စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, July 26, 2021

သေနေ့ကိုပင်ရွှေ့ပစ်နိုင်သောကုသိုလ်များ

သေနေ့ကိုပင် ရွှေ့ပစ်နိုင်သော ကုသိုလ်များနှင့် ကျောင်းလှူရခြင်းအကျိုးများ
================================

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး သာ၀တ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်အခါ နတ်သားတစ်ယောက် ရောက်လာပြီး မြတ်စွာဘုရားရှင်အား "တစ်ခါပြုထားရုံနဲ့ အမြဲတမ်း တိုးပွါးစေသည့် ကုသိုလ်မျိုး ရှိပါသလား ဘုရား ?" ဟု မေးမြန်းလျှောက်ထားလေရာ မြတ်စွာဘုရားရှင်က အောက်ပါဂါထာဖြင့် နေ့ညဉ့်မခြား အမြဲတမ်းတိုးပွါးစေသည့် ကုသိုလ်(၇)မျိုးကို ဟောကြားတော်မူလေသည်။

အာရာမရောပါ ၀နရောပါ၊ ယေ ဇနာ သေတုကာရကာ။
 ပပဉ္စ ဥဒပါနဉ္စ ၊ ယေ ဒဒန္တိ ဥပဿယံ။
 တေသံ ဒိဝါစ ရတ္တောစ ၊ သဒါ ပုညံ ပဝဍ္ဎတိ။
 ဓမ္မဋ္ဌာ သီလသမ္ပန္နာ ၊ တေဇနာ သဂ္ဂဂါမိနော။[ သံ၊၁၊၃၀ ]

၁။● သစ်သီးအာရာမ် ပန်းအာရာမ် (သစ်သီးခြံ ပန်းခြံ)စိုက်ပျိုးလှူဒါန်းခြင်း။
 ၂။● နားခိုစရာ အရိပ်ရပင်များ (သစ်တော)
စိုက်ပျိုးလှူဒါန်းခြင်း။
 ၃။● လွယ်ကူစွာ ဖြတ်သန်းသွားနိုင်ရန် လမ်း တံတားခင်း လှူဒါန်းခြင်း။
 ၄။● ရေချမ်းစဉ် ဆောက်လုပ် လှူဒါန်းခြင်း။
 ၅။● ရေတွင်း ရေကန် တူးဖော် လှူဒါန်းခြင်း။
 ၆။● ဇရပ် တန်ဆောင်း ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းခြင်း။
 ၇။● (သုစရိုက် ၁၀ ပါး၌ တည်လျက်) မြဲသောသီလရှိခြင်း။

ဤ(၇)မျိူးကား နေ့ ည အမြဲတမ်း တိုးပွါးသော ကုသိုလ်များပေတည်း။

ကျက်မှတ် ဆောင်ထားရန် ကဗျာများ
-----------------------------------------
အရံ, သစ်ပင်၊ ရေအိုးစင်နှင့် ၊ 
 ထို့ပြင်ရေတွင်း၊ ခင်းသည့်တံတား၊
 ကျောင်းကားတစ်ခု၊ ခြောက်စုဒါန ၊
 စိုက်ပျိုးရ၍ ၊ ဒိဝရတ္တိ၊ အောက်မေ့မိက၊
 ည,နေ့မချာ၊ ပွားသည်သာဟု ၊ သုံးရွာလူ့ဘ ၊
 ညွှန်ပြ ရွှေနှုတ်၊ ကျမ်းသံယုတ်မှာ ၊
 တိုက်ရိုက်လာသည်၊ သေခါမမှား -နတ်ရွာလား။
(သုံးပုံ တံချူကျမ်း ၊ ၂၃ -၂၄)

❦ အာရာမ်,သစ်ပင်၊ ရေအိုးစင်၊ တစ်ခွင် တံတားပေ၊
❦ ရေကန်,ဆောက်ဦ၊ ဤခြောက်ဆူ၊ အလှူမြတ်လှပေ။
❦ နေ့ညမညှိုး၊ ကုသိုလ်တိုး၊ အကျိုးကြီးလှပေ။

