စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, July 20, 2025

နိဗ္ဗာန်နဲ့ပတ်သတ်လို့ မပြောဆိုမဆွေးနွေးထိုက်သောပုဂ္ဂိုလ်(၅)ဦး

"နိဗ္ဗာန်"ဆိုတာ "ဂမ္ဘီရ" အလွန်နက်နဲပြီး သာမန်အသိဉာဏ်လောက်နဲ့ 
သိမြင်နိုင်ခဲတဲ့ တရားဖြစ်ကြောင်းကို
အဂ္ဂိဝစ္ဆသုတ္တန်မှာ ဘုရားရှင်က..
   "အချင်းဝစ္ဆ ..
   သင် နားမလည်နိုင်ခြင်းငှါ ထိုက်ပါပေ၏။ 
    အချင်းဝစ္ဆ..
   ဤတရားသည် နက်လည်းနက်၏၊
   မြင်နိုင်ခဲ၏၊ လျော်စွာသိနိုင်ခဲ၏၊
   ငြိမ်သက်၏၊ မွန်မြတ်၏၊
   ကြံဆ၍သိသင့်သော အရာလည်းမဟုတ်၊ အလွန်တရာ သိမ်မွေ့သော သဘောရှိသည်ဖြစ်၍ ပညာရှိတို့သာလျှင် သိအပ်သောတရားဖြစ်ပေ၏"လို့ မိန့်ကြားတော်မူခဲ့တာဖြစ်ပါတယ်။

ဤသို့ နက်နဲ၍ သိနိုင်ခဲခြင်း
ကြောင့်လည်း နိဗ္ဗာန်အကြောင်းဆွေးနွေးပြောဆိုကြတဲ့အခါနိဗ္ဗာန်နဲ့ပတ်သတ်လို့ မပြောဆိုမဆွေးနွေးထိုက်သောပုဂ္ဂိုလ်(၅)ဦး
