စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, September 21, 2021

လမ်းခဲွဲခြင်းမှာ ဝမ်းမနည်းနဲ့

လွမ်းခွဲခြင်းမှာ ဝမ်းမနည်းပါနဲ့
********~~~~~~~~~*********

တစ်နေ့နေ့ တစ်ချိန်ချိန်မှာလူတိုင်းဟာ ပြန်မဆုံနိုင်တဲ့လမ်းခွဲခြင်းမျိုးနဲ့ အပြီးပိုင် လမ်းခွဲကြရမှာပါ။

ထားသွားသူနဲ့ ကျန်ရစ်သူ..
သံယောဇဉ်ကြီးတဲ့သူဟာ ပိုခံစားရတတ်ပါတယ်။
ကိုယ်က မထားခဲ့ရင်တောင် သူက ထားသွားမှာပါ။
သူက မထားခဲ့ရင်တောင် ကိုယ်က ထားသွားရမှာပါ။

ဘဝဆိုတာ ဒီလိုပါပဲ ။ မျှော်လင့်မထားတဲ့  
ကံကြမ္မာတွေကဆိုင်းမဆင့်ဗုံမဆင့် ကိုယ့်ထံကို
ရောက်လာတတ်တယ်။

ဝမ်းသာခြင်းတွေ ရောက်လာတတ်သလို
ဝမ်းနည်းခြင်းတွေလဲ ရောက်လာတတ်တာမို့
လောကဓံကို ကြံ့ကြံ့ခိုင်ပြီး တွန်းလှန်နိုင်ဖို့ ခွန်အားတွေ မွေးဖွားထားပါ။

ချစ်တဲ့သူနဲ့လည်း ခွဲရမယ် ။
မုန်းတဲ့သူနဲ့လည်း ခွဲရမယ်။
ခွဲခွါခြင်းဟာ ဘယ်လိုမျိုးပဲဖြစ်ဖြစ်
ပူလောင်ကြရမှာပါ။

ထင်မှတ်မထားတဲ့ ကံကြမ္မာကမျှော်လင့် မထားတဲ့အချိန်မှာဝင်ရောက်လာရင် ပိုပြီးဝမ်းနည်းရတတ်တာမို့ လောကဓံကို ခံနိုင်ရည်ရှိအောင်
ကြိုးစားပြီးနေပါ။

       အရှင်ဆန္ဒာဓိက   (ရွှေပါရမီတောရ)

ဒေါသကိုမွေးမြူခြင်း

မုန်းနေတာဟာ
ဒေါသကို မွေးမြူ နေတာပါ ။

မစွန့်ကြဲနိုင်တာဟာ
လောဘကို ကြီးထွားစေတာပါ ။

သံသယ ထားနေတာဟာ
ပျော်ရွှင်မှုကို သတ်နေတာပါ ။

မိမိတို့ဘဝမှာ 
မအေးချမ်းဘဲ ဖြစ်နေတာဟာ
ကိုယ့်ရဲ့ မကောင်းတဲ့ စိတ်ကြောင့်ပါ ။

အဆင်မပြေ ဖြစ်နေတာဟာ
မကောင်းတဲ့ အတွေးကြောင့်ပါ ။

စိတ်ကို ဖြူ အောင်ထားနိုင်ရင်
အမြဲအေးချမ်းရပါတယ် ။

ကိုယ့်စိတ်ကို စည်းကမ်းရှိအောင်
စောင့်ထိန်းထားမယ်ဆိုရင်
တည်ငြိမ်တဲ့ဘဝကို ရနိုင်ပါတယ် ။

    သာရ ဂ ​ေဝသီ
      🙏🙏🙏

Credit..

ဆရာ

🌷🙏🌷ဆရာ 🌷🙏🌷

ဆရာ သို့မဟုတ် သင်ပြပေးသူ ဆိုသည်မှာ တပည့်များအား ပညာ၊ ဗဟုသုတ၊ ကိုယ်ကျင့်တရား စသည်တို့ကို သင်ကြားပေးသော ပုဂ္ဂိုလ် ဖြစ်သည်။ ဆရာသမားတို့သည် မြတ်သောပူဇော်မှုကို ခံယူထိုက်သောကြောင့် ဒဏ္ခိဏာဒိသာ(တောင်အရပ်) မည်၏ဟု သင်္ဂဇာဆရာတော်က ရေးသားခဲ့သည်။

ဝေါဟာရရင်းမြစ်
******************

"ဆာယာ" ဟူသော ပါဠိသက် ဝေါဟာရမှ လာခြင်းဖြစ်သည်။ ဆာယာသည် "အေးရိပ်"ဖြစ်သည်။ တပည့်များ နားခိုစေရန် အေးမြသောအရိပ်ကို ပေးစွမ်းနိုင်သောကြောင့် ဆရာ ခေါ်သည်ဟု တစ်မျိုးယူဆကြသည်။

ဆရာသည် "ဆ" နှင့် "ရာ" ဟူသော စကားနှစ်လုံး ပေါင်းစပ်ထားခြင်းဖြစ်သည်။ "ဆ"သည် နှိုင်းဆခြင်း၊ ချိန်ဆခြင်းဖြစ်၍ "ရာ"မှာ ရာဖြတ်ခြင်း၊ အကဲဖြတ်ခြင်း၊ တန်ဖိုးဖြတ်ခြင်း သဘောဖြစ်သည်။ ထို့ကြောင့် တပည့်တို့အား ချင့်ချိန်နှိုင်းဆ အကဲဖြတ်ပေးတတ်သူဟု အဓိပ္ပာယ်ရသည်ဟုလည်း ဆိုကြ၏ ။

