(ဘုန်းဘုန်းအမ)က သူ့ကြောင်လေးကို ချစ်ရှာပီး အဘွားက ကြောင်လေးကို မခွဲနိုင်မှာစိုးရိမ်နေတာကို မြင်တော့ ဆရာတော်ကြီးက ကြောင်လေးကိုပါ တခါတည်း ခေါ်ပေးရှာပါတယ်။
အမကြီးအမိရာမို့ ခင်ပွန်းကြီး၁၀ပါးဂိုဏ်းဝင် အမတော်ရဲ့ကျေးဇူးဆပ်သောအားဖြင့်
ပြည့်စုံအောင်ဖြည့်ဆည်းပေးပါတယ်။
သကြားလုံးလေးတောင် ခွာကျွေးတာ
ရာသီဥတု အလိုက်နေထိုင်ဖို့ စာနဲ့ရေး ပြောပြတာ ဖတ်ရတော့မေတ္တာတရားဖြင့် မြင်ရသူရင်မှာပီတိဖြစ်၍ အေးမြရပါတယ်။
သံသရာအတွက်ကိုပါ ဒါနဲ့ဆက်စပ်ပီး
ဘုန်းဘုန်းကြီးက ဘုန်းဘုန်းအမတော်အတွက်
တရားတပုဒ် ချီးမြှင့်ပါတယ်။
ငါ့သားငါ့သမီးငါ့မိဘ ငါ့ဆွေမျိုး ငါ့ခွေး ငါ့ကြောင်စသဖြင့် အတွယ်အတာရှိကြသောကျွနုပ်တို့အားလုံးအတွက်ပါ လိုအပ်သော နာကြားလိုက်နာရမည့်တရားတော် မို့ 🙏ကူးယူပူဇော်ပါသည်။
ဆရာတော်မှအမတော်ကို ဟောကြားသော တရားတော်…..
အစွဲအလမ်းရှိနေသေးသမျှ
ဘဝကို ဖြစ်စေတဲ့ ကံတရားကို
ဖန်တီးနေကြဦးမှာပဲ။
လုပ်နေကြဦးမှာပဲ။
ကံတရားတွေကလည်း မိမိသန္တာန်မှာ
စုမိဆောင်းမိ ဖြစ်နေဦးမှာပဲ။
ထိုကံတရားတွေ
စုမိဆောင်းမိဖြစ်နေသမျှ
ကံတရားရဲ့အကျိုးလို့ခေါ်တဲ့
ဘဝခန္ဓာတွေဟာ ပေါ်နေဦးမှာပဲ။
အဲဒီဥပါဒါန်ကို မဖြစ်အောင် လုပ်ဖို့လိုတယ်။
တဏှာဆိုတာ မဖြစ်အောင် လုပ်ဖို့လိုတယ်။
ဥပါဒါန် ဘာကြောင့် ဖြစ်လာသလဲ ?
အဲဒီတဏှာ ဘာကြောင့် ဖြစ်လာသလဲ ?
ဝေဒနာပစ္စယာ တဏှာလို့ ဆိုတဲ့အတိုင်း
အာရုံခံစားမှု ဖြစ်တဲ့အတွက်ကြောင့်
တဏှာဖြစ်လာတယ်။
ဝေဒနာဟာ တဏှာဖြစ်လာဖို့အတွက်
လမ်းခင်းပေးတယ်။
ဒီဝေဒနာဟာ
ဘာကြောင့် ဖြစ်လာသလဲဆိုရင်
အာရုံနဲ့စိတ် ဆုံမိတဲ့
ဖဿ ကြောင့် ဝေဒနာ ဖြစ်လာရတာ။
ဒါဖြင့် ဖဿ က
ဘာဖြစ်လို့ ဖြစ်လာရသလဲဆိုရင်...
လူတွေမှာ...
မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် ဆိုတဲ့
အာရုံနဲ့ဆက်သွယ်တဲ့ အရာတွေ ပါလာတယ်။
ဆက်သွယ်မိတယ်။
ဆက်သွယ်မိလို့ ဖဿ ဆိုတာ ဖြစ်လာတယ်။
ဒါဖြင့် ဒီလိုဆက်သွယ်မိတာ
ဘာကြောင့်လဲဆိုရင်...
ရုပ်တွေ နာမ်တွေ ဖြစ်လာတဲ့အတွက်ကြောင့်ပဲ။
ရုပ်တွေ နာမ်တွေ
ဘာကြောင့် ဖြစ်လာသလဲဆိုရင်...
သန္ဓေစိတ်ကလေးကြောင့်ပဲ။
ဒီသန္ဓေစိတ်ကလေး
ဘာကြောင့်ဖြစ်လာသလဲဆိုရင်...
