စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, April 28, 2023

စိတ်ကိုထိန်း အေးငြိမ်းချမ်းသာမည်

စိတ်ကိုထိန်း အေးငြိမ်းချမ်းသာမည်
____________________________

၁။ စိတ်ဆိုတာ နိုင်ဖို့ ခက်တယ်။

၂။ စိတ်ဆိုတာ အလွန်မြန်တဲ့ 
သဘောလည်း ရှိတယ်။

၃။ စိတ်ဆိုတာ ရောက်ချင်ရာကို 
ရောက်တတ်တဲ့ သဘောလည်း ရှိတယ်။

ဒါပေမယ့် ဒီလို စိတ်ကိုပဲ ဆုံးမနိုင်အောင် 
ကြိုးစားရမယ်။

ဆုံးမနိုင်ရင် ကောင်းတယ်။

ဘာကြောင့်တုန်း၊ ဆုံးမထားတဲ့စိတ်ဟာ 
ချမ်းသာသုခ ဖြစ်စေလိမ့်မယ်။

ဒါယကာကြီးတို့ ဒါယိကာကြီးတို့ 
ဦးဇင်းတို့တစ်တွေ မသင့်တော်တာတွေကို 
ပြောမိကြတယ်၊လုပ်မိကြတယ်ဆိုတာ
အခြေခံ ဘယ်ကစတုန်း၊ စိတ်က စတာနော်။

စိတ်ထဲမှာ ပြောချင်စိတ်တွေ 
ပေါ်လာပြီးမှ ပြောရတာ။
လုပ်ချင်စိတ်တွေ ပေါ်လာပြီးမှ လုပ်ရတာ။
အစကနဦး စိတ်ထဲမှာကိုက 
မကောင်းတာ ဖြစ်မနေဘူးဆိုရင်
မကောင်းတဲ့ အပြော ပြောမိစရာ
အကြောင်းကို မရှိဘူး။
မကောင်းတဲ့ အလုပ် လုပ်မိစရာ
အကြောင်းကို မရှိဘူး။

စိတ်ကိုသာ မနိုင်လို့ကတော့၊ 
စိတ်ကသာ မဟုတ်လို့ကတော့
အပြောလည်း ဟုတ်စရာအကြောင်း မရှိဘူး။
အလုပ်လည်း ဟုတ်စရာအကြောင်း မရှိဘူး။

အရှင်ဥတ္တမ(သစ္စာရွှေစည်)

ယောနိသောမနသိကာရတရားတော်မှ ကူးယူ ပူဇော်သည်။

Wednesday, April 26, 2023

အမှန်မသိတဲ့အဝိဇ္ဇာကိုဖယ်ရှားရမယ်

(ဘုန်းဘုန်းအမ)က သူ့ကြောင်လေးကို ချစ်ရှာပီး    အဘွားက   ကြောင်လေးကို   မခွဲနိုင်မှာစိုးရိမ်နေတာကို     မြင်တော့   ဆရာ​တော်ကြီးက ကြောင်လေးကိုပါ တခါတည်း ခေါ်ပေးရှာပါတယ်။ 

အမကြီးအမိရာမို့ ခင်ပွန်းကြီး၁၀ပါးဂိုဏ်းဝင် အမတော်ရဲ့ကျေးဇူးဆပ်သောအားဖြင့်
ပြည့်စုံအောင်ဖြည့်ဆည်းပေးပါတယ်။ 

သကြားလုံးလေးတောင် ခွာကျွေးတာ 

ရာသီဥတု အလိုက်​နေထိုင်ဖို့  စာနဲ့​ရေး  ​ပြောပြတာ  ဖတ်ရတော့မေတ္တာတရားဖြင့် မြင်ရသူရင်မှာပီတိဖြစ်၍ အေးမြရပါတယ်။

သံသရာအတွက်ကိုပါ ဒါနဲ့ဆက်စပ်ပီး
ဘုန်းဘုန်းကြီးက ဘုန်းဘုန်းအမတော်အတွက်
တရားတပုဒ် ချီးမြှင့်ပါတယ်။ 

ငါ့သားငါ့သမီးငါ့မိဘ ငါ့ဆွေမျိုး ငါ့ခွေး ငါ့ကြောင်စသဖြင့် အတွယ်အတာရှိကြသောကျွနုပ်တို့အားလုံးအတွက်ပါ လိုအပ်သော နာကြားလိုက်နာရမည့်တရားတော်   မို့ 🙏ကူးယူပူဇော်ပါသည်။  

ဆရာတော်မှအမတော်ကို  ဟောကြားသော တရားတော်…..

