လာပါလိမ့်မယ်..
ကာမ အရသာ မခံစားတော့ပဲ
ဓမ္မ အရသာ ကိုပဲ သူ က ဖော်စားတော့မှာပါ..

"ဒုက္ခဆုံးရာ သုခရိပ်မြုံ"သို့ တရားတော်
(မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီး)
  🙏🙏🙏🙏🙏🙏🙏🙏🙏

Credit...

သေနေ့ကိုပင်ရွှေ့ပစ်နိုင်သောကုသိုလ်များ

သေနေ့ကိုပင် ရွှေ့ပစ်နိုင်သော ကုသိုလ်များနှင့် ကျောင်းလှူရခြင်းအကျိုးများ
================================

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး သာ၀တ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်အခါ နတ်သားတစ်ယောက် ရောက်လာပြီး မြတ်စွာဘုရားရှင်အား "တစ်ခါပြုထားရုံနဲ့ အမြဲတမ်း တိုးပွါးစေသည့် ကုသိုလ်မျိုး ရှိပါသလား ဘုရား ?" ဟု မေးမြန်းလျှောက်ထားလေရာ မြတ်စွာဘုရားရှင်က အောက်ပါဂါထာဖြင့် နေ့ညဉ့်မခြား အမြဲတမ်းတိုးပွါးစေသည့် ကုသိုလ်(၇)မျိုးကို ဟောကြားတော်မူလေသည်။

အာရာမရောပါ ၀နရောပါ၊ ယေ ဇနာ သေတုကာရကာ။
 ပပဉ္စ ဥဒပါနဉ္စ ၊ ယေ ဒဒန္တိ ဥပဿယံ။
 တေသံ ဒိဝါစ ရတ္တောစ ၊ သဒါ ပုညံ ပဝဍ္ဎတိ။
 ဓမ္မဋ္ဌာ သီလသမ္ပန္နာ ၊ တေဇနာ သဂ္ဂဂါမိနော။[ သံ၊၁၊၃၀ ]

၁။● သစ်သီးအာရာမ် ပန်းအာရာမ် (သစ်သီးခြံ ပန်းခြံ)စိုက်ပျိုးလှူဒါန်းခြင်း။
 ၂။● နားခိုစရာ အရိပ်ရပင်များ (သစ်တော)
စိုက်ပျိုးလှူဒါန်းခြင်း။
 ၃။● လွယ်ကူစွာ ဖြတ်သန်းသွားနိုင်ရန် လမ်း တံတားခင်း လှူဒါန်းခြင်း။
 ၄။● ရေချမ်းစဉ် ဆောက်လုပ် လှူဒါန်းခြင်း။
 ၅။● ရေတွင်း ရေကန် တူးဖော် လှူဒါန်းခြင်း။
 ၆။● ဇရပ် တန်ဆောင်း ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းခြင်း။
 ၇။● (သုစရိုက် ၁၀ ပါး၌ တည်လျက်) မြဲသောသီလရှိခြင်း။

ဤ(၇)မျိူးကား နေ့ ည အမြဲတမ်း တိုးပွါးသော ကုသိုလ်များပေတည်း။

ကျက်မှတ် ဆောင်ထားရန် ကဗျာများ
-----------------------------------------
အရံ, သစ်ပင်၊ ရေအိုးစင်နှင့် ၊ 
 ထို့ပြင်ရေတွင်း၊ ခင်းသည့်တံတား၊
 ကျောင်းကားတစ်ခု၊ ခြောက်စုဒါန ၊
 စိုက်ပျိုးရ၍ ၊ ဒိဝရတ္တိ၊ အောက်မေ့မိက၊
 ည,နေ့မချာ၊ ပွားသည်သာဟု ၊ သုံးရွာလူ့ဘ ၊
 ညွှန်ပြ ရွှေနှုတ်၊ ကျမ်းသံယုတ်မှာ ၊
 တိုက်ရိုက်လာသည်၊ သေခါမမှား -နတ်ရွာလား။
(သုံးပုံ တံချူကျမ်း ၊ ၂၃ -၂၄)