ပါဠိဘာသာဖြင့် အာစရိ ဟုသုံးနှုန်းကြပြီး မြန်မာဘာသာစကားရှိ ဆရာ ဆိုသောပုဒ်သည် သက္ကတဘာသာ၏ "အာစာရယ" မှ ဆင်းသက်လာသည်ဟု ပညာရှင်တို့က ဖော်ပြကြသည်။ ပုဂံခေတ်တွင် "ဆာရျ (ဆာရယာ) ဟု ရေးသားကြကာ နောက်ပိုင်း၌ ဆရာ ဟုအသွင်ပြောင်းလာခဲ့သည်။

ကဗျာဆောင်ပုဒ်များ

ဆရာ့ဂုဏ်
🌿🌿🌿🌿

"ရှေးရှုမေတ္တာ၊ ကရုဏာနှင့်
နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း
ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ
ဆရာဟူလော့"
(မဃဒေဝလင်္ကာ)

ဆရာ့ဝတ် ငါးပါး
🍁🍁🍁🍁🍁

"အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့၊ ဆရာတို့
ကျင့်ဖို့ ဝတ်ငါးဖြာ"
(သင်္ဂဇာဆရာတော်)

အာစရိယမျိုးငါးပါး
🌷🌷🌷🌷🌷🌷🌷

(၁) ပဗ်ဗဇ်ဖာစရိယ = ဥပဇ်ဈယျဆရာ။

(၂) သပသမ္ပဒါစရိယ = ကံဆောင်ပေးသောဆရာ။

(၃) နဿယာစရိယ = နိဿရည်းပေးသောဆရာ။

(၄) ဥဒ္ဒေသာစရိယ = စာသင်ပေးသောဆရာ။

(၅) ဩဝါဒါစရိယ = ဆိုဆုံးမပေးသောဆရာ။

ကိုးကား
*********

↑ မောင်ခင်မင် (ဓနုဖြူ) (၂၀၁၆)။ တစ်သံ နှစ်သံ သုံးလေးသံ (ဒုတိယအကြိမ်)။ ဓူဝံစာအုပ်တိုက်။ p. ၆၉။

↑ သုခမှတ်စု

↑ ဦးရဲဝေ (မြန်မာစာ)။ စာစီစာကုံးအရေးအသား။

Credit...

ခန္ဓာကိုယ်မှတဏှာလောဘကိုဖယ်ရှားခြင်း

"ခန္ဓာကြီးကို အတွင်းနဲ့အပြင်သာ လဲထားလို့ကတော့
  တုတ်နဲ့ ကျီးတွေကို မောင်းနေရမှာ"
  ***** ***** ****** ****** ****** ****** ****** ****** 
အပေါ်ယံလေးကြည့်ရင် တဏှာရာဂစိတ်ပေါ်လာပြီး
လှတယ်လို့ ထင်တယ်။ အဲဒီလို လှတယ်ထင်လို့ လောဘဖြစ်လာလို့ရှိရင် အတွင်းသားကိုကြည့်..
ခန္ဓာကိုယ်ကြီးရဲ့သဘာဝ မစင်ကြယ်တာတွေကို မြင်အောင်ကြည့်။

သုတ္တန်တစ်ခုမှာ ဟောထားတယ်..
ခန္ဓာကိုယ်ကြီးကို အတွင်းအပြင်များ လဲထားလိုက်မယ်ဆိုရင် တုတ်နဲ့ ကျီးတွေ မောင်းနေရမှာတဲ့..
အပေါ်ယံအရေပါးလေး ဖုံးထားလို့ ဟုတ်သလိုထင်နေတယ်။ အဲဒီအရေပါးလေးပေါ်မှာတောင် လှတဲ့အဝတ်အစားလေးတွေ ဆင်ထားတဲ့အတွက်ကြောင့် မျက်စိလည်နေကြတာတဲ့..ဟုတ်တာပေါ့။

မနက်အိပ်ရာထတာနဲ့ တစ်ပြိုင်နက်တည်း
ခန္ဓာကိုယ်ရဲ့ အညစ်အကြေးသုတ်သင်ရတာက နံပါတ်တစ်ပဲလေ။ မွှေးကြိုင်နေလို့ရှိရင် စုထားမှာပေါ့..မမွှေးကြိုင်လို့ စွန့်ပစ်နေကြရတာပဲ..
ခန္ဓာကိုယ်က ထွက်တာတွေက တင့်တယ်တာတို့
မွှေးကြိုင်တာတို့ တစ်ခုမှ မရှိဘူး..အကုန်ပစ်နေရတာပဲ။ အဲဒါတွေကို စဉ်းစားတွေးခေါ်လိုက်လို့ရှိရင်
လောဘဆိုတာ ဖြစ်လာစရာအကြောင်းမရှိဘူး..