သေနေ့ကိုပင် ရွှေ့ပစ်နိုင်သော ယတြာ
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဗေဒင် ကျွမ်းကျင်သော ပုဏ္ဏားမိသားစု ရှိလေ၏။ ပုဏ္ဏားကြီးသည် မိမိကိုယ်ကို ဗေဒင်တွက်ကြည့်ရာ အသက်(၆၀)ပြည့်သည့်နေ့တွင် သေရမည်ကို သိပြီး စိုးရိမ်သောကရောက်ကာ ဆောက်တည်ရာမရ ဖြစ်နေ၏။

ထိုအခါ ပုဏ္ဏားကြီးသည် မြတ်စွာဘုရားကို မကိုးကွယ်သော်လည်း သေရမည်ကို ကြောက်လန့်၍ ဘုရားထံ သွားရောက်ပြီး မေးလျှောက်လေသော် မြတ်စွာဘုရားက " သင့်ဗေဒနည်း အတိုင်း သေရမည်မှာ မှန်၏။ အသက်(၆၀)ပြည့်သည့်နေ့ နေမွန်းတည့်ချိန်တွင် သေမည်။ သေလျှင် မြောက်ဘက် တောတန်းတွင် မျောက်ဖြစ်လိမ့်မည် " ဟု ဟောကြားလိုက်လေသည်။

ပုဏ္ဏားလည်း အိမ်ပြန်ပြီးနောက် မျောက်ဘဝရောက်လျှင် စားသောက်နိုင်ရန် တောတန်းတွင်

- ဥယျာဉ်စိုက်ခြင်း၊
- နေရန် ဇရပ်ဆောက်ခြင်း၊
- ရေတွင်းတူးခြင်း၊
- လမ်းဖောက်ခြင်း၊
- တံတားဆောက်ခြင်း၊
 စသည်တို့ကို ပြုလုပ်လေတော့၏။ 

ထိုအတွက်ကြောင့် လူအများ သွားလာရပ်နားမှုများ အဆင်ပြေနေတော့သည်။

ပုဏ္ဏားကြီးသည် အသက်(၆၀) ပြည့်၍ မသေသောအခါ ဘုရားရှင်ထံ သွားရောက်၍ ဘုရားရှင်အား မုသာဝါဒဖြင့် စွပ်စွဲကာ အပြစ်တင်လေရာ မြတ်စွာဘုရားက "ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အများအတွက် ပြုလုပ်ပေးသော ဥယျာဉ်စိုက်ခြင်း ဇရပ်ဆောက်လုပ်လှူဒါန်းခြင်း စသော အလုပ်များသည် သေနေ့ကိုပင် ရွှေ့ပစ်နိုင်သော ကုသိုလ်များဖြစ်သည်"ဟု ပြောဆိုကာ တရားစကား ဟောကြားတော်မူလေရာ ပုဏ္ဏားကြီး သောတာပန်တည်သွားလေ၏။

------------------------------------------------------------
❦ ဇရပ် တန်ဆောင်း ကျောင်းဆောင် လှူဒါန်းရခြင်းအကျိုး❦ 
=================================

အထက်ပါ (၇)မျိုးတို့တွင် ဇရပ် တန်ဆောင်း ကျောင်းဆောင် ဆောက်လုပ် လှူဒါန်းခြင်းကြောင့် ရရှိနိုင်သော အကျိုး(၇)ပါးကို မင်းကွန်းဆရာတော်ဘုရားကြီးက ဤသို့ လင်္ကာဖွဲ့ဆိုထားလေသည်…

သုံးတန်စေတနာ၊ ညီညွတ်စွာဖြင့်၊ သာသနိက၊ ဝိဟာရကျောင်း၊ တန်ဆောင်းအလှူ၊ ဆောက်လှူသူတို့၊ ကြီးထူကဲမှန်၊ ကျိုးရ ဟန်ကို၊ ကျမ်းဂန်ထောင့်ချင့်၊ နိဒါန်းဖွင့်သော်....