❦ အာရာမ်,သစ်ပင်၊ ရေအိုးစင်၊ တစ်ခွင် တံတားပေ၊
❦ ရေကန်,ဆောက်ဦ၊ ဤခြောက်ဆူ၊ အလှူမြတ်လှပေ။
❦ နေ့ညမညှိုး၊ ကုသိုလ်တိုး၊ အကျိုးကြီးလှပေ။

သေနေ့ကိုပင် ရွှေ့ပစ်နိုင်သော ယတြာ
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဗေဒင် ကျွမ်းကျင်သော ပုဏ္ဏားမိသားစု ရှိလေ၏။ ပုဏ္ဏားကြီးသည် မိမိကိုယ်ကို ဗေဒင်တွက်ကြည့်ရာ အသက်(၆၀)ပြည့်သည့်နေ့တွင် သေရမည်ကို သိပြီး စိုးရိမ်သောကရောက်ကာ ဆောက်တည်ရာမရ ဖြစ်နေ၏။

ထိုအခါ ပုဏ္ဏားကြီးသည် မြတ်စွာဘုရားကို မကိုးကွယ်သော်လည်း သေရမည်ကို ကြောက်လန့်၍ ဘုရားထံ သွားရောက်ပြီး မေးလျှောက်လေသော် မြတ်စွာဘုရားက " သင့်ဗေဒနည်း အတိုင်း သေရမည်မှာ မှန်၏။ အသက်(၆၀)ပြည့်သည့်နေ့ နေမွန်းတည့်ချိန်တွင် သေမည်။ သေလျှင် မြောက်ဘက် တောတန်းတွင် မျောက်ဖြစ်လိမ့်မည် " ဟု ဟောကြားလိုက်လေသည်။

ပုဏ္ဏားလည်း အိမ်ပြန်ပြီးနောက် မျောက်ဘဝရောက်လျှင် စားသောက်နိုင်ရန် တောတန်းတွင်

- ဥယျာဉ်စိုက်ခြင်း၊
- နေရန် ဇရပ်ဆောက်ခြင်း၊
- ရေတွင်းတူးခြင်း၊
- လမ်းဖောက်ခြင်း၊
- တံတားဆောက်ခြင်း၊
 စသည်တို့ကို ပြုလုပ်လေတော့၏။ 

ထိုအတွက်ကြောင့် လူအများ သွားလာရပ်နားမှုများ အဆင်ပြေနေတော့သည်။

ပုဏ္ဏားကြီးသည် အသက်(၆၀) ပြည့်၍ မသေသောအခါ ဘုရားရှင်ထံ သွားရောက်၍ ဘုရားရှင်အား မုသာဝါဒဖြင့် စွပ်စွဲကာ အပြစ်တင်လေရာ မြတ်စွာဘုရားက "ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အများအတွက် ပြုလုပ်ပေးသော ဥယျာဉ်စိုက်ခြင်း ဇရပ်ဆောက်လုပ်လှူဒါန်းခြင်း စသော အလုပ်များသည် သေနေ့ကိုပင် ရွှေ့ပစ်နိုင်သော ကုသိုလ်များဖြစ်သည်"ဟု ပြောဆိုကာ တရားစကား ဟောကြားတော်မူလေရာ ပုဏ္ဏားကြီး သောတာပန်တည်သွားလေ၏။

------------------------------------------------------------
❦ ဇရပ် တန်ဆောင်း ကျောင်းဆောင် လှူဒါန်းရခြင်းအကျိုး❦ 
=================================

အထက်ပါ (၇)မျိုးတို့တွင် ဇရပ် တန်ဆောင်း ကျောင်းဆောင် ဆောက်လုပ် လှူဒါန်းခြင်းကြောင့် ရရှိနိုင်သော အကျိုး(၇)ပါးကို မင်းကွန်းဆရာတော်ဘုရားကြီးက ဤသို့ လင်္ကာဖွဲ့ဆိုထားလေသည်…

သုံးတန်စေတနာ၊ ညီညွတ်စွာဖြင့်၊ သာသနိက၊ ဝိဟာရကျောင်း၊ တန်ဆောင်းအလှူ၊ ဆောက်လှူသူတို့၊ ကြီးထူကဲမှန်၊ ကျိုးရ ဟန်ကို၊ ကျမ်းဂန်ထောင့်ချင့်၊ နိဒါန်းဖွင့်သော်....