ဒါကြောင့်မို့ တဏှာရာဂတွေ အားနည်းသွားအောင် (သို့)တဏှာရာဂကို ဖယ်ရှားဖို့အတွက် အသုဘဘာဝနာကို အားထုတ်ပါ။
မတင့်တယ်တဲ့သဘောကို ဆင်ခြင်ပေးပါ..
ဆင်ခြင်တာဟာ ဓမ္မ practiseပဲ..
တင်ပလ္လင်ခွေပြီး လက်ကြီးယှက်ထိုင်နေမှ မဟုတ်ဘူးနော် ဘယ်လိုထိုင်ထိုင် မတင့်တယ်မတယ်အခြေအနေတွေ တစ်ခုစီတစ်ခုစီ ခန္ဓာကိုယ် ရဲ့(၃၂) ကောဋ္ဌာသကိုကြည့်..တစ်ခုမှ သိမ်းထားစရာမရှိဘူး..

ကိုယ့်ဆံပင်ပဲ ခေါင်းနေတော့ ဟုတ်တုတ်တုတ်ရှိတယ်။ လှအောင် ပြင်ကြတယ်..ဆေးဆိုးကြတယ်..
အဲဒီဆံပင်ချည်လေးတမျှင်သာ ထမင်းပန်းကန်ထဲ ပါလာလို့ရှိရင် ရွံကြတယ်။လူတွေဟာ အံ့သြစရာတော့ကောင်းတယ်။ ဒီဆံပင်ပါပဲ..ခေါင်းပေါ်နေရင်တော့လည်း အကောင်းသား..
နေရာရွေ့သွားတာနဲ့ မလိုချင်ကြတော့ဘူး..

ကိုယ့်ရဲ့ပါးစပ်ထဲမှာ တံထွေးတွေရှိတယ်..
အပြင်မထွက်သေးသမျှ အကောင်းပဲ မြိုချနေကြတာ။အပြင်ထွက်တာနဲ့ တစ်ပြိုင်နက် အမယ်လေး ရွံတာ။ အဲဒီလိုပဲ အားလုံးဟာ အပြင်မထွက်သေးရင် အကောင်း။အပြင်ထွက်လိုက်တာနဲ့ တစ်ပြိုင်နက် ရွံစရာ။ ဒါကို ဆင်ခြင်တွေးတောတာကို အသုဘလို့ ပြောတာနော်..အသုဘဆိုရင် Funeralသွားပြီးတော့ အောက်မေ့မနေနဲ့..

အဲဒီတော့ အသုဘကို ဆင်ခြင်စဉ်းစားခြင်းဖြင့် ခန္ဓာကိုယ်ပေါ်မှာတွယ်တာတပ်မက်တဲ့ တဏှာလောဘကို ဖယ်ရှားပစ်နိုင်ပါတယ်..
အဲဒါဖယ်ရှားပစ်နိုင်မှ လောဘက လွတ်သွားမှာ..
လွတ်သွားမှ လွတ်မြောက်တဲ့စိတ်ဆိုတာ ရမှာ..
နို့မို့ဆိုရင် တွယ်နေမှာ..မလွတ်မြောက်နိုင်ဘူး..

           Dr.နန်ဒမာလာဘိဝံသ
(ပါချုပ်ဆရာတော်ဘုရားကြီး)

Credit...

Monday, September 20, 2021

ရွှေအိုးမြှုပ်နှံခြင်း

🌹🌹 ရွှေအိုးမြှုပ်နှံခြင်း 🌹🌹

အခါတစ်ပါးမှာ
ဘုရားရှင်ကိုယ်တော်မြတ်ကြီး
သာဝတ္ထိမြို့က သူဋ္ဌေးအိမ်မှာ
ဆွမ်းဘုန်းပေးနေတယ်...

အဲဒီအချိန်မှာ
ကောသလမင်းရဲ့
မင်းချင်းတစ်ယောက်က
အဲဒီသူဋ္ဌေးကြီးကို
ဘဏ္ဏာရေးကိစ္စအတွက်
အစည်းအဝေးတက်ဖို့်
ဘုရင့်အမိန့်နဲ့ လာခေါ်တယ်တဲ့...

သူဋ္ဌေးကြီးက
"အေး..ငါလာခဲ့ပါ့မယ်၊
အခုလောလောဆယ်
ငါရွှေအိုးမြှုပ်နေတယ်လို့
ဘုရင်ကြီးကိုပြောပေးပါ"တဲ့...

အဲဒီစကားကို
မြတ်စွာဘုရားကကြားပြီး
ဆွမ်းအနုမောဒနာတရားဟောတော့
ရွှေအိုးမြှုပ်နှံခြင်းနဲ့စပ်လျဉ်းပြီး
အခုလိုဟောပါတယ်...

ပုထုဇဉ်လူသားတွေဟာ
ရွှေငွေအဖိုးတန်ပစ္စည်းတွေကို
နောင်တစ်ချိန်မှာသုံးစွဲနိုင်ဖို့
မြေကြီးမှာမြှုပ်နှံထားကြတယ်တဲ့...

အဲဒီလိုမြှုပ်ထားတဲ့ပစ္စည်းတွေဟာ
နောင်တစ်ချိန်မှာ
အဲဒီပုဂ္ဂိုလ် သုံးချင်သုံးရမယ်၊
သုံးချင်မှလည်း သုံးရမယ်၊
မသေချာပါဘူးတဲ့...

