စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, April 12, 2023

မိမိစိတ်ကိုထိန်းသိမ်းနည်း

မိမိစိတ်ကို ထိန်းသိမ်းနည်း
________☘🌺☘____________

လောကမှာ လူတွေဟာ 
အချင်းချင်း ဆက်ဆံနေကြတဲ့အခါမှာ 

- မဟုတ်မမှန်တာတွေ ပြောတာတွေ 
- ရိုင်းရိုင်းပြပြ ပြောတာတွေ 
- ကျိုးကြောင်းစီလျော်မှုမရှိဘဲ ပြောတာတွေ ကြုံတွေ့နိုင်တယ်။

အဲလိုစကားတွေ ကြားလာခဲ့ရင် -

မြတ်စွာဘုရားက ကျင့်စဉ်လေး ပေးထားတယ် ။
 "န စဝေ မေ စိတ်တံ ဝိပရိဏတံ ဘဝိဿတိ " 

- ငါ့စိတ်က အပြောင်းအလဲ မဖြစ်စေရဘူးလို့ အဲဒီလို စိတ်မဆိုးနဲ့တဲ့။

- ပင်ကိုယ်စိတ်ကလေးက ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားစေနဲ့ ။

- ဒေါသစိတ် မဖြစ်ပေါ်နဲ့ ။
- စိတ်ဓါတ် မပြောင်းလဲသွားစေနဲ့တဲ့ ။

- အပြောမခံရခင်က စိတ်ကတစ်မျိုး အပြောခံရတဲ့အခါမှာ စိတ်ကတစ်မျိုး အဲဒီလို မပြောင်းလဲသွားစေနဲ့ တဲ့ ။

အပြောမခံလိုက်ရခင်က 
စိတ်မျိုးကို ထိန်းထားပါတဲ့ ။
မျက်နှာကြော တင်းသွားတာတို့ ၊
ဒေါသနဲ့ ပြန်ပြောမိတာတို့ ဖြစ်တတ်ပါတယ် ။
အဲဒီလို စိတ်ပြောင်းလဲမသွားအောင် ထိန်းပါ တဲ့ ။

တရားကျင့်တယ် ဆိုတာလဲ ဒါပါပဲ ။
တရားကျင့်တယ် ဆိုတာ အများက " တင်ပလ္လင်ခွေ ထိုင်ပြီး 
မျက်စိကို စုံမှိတ်ထားတာ 
အဲဒီလိုမျိုး ထိုင်မှ တရားကျင့်တယ်

တရား အားထုတ်တယ် လို့ ထင်တယ် ။ အဲဒီလိုကျင့်တာက သမာဓိရအောင် ကျင့်တာ ခေါ်တယ် ။

ကိုယ့်စိတ်ကလေးကို ပြောင်းလဲသွားတာမျိုး မဖြစ်အောင် 
ထိန်းနိုင်တာကိုလည်း တရားကျင့်တယ် လို့ သတ်မှတ်နိုင်တယ် ။

ဒါကြောင့် 
စိတ်ဆုံးဖြတ်ချက် ချပြီးတော့ စိတ်ကလေးကို ထိန်းသိမ်းမယ်လို့ 
သန္နိဋ္ဌာန် ချထားလိုက်ပါ ။

စိတ်ကလေးကို 
မထိန်းနိုင်လို့ ပြောင်းသွားပြီဆိုရင် 

ထပ်ပြီး ထိန်းလိုက်ရမှာက -
- မကောင်းတဲ့ စကားနဲ့ မတုန့်ပြန်နဲ့ ။
- ရိုင်းရိုင်းစိုင်းစိုင်း မတုန့်ပြန်နဲ့ တဲ့ ။
- မကြားဝံ့ မနာသာ စကားမျိုးတွေ မထွက်ပါစေနဲ့ တဲ့ ။

( ၁) စိတ်မဆိုးမိအောင် ထိန်းလိုက်ပါ ။

( ၂ ) တကယ်လို့ စိတ်မထိန်းနိုင်လို့ ဒေါသ ဖြစ်မိရင်လဲ မကြားဝံ့ မနာသာ
စကားတွေနဲ့ မတုန့်ပြန်လိုက်ပါနဲ့တဲ့ ။

လူက ကိုယ့်ကိုလာပြီးဆဲရင် 
ပြန်ပြီး ဆဲတတ်ကြတယ် ။ 
ဒါကြောင့် ယုတ်ယုတ်မာမာ စကားလုံးတွေနဲ့ ပြန်မပြောပါနဲ့လို့ ပြောတာ ။

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး ။ ဒါက မျိုသိပ်နိုင်တဲ့ အဆင့်ထိ ပြောတယ်