၁။● နတ်နှင့်လူနှယ်၊ သန္ဓေတွယ်၍၊
 ၂။● စိတ်ဝယ်တောင်းတ၊ ဆောက်အုံရ၏။
 ၃။● မထကြက်သီး၊ ကိုယ်လည်းမလှုပ်၊
 ကြောက်ရုပ်မထင်၊ ထိတ်လန့်စင်၏။
 ၄။● ခြင်္သေ့ သစ် ကျား၊ သားရဲ များနှင့်၊
 ဖမ်းစားကလူ၊ နှိပ်စက်မူသား၊
 တောသူ ဖုတ် ပြိတ်၊ အဆိပ် ထန်ပြင်း၊ 
 မြွေနှင့် ကင်းက၊ အဆင်း ဖောက်ပြန်၊ 
 ကုမ္ဘဏ် ရက္ခိုက်၊ နတ်မိုက် ရန်ပေါင်း၊
 ဘေးလွတ် ရှောင်း၏။
 ၅။● မကောင်း အိပ်မက်၊ မမြင်မက်ဘူး၊
 ၆။● ထင်လျက်သတိ၊ မြဲခိုင်ဘိ၍၊ 
 ဝိပရိဏံ၊ ဖောက်ပြန်စိတ်ရင်း၊ 
 ရူးသွတ်ခြင်းမှ၊ ရှင်းရှင်းလွတ်ရှောင်း၊
 ကျိုးဆက်ကောင်း၏၊
 ၇။● နောက်နောင်ဘဝ၊ ပစ္ဆိမဝယ်၊ 
 ဂုဏကဲမို၊ အရဟတ္တဖိုလ်၊ 
 ထိုထိုကျေးဇူး၊ လွန်ပြန့်ပြူးသည်၊
 ဆောက်ဦးအလှူကျိုး ခုနစ်တည်း။

(တိပိဋကဓရ မင်းကွန်းဆရာတော် )

စေတနာသုံးတန် ပြဓာန်း၍ သာသနိကကျောင်း အဆောက်အဦး လှူဒါန်းသူတို့သည် -
၁။ လူ့ပြည် နတ်ပြည်တို့၌ ဖြစ်ရခြင်း၊
 ၂။ စိတ်ဖြင့်တောင့်တရုံမျှဖြင့် အဆောက်ဦး ရရှိခြင်း ၊
 ၃။ ထိတ်လန့်ခြင်းမှ ကင်းဝေးခြင်း၊
 ၄။ အဆိပ်အတောက်နှင့် မကောင်းမိစ္ဆာတို့ မနှောင့်ယှက်နိုင်ခြင်း၊
 ၅။ အိပ်မက်ကောင်းများကိုသာ မြင်မက်ရခြင်း၊
 ၆။ စိတ်ထားတည်ကြည်ခြင်း၊
 ၇။ အရဟတ္တဖိုလ်ပေါက် ရဟန္တာဖြစ်ရခြင်း။

တစ်နည်း-အကျဉ်းမှတ်သားရန် ကဗျာ
------------------------------------------
●ကောင်းရာ လားရောက်၊
●ဗိမာန်ပေါက်၍၊ 
●ကြောက်လန့်ကင်းစွာ၊ 
●သားရဲခွာလျက်၊ 
●အိပ်မက်ကောင်းမြင်၊ 
●သတိထင်သည်၊ 
●စံ၀င်နိဗ္ဗာန် ကျောင်းကျိုးတည်း။ (မ၊၁၊၁၂)