ဘာကြောင့်လဲဆိုတော့
အဲဒီမြှုပ်နှံထားတာတွေကို
သိတဲ့သူတွေ ယူချင်ယူနိုင်တယ်၊
မြေကြောကလည်းပြောင်းနိုင်တယ်၊
ရေတိုက်စားသွားနိုင်တယ်၊
သူအလိုလိုလည်းပျက်စီးနိုင်တယ်၊
အကြောင်းအမျိုးမျိုးကြောင့်
ပျက်စီးဆုံရှုံးသွားနိုင်ပါတယ်တဲ့...

ကုသိုလ်ကောင်းမှုဆိုတဲ့
ရွှေအိုးကြီးကိုမြှုပ်နှံထားရင်တော့
နောင်တစ်ချိန်မှာ
အကျိူ းမပြီးအချည်းနှီးဆိုတာ
မရှိပါဘူးတဲ့...

ဘယ်သူ့မှလည်း
အနိုင်အထက်လုယူလို့မရဘူး၊
အစဉ်သဖြင့် ကိုယ်နဲ့မကွာ
ရှိနေပါတယ်တဲ့...

အရေးအကြီးဆုံးကတော့
အားလုံးကိုစွန့်ခွာပြီး
သွားရတဲ့အခါမှာတော့
အဲဒီရွှေအိုးကြီးတွေကိုယူပြီး
သွားလို့ရပါတယ်တဲ့...

* သစ္စာရွှေစည်ဆရာတော်
             🙏🙏🙏
Credit...

သေခါနီး စိတ်ပြင်နည်း

"အရှင်ဇနကာဘိဝံသ ဟောကြားသော သေခါနီးထိ  စိတ်ပြင်ပါ "
---------------------------------------------------------------
စိတ်ချမ်းသာပါစေ၊စိတ်မဆင်းရဲပါစေနှင့် ၊ 
စီးပွားကိုရှာပါ ၊ မပျင်းပါနဲ့ ၊ ပျင်းလို့  စီးပွားမရလို့ရှိရင်  စိတ်ဆင်းရဲရပါလိမ့်မယ် ၊ စိတ်ဆင်းရဲလို့  ရုပ်ကမဖြစ်မနေဘူး ၊ မကောင်းတဲ့ရုပ်တွေ  ဖြစ်လိမ့်မယ်။

စိတ်ချမ်းသာလို့ရှိရင်  ကောင်းတဲ့စိတ်တ္တဇရုပ်တွေ  ဖြစ်ပါတယ် ၊ ဒါကြောင့်စီးပွားဥစ္စာ  ရှာရပါတယ် ၊ မှန်မှန်ရှာရပါတယ်။လောဘအင်မတန် မကြီးရပါဘူး ၊ ဒေါသမထွက်ရပါဘူး ၊ ဒေါသဖြစ်တယ်ဆိုလို့ရှိရင်  ဒေါသဖြစ်တဲ့မျက်နှာကို  ကြည့်ပါ ၊ ရုပ်မကြည်လင်ပါဘူး ၊ စိတ္တဇရုပ်တွေ  မကောင်းဖြစ်နေတာ။ဒါကြောင့်  လောဘမကြီးပါနဲ့ ၊ သင့်တင့်ရုံကလေး  လောဘရှိပါစေ ၊ စိတ်ကိုပြင်တော  ဒေါသ  မဖြစ်ပါစေနဲ့ ၊ ဒီဒေါသဟာ  သူ့ကြောင့်ဖြစ်တဲ့  စိတ်တွေကဖြစ်နေတာ ၊ မကောင်းစိတ်တွေ  မကောင်းရုပ်တွေ  ဖြစ်နေမှာ။

ဒါကြောင့်မိုလို့  စိတ်ကိုပြုပြင်ပေးပါ။
ဘယ်လောက်ထိအောင်  ပြုပြင်ရမတုန်း ၊ 
အခုထိလည်း  ပြုပြင်နေရမယ် ၊ 
နောင်ကိုလဲ  သေသည်ထိပြုပြင်ကြပါ ၊ 
စိတ်ဆင်းရဲအောင်တော့  ဘာကိစ္စနဲ့မှ  မဖြစ်စေရဘူး။

ကျောင်းသံဃာတွေကို  စိတ်မဆင်းရဲအောင် ၊ 
သူတို့စိတ်ဆင်းရဲရင်  ကိုယ်လည်းစိတ်ဆင်းရဲနေရမယ် ။ သူတို့ကောင်းအောင်စည်းကမ်း  တင်းကျပ်သလို  
ကျောင်းဒကာဒကာမတွေကိုလဲ
ဘေးအန္တရာယ်မရှိအောင်  သတိပေးနေရတယ်။

သူတို့ဖြစ်လို့ရှိရင်  ကိုယ့်စိတ်က  အရိယာစိတ်မဟုတ်တော့  သူတို့မချမ်းသာလို့ရှိရင်  ကိုယ့်စိတ်လည်း  မချမ်းသာရှိမှာပဲ ၊ သိပ်လောဘ  မကြီးနဲ့ ၊ 
မတော်တဆ  ခြေချော်လက်ချော်ဆိုရင်  တအိမ်လုံး စိတ်ဆင်းရဲနေရမယ် ၊ မကောင်းတဲ့  စိတ္တဇရုပ်ဖြစ်ရုံသာမကဘူး ၊ ဘေးပတ်ဝန်းကျင်ရဲ့ အထင်သေးမှု အပြောအဆိုတွေကြောင့်မိုလို့ မကေါင်းတဲ့စိတ်တွေ  ထပ်ပြီးတော့ဖြစ်တယ်။ အဲဒီအခါ မကောင်းတဲ့ရုပ်တွေဖြစ်တာ  သိသာလွန်းလို့ ။