၁။● နတ်နှင့်လူနှယ်၊ သန္ဓေတွယ်၍၊
 ၂။● စိတ်ဝယ်တောင်းတ၊ ဆောက်အုံရ၏။
 ၃။● မထကြက်သီး၊ ကိုယ်လည်းမလှုပ်၊
 ကြောက်ရုပ်မထင်၊ ထိတ်လန့်စင်၏။
 ၄။● ခြင်္သေ့ သစ် ကျား၊ သားရဲ များနှင့်၊
 ဖမ်းစားကလူ၊ နှိပ်စက်မူသား၊
 တောသူ ဖုတ် ပြိတ်၊ အဆိပ် ထန်ပြင်း၊ 
 မြွေနှင့် ကင်းက၊ အဆင်း ဖောက်ပြန်၊ 
 ကုမ္ဘဏ် ရက္ခိုက်၊ နတ်မိုက် ရန်ပေါင်း၊
 ဘေးလွတ် ရှောင်း၏။
 ၅။● မကောင်း အိပ်မက်၊ မမြင်မက်ဘူး၊
 ၆။● ထင်လျက်သတိ၊ မြဲခိုင်ဘိ၍၊ 
 ဝိပရိဏံ၊ ဖောက်ပြန်စိတ်ရင်း၊ 
 ရူးသွတ်ခြင်းမှ၊ ရှင်းရှင်းလွတ်ရှောင်း၊
 ကျိုးဆက်ကောင်း၏၊
 ၇။● နောက်နောင်ဘဝ၊ ပစ္ဆိမဝယ်၊ 
 ဂုဏကဲမို၊ အရဟတ္တဖိုလ်၊ 
 ထိုထိုကျေးဇူး၊ လွန်ပြန့်ပြူးသည်၊
 ဆောက်ဦးအလှူကျိုး ခုနစ်တည်း။

(တိပိဋကဓရ မင်းကွန်းဆရာတော် )

စေတနာသုံးတန် ပြဓာန်း၍ သာသနိကကျောင်း အဆောက်အဦး လှူဒါန်းသူတို့သည် -
၁။ လူ့ပြည် နတ်ပြည်တို့၌ ဖြစ်ရခြင်း၊
 ၂။ စိတ်ဖြင့်တောင့်တရုံမျှဖြင့် အဆောက်ဦး ရရှိခြင်း ၊
 ၃။ ထိတ်လန့်ခြင်းမှ ကင်းဝေးခြင်း၊
 ၄။ အဆိပ်အတောက်နှင့် မကောင်းမိစ္ဆာတို့ မနှောင့်ယှက်နိုင်ခြင်း၊
 ၅။ အိပ်မက်ကောင်းများကိုသာ မြင်မက်ရခြင်း၊
 ၆။ စိတ်ထားတည်ကြည်ခြင်း၊
 ၇။ အရဟတ္တဖိုလ်ပေါက် ရဟန္တာဖြစ်ရခြင်း။

တစ်နည်း-အကျဉ်းမှတ်သားရန် ကဗျာ
------------------------------------------
●ကောင်းရာ လားရောက်၊
●ဗိမာန်ပေါက်၍၊ 
●ကြောက်လန့်ကင်းစွာ၊ 
●သားရဲခွာလျက်၊ 
●အိပ်မက်ကောင်းမြင်၊ 
●သတိထင်သည်၊ 
●စံ၀င်နိဗ္ဗာန် ကျောင်းကျိုးတည်း။ (မ၊၁၊၁၂)

ထိုမှတပါး- ကျောင်းကိုလှူဒါန်းခြင်းသည် 
- ကိုယ်ခွန်အား၊ 
- အဆင်း၊ 
- ချမ်းသာ၊ 
- မျက်စိတို့ကိုလည်း လှူဒါန်းသည်မည်လေ၏။
(သံ၊ ၁-၂၉။ ဝိ၊ ဋ္ဌ-၄-၅၈)