ထိုမှတပါး- ကျောင်းကိုလှူဒါန်းခြင်းသည် 
- ကိုယ်ခွန်အား၊ 
- အဆင်း၊ 
- ချမ်းသာ၊ 
- မျက်စိတို့ကိုလည်း လှူဒါန်းသည်မည်လေ၏။
(သံ၊ ၁-၂၉။ ဝိ၊ ဋ္ဌ-၄-၅၈)

မှန်၏။
 ရွာ ၂-ရွာ ၃-ရွာ ဆွမ်းခံလှည့်လည်ပြီး ဆွမ်းတဇွန်းမျှမရဘဲ ပြန်လာရသော်လည်း အေးမြသော ရေကန်၌ ရေချိုးပြီးနောက် ကျောင်းသို့ဝင်ရောက်ကာ တမုဟုတ်မျှ အိပ်စက် နားနေလိုက်ရလျှင် ကိုယ်ခန္ဓာ၌ ကာယခွန်အား တောင့်တင်းလာမြဲဖြစ်၍ ကျောင်းလှူဒါန်းခြင်းသည် ကာယခွန်အားကို လှူဒါန်းသည်မည်၏။

ကျောင်းပြင်ပ၌ လှည့်လည်သွားလာ၍ နေပူ လေပူတို့ဖြင့် လောင်မြိုက်ခံရသောအခါ ရုပ်အဆင်း ဖောက်ပြန်လာ၏။ ကျောင်းသို့ဝင်၍ တံခါးပိတ်ခါ တမုဟုတ်မျှ လျောင်းစက် နေလိုက်လျှင် ဝိသဘာဂရုပ်စဉ် ငြိမ်းပျောက်၍ သဘာဂရုပ်စဉ် သက်ရောက်ပြီးလျှင် ရုပ်အဆင်း ကြည်လင်လာမြဲဖြစ်၍ ကျောင်းကိုလှူဒါန်းခြင်းသည် အဆင်းကိုလည်း လှူသည်မည်၏။

ကျောင်းပြင်ပ၌ လှည့်လည်သွားလာလျှင် ခြေ၌ ဆူးစူးခြင်း, သစ်ငုတ်ခလုတ် ထိခိုက်တိုက်မိခြင်း, မြွေ, သူခိုး စသော ဘေးရန်တို့နှင့် တွေ့ကြုံရခြင်း အန္တရာယ်တို့ ဖြစ်ပေါ်လာတတ်၍ ကျောင်းသို့ဝင်ကာ တံခါးပိတ်ပြီး
 လျောင်းစက်နားနေလိုက်လျှင် ယင်းဘေးရန်တို့ မဖြစ်ပေါ်နိုင်သဖြင့် ကိုယ်ချမ်းသာမှု ရခြင်း၊ တရားကျမ်းဂန် ရွတ်အံသရဇ္ဈာယ်နေလျှင် တရား၌ နှစ်သက်သော ဓမ္မပီတိချမ်းသာ ဖြစ်ပေါ်ခြင်း၊ ကမ္မဋ္ဌာန်း နှလုံးသွင်းနေလျှင် အကုသိုလ်ဘေးတို့ ငြိမ်းအေးမှု (ဥပသမာ) ချမ်းသာကို ရခြင်းဟူသော ဂုဏ်ကျေးဇူးကို ရသောကြောင့်
 ကျောင်းကိုလှူဒါန်းခြင်းသည် ချမ်းသာကို လှူဒါန်းသည်မည်၏။

ကျောင်းပြင်ဘက်၌ လှည့်လည်သွားလာလျှင် ကိုယ်ခန္ဓာမှ ချွေးကျခြင်း၊ မျက်စိ တုန်လှုပ်ခြင်း စသည်တို့ ဖြစ်တတ်၍ ကျောင်းတွင်းသို့ ဝင်လျှင်ဝင်ချင်း ဘာမျှမမြင်ရသော်လည်း တမုဟုတ်မျှ ထိုင်နေလိုက်လျှင် မျက်စိကြည်လင် လာခြင်းကြောင့် ကျောင်းကိုလှူဒါန်းခြင်းသည် မျက်စိကိုလည်း လှူသည်မည်၏။
(သံ၊ ဋ္ဌ၊ ၁-၇၈-၇၉၊ ဗုဒ္ဓဝင်၊ ဋ္ဌ-၂၆။ သာရတ္ထ၊ ၃-၃၉၄။ ဒီ-ဋီ၊ ၁-၃၃၁။)

