=======================
တကယ်က ကြည့်လိုက်မယ်ဆိုရင် လူ့ခန္ဓာဟာ ရုပ်သေးရုပ်နဲ့ အလားသဏ္ဍာန် တူတယ်။ ရုပ်သေးရုပ်ဟာ ကြိုးဆွဲတဲ့အတိုင်းပဲ
လှုပ်ရှားနိုင်တာပဲဖြစ်တယ်။
လူ့ခန္ဓာကိုယ်လည်းပဲ စိတ်ဆိုတဲ့ ကြိုးဆွဲဆရာက
ဆွဲတဲ့အတိုင်းပဲ လက်မြှောက်ဆို မြှောက်တယ်၊ခြေမြှောက်ဆို မြှောက်တယ် ၊ရယ်ဆို ရယ်တယ်၊ငိုဆို ငိုတယ်ဆိုတဲ့ ဒီသဘာဝတရားတွေဟာ
ဖြစ်ပေါ်လာတယ်ဆိုတာကို မြတ်စွာဘုရားက ရှင်းရှင်းလင်းလင်း မိန့်ကြားတော် မူတယ်၊
အေး အဲဒီလိုခန္ဓာကိုယ်ထဲမှာ ရှာကြည့်လိုက်ရင်
ဘယ်ဟာဖြင့် တန်ဖိုးရှိလို့ ၊ ဘယ်ဟာကိုတော့
သိမ်းထားရမယ်၊ ဘယ်ဟာက ကြာရှည် ခံတယ်
ဆိုတာတွေ တစ်ခုမှမရှိဘူးတဲ့ ဘယ်ဟာကတော့ မွှေးကြိုင်တယ် ဆိုတာအနံ့အားဖြင့် မရှိဘူး၊
အဲဒီလို မရှိတဲ့ ခန္ဓာကိုယ်ကြီး ရထားပြီးတော့
ကိုယ်ရထားတဲ့ ခန္ဓာကိုယ်ကြီးဟာ
ဘယ်ကိုသွားနေတာလည်း၊
ဘယ်ကို ဦးတည်နေတာလည်းဆိုတာကို
မြတ်စွာဘုရားက ရှင်းပြတယ်။
လူတွေဟာ နေ့စဉ်စားလိုက်၊ သောက်လိုက်၊
အိပ်လိုက်၊ ပျော်လိုက် အလုပ်လုပ်ကြတယ်၊
ဘယ်ကို သွားနေတုန်း ဆိုလို့ရှိရင်
အနှစ်သာရအားဖြင့် နိဂုံးကို ကြည့်လိုက်မယ်ဆိုရင်
သေခြင်းတရားစီကို သွားနေကြတာ
သေတဲ့စီကို သွားနေကြတာပဲ၊
တနေ့ပြီးတနေ့ သေတဲ့စီကိုသွားနေတယ်၊
သို့သော် လူတွေဟာ မသိဘူးလားဆိုတော့ သိတယ်၊
သိလို့ စဉ်းစားပြီးတော့ တန်ဖိုးရှိတာ
လုပ်မလားဆိုတော့ မလုပ်ဘူး၊ မလုပ်နိုင်ဘူး။
ဘာကြောင့် မလုပ်နိုင်လည်း တွယ်တာမှုက အလွန် အားကြီးတယ်။
အမှန်မသိမှုတွေက လွှမ်းမိုးထားတယ်၊ ဒါကြောင့် ဘဝတစ်ခုရလာတဲ့အခါ
မအိုတော့မဲ့ ပုံ၊ မနာတော့မဲ့ ပုံ၊ မသေတော့မဲ့ ပုံ၊ လူတွေဟာ နေထိုင်ကြတာဖြစ်တယ်။
အဲဒါ လောဘ ၊ဒေါသ ၊မောဟ လွှမ်းမိုးထားသည့် အတွက်ကြောင့် လူတွေဟာ အမေ့ကြီး မေ့နေကြတယ်၊
ဘာနဲ့ ဥပမာ- တူတုန်းဆို စဉ်းစားကြည့်လေ
မကြာခင် ဟင်းအိုးထဲရောက်တော့မဲ့ ကြက်တွေ
ကြက်ကုလားက ကြက်ခြင်းထဲမှာ ထည့်ပြီး
ဝယ်သွားပြီ၊ သို့သော် ကြက်ခြင်းထဲက ကြက်တွေက
တွန်နေကြသေးတယ်၊ တစ်ကာင်နဲ့ တစ်ကောင်
ဆိတ်သေးတယ် သူတို့ကနော်၊ ထမင်းဆိုင်မှာ
ရောင်းနေကြတဲ့ ကြက်တွေ ခြေထောက်လည်း
ကြိုးချည်ထားတယ်၊ ဘယ်မှလည်း မသွားနိုင်အောင် ကြိုးထုပ်တားတယ်၊ အဲဒီ ကြက်တွေဟာ တစ်ကောင်ကို တစ်ကောင်လှမ်းပြီးတော့ ဆိတ်နိုင်သေးတယ်၊ တွန်နိုင်သေးတယ်၊