ဘုန်းကြီးစိတ်ကိုပြုပြင်နေတာ ၊ 
ဘယ်လောက်ထိပြုပြင်နေရလဲဆိုတော့  သေခါနီးထိ ၊ ဘုန်းကြီးက  ငါ  ဘာရောဂါနဲ့သေမလဲဆိုတာ  မသိဘူး။

ဘုန်းကြီးအတွက်  စိတ်ကိုသေခါနီးထိ  တွေးထားတာ ၊ သေခါနီး  မျက်နှာငယ်လေးနဲ့  လာမမေးပါနဲ့ ၊ 
ကိုယ့်ဘာသာကိုယ်ခံနေမှာ ၊ သူများက  မျက်နှာငယ်လေးနဲ့လာပြီးတော့ , အို  ဖြစ်မှဖြစ်ရပလေ ဘာညာနဲ့  လူတွေနားလည်းမလည်ဘူး ၊ စကားလဲမပြောတတ်ဘူး ၊ မလာကြနဲ့။

ငါ့  ရောဂါဒဏ်နဲ့  ငါ့ဘာသာငါ  ငါ့စိတ်ကို  ငါစဉ်းစားနေမယ် ၊ ဗုဒ္ဓမြတ်စွာရင့်မကြီးတောင်မှ  ပရိနိဗ္ဗာန်  စံတော်မူခါနီး  ဝမ်းတော်လားပြီးတော့  စံတော်မူရတယ်။

အကယ်၍များ  ဘုန်းကြီး  ဒီရောဂါမျိုးဖြစ်ရင်  ဘုရားကိုအာရုံပြုနေမှာပါ ၊ 
ပါရမီရှင်ကြီး  မြတ်စွာဘုရား ,
ပါရမီဖြည့်ပြီးသား  မြတ်စွာဘုရားတောင်  ဒီခန္ဓာကိုယ်  ဒီရုပ်ခန္ဓာနဲ့နေသမျှ  ဝမ်းတော်
လားရသေးတာ ၊ ငါ  ဘာမိုလို့တုန်း  ဖြစ်ပေါ့။  
ဒီရောဂါ ၊ ဘုန်းကြီးစိတ်ကို  အဲဒီထိ  တွေးထားတာ ၊ 
အရှင်သာရိပုတ္တရာ  သွေးတော်အန်ပြီးတော့ ပရိနိဗ္ဗာန်စံရတယ် ၊ ဘုန်းကြီး  ဒီရောဂါအလားတူနီးနီးစပ်စပ်ဖြစ်ဖြစ် ဒီရုပ်နာမ်ခန္ဓာနဲ့  လာရှိနေသမျှ  
အရှင်သာရိပုတ္တရာမှ  ဒုက္ခမှမလွတ်ပဲနဲ့  ငါကောဘာမိုလို့တုန်း ၊ ငါ့ပါရမီကဘယ်လောက်  ရင့်သေးလို့တုန်း ၊ ဖြစ်  ခံပေါ့ ၊ ဒီရောဂါလဲပဲ  မြဲတာမဟုတ်ဘူး ၊ 
ပြီးတော့  ဒီရောဂါလဲပဲ  သေသွားတော့  သူ့ဟာသူ  ပြီးသွားတာပဲ။

ဒါကြောင့်  ဒီအနိစ္စဖြစ်တဲ့  ရောဂါကို  အကြောင်းပြုပြီး  သူများကလာပြီး  မျက်နှာငယ်လေးနဲ့  လာမကြည့်လာနဲ့ ၊ မလိုချင်ဘူး။

အကယ်၍  သူတစ်ပါးရဲ့  ဒဏ်ရာဒဏ်ချက်ကြောင့်  သေလုမြောပါးဖြစ်နေရင်  တန်ခိုးအင်မတန်ကြီးတဲ့  အရှင်မဟာမောဂ္ဂလန်ပုဂ္ဂိုလ်ကြီးတောင်မှ  ခိုးသားငါးရာလက်ချက်ကြောင့်  အရိုးကလေးတွေ
ကြေမွသွားလောက်အောင်  အရိုက်အနှက်ခံရသေးတာပဲ။

ငါ့ဘာမိုလို့တုန်း ၊ ဖြစ်ပါစေ  ခံပေါ့ ၊ 
ဟောဒါ  ဘုန်းကြီးက  သေခါနီးထိ  စိတ်ကိုတင်းပြီးတော့  ဒီစိတ်သက်သက်သာသာနဲ့သေဖို့ရန်
စောစောကတည်းကိုက  စီစဉ်ထားတယ်လေ ၊ 
နေရာတိုင်းမှာ စောစောကထဲကကိုက  စီစဉ်ထားတယ်။