❦ မသေသေးမီပင် ကြိုတင်၍ ဗိမာန်ပေါ်ပေါက်
==========================
နန္ဒိယသူဌေးသည် ကျောင်းဆောက်လှူဒါန်းခြင်း၏ အကျိုးအာနိသင်ကို ကြားနာရ၍ ဣသိပတန မိဂဒါဝုန်တောအတွင်း၌ ကျောင်းတော်ကြီး ဆောက်လုပ်၍ ကုဋင်ညောင်စောင်းများပါ ဘုရားအမှူးရှိသော သံဃာတော်များအား လှူဒါန်းသည်။ ရေစက်သွန်းချသည်နှင့်တပြိုင်နက် တာဝတိံသာနတ်ပြည်၌ အကျယ် ၁၂-ယူဇနာ၊ အမြင့် ယူဇနာ ၁၀၀-ရှိ၍ (ရတနာ ၇-ပါး) အတိပြီးသော နတ်သမီးအပေါင်း အခြံအရံပါရှိသည့် နတ်ဘုံပြသာဒ် ပေါ်ထွက်ခဲ့သည်။ (ဓမ္မပဒ၊ ဋ္ဌ-၂-၁၈၉၊ ၁၉၀)

❦ ရောဂါလည်းပျောက် နတ်ပြည်ရောက်
=======================
အရှင်အနုရုဒ္ဓါ၏ နှမ ရောဟိနီ သာကီဝင်မင်းသမီးသည် ကိုယ်ရေဖျားရောဂါ (နူနာ)စွဲကပ်နေသဖြင့် အိမ်အပြင်သို့ပင် မထွက်ဝံ့ဘဲရှိလေရာ မထေရ်မြတ်၏ စီမံပေးချက်အရ နှစ်ထပ်ဆွမ်းစားကျောင်းဆောင် ဆောက်လုပ်ခြင်း၊ အောက်ထပ်၌ အမြဲတံမြက်လှည်းခြင်း၊ရဟန်းတော်များအတွက် သောက်ရေများ အမြဲခပ်ဖြည့်ခြင်းများ ပြုလုပ်လေရာ ထိုကုသိုလ်များကြောင့် ကိုယ်ရေပြားရောဂါ (နူနာ) သက်သာခဲ့ပြီး ကျောင်းရေစက်ချလှူဒါန်းပွဲတွင် ဘုရားရှင်ဟောကြားအပ်သောတရားစကားကို နားကြားပြီးနောက် သောတာပန်ဖြစ်ကာ ကိုယ်ဖျားရောဂါ(နူနာ) လုံးဝပျောက်ကင်းသွားပြီး ရွှေအဆင်းနှင့်တူသော ဝါဝင်းသော အသားအရေကိုပိုင်ဆိုင်သူ ဖြစ်သွားလေတော့သည်။

သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ နတ်သား ၄ ယောက် ပိုင်ဆိုင်သော နယ်နိမိတ် ၄ ခု စပ်ကြား၌ အလွန်ချောမောလှပသော နတ်သမီးဖြစ်လေသည်။နတ်သား ၄ ယောက်သည် ရောဟိနီနတ်သမီးကို မြင်လျင်မြင်ချင်း ချစ်ခင်စုံမက်ကြ၍ သူပိုင်ဆိုင်သင့် ငါပိုင်ဆိုင်သင့် အငြင်းပွါးကြပြီး အဆုံးအဖြတ်ခံယူရန် သိကြားမင်းထံ သွားကြလေရာ သိကြားမင်းသည်ပင် ရောဟိနီကို မြင်လျင်မြင်ချင် မရလျှင်သေမတတ်ပင် ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးသွားလေသည်။( ဓမ္မပဒ၊ ဋ္ဌ၊ ၂-၁၉၂)