သူတို့ မျက်နှာက
ပြုံးမရလို့ ပြုံးတာလည်း ပါကောင်းပါလိမ့်မယ်၊ မျက်စောင်းထိုးကြည့်တာလည်း ပါကောင်းပါမယ်၊ သို့သော် သူတို့ဟာမကြာခင် သေရတော့မှာပါလား
ဆိုတဲ့ အသိမရှိကြဘူး ဆိုလိုတယ်၊ တကယ်တော့
မကြာခင်မှာပဲ သေဆုံးခြင်း ရောက်သွားတယ်။
လူတွေမှာလည်း ထို့အတူပဲ အသိမရှိတဲ့
ပုဂ္ဂိုလ်တွေဟာ ကြက်ခြင်းထဲက ကြက်တွေ ပမာပဲ၊
မကြာခင် ဒို့တတွေ
သေခြင်းတရားသို့ ရောက်ရှိကြမယ်၊
သေကြရမယ်ဆိုတာကို မစဉ်းစားကြဘူး၊
သေခြင်းတရားဟာ သေချာပေါက်ပါပဲ၊
ကျန်တာတွေကတော့ မသေချာဘူး၊
သေမှာကတော့ သေချာတယ်လို့ ဆိုလိုတယ်၊
သေမင်းရဲ့လက်ထဲမှာ ရောက်သွားပြီ ဆိုလိုက်တာနဲ့
ဘာဖြစ်လည်း သတ္တဝါဆိုတာ၊ ဒီဘယ်လောက်ပဲ။
ပစ္စည်းဥစ္စာတွေ ရှာရှာ နေ့နေ့ညည မအားရအောင်ပစ္စည်းဥစ္စာတွေ ရှာရှာ သေရင် အားလုံးထားခဲ့ရတယ်၊ တစ်ခုမှ ယူမသွားနိုင်ဘူး၊
ယူသွားလို့ ရတဲ့အရာ တစ်ခုမှ မရှိဘူး၊
ဘာကိုမှ ယူသွားလို့မရဘူး၊ အဲဒါကိုပြောတာ
ကိုယ့်ခန္ဓာကိုယ်ကြီးကလည်း ဒီမှာထားပစ်ခဲ့ရမယ်၊ ကိုယ်ပိုင်သမျှတွေလည်း အကုန်ထားပစ်ခဲ့ရမယ်၊
ထားခဲ့ရပြီးတော့ သတ္တဝါဆိုတာ
ကံရှိရာ ကံပစ်ချရာ သွားရမှာဖြစ်တယ်၊
ဘယ်လူမျိုးပဲ ဖြစ်ဖြစ် ဒီအနေအထားမျိုးရှိတယ်၊
ဘယ်သူမှ နိစ္စထာဝရ မရှိဘူးနော်၊
ငယ်သူရော ကြီးသူပါ၊
ပညာရှိရော လူမိုက်ပါ ဘယ်သူမှ မနေရဘူး။
နောက်ဆုံးမှာ သေဆုံးခြင်းမှာ အဆုံးသတ်တယ်၊
ဆိုလိုတာက စဉ်းစားကြည့်မယ်ဆိုရင်
လူခန္ဓာကိုယ်
နုပျိုမှု အားလုံးဟာ
အိုမင်းခြင်းမှာ အဆုံးသတ်တယ်၊
အသက်ရှင်ခြင်းဟာ
သေဆုံးခြင်းမှာ အဆုံးသတ်တယ်၊
ကျန်းမာခြင်းဟာ
ရောဂါဖြစ်ခြင်းမှာ အဆုံးသတ်တယ်၊
မွေးဖွားခြင်းဟာ
သေဆုံးခြင်းမှာ အဆုံးသတ်တယ်။
ဒါက မလွှဲနိုင်တဲ့ သဘာဝနိယာမတရားပဲ ဖြစ်တယ်၊ သို့သော် နိယာမတရားကြီးကို သိသိနဲ့
လူတွေဟာ ဘာကြောင့် ပျော်နိုင်တာလည်း၊
ဘာကြောင့် ပျော်နေကြတာလည်းဆိုရင်
ခုနက ကြက်ခြင်းထဲက ကြက်တွေ ပျော်နေသလိုပဲ
လူတွေဟာ အမှန်မသိလို့ ပျော်နေကြတာလို့
ဒီလိုဆိုတယ်...
#ကျေးဇူးတော်ရှင်_
#ပါချုပ်ဆရာတော်ဘုရားကြီး...
မူရင်းရေးသားပူဇော်သူကို လေးစားစွာ ဂါရဝပြုပါသည်😍
မေတ္တာဖြင့်.....🙏🙏🙏
No comments:
Post a Comment