အခုလူတွေက  စိတ်ကိုမပြုပြင်တတ်လို့ ၊ 
စိတ်သိပ်ငယ်တယ်။စိတ်သိပ်ငယ်တော့  ရုပ်တွေကညံ့လာတယ် ၊ စိတ္တဇရုပ်တွေညံ့လာတယ် ၊ 
စိတ္တဇရုပ်တွေညံ့လာတော့  ဘာရောဂါဖြစ်တယ်၊ 
နှလုံးဘာဖြစ်တယ် ၊ အသည်းဘာဖြစ်တယ် ၊ အဆုတ်ဘာဖြစ်တယ် ၊ ဝမ်းထဲလျှောက်တော့  စိတ္တဇရုပ်တွေမဟုတ်လား ၊ ဝမ်းထဲမှာလဲပဲ  နှလုံးတို့  အသည်းတို့  နာမည်တပ်ထားပေမယ့်  
ကံကြောင့်ဖြစ်တဲ့ရုပ်တွေ ,ဥတုကြောင့်ဖြစ်တဲ့ရုပ်တွေ ၊ ဒီရုပ်တွေပေါင်းထားတာ ၊ ဒီရုပ်တွေပေါင်းပြီးတော့  နှလုံးတို့  အဆုပ်တို့ကျောက်ကပ်တို့  ဒီလိုခေါ်နေတာ။

ဒီတော့  ကံကြောင့်  စိတ်ကြောင့်  ဥတုကြောင့်  ပေါင်းထားတဲ့  ဒီနှလုံး  အသည်း  ကျောက်ကပ်စသည်တွေဟာ  စိတ်မကောင်းလို့ရှိရင်  ရောဂါဖြစ်ဖို့လွယ်တာပေါ့ ၊ ရောဂါဖြစ်လာလို့ရှိရင်  ကုဖို့ခဲယဉ်းပြန်တာပေါ့။

ဒါကြောင့်  ဘုန်းကြီးက  စိတ်ကောင်းကောင်းထား ၊ 
ကံကောင်းအောင်လဲ  မတော်မတရားတွေမလုပ်ပါနဲ့ ၊ ကောင်းတဲ့ကံနဲ့ ပြုပြင်စရာရှိတာတွေ  ပြုပြင်လို့ ၊လှူ သင့်တာကိုလှူလို့ ၊ စိတ်ကိုလည်း  ကောင်းကောင်းထားပါ ၊ 
စိတ်လဲ မငယ်ပါနဲ့ ၊စိတ်အားမငယ်ပါနဲ့ ၊ 
သေတာထက်  ဟိုဘက်  ဘာမှမရှိဘူး။

"အများကပြောကြတယ်,  ဆိုကြတယ်ဆိုတာတွေဟာ  အလကားပါ ၊ 
ကိုယ့်ကိုယ်ကိုသာ  ပဓါနပါ ၊ 
ကိုယ်နဲ့  ရင်းနှီးလူက  ပဓါနပါ ၊ ဂရုစိုက်စရာ  မရှိပါဘူး ၊ ကံကို  ကောင်းအောင်သာ  သတိထားနေပါ။
စိတ်ကို  အဲဒီနည်းနဲ့  ပြုပြင်ပါလို့  ဘုန်းကြီးကပြောတယ် ၊ ဘုန်းကြီးကလဲ  ဒီနည်းနဲ့  လုပ်နေတာ ………"
………………………………………………………………

(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
……………………………………………………

credit :

Wednesday, September 15, 2021

ဥပေက္ခာ

❝ ဥပေက္ခာ ❞
°°°°°°°°°°°°°°°

ဥပေက္ခာရဲ့ သဘောက အင်မတန် မှ မြင့်မြတ်တယ် နော်။

လူတစ်ယောက်ရဲ့ စော်ကားမှုကို အမှတ်မထားဘူး၊ချီးမွမ်းမှုကိုလည်း အမှတ်မထားဘူး။ 

လုပ်သင့်တာကိုပဲ လုပ်ပေးတယ်၊ကူညီပေးတယ်..

ဥပေက္ခာနဲ့ ခွင့်လွှတ်နိုင်ရမယ်။
လောကလူတွေဟာ ခွင့်မလွှတ်နိုင်ကြဘူးနော်။

ခွင့်မလွှတ်နိုင်တာဟာ မာနကြောင့်ပဲ။ 

ဥပေက္ခာတရားဆိုတာ ခွင့်လွှတ်နိုင်စွမ်းတဲ့ 
စွမ်းအားသတ္တိ ရှိတယ်။

တစ်ဦးတစ်ယောက်က ဘာတွေပဲလုပ်လုပ် အဲဒီ အလုပ်ပေါ်မှာ မှတ်သားမထားဘူး၊ ကိုယ် လုပ်သင့်တာကိုပဲ လုပ်သွားတယ်။ 

ဒါကို ဥပေက္ခာလို့  ခေါ်တာနော်။

တချို့က အဓိပ္ပါယ် ပြောင်းပြန်လုပ်ပြီး ဥပေက္ခာကို ပြောကြတယ်။ 

မတည့်တဲ့လူတစ်ယောက်ကို ဥပေက္ခာ ရှူထားတယ်။

ခေါ်လဲ မခေါ်ဘူး ပြောလဲမပြောဘူး .. 