အစွဲအလမ်းရှိနေသေးသမျှ 
ဘဝကို ဖြစ်စေတဲ့ ကံတရားကို 
ဖန်တီးနေကြဦးမှာပဲ။
လုပ်နေကြဦးမှာပဲ။
ကံတရားတွေကလည်း မိမိသန္တာန်မှာ
စုမိဆောင်းမိ ဖြစ်နေဦးမှာပဲ။

ထိုကံတရားတွေ
စုမိဆောင်းမိဖြစ်နေသမျှ
ကံတရားရဲ့အကျိုးလို့ခေါ်တဲ့
ဘဝခန္ဓာတွေဟာ ပေါ်နေဦးမှာပဲ။
အဲဒီဥပါဒါန်ကို မဖြစ်အောင် လုပ်ဖို့လိုတယ်။
တဏှာဆိုတာ မဖြစ်အောင် လုပ်ဖို့လိုတယ်။

ဥပါဒါန် ဘာကြောင့် ဖြစ်လာသလဲ ?

အဲဒီတဏှာ ဘာကြောင့် ဖြစ်လာသလဲ ?

ဝေဒနာပစ္စယာ တဏှာလို့ ဆိုတဲ့အတိုင်း
အာရုံခံစားမှု ဖြစ်တဲ့အတွက်ကြောင့် 
တဏှာဖြစ်လာတယ်။
ဝေဒနာဟာ တဏှာဖြစ်လာဖို့အတွက် 
လမ်းခင်းပေးတယ်။

ဒီဝေဒနာဟာ
ဘာကြောင့် ဖြစ်လာသလဲဆိုရင်
အာရုံနဲ့စိတ် ဆုံမိတဲ့
ဖဿ ကြောင့် ဝေဒနာ ဖြစ်လာရတာ။

ဒါဖြင့် ဖဿ က
ဘာဖြစ်လို့ ဖြစ်လာရသလဲဆိုရင်...

လူတွေမှာ...
မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် ဆိုတဲ့
အာရုံနဲ့ဆက်သွယ်တဲ့ အရာတွေ ပါလာတယ်။
ဆက်သွယ်မိတယ်။
ဆက်သွယ်မိလို့ ဖဿ ဆိုတာ ဖြစ်လာတယ်။

ဒါဖြင့် ဒီလိုဆက်သွယ်မိတာ 
ဘာကြောင့်လဲဆိုရင်...
ရုပ်တွေ နာမ်တွေ ဖြစ်လာတဲ့အတွက်ကြောင့်ပဲ။

ရုပ်တွေ နာမ်တွေ 
ဘာကြောင့် ဖြစ်လာသလဲဆိုရင်...
သန္ဓေစိတ်ကလေးကြောင့်ပဲ။

ဒီသန္ဓေစိတ်ကလေး
ဘာကြောင့်ဖြစ်လာသလဲဆိုရင်...

ဟိုဘဝက ပြုပြင်ဖန်တီးပေးနိုင်တဲ့
သင်္ခါရဆိုတဲ့ စေတနာကြောင့်
ဖြစ်လာရတာ။

အဲဒီစေတနာလေးဟာ
ဘာကြောင့်ဖြစ်လာသလဲဆိုရင်...
အဝိဇ္ဇာကြောင့်တဲ့။

အမှန်ကို မသိမှုကြောင့် ဖြစ်လာရတယ်။

ပဋိစ္စသမုပ္ပါဒ်မှာ ဒီလိုဟောထားတယ်။

ဥပါဒါန် ပျောက်လိုလျှင် ?

ဒါဖြင့် ဥပါဒါန်ပျောက်ချင်ရင်
ဘယ်လိုလုပ်ရမလဲ ?

အမှန်မသိတဲ့ အဝိဇ္ဇာကို ဖယ်ရှားရမယ်။

အမှန်မသိတဲ့ အဝိဇ္ဇာချုပ်သွားရင်...
သင်္ခါရ ဆိုတာ မလာတော့ဘူး။

သင်္ခါရ ချုပ်ရင်
ဝိညာဉ်ဆိုတာ မလာတော့ဘူး။

ဝိညာဉ်ချုပ်သွားရင် နာမ်ရုပ်ဆိုတာ
ဆင့်ပွားပြီး မလာတော့ဘူး။

နာမ်ရုပ်ချုပ်ရင် သဠာယတနဆိုတဲ့
မျက်စိ နား နှာ လျှာ ကိုယ် စိတ်တွေ
မလာတော့ဘူး။

အဲဒါတွေ ချုပ်သွားရင်
အာရုံနဲ့ ဆက်သွယ်တဲ့ ဖဿ ဆိုတာ
မလာတော့ဘူး။

ဖဿ မလာတော့ရင်...