အဋ္ဌကထာဆရာ၏ မှတ်ချက်စကား
=========================
ကျောင်းအလှူ၏ အကျိုးအာနိသင် ကြီးမားပုံကို ဘုရားရှင်မှတပါး အဘယ်သူသည် ကုန်စင်အောင်
 ဟောပြဖို့ရာ စွမ်းနိုင်ပါအံ့နည်း။ ပါးစပ်ပေါင်း တသောင်းရှိသော ပုဂ္ဂိုလ်သော်မှ ကုန်စင်အောင် ဟောပြဖို့ရာ မစွမ်းနိုင်ပေ။ (ဗုဒ္ဓဝင်၊ ဋ္ဌ-၂၅)

Credit:...

Sunday, July 25, 2021

ရပ်နေသူဘုရားရှင်နှင့် ပြေးနေသူ အင်္ဂုလိမာလ

ရပ်နေသော ဘုရားရှင်နှင့် ပြေးနေသူ အင်္ဂုလိမာလ
_____________________________________________

ဘုရားရှင်က မပြေးဘဲ ရပ်တော်မူနေပေမယ့် 
အင်္ဂုလိမာလက ပြေးလိုက်လို့ မမီနိုင်ဖြစ်နေတယ်။ 
“အရင်ကတော့ 
ဆင်ပြောင်ကြီး ပြေးတယ်ဆိုရင် ငါလိုက်မီတယ်၊ 
မြင်းတွေပြေးတယ်ဆိုရင် နောက်ကလိုက်မီပါရဲ့၊ 
အခုတော့ 
သာမာန်လူတစ်ယောက်ကို မလိုက်နိုင်တာ 
ဘာ့ကြောင့်လဲ” လို့တွေးကာ ဘုရားရှင်အား 
“ရပ်ပါတော့ ရပ်ပါတော့” လို့ တားပါတယ်။ 

ဘုရားရှင်က 
“အင်္ဂုလိမာလ….ငါဘုရားက ရပ်နေတာ၊ 
မရပ်တာက သင်ပဲ” လို့ မိန့်တော်မူပါတယ်။ 
ထိုအခါ လူဆိုးကြီးက “သာကီ၀င်မင်းသား 
ရဟန်းများဟာ မှန်တဲ့စကားသာ ပြောကြတယ်။ 
ရဟန်းကြီးဟာ ရပ်နေတယ် ဆိုပြီး 
ငါ အပြေးလိုက်တာတောင် မမီဘူး၊ ဘာ့ကြောင့်ပါလဲ” 
လို့ သိချင်တဲ့အတွက် ဘုရားရှင်အား မေးလိုက်တယ်။ 

“ အရှင်ဘုရား ….
အရှင်ဘုရားက ရပ်နေတယ်လို့ပြောပြီး ပြေးနေတယ်၊ 
တပည့်တော်ကိုတော့ ပြေးနေတယ် လို့ပြောတယ်။ 
အကြောင်းလေး သိချင်ပါတယ်” လို့ မေးလျှောက်တော့ 

ဘုရားရှင်က 
“ အင်္ဂုလိမာလ….
ငါဘုရားဟာ လေးမြား ဓါး စတာတွေကို 
အပြီးတိုင်ပစ်ချခဲ့ကာ 
လူအများအား မသတ်တဲ့အတွက် 
‘ရပ်နေသူ’ လို့ခေါ်တယ်။ 
သင်ကား လေးမြားလက်နက်စတာတွေကို 
ကိုင်ဆောင်ကာ 
လိုက်လံပြေးလွှား သတ်ဖြတ်နေသူဖြစ်တဲ့အတွက် 
‘ပြေးနေသူ’ လို့ ခေါ်တယ် အင်္ဂုလိမာလ….” လို့ 
မိန့်တော်မူလိုက်တဲ့အခါ အင်္ဂုလိမာလလည်း 
သံဝေဂအကြီးအကျယ်ရရှိပါတော့တယ်'