မှန်၏။
 ရွာ ၂-ရွာ ၃-ရွာ ဆွမ်းခံလှည့်လည်ပြီး ဆွမ်းတဇွန်းမျှမရဘဲ ပြန်လာရသော်လည်း အေးမြသော ရေကန်၌ ရေချိုးပြီးနောက် ကျောင်းသို့ဝင်ရောက်ကာ တမုဟုတ်မျှ အိပ်စက် နားနေလိုက်ရလျှင် ကိုယ်ခန္ဓာ၌ ကာယခွန်အား တောင့်တင်းလာမြဲဖြစ်၍ ကျောင်းလှူဒါန်းခြင်းသည် ကာယခွန်အားကို လှူဒါန်းသည်မည်၏။

ကျောင်းပြင်ပ၌ လှည့်လည်သွားလာ၍ နေပူ လေပူတို့ဖြင့် လောင်မြိုက်ခံရသောအခါ ရုပ်အဆင်း ဖောက်ပြန်လာ၏။ ကျောင်းသို့ဝင်၍ တံခါးပိတ်ခါ တမုဟုတ်မျှ လျောင်းစက် နေလိုက်လျှင် ဝိသဘာဂရုပ်စဉ် ငြိမ်းပျောက်၍ သဘာဂရုပ်စဉ် သက်ရောက်ပြီးလျှင် ရုပ်အဆင်း ကြည်လင်လာမြဲဖြစ်၍ ကျောင်းကိုလှူဒါန်းခြင်းသည် အဆင်းကိုလည်း လှူသည်မည်၏။

ကျောင်းပြင်ပ၌ လှည့်လည်သွားလာလျှင် ခြေ၌ ဆူးစူးခြင်း, သစ်ငုတ်ခလုတ် ထိခိုက်တိုက်မိခြင်း, မြွေ, သူခိုး စသော ဘေးရန်တို့နှင့် တွေ့ကြုံရခြင်း အန္တရာယ်တို့ ဖြစ်ပေါ်လာတတ်၍ ကျောင်းသို့ဝင်ကာ တံခါးပိတ်ပြီး
 လျောင်းစက်နားနေလိုက်လျှင် ယင်းဘေးရန်တို့ မဖြစ်ပေါ်နိုင်သဖြင့် ကိုယ်ချမ်းသာမှု ရခြင်း၊ တရားကျမ်းဂန် ရွတ်အံသရဇ္ဈာယ်နေလျှင် တရား၌ နှစ်သက်သော ဓမ္မပီတိချမ်းသာ ဖြစ်ပေါ်ခြင်း၊ ကမ္မဋ္ဌာန်း နှလုံးသွင်းနေလျှင် အကုသိုလ်ဘေးတို့ ငြိမ်းအေးမှု (ဥပသမာ) ချမ်းသာကို ရခြင်းဟူသော ဂုဏ်ကျေးဇူးကို ရသောကြောင့်
 ကျောင်းကိုလှူဒါန်းခြင်းသည် ချမ်းသာကို လှူဒါန်းသည်မည်၏။

ကျောင်းပြင်ဘက်၌ လှည့်လည်သွားလာလျှင် ကိုယ်ခန္ဓာမှ ချွေးကျခြင်း၊ မျက်စိ တုန်လှုပ်ခြင်း စသည်တို့ ဖြစ်တတ်၍ ကျောင်းတွင်းသို့ ဝင်လျှင်ဝင်ချင်း ဘာမျှမမြင်ရသော်လည်း တမုဟုတ်မျှ ထိုင်နေလိုက်လျှင် မျက်စိကြည်လင် လာခြင်းကြောင့် ကျောင်းကိုလှူဒါန်းခြင်းသည် မျက်စိကိုလည်း လှူသည်မည်၏။
(သံ၊ ဋ္ဌ၊ ၁-၇၈-၇၉၊ ဗုဒ္ဓဝင်၊ ဋ္ဌ-၂၆။ သာရတ္ထ၊ ၃-၃၉၄။ ဒီ-ဋီ၊ ၁-၃၃၁။)