အာရုံနဲ့အတွေ့အကြုံရှိတဲ့
ဝေဒနာ မလာတော့ဘူး။

ဝေဒနာမလာရင်
တဏှာ ဆိုတာ မလာတော့ဘူး။

တဏှာ မလာရင် 
ဥပါဒါန် ဆိုတာ လာစရာ မရှိတော့ဘူး။

ဥပါဒါန် မလာရင်
ဘဝကို ဖြစ်စေတတ်တဲ့
ကံတရားတွေ မလုပ်တော့ဘူး။

ကံတရားတွေ မလုပ်တော့ရင်
ဘဝတွေ မဖြစ်လာတော့ဘူးလို့...
မြတ်စွာဘုရားက
ကြောင်းကျိုးဆက်ပြီးတော့ ပြထားတယ်။

အဲဒီလို ကြောင်းကျိုးတွေ
ဆက်ပြီးတော့ မလာအောင်
လုပ်ရမယ့်နည်းလမ်း ရှိသလား ? ဆိုတော့...

နည်းလမ်းက မဂ္ဂင်ရှစ်ပါးပဲ။

မဂ္ဂင်ရှစ်ပါးတရားဟာ...
သမ္မာဒိဋ္ဌိလို့ဆိုတဲ့ အမှန်မြင်မှုကို
ဦးဆောင်ပြီးတော့...

မှန်ကန်စွာမြင်လို့၊
မှန်ကန်စွာ တွေးတောပြီး
မှန်ကန်စွာ လုပ်ဆောင်မယ်၊
မှန်ကန်စွာ အမှတ်ထားပြီးတော့
မှန်ကန်စွာ စိတ်တည်ငြိမ်အောင်ထားမယ်ဆိုရင်

ထိုမှန်ကန်မှုပေါ်မှာ...
အခြေခံထားတဲ့ မဂ္ဂင်တရားဟာ
ခုနကပြောတဲ့ အဝိဇ္ဇာချုပ်မှုကို 
ဦးဆောင်ပြီး သွားလိမ့်မယ်။

အဝိဇ္ဇာ ချုပ်တာနဲ့
နောက်က ဆက်တိုက်ဆက်တိုက်
အဝိဇ္ဇာ မရှိတော့ရင်
သင်္ခါရတွေ မရှိတော့ဘူးဆိုပြီးးး

နောက်ဆုံးမှာ...
ဥပါဒါန်တွေ ပျောက်သွားလိမ့်မယ်။

အဲဒါ ဘဝနိရောဓဆိုတာ နိဗ္ဗာန်ပဲ။

" ဥပါဒါနပစ္စယော ဘဝေါ "

ဥပါဒါန်တွေ ရှိနေသေးသမျှ
ဘဝဆိုတာ လာနေဦးမှာပဲ။

" ဥပါဒါနနိရောဓာ ဘဝနိရောဓော "

ဥပါဒါန်တွေ ချုပ်သွားပြီဆိုရင်
ဘဝလည်း ချုပ်သွားပါပြီတဲ့။

ကျေးဇူးတော်ရှင် ဒေါက်တာနန္ဒမာလာဘိဝံသ
🙏🙏🙏

Thursday, April 13, 2023

ရေလာမြှောင်းပေး

ရေလာမြောင်းပေး
<><>🌺🌿🌺<><> 

ကုသိုလ်တွေ လုပ်နေပါရဲ့သားနဲ့ အဆိုးတွေဖြစ် မကောင်းတာတွေ ကြုံကြရတာဟာ ကိုယ်ပြုထားတဲ့ ကုသိုလ်တွေ ကောင်းကျိုးပေးဖို့ လာရာလမ်းမှာ 
အတိတ်က အကုသိုလ်ကံတွေက တားဆီးပိတ်ပင် ထားလို့ပါ။

တားဆီးပိတ်ဆို့နေတဲ့ 
အကုသိုလ်တွေကို ဖယ်ရှားရှင်းလင်းလိုက်မှသာ 
ကောင်းကျိုး ရေအလျဉ်က 
ဖြောင့်ဖြောင့် စီးဆင်းလာမှာဖြစ်ပါတယ်။