Thursday, July 8, 2021

အကုသိုလ်မှ ကုသိုလ်ဖြစ်ပုံ

🙏 အကုသိုလ်ကြောင့် ဖြစ်ရတဲ့ကုသိုလ် 🙏
~~~~~~~~~~~~~~~~~~~~~~~~~

ရှေးတုန်းက သူငယ်ချင်းနှစ်ယောက် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြတယ်။ မောတဲ့အခါသောက်ဖို့ဆိုပြီး ရေဘူးတစ်ယောက်တစ်ဘူးစီ ယူလာကြတယ်။ မောတဲ့အခါ ရေသောက်လိုက် ပြီးရင် ထယ်ထွန်လိုက်နဲ့။

အဲ့ဒီမှာ ထူးခြားတာက  အခြားသူငယ်ချင်းတစ်ယောက်က သူ့ရေဘူးရေကုန်မှာစိုးလို့ သူ့ သူငယ်ချင်းရေဘူးကို ခိုးသောက်တယ်။ခိုးခိုးသောက်ပြီး တစ်နေကုန်အလုပ်တွေလုပ် ညနေကျတော့ နှစ်ယောက်အတူ ရေချိုးကြတာပေါ့။

ရေမိုးချိုးပြီးတော့ ရေခိုးသောက်တဲ့လူက သူ့ကိုယ်သူ စဉ်းစားတယ်၊ငါ ဒီနေ့ ဘာမဟုတ်တာတွေ လုပ်ခဲ့လဲလို့ စဉ်းစားတဲ့အခါ သူ့သူငယ်ချင်းရေဘူးကို ခိုးသောက်တာ သွားတွေ့တယ် အဲမှာဘယ်လိုစဉ်းစားပြန်လဲဆိုတော့ -

" ငါ ဒီနေ့ မဟုတ်တာ လုပ်ထားတယ် ရေခိုးသောက်တယ်ဆိုတာ မကောင်းဘူး အကုသိုလ်ပဲ  " ဒီအကုသိုလ်ကိုကြည့်ပြီး သံဝေဂဥာဏ်တွေ ဖြစ်လာတယ်။

" ေဩာ် ဒီအကုသိုလ်တွေ ကြီးထွားလာရင် အပါယ်ဒုက္ခတော့ ရောက်ရတော့မှာပဲ ဒီအကုသိုလ်တွေကို နှိမ်မှပဲ " ဆိုပြီး " သူ့ကိုယ်သူ ငါမဟုတ်တာတွေ တော်တော်လုပ်တဲ့ အကောင် "လို့ သူ့စိတ်ကို မကျေမနပ်ဖြစ်ပြီး  သင်္ခါရတရားတွေရဲ့အပြစ်တွေမြင်ပြီး ဆင်ခြင်လိုက်တာ ပစ္စေကဗောဓိဥာဏ်ရင့်တဲ့ပုဂ္ဂိုလ်ဆိုတော့ အဲ့ဒီနားမှာတင် ဆင်ခြင်ရင်းနဲ့ ပစ္စေကဗုဒ္ဓဖြစ်သွားတယ်။

ရေအခိုးခံရတဲ့ သူ့သူငယ်ချင်းက ရေချိုးပြီးကုန်းပေါ်တက်လာတော့ " သူငယ်ချင်းပြန် ပြန်ရအောင်ကွာ " လို့ ဆိုတော့ " သူငယ်ချင်း ငါပြန်မလိုက်တော့ဘူး ငါ ပစ္စေကဗုဒ္ဓဖြစ်သွားပြီ " လို့ဟြေတော့ -

ဟိုလူက "သူငယ်ချင်း မင်း မဟုတ်တရုတ်တွေ လျှောက်မဟြေနဲ့ကွာ၊ ပစ္စေကဗုဒ္ဓဆိုတာ မင်းလိုမှ မဟုတ်တာ " လို့ဆိုတယ်၊ ဒါဆိုရင် ဘယ်လိုလဲ လို့မေးတော့ - " ပစ္စေကဗုဒ္ဓဆိုတာ ခေါင်းတုံးနဲ့ သင်္ကန်းနဲ့ သပိတ်နဲ့ မင်းလိုလူဝတ်ကြီးနဲ့ မဟုတ်ဘူးကွ " လို့ ဟြေလိုက်တယ်။