❦ မသေသေးမီပင် ကြိုတင်၍ ဗိမာန်ပေါ်ပေါက်
==========================
နန္ဒိယသူဌေးသည် ကျောင်းဆောက်လှူဒါန်းခြင်း၏ အကျိုးအာနိသင်ကို ကြားနာရ၍ ဣသိပတန မိဂဒါဝုန်တောအတွင်း၌ ကျောင်းတော်ကြီး ဆောက်လုပ်၍ ကုဋင်ညောင်စောင်းများပါ ဘုရားအမှူးရှိသော သံဃာတော်များအား လှူဒါန်းသည်။ ရေစက်သွန်းချသည်နှင့်တပြိုင်နက် တာဝတိံသာနတ်ပြည်၌ အကျယ် ၁၂-ယူဇနာ၊ အမြင့် ယူဇနာ ၁၀၀-ရှိ၍ (ရတနာ ၇-ပါး) အတိပြီးသော နတ်သမီးအပေါင်း အခြံအရံပါရှိသည့် နတ်ဘုံပြသာဒ် ပေါ်ထွက်ခဲ့သည်။ (ဓမ္မပဒ၊ ဋ္ဌ-၂-၁၈၉၊ ၁၉၀)

❦ ရောဂါလည်းပျောက် နတ်ပြည်ရောက်
=======================
အရှင်အနုရုဒ္ဓါ၏ နှမ ရောဟိနီ သာကီဝင်မင်းသမီးသည် ကိုယ်ရေဖျားရောဂါ (နူနာ)စွဲကပ်နေသဖြင့် အိမ်အပြင်သို့ပင် မထွက်ဝံ့ဘဲရှိလေရာ မထေရ်မြတ်၏ စီမံပေးချက်အရ နှစ်ထပ်ဆွမ်းစားကျောင်းဆောင် ဆောက်လုပ်ခြင်း၊ အောက်ထပ်၌ အမြဲတံမြက်လှည်းခြင်း၊ရဟန်းတော်များအတွက် သောက်ရေများ အမြဲခပ်ဖြည့်ခြင်းများ ပြုလုပ်လေရာ ထိုကုသိုလ်များကြောင့် ကိုယ်ရေပြားရောဂါ (နူနာ) သက်သာခဲ့ပြီး ကျောင်းရေစက်ချလှူဒါန်းပွဲတွင် ဘုရားရှင်ဟောကြားအပ်သောတရားစကားကို နားကြားပြီးနောက် သောတာပန်ဖြစ်ကာ ကိုယ်ဖျားရောဂါ(နူနာ) လုံးဝပျောက်ကင်းသွားပြီး ရွှေအဆင်းနှင့်တူသော ဝါဝင်းသော အသားအရေကိုပိုင်ဆိုင်သူ ဖြစ်သွားလေတော့သည်။

သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ နတ်သား ၄ ယောက် ပိုင်ဆိုင်သော နယ်နိမိတ် ၄ ခု စပ်ကြား၌ အလွန်ချောမောလှပသော နတ်သမီးဖြစ်လေသည်။နတ်သား ၄ ယောက်သည် ရောဟိနီနတ်သမီးကို မြင်လျင်မြင်ချင်း ချစ်ခင်စုံမက်ကြ၍ သူပိုင်ဆိုင်သင့် ငါပိုင်ဆိုင်သင့် အငြင်းပွါးကြပြီး အဆုံးအဖြတ်ခံယူရန် သိကြားမင်းထံ သွားကြလေရာ သိကြားမင်းသည်ပင် ရောဟိနီကို မြင်လျင်မြင်ချင် မရလျှင်သေမတတ်ပင် ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးသွားလေသည်။( ဓမ္မပဒ၊ ဋ္ဌ၊ ၂-၁၉၂)

အဋ္ဌကထာဆရာ၏ မှတ်ချက်စကား
=========================
ကျောင်းအလှူ၏ အကျိုးအာနိသင် ကြီးမားပုံကို ဘုရားရှင်မှတပါး အဘယ်သူသည် ကုန်စင်အောင်
 ဟောပြဖို့ရာ စွမ်းနိုင်ပါအံ့နည်း။ ပါးစပ်ပေါင်း တသောင်းရှိသော ပုဂ္ဂိုလ်သော်မှ ကုန်စင်အောင် ဟောပြဖို့ရာ မစွမ်းနိုင်ပေ။ (ဗုဒ္ဓဝင်၊ ဋ္ဌ-၂၅)

Credit:...

No comments:

Post a Comment