ဒီလိုပစ်ထားတာကို ဥပေက္ခာလို့ ဒီလို ထင်ကြတယ်။

ဥပေက္ခာရဲ့ သဘောက အင်မတန်မြင့်မြတ်တယ်နော်။ 

လူတစ်ယောက်က ကိုယ့်အပေါ်မှာ စော်ကားမော်ကား ပြောတဲ့စကား သူ့ရဲ့လုပ်ရပ်တွေကို အမှတ်မထားဘဲ ကိုယ်လုပ်သင့်တယ်လို့ ထင်ရင် လုပ်ပေးတယ် ကူညီပေးတယ်။ 

လူတစ်ယောက်ရဲ့ စော်ကားမှုကို အမှတ်မထား ဘူး၊ချီးမွမ်းမှုကိုလည်း အမှတ်မထားဘူး။ 

လုပ်သင့်တာကိုပဲ လုပ်ပေးတယ်။

လောကလူသားတွေဟာ ကိုယ့်ကို ချီးမွမ်းလို့ရှိရင် ပိုလုပ်ပေးတယ်။ 

ကိုယ့်ကို ကဲ့ရဲ့ရင် ပစ်ထားတယ်။ 
အဲဒါ ဥပေက္ခာမဟုတ်ဘူး။ 

ဥပေက္ခာရဲ့ သဘောက ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း ဒီနှစ်ခုစလုံးအပေါ်မှာ အမှတ်မထားဘဲ စိတ်ထဲမှာ သိမ်းမထားဘဲ လုပ်သင့်တဲ့ အလုပ်ကို လုပ်ပေးတာ။

စိတ်ပြောင်းလဲမှု မရှိဘူး။ 

မေတ္တာ ခန္တီတို့ရဲ့ လုပ်ငန်းတွေကို သူကဆက်လက် လုပ်ပေးတယ်။ 

အဲဒါကို ဥပေက္ခာလို့ ဒီလိုခေါ်တာနော်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
 ဒေါက်တာ နန္ဒမာလာဘိဝံသ

**ပါချုပ်ဆရာတော် 
**KhinSandarSoeHtut 
**တရားမှတ်စု

Thursday, September 9, 2021

တချိန်ချိန်မှာတော့ ခွဲရမှာပါ

"တစ်ချိန်ချိန်မှာတော့....  ခွဲရမှာပါ"
          ══════════
❖မနက်က ဒကာတစ်ယောက်က လျှောက်တယ်။ 
   သူက မိသားစုနဲ့ ခွဲရနိုင်တဲ့ 
   အခြေအနေမျိုး ကြုံနေရတယ်လို့ ဆိုတယ်။
   ဆေးရုံတက်နေချိန်မှာဆို ရှင်ကွဲ ကွဲနေရတယ်။
   ဆေးရုံက ပြန်မလာနိုင်တော့ရင် 
   သေကွဲ ကွဲရတော့မယ့် အခြေအနေလို့ဆိုတယ်။ 
   သုံးနှစ်အရွယ် သမီးငယ်လေးက 
   သူ ဆေးရုံဆေးခန်း သွားရခါနီးတိုင်းငိုတယ်တဲ့ ...။
   ဒါကြောင့် သူ့ကို စိတ်အားရှိစေမယ့် 
   တရားဓမ္မ ဟောကြားပေးပါလို့လျှောက်တယ် ...။

❖ဟိုတုန်းက -

  အရူးတစ်ယောက်က 
  ရေအိုင်စပ်ထိုင်နေတုန်း ရေအိုင်ထဲကို 
  တောဘဲအုပ်ကြီး ကျလာတယ်။ 
  သူ့က တောဘဲအုပ်ကြီးကို သူ့ဘဲတွေလို့ 
  သတ်မှတ်ပြီး တုတ်တစ်ချောင်းကိုင်ပြီး 
  ဘဲကျောင်းနေတယ် ...။
  ငါ့ဘဲတွေလို့ စိတ်ကူးယဉ်ကောင်းနေတုန်း 
  ညနေအချိန် ရောက်လာတယ်။ 

❖ ညနေရောက်တော့ ..
    ဘဲတွေက ကောင်းကင်ပျံတက်ပြီး 
    အိပ်တန်းဆီ ပြန်ကြတယ်။ 
    အဲဒီအခါမှာ သူက တုတ်တစ်ချောင်းကိုင်ပြီး
   “ငါ့ဘဲတွေ ငါ့ဘဲတွေ ဘယ်သွားကြတာလဲ” 
    လို့ အော်ရင်းနဲ့... ဘဲအုပ်ကြီးနောက်ကို 
    ပြေးလိုက်သွားတယ်။ 

  တကယ်က သူ့ဘဲတွေမှ မဟုတ်ဘဲ။ 
  လူကောင်းဆိုရင်လည်း တောဘဲအုပ်ကို 
  ကိုယ့်ဘဲအုပ်လို့ ထင်ပါ့မလား ? 
  မထင်ပါဘူးနော် ...။

❖ဘဝတစ်ခုမှာ တွေ့ဆုံ ကြုံကြိုက်ရတဲ့ 
   သားသမီး ဇနီးခင်ပွန်းကို 
   လူတွေက... ကိုယ့်အပိုင်လို့ ထင်နေကြတယ်။ 
   တကယ်က ဘယ်သူကမှ ဘယ်သူ့ကိုမှ 
   မပိုင်ပါဘူး။ 
   ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်မပိုင်ပါဘူးနော်။ 

❖အကြောင်းသင့်တုန်းလေးမို့ 
   ပေါင်းဆုံနေကြရတာ ဖြစ်တယ်။ 
   အကြောင်းမသင့်တဲ့တနေ့ ခွဲကြရမှာဘဲ။ 