အဲ့ဒီအချိန်မှာ သူက သတိရပြီး ခေါင်းကို ပွတ်လိုက်တာနဲ့ တစ်ပြိုင်ထဲ လူ့အသွင်ပျောက်ပြီး ရဟန်းအသွင်ရောက်သွားတယ်၊ သပိတ်ကိုလွယ်လျက် ပရိက္ခရာရှစ်ပါးအစုံနဲ့ ကောင်းကင်ပေါ်ပျံတက်ပြီး သူငယ်ချင်းကို နှုတ်ဆက်ပြီး ထွက်သွားတယ်။

အဲ့ဒါဘာတုန်းဆိုရင် အကုသိုလ်ကနေ ကုသိုလ်ဖြစ်သွားတာ၊ ကိုယ့်ရဲ့အကုသိုလ်ကို ရု့ှဆင်ခြင်တာ။ နောက်တစ်ခါ လူတစ်ယောက်ဟာ ဒေါသဖြစ်တယ်၊ " ေဩာ် ဒေါသဆိုတာ မကောင်းပါလားအကုသိုလ်ပါလား " လို့ ဒေါသရဲ့အပြစ်တွေကို ဆင်ခြင်လာတယ်။ အဲ့လိုဆင်ခြင်တော့ ကုသိုလ်တွေဖြစ်တယ်။

"ဒေါသဖြစ်တုန်းက အကုသိုလ် အပြစ်တွေမြင်ပြီဆင်ခြင်တာက ကုသိုလ်။"

ဒါကြောင့်မို့ မြတ်စွာဘုရားက စိတ္တာနုပဿနာမှာ ဒီလိုဟောထားတာ " သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ၊ သဒေါသံ ဝါ စိတ္တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ " တဲ့။

ကိုယ့်စိတ်လေးဟာ တဏှာရာဂနဲ့တွဲနေရင် တဏှာရာဂနဲ့တွဲနေတယ်ဆိုတာ သိရမယ်တဲ့ဒေါသနဲ့တွဲနေရင်လဲ ဒေါသနဲ့တွဲနေတယ်ဆိုတာ သိရမယ်တဲ့။

သိတယ်ဆိုတာ အာရုံဟြတာကို ဟြေတာ
ကြည့်လေ။ " ေဩာ် ငါ့စိတ်လေးက တဏှာရာဂနဲ့တွဲနေပါလား " တဏှာရာဂဆိုတာ အကုသိုလ်၊ သိပြီး ဆင်ခြင်လိုက်တာက ကုသိုလ်။

တဏှာရာဂဆိုတဲ့ အကုသိုလ်ကြောင့် သိခြင်းဆိုတဲ့ ကုသိုလ်တရားတွေ ဖြစ်လာတယ်။ ဒါဟာ အကုသိုလ်ကြောင့် ဖြစ်ရတဲ့ကုသိုလ်ပါပဲ။

---------------------------

သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာကြပါစေ။
မေတ္တာရေးချမ်း ကိုယ်စီဖြန်း ငြိမ်းချမ်းကြပါစေ။
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ။

ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ၏ ပဋ္ဌာန်းမြတ်ဒေသနာတော်မှ ဓမ္မဒါနအဖြစ် ပူဇော်အပ်ပါ၏ဘုရား။

🌷ဓမ္မဒါနအဖြစ်🌷
 Than Kyaw Oo
~~~~~~~~~~~
(2016)