ကုသိုလ်တွေကိုသာ စဉ်ဆက်မပြတ် ပြုနေပြီး ကံကြွေး ဝဋ်ကြွေးများကြေအောင်
ခံစားရပြီးတဲ့ နောက်မှာတော့ 
ကုသိုလ်ကံ အကျိုးပေးမှုတွေကို ဘယ်အရာကမှ ပိတ်ပင်တားဆီးလို့ မရနိုင်အောင် 
အံ့မခန်း ကောင်းကျိုးပေးလာတော့မှာပါ။

ဓမ္မဒူတဒေါက်တာအရှင်ပညိဿရာဘိဝံသ 

Credit...

သံသရာကလမ်းမဆုံးသေးဘူး

#သံသရာကလမ်းမဆုံးသေးဘူး

ညီကိုမောင်နှမဖြစ်စေ
ဆွေမျိုး မိတ်ဆွေ အပေါင်းသင်း သူငယ်ချင်းဖြစ်စေ
လင်နဲ့မယားဖြစ်စေ

ရှေ့ရှေ့ သံသရာဘဝက
ကုသိုလ်အတူပြုခဲ့ဖူးသောကြောင့်လည်းကောင်း။

လက်ရှိ ပစ္စုပ္ပန်မှာ
တစ်ယောက်ကောင်းကျိုး တစ်ယောက် 
လိုလား လုပ်ဆောင်ပေး၍သော်လည်းကောင်း
တွေ့ရ ကြုံရ ဆုံရ ရင်းနှီးရ ချစ်ခင်ခဲ့ရတယ်။

ပုထုဇဥ်သို့သဘော

အတ္တအခြေခံ၍ စိတ်သဘောထား
မတိုက်ဆိုင်တော့၍ ခွဲရ ခွာရ ဝေးကွာခဲ့ရသော်

အငြိုး အတေး အမုန်း အာဃာတတွေနဲ့
ပြတ်ဆဲဖို့ လမ်းခွဲဖို့ မရည်ရွယ်ကြပါနဲ့။

သံသရာက ဒီတစ်ဘဝတည်းနဲ့ မဆုံးသေးဘူးလေ။

ဘာမဟုတ်တဲ့ အထင်လွဲမူလေးနဲ့
ဆဒ္ဒန်ဆင်မင်းအပေါ် ရန်ငြိုးဖွဲ့ခဲ့လို့
ရင်ကွဲနာကျ သေပွဲဝင်ခဲ့ရတဲ့ စူဠသုဘဒ္ဒါလို။

ဒေါသနဲ့ ကြိမ်ဆဲ ဆုတောင်းမှားခဲ့လို့
သားသေ လင်ဆုံး အရူးမီးဝိုင်း ဖြစ်ခဲ့ရတဲ့
ပဋာစာရီအမျိုးသမီးလိုမျိုး။

မတရား လောဘဇောတိုက်၍
ဘုရားအလောင်းတော်အပေါ် ရန်ငြိုးဖွဲ့ခဲ့
လူမိုက်ရွဲကုန်သည်လိုမျိုး။

တစ်ဘဝ တဒင်္ဂ တခဏ ဒေါသ အမုန်းက
နောင်သံသရာအထိ သောက ဗျာပါဒ
ပူဆွေးခြင်း ငိုကြွေးခြင်းတွေကို 
ဖြစ်စေတတ်ပါတယ်။

ဒါကြောင့်မို့

ကံကြောင့်ပဲပဲဆုံဆုံ
ဝဋ်ကြွေးကြောင့်ပဲတွေ့တွေ့
အငြိုး အတေး အမုန်းတရားတွေ 
မထားကြပါနဲ့ လမ်းမခွဲကြပါနဲ့။