❖ ဒါက ကိုယ့်တစ်ယောက်ထဲဘဲ 
    ဖြစ်နေတာလားဆိုတော့ မဟုတ်ဘူး။ 
    သုံးဆယ့်တစ်ဘုံလုံး ဖြစ်နေကြတာ။  
    ကိုယ့်တစ်ယောက်ထဲ မဟုတ်ပါဘူး။
    ဒါက သတ္တဝါတွေအတွက် ..
    ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာ ဖြစ်တယ်။ 

❖ သို့သော်လည်း ကိုယ့်ဘဲအုပ်ကြီးလို့ 
    စိတ်ကူးယဉ်ကောင်းနေတုန်းမှာ 
    ရုတ်တရက်ခွဲရတော့ ..
    အတော်ခံစားကြရတယ်နော်။ 

❖ သတင်းစာ နောက်ကျောဘက်ကို 
    ဖတ်မိတဲ့အခါ ဘာခံစားရလဲ ?
    ဘာမှမခံစားရဘူး။
    ကိုယ်ဆိုင်တယ် ကိုယ်ပိုင်တယ်လို့ 
    သတ်မှတ်မထားလို့နော် ...။
    ကိုယ်ပိုင်တယ် ကိုယ်ဆိုင်တယ်လို့ 
    သတ်မှတ်ထားရင် ခံစားကြရတယ်။ 

❖ ဒီတော့ သားသမီး ဇနီးခင်ပွန်းတွေကို 
    ကိုယ်ပိုင်တယ် ကိုယ်ဆိုင်တယ်ဆိုတဲ့ 
    အထင်အမြင်မှားမှုကို ..
    သတိလေးနဲ့ လျော့ချရမယ်။ 
    ကိုယ်မထားခဲ့လဲ ..
    သူတို့က ကိုယ့်ကို ထားခဲ့မှာဘဲ။
    ဒီသဘာဝကို နားလည်လက်ခံနိုင်ရမယ်။

❖ ကိုယ်တကယ်ပိုင်တာ 
    ကိုယ်တကယ်ဆိုင်တာက 
    ကိုယ်ပြုထားတဲ့ ...
    ကုသိုလ်ကံ အကုသိုလ်ကံတွေပဲဖြစ်တယ်။ 
    ကိုယ့်ဘဝရဲ့ အဖော်အမွန်အစစ်ဆိုတာ
    ကိုယ်ပြုထားတဲ့ ..
    ကုသိုလ်ကံ အကုသိုလ်ကံတွေသာဖြစ်တယ်။ 

❖ သားသမီး ဇနီးခင်ပွန်းဆိုတာက 
    သုဿာန် ဟိုဘက်အထိ လိုက်လို့မရဘူး။ 
    ကိုယ်ပြုထားတဲ့ ကံတွေကတော့ 
    ကိုယ်သွားရာကို နိဗ္ဗာန်မရမချင်း 
    အရိပ်လို လိုက်ပါနေကြမှာဖြစ်တယ်။

❖ လူဆိုတာ အကြောင်းဆုံလို့ 
    ပေါင်းဆုံရတဲ့အခါမှာ -
    အကောင်းဆုံးပေါင်းဆုံခဲ့ကြသလို 
    အကြောင်းမဆုံတော့လို့ ..
    ခွဲကြရတော့မယ်ဆိုရင်လည်း
    အကောင်းဆုံး ခွဲနိုင်ဖို့လိုတယ်။ 

❖ ကိုယ်က သားသမီးဇနီးခင်ပွန်းကို 
    စွဲလမ်းတပ်မက်စိတ်နဲ့ သေတယ်ဆိုရင် 
    မကောင်းတဲ့ဘုံဘဝကို လားရောက်ရမယ်။ 
    ကိုယ့်ရဲ့ စွဲလန်းတပ်မက်စိတ်က 
    သူတို့ကို ကောင်းကျိုးတစုံတရာ 
    ပြုနိုင်သလားဆိုတော့... မပြုနိုင်ဘူး။  

❖ ကိုယ့်အတွက် ..
    ကောင်းကျိုးပြုသလားဆိုတော့လည်း
    မပြုပါဘူး။ နှစ်ဖက်ရှုံး၊ ရှုံးစေတယ်နော် ...။

❖ ဒါကြောင့် နှစ်ဖက်ရှုံး၊ မရှုံးရအောင် 
    ဒီအချိန်ကစလို့ မိသားစုကို 
    ငါတကယ်မပိုင် ငါတကယ်မဆိုင်ဘူးလို့ 
    နားလည်လက်ခံပါ။
    ဒီအခြေအနေက ..
    ငါ့တစ်ယောက်ထဲ ကြုံနေရတာ 
    မဟုတ်ဘူးဆိုတာကိုလည်း 
    နားလည်လက်ခံပါ ...။

❖ မိသားစုကို ချစ်သလို ငါ့ကိုယ်ငါလည်း 
    ချစ်မှတော်မယ်လို့ တွေးပြီး 
    ဒါန သီလ ဘာဝနာအမွုတို့ကို 
    စွမ်းအားရှိသလောက် ပြုလုပ်အားထုတ်ပါ။ 

❖ တစ်ချိန်ချိန်တော့ ..
    ကိုယ်မခွဲရင် သူတို့က ခွဲခဲ့မှာဘဲနော်။

✿ (ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)

✿ Credit...