"အရှင်ဇနကာဘိဝံသ ဟောကြားသော သေခါနီးထိ စိတ်ပြင်ပါ "
---------------------------------------------------------------
စိတ်ချမ်းသာပါစေ၊စိတ်မဆင်းရဲပါစေနှင့် ၊
စီးပွားကိုရှာပါ ၊ မပျင်းပါနဲ့ ၊ ပျင်းလို့ စီးပွားမရလို့ရှိရင် စိတ်ဆင်းရဲရပါလိမ့်မယ် ၊ စိတ်ဆင်းရဲလို့ ရုပ်ကမဖြစ်မနေဘူး ၊ မကောင်းတဲ့ရုပ်တွေ ဖြစ်လိမ့်မယ်။
စိတ်ချမ်းသာလို့ရှိရင် ကောင်းတဲ့စိတ်တ္တဇရုပ်တွေ ဖြစ်ပါတယ် ၊ ဒါကြောင့်စီးပွားဥစ္စာ ရှာရပါတယ် ၊ မှန်မှန်ရှာရပါတယ်။လောဘအင်မတန် မကြီးရပါဘူး ၊ ဒေါသမထွက်ရပါဘူး ၊ ဒေါသဖြစ်တယ်ဆိုလို့ရှိရင် ဒေါသဖြစ်တဲ့မျက်နှာကို ကြည့်ပါ ၊ ရုပ်မကြည်လင်ပါဘူး ၊ စိတ္တဇရုပ်တွေ မကောင်းဖြစ်နေတာ။ဒါကြောင့် လောဘမကြီးပါနဲ့ ၊ သင့်တင့်ရုံကလေး လောဘရှိပါစေ ၊ စိတ်ကိုပြင်တော ဒေါသ မဖြစ်ပါစေနဲ့ ၊ ဒီဒေါသဟာ သူ့ကြောင့်ဖြစ်တဲ့ စိတ်တွေကဖြစ်နေတာ ၊ မကောင်းစိတ်တွေ မကောင်းရုပ်တွေ ဖြစ်နေမှာ။
ဒါကြောင့်မိုလို့ စိတ်ကိုပြုပြင်ပေးပါ။
ဘယ်လောက်ထိအောင် ပြုပြင်ရမတုန်း ၊
အခုထိလည်း ပြုပြင်နေရမယ် ၊
နောင်ကိုလဲ သေသည်ထိပြုပြင်ကြပါ ၊
စိတ်ဆင်းရဲအောင်တော့ ဘာကိစ္စနဲ့မှ မဖြစ်စေရဘူး။
ကျောင်းသံဃာတွေကို စိတ်မဆင်းရဲအောင် ၊
သူတို့စိတ်ဆင်းရဲရင် ကိုယ်လည်းစိတ်ဆင်းရဲနေရမယ် ။ သူတို့ကောင်းအောင်စည်းကမ်း တင်းကျပ်သလို
ကျောင်းဒကာဒကာမတွေကိုလဲ
ဘေးအန္တရာယ်မရှိအောင် သတိပေးနေရတယ်။
သူတို့ဖြစ်လို့ရှိရင် ကိုယ့်စိတ်က အရိယာစိတ်မဟုတ်တော့ သူတို့မချမ်းသာလို့ရှိရင် ကိုယ့်စိတ်လည်း မချမ်းသာရှိမှာပဲ ၊ သိပ်လောဘ မကြီးနဲ့ ၊
မတော်တဆ ခြေချော်လက်ချော်ဆိုရင် တအိမ်လုံး စိတ်ဆင်းရဲနေရမယ် ၊ မကောင်းတဲ့ စိတ္တဇရုပ်ဖြစ်ရုံသာမကဘူး ၊ ဘေးပတ်ဝန်းကျင်ရဲ့ အထင်သေးမှု အပြောအဆိုတွေကြောင့်မိုလို့ မကေါင်းတဲ့စိတ်တွေ ထပ်ပြီးတော့ဖြစ်တယ်။ အဲဒီအခါ မကောင်းတဲ့ရုပ်တွေဖြစ်တာ သိသာလွန်းလို့ ။
ဘုန်းကြီးစိတ်ကိုပြုပြင်နေတာ ၊
ဘယ်လောက်ထိပြုပြင်နေရလဲဆိုတော့ သေခါနီးထိ ၊ ဘုန်းကြီးက ငါ ဘာရောဂါနဲ့သေမလဲဆိုတာ မသိဘူး။
ဘုန်းကြီးအတွက် စိတ်ကိုသေခါနီးထိ တွေးထားတာ ၊ သေခါနီး မျက်နှာငယ်လေးနဲ့ လာမမေးပါနဲ့ ၊
ကိုယ့်ဘာသာကိုယ်ခံနေမှာ ၊ သူများက မျက်နှာငယ်လေးနဲ့လာပြီးတော့ , အို ဖြစ်မှဖြစ်ရပလေ ဘာညာနဲ့ လူတွေနားလည်းမလည်ဘူး ၊ စကားလဲမပြောတတ်ဘူး ၊ မလာကြနဲ့။
ငါ့ ရောဂါဒဏ်နဲ့ ငါ့ဘာသာငါ ငါ့စိတ်ကို ငါစဉ်းစားနေမယ် ၊ ဗုဒ္ဓမြတ်စွာရင့်မကြီးတောင်မှ ပရိနိဗ္ဗာန် စံတော်မူခါနီး ဝမ်းတော်လားပြီးတော့ စံတော်မူရတယ်။
အကယ်၍များ ဘုန်းကြီး ဒီရောဂါမျိုးဖြစ်ရင် ဘုရားကိုအာရုံပြုနေမှာပါ ၊
ပါရမီရှင်ကြီး မြတ်စွာဘုရား ,
ပါရမီဖြည့်ပြီးသား မြတ်စွာဘုရားတောင် ဒီခန္ဓာကိုယ် ဒီရုပ်ခန္ဓာနဲ့နေသမျှ ဝမ်းတော်
လားရသေးတာ ၊ ငါ ဘာမိုလို့တုန်း ဖြစ်ပေါ့။
ဒီရောဂါ ၊ ဘုန်းကြီးစိတ်ကို အဲဒီထိ တွေးထားတာ ၊
အရှင်သာရိပုတ္တရာ သွေးတော်အန်ပြီးတော့ ပရိနိဗ္ဗာန်စံရတယ် ၊ ဘုန်းကြီး ဒီရောဂါအလားတူနီးနီးစပ်စပ်ဖြစ်ဖြစ် ဒီရုပ်နာမ်ခန္ဓာနဲ့ လာရှိနေသမျှ
အရှင်သာရိပုတ္တရာမှ ဒုက္ခမှမလွတ်ပဲနဲ့ ငါကောဘာမိုလို့တုန်း ၊ ငါ့ပါရမီကဘယ်လောက် ရင့်သေးလို့တုန်း ၊ ဖြစ် ခံပေါ့ ၊ ဒီရောဂါလဲပဲ မြဲတာမဟုတ်ဘူး ၊
ပြီးတော့ ဒီရောဂါလဲပဲ သေသွားတော့ သူ့ဟာသူ ပြီးသွားတာပဲ။
ဒါကြောင့် ဒီအနိစ္စဖြစ်တဲ့ ရောဂါကို အကြောင်းပြုပြီး သူများကလာပြီး မျက်နှာငယ်လေးနဲ့ လာမကြည့်လာနဲ့ ၊ မလိုချင်ဘူး။
အကယ်၍ သူတစ်ပါးရဲ့ ဒဏ်ရာဒဏ်ချက်ကြောင့် သေလုမြောပါးဖြစ်နေရင် တန်ခိုးအင်မတန်ကြီးတဲ့ အရှင်မဟာမောဂ္ဂလန်ပုဂ္ဂိုလ်ကြီးတောင်မှ ခိုးသားငါးရာလက်ချက်ကြောင့် အရိုးကလေးတွေ
ကြေမွသွားလောက်အောင် အရိုက်အနှက်ခံရသေးတာပဲ။