ဟိုဘဝက ပြုပြင်ဖန်တီးပေးနိုင်တဲ့
သင်္ခါရဆိုတဲ့ စေတနာကြောင့်
ဖြစ်လာရတာ။
အဲဒီစေတနာလေးဟာ
ဘာကြောင့်ဖြစ်လာသလဲဆိုရင်...
အဝိဇ္ဇာကြောင့်တဲ့။
အမှန်ကို မသိမှုကြောင့် ဖြစ်လာရတယ်။
ပဋိစ္စသမုပ္ပါဒ်မှာ ဒီလိုဟောထားတယ်။
ဥပါဒါန် ပျောက်လိုလျှင် ?
ဒါဖြင့် ဥပါဒါန်ပျောက်ချင်ရင်
ဘယ်လိုလုပ်ရမလဲ ?
အမှန်မသိတဲ့ အဝိဇ္ဇာကို ဖယ်ရှားရမယ်။
အမှန်မသိတဲ့ အဝိဇ္ဇာချုပ်သွားရင်...
သင်္ခါရ ဆိုတာ မလာတော့ဘူး။
သင်္ခါရ ချုပ်ရင်
ဝိညာဉ်ဆိုတာ မလာတော့ဘူး။
ဝိညာဉ်ချုပ်သွားရင် နာမ်ရုပ်ဆိုတာ
ဆင့်ပွားပြီး မလာတော့ဘူး။
နာမ်ရုပ်ချုပ်ရင် သဠာယတနဆိုတဲ့
မျက်စိ နား နှာ လျှာ ကိုယ် စိတ်တွေ
မလာတော့ဘူး။
အဲဒါတွေ ချုပ်သွားရင်
အာရုံနဲ့ ဆက်သွယ်တဲ့ ဖဿ ဆိုတာ
မလာတော့ဘူး။
ဖဿ မလာတော့ရင်...
အာရုံနဲ့အတွေ့အကြုံရှိတဲ့
ဝေဒနာ မလာတော့ဘူး။
ဝေဒနာမလာရင်
တဏှာ ဆိုတာ မလာတော့ဘူး။
တဏှာ မလာရင်
ဥပါဒါန် ဆိုတာ လာစရာ မရှိတော့ဘူး။
ဥပါဒါန် မလာရင်
ဘဝကို ဖြစ်စေတတ်တဲ့
ကံတရားတွေ မလုပ်တော့ဘူး။
ကံတရားတွေ မလုပ်တော့ရင်
ဘဝတွေ မဖြစ်လာတော့ဘူးလို့...
မြတ်စွာဘုရားက
ကြောင်းကျိုးဆက်ပြီးတော့ ပြထားတယ်။
အဲဒီလို ကြောင်းကျိုးတွေ
ဆက်ပြီးတော့ မလာအောင်
လုပ်ရမယ့်နည်းလမ်း ရှိသလား ? ဆိုတော့...
နည်းလမ်းက မဂ္ဂင်ရှစ်ပါးပဲ။
မဂ္ဂင်ရှစ်ပါးတရားဟာ...
သမ္မာဒိဋ္ဌိလို့ဆိုတဲ့ အမှန်မြင်မှုကို
ဦးဆောင်ပြီးတော့...
မှန်ကန်စွာမြင်လို့၊
မှန်ကန်စွာ တွေးတောပြီး
မှန်ကန်စွာ လုပ်ဆောင်မယ်၊
မှန်ကန်စွာ အမှတ်ထားပြီးတော့
မှန်ကန်စွာ စိတ်တည်ငြိမ်အောင်ထားမယ်ဆိုရင်
ထိုမှန်ကန်မှုပေါ်မှာ...
အခြေခံထားတဲ့ မဂ္ဂင်တရားဟာ
ခုနကပြောတဲ့ အဝိဇ္ဇာချုပ်မှုကို
ဦးဆောင်ပြီး သွားလိမ့်မယ်။
အဝိဇ္ဇာ ချုပ်တာနဲ့
နောက်က ဆက်တိုက်ဆက်တိုက်
အဝိဇ္ဇာ မရှိတော့ရင်
သင်္ခါရတွေ မရှိတော့ဘူးဆိုပြီးးး
နောက်ဆုံးမှာ...
ဥပါဒါန်တွေ ပျောက်သွားလိမ့်မယ်။
အဲဒါ ဘဝနိရောဓဆိုတာ နိဗ္ဗာန်ပဲ။
" ဥပါဒါနပစ္စယော ဘဝေါ "
ဥပါဒါန်တွေ ရှိနေသေးသမျှ
ဘဝဆိုတာ လာနေဦးမှာပဲ။
" ဥပါဒါနနိရောဓာ ဘဝနိရောဓော "
ဥပါဒါန်တွေ ချုပ်သွားပြီဆိုရင်
ဘဝလည်း ချုပ်သွားပါပြီတဲ့။
ကျေးဇူးတော်ရှင် ဒေါက်တာနန္ဒမာလာဘိဝံသ
No comments:
Post a Comment