တချို့က ပြောတယ် ။ မျိုသိပ်ရတာ များရင် ပေါက်ကွဲကုန်မယ် တဲ့

တနည်းအားဖြင့် သည်းခံတယ် ဆိုတာ အတိုင်းအတာ ရှိတယ် ။ ဒါကြောင့် မပေါက်ကွဲအောင် ဘယ်လိုလုပ်ရမလဲ ။

( ၃ ) အဲဒီစကားလာပြောတဲ့ 
ပုဂ္ဂိုလ်ရဲ့ ကောင်းကျိုးကို 
လိုလားတဲ့ စိတ်ကလေး မွေးလိုက်ပါ တဲ့ ။ 
ဒေါသစိတ်နဲ့ မတုံ့ပြန်ပဲ နေလိုက်ပါ ။ 
စိတ်ဓါတ်ကို ပြောင်းလိုက်တာနော် ။

( ၄ ) ဒီလို ပြောတဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးကို လိုလားတဲ့စိတ်နဲ့ မေတ္တာ ပို့ပေးပါ ။

ဒီလိုမှ မဟုတ်ရင် ပေါက်ကွဲသွားနိုင်တာကိုး ။ ဒါကြောင့် မြတ်စွာဘုရားရှင်က ကိုယ့်ကို ဒီလိုမျိုး ဆက်ဆံလာလို့ရှိရင် -

ပထမ - ပြောလာတဲ့သူကို စိတ်မဆိုးမိအောင် စိတ်ကို ထိန်းလိုက်ပါ ။

ဒုတိယ - ကြမ်းတမ်းတဲ့ စကားတွေနဲ့ မတုံ့ပြန်ပါနဲ့ ။

တတိယ - အကျိုးလိုလားတဲ့ စိတ်ကလေး မေတ္တာစိတ်ကို မွေးလိုက်ပါ တဲ့ ။

ပိုပြီးခိုင်မာလာအောင် အဲဒီပုဂ္ဂိုလ်ကို မေတ္တာပွားများပေးလိုက်ပါ တဲ့ ။ 

နောက်တစ်ခုက အဲဒီလူအပေါ်ကနေ မေတ္တာစိတ်ကလေး ထားရာကနေ ပိုပြီး ကျယ်ပြန့်တဲ့ မေတ္တာနဲ့ သတ္တဝါအားလုံးအပေါ်မှာ မေတ္တာ ဖြန့်ကျက်လိုက်ပါတဲ့ . . ။
________________________________________

လွယ်လွယ်ကူကူတော့ရမှာ မဟုတ်ပေမယ့် လေ့ကျင့်ယူကြရမယ် ။

တချို့ကပြောတယ် ။ ကိုယ်နဲ့ မတန်တဲ့သူကို ဘယ်လိုမှ မေတ္တာ ထားလို့ မရဘူး တဲ့ ။ ဒါဟာ အမုန်းတရားကို အရှုံးပေးနေတာပါပဲ ။ အဲဒီလူမှာ မေတ္တာဓာတ် အလွန်အားနည်းနေလို့ပဲ ။

လူတွေရဲ့ မွေးရာပါ သန္တာန်မှာ အကောင်းနဲ့ အဆိုး ( ၂ ) မျိုးပဲ ရှိတယ် ။ သဘာဝ( ၂ ) မျိုးမှာ ဒေါသဆိုတဲ့ အဆိုးတရားက လွှမ်းမိုးနေလို့ မေတ္တာဓါတ်တွေ အားနည်းနေတာ ဖြစ်တယ် ။

ဒါဆို ဘယ်လိုလုပ်ရမလဲ ။ မေတ္တာဓါတ်တွေ ရလာအောင် တဖြည်းဖြည်း လေ့ကျင့်ယူရမှာပေါ့ ။ မလေ့ကျင့်ဘဲ လာမှ မဖြစ်လာနိုင်ဘူး။

တောင်တက်သမားတွေ ဆိုရင်လဲ လေ့ကျင့်ရတယ် ။
ဘောလုံးသမားတွေဆိုရင်လည်း လေ့ကျင့်ရတာပါပဲ ။
ရေကူးသမားတွေလည်း လေ့ကျင့်ရတာပဲ ။
လေ့ကျင့်ရင် စွမ်းရည် တက်လာတာပဲ။ 
စိတ်ကိုလည်း လေ့ကျင်ပေးရင် စွမ်းရည်တက်လာမှာပါပဲ ။

" ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ "
( မေတ္တာနှလုံး အစဉ်သုံး ၊ စာ- ၂၄- ၃၁ ) မှ အကျဉ်းအား ကောက်နုတ်ပူဇော်ပါ၏။

Credit....

No comments:

Post a Comment