ငါ့ဘာမိုလို့တုန်း ၊ ဖြစ်ပါစေ ခံပေါ့ ၊
ဟောဒါ ဘုန်းကြီးက သေခါနီးထိ စိတ်ကိုတင်းပြီးတော့ ဒီစိတ်သက်သက်သာသာနဲ့သေဖို့ရန်
စောစောကတည်းကိုက စီစဉ်ထားတယ်လေ ၊
နေရာတိုင်းမှာ စောစောကထဲကကိုက စီစဉ်ထားတယ်။
အခုလူတွေက စိတ်ကိုမပြုပြင်တတ်လို့ ၊
စိတ်သိပ်ငယ်တယ်။စိတ်သိပ်ငယ်တော့ ရုပ်တွေကညံ့လာတယ် ၊ စိတ္တဇရုပ်တွေညံ့လာတယ် ၊
စိတ္တဇရုပ်တွေညံ့လာတော့ ဘာရောဂါဖြစ်တယ်၊
နှလုံးဘာဖြစ်တယ် ၊ အသည်းဘာဖြစ်တယ် ၊ အဆုတ်ဘာဖြစ်တယ် ၊ ဝမ်းထဲလျှောက်တော့ စိတ္တဇရုပ်တွေမဟုတ်လား ၊ ဝမ်းထဲမှာလဲပဲ နှလုံးတို့ အသည်းတို့ နာမည်တပ်ထားပေမယ့်
ကံကြောင့်ဖြစ်တဲ့ရုပ်တွေ ,ဥတုကြောင့်ဖြစ်တဲ့ရုပ်တွေ ၊ ဒီရုပ်တွေပေါင်းထားတာ ၊ ဒီရုပ်တွေပေါင်းပြီးတော့ နှလုံးတို့ အဆုပ်တို့ကျောက်ကပ်တို့ ဒီလိုခေါ်နေတာ။
ဒီတော့ ကံကြောင့် စိတ်ကြောင့် ဥတုကြောင့် ပေါင်းထားတဲ့ ဒီနှလုံး အသည်း ကျောက်ကပ်စသည်တွေဟာ စိတ်မကောင်းလို့ရှိရင် ရောဂါဖြစ်ဖို့လွယ်တာပေါ့ ၊ ရောဂါဖြစ်လာလို့ရှိရင် ကုဖို့ခဲယဉ်းပြန်တာပေါ့။
ဒါကြောင့် ဘုန်းကြီးက စိတ်ကောင်းကောင်းထား ၊
ကံကောင်းအောင်လဲ မတော်မတရားတွေမလုပ်ပါနဲ့ ၊ ကောင်းတဲ့ကံနဲ့ ပြုပြင်စရာရှိတာတွေ ပြုပြင်လို့ ၊လှူ သင့်တာကိုလှူလို့ ၊ စိတ်ကိုလည်း ကောင်းကောင်းထားပါ ၊
စိတ်လဲ မငယ်ပါနဲ့ ၊စိတ်အားမငယ်ပါနဲ့ ၊
သေတာထက် ဟိုဘက် ဘာမှမရှိဘူး။
"အများကပြောကြတယ်, ဆိုကြတယ်ဆိုတာတွေဟာ အလကားပါ ၊
ကိုယ့်ကိုယ်ကိုသာ ပဓါနပါ ၊
ကိုယ်နဲ့ ရင်းနှီးလူက ပဓါနပါ ၊ ဂရုစိုက်စရာ မရှိပါဘူး ၊ ကံကို ကောင်းအောင်သာ သတိထားနေပါ။
စိတ်ကို အဲဒီနည်းနဲ့ ပြုပြင်ပါလို့ ဘုန်းကြီးကပြောတယ် ၊ ဘုန်းကြီးကလဲ ဒီနည်းနဲ့ လုပ်နေတာ ………"
………………………………………………………………
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
……………………………………………………
No comments:
Post a Comment