သံသရာက လမ်းမဆုံးသေးဘူး။
~~~~~~~~~~~~~~~~~~~~~~~~~

6.4.2023 Thu

Credit.. အရှင်ရာဇဓမ္မ

Wednesday, April 12, 2023

မိမိစိတ်ကိုထိန်းသိမ်းနည်း

မိမိစိတ်ကို ထိန်းသိမ်းနည်း
________☘🌺☘____________

လောကမှာ လူတွေဟာ 
အချင်းချင်း ဆက်ဆံနေကြတဲ့အခါမှာ 

- မဟုတ်မမှန်တာတွေ ပြောတာတွေ 
- ရိုင်းရိုင်းပြပြ ပြောတာတွေ 
- ကျိုးကြောင်းစီလျော်မှုမရှိဘဲ ပြောတာတွေ ကြုံတွေ့နိုင်တယ်။

အဲလိုစကားတွေ ကြားလာခဲ့ရင် -

မြတ်စွာဘုရားက ကျင့်စဉ်လေး ပေးထားတယ် ။
 "န စဝေ မေ စိတ်တံ ဝိပရိဏတံ ဘဝိဿတိ " 

- ငါ့စိတ်က အပြောင်းအလဲ မဖြစ်စေရဘူးလို့ အဲဒီလို စိတ်မဆိုးနဲ့တဲ့။

- ပင်ကိုယ်စိတ်ကလေးက ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားစေနဲ့ ။

- ဒေါသစိတ် မဖြစ်ပေါ်နဲ့ ။
- စိတ်ဓါတ် မပြောင်းလဲသွားစေနဲ့တဲ့ ။

- အပြောမခံရခင်က စိတ်ကတစ်မျိုး အပြောခံရတဲ့အခါမှာ စိတ်ကတစ်မျိုး အဲဒီလို မပြောင်းလဲသွားစေနဲ့ တဲ့ ။

အပြောမခံလိုက်ရခင်က 
စိတ်မျိုးကို ထိန်းထားပါတဲ့ ။
မျက်နှာကြော တင်းသွားတာတို့ ၊
ဒေါသနဲ့ ပြန်ပြောမိတာတို့ ဖြစ်တတ်ပါတယ် ။
အဲဒီလို စိတ်ပြောင်းလဲမသွားအောင် ထိန်းပါ တဲ့ ။

တရားကျင့်တယ် ဆိုတာလဲ ဒါပါပဲ ။
တရားကျင့်တယ် ဆိုတာ အများက " တင်ပလ္လင်ခွေ ထိုင်ပြီး 
မျက်စိကို စုံမှိတ်ထားတာ 
အဲဒီလိုမျိုး ထိုင်မှ တရားကျင့်တယ်

တရား အားထုတ်တယ် လို့ ထင်တယ် ။ အဲဒီလိုကျင့်တာက သမာဓိရအောင် ကျင့်တာ ခေါ်တယ် ။

ကိုယ့်စိတ်ကလေးကို ပြောင်းလဲသွားတာမျိုး မဖြစ်အောင် 
ထိန်းနိုင်တာကိုလည်း တရားကျင့်တယ် လို့ သတ်မှတ်နိုင်တယ် ။

ဒါကြောင့် 
စိတ်ဆုံးဖြတ်ချက် ချပြီးတော့ စိတ်ကလေးကို ထိန်းသိမ်းမယ်လို့ 
သန္နိဋ္ဌာန် ချထားလိုက်ပါ ။

စိတ်ကလေးကို 
မထိန်းနိုင်လို့ ပြောင်းသွားပြီဆိုရင် 

ထပ်ပြီး ထိန်းလိုက်ရမှာက -
- မကောင်းတဲ့ စကားနဲ့ မတုန့်ပြန်နဲ့ ။
- ရိုင်းရိုင်းစိုင်းစိုင်း မတုန့်ပြန်နဲ့ တဲ့ ။
- မကြားဝံ့ မနာသာ စကားမျိုးတွေ မထွက်ပါစေနဲ့ တဲ့ ။

( ၁) စိတ်မဆိုးမိအောင် ထိန်းလိုက်ပါ ။

( ၂ ) တကယ်လို့ စိတ်မထိန်းနိုင်လို့ ဒေါသ ဖြစ်မိရင်လဲ မကြားဝံ့ မနာသာ
စကားတွေနဲ့ မတုန့်ပြန်လိုက်ပါနဲ့တဲ့ ။

လူက ကိုယ့်ကိုလာပြီးဆဲရင် 
ပြန်ပြီး ဆဲတတ်ကြတယ် ။ 
ဒါကြောင့် ယုတ်ယုတ်မာမာ စကားလုံးတွေနဲ့ ပြန်မပြောပါနဲ့လို့ ပြောတာ ။

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး ။ ဒါက မျိုသိပ်နိုင်တဲ့ အဆင့်ထိ ပြောတယ်

တချို့က ပြောတယ် ။ မျိုသိပ်ရတာ များရင် ပေါက်ကွဲကုန်မယ် တဲ့

တနည်းအားဖြင့် သည်းခံတယ် ဆိုတာ အတိုင်းအတာ ရှိတယ် ။ ဒါကြောင့် မပေါက်ကွဲအောင် ဘယ်လိုလုပ်ရမလဲ ။

( ၃ ) အဲဒီစကားလာပြောတဲ့ 
ပုဂ္ဂိုလ်ရဲ့ ကောင်းကျိုးကို 
လိုလားတဲ့ စိတ်ကလေး မွေးလိုက်ပါ တဲ့ ။ 
ဒေါသစိတ်နဲ့ မတုံ့ပြန်ပဲ နေလိုက်ပါ ။ 
စိတ်ဓါတ်ကို ပြောင်းလိုက်တာနော် ။

( ၄ ) ဒီလို ပြောတဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးကို လိုလားတဲ့စိတ်နဲ့ မေတ္တာ ပို့ပေးပါ ။

ဒီလိုမှ မဟုတ်ရင် ပေါက်ကွဲသွားနိုင်တာကိုး ။ ဒါကြောင့် မြတ်စွာဘုရားရှင်က ကိုယ့်ကို ဒီလိုမျိုး ဆက်ဆံလာလို့ရှိရင် -

ပထမ - ပြောလာတဲ့သူကို စိတ်မဆိုးမိအောင် စိတ်ကို ထိန်းလိုက်ပါ ။

ဒုတိယ - ကြမ်းတမ်းတဲ့ စကားတွေနဲ့ မတုံ့ပြန်ပါနဲ့ ။

တတိယ - အကျိုးလိုလားတဲ့ စိတ်ကလေး မေတ္တာစိတ်ကို မွေးလိုက်ပါ တဲ့ ။

ပိုပြီးခိုင်မာလာအောင် အဲဒီပုဂ္ဂိုလ်ကို မေတ္တာပွားများပေးလိုက်ပါ တဲ့ ။ 

နောက်တစ်ခုက အဲဒီလူအပေါ်ကနေ မေတ္တာစိတ်ကလေး ထားရာကနေ ပိုပြီး ကျယ်ပြန့်တဲ့ မေတ္တာနဲ့ သတ္တဝါအားလုံးအပေါ်မှာ မေတ္တာ ဖြန့်ကျက်လိုက်ပါတဲ့ . . ။
________________________________________

လွယ်လွယ်ကူကူတော့ရမှာ မဟုတ်ပေမယ့် လေ့ကျင့်ယူကြရမယ် ။

တချို့ကပြောတယ် ။ ကိုယ်နဲ့ မတန်တဲ့သူကို ဘယ်လိုမှ မေတ္တာ ထားလို့ မရဘူး တဲ့ ။ ဒါဟာ အမုန်းတရားကို အရှုံးပေးနေတာပါပဲ ။ အဲဒီလူမှာ မေတ္တာဓာတ် အလွန်အားနည်းနေလို့ပဲ ။

လူတွေရဲ့ မွေးရာပါ သန္တာန်မှာ အကောင်းနဲ့ အဆိုး ( ၂ ) မျိုးပဲ ရှိတယ် ။ သဘာဝ( ၂ ) မျိုးမှာ ဒေါသဆိုတဲ့ အဆိုးတရားက လွှမ်းမိုးနေလို့ မေတ္တာဓါတ်တွေ အားနည်းနေတာ ဖြစ်တယ် ။

ဒါဆို ဘယ်လိုလုပ်ရမလဲ ။ မေတ္တာဓါတ်တွေ ရလာအောင် တဖြည်းဖြည်း လေ့ကျင့်ယူရမှာပေါ့ ။ မလေ့ကျင့်ဘဲ လာမှ မဖြစ်လာနိုင်ဘူး။

တောင်တက်သမားတွေ ဆိုရင်လဲ လေ့ကျင့်ရတယ် ။
ဘောလုံးသမားတွေဆိုရင်လည်း လေ့ကျင့်ရတာပါပဲ ။
ရေကူးသမားတွေလည်း လေ့ကျင့်ရတာပဲ ။
လေ့ကျင့်ရင် စွမ်းရည် တက်လာတာပဲ။ 
စိတ်ကိုလည်း လေ့ကျင်ပေးရင် စွမ်းရည်တက်လာမှာပါပဲ ။

" ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ "
( မေတ္တာနှလုံး အစဉ်သုံး ၊ စာ- ၂၄- ၃၁ ) မှ အကျဉ်းအား ကောက်နုတ်ပူဇော်ပါ၏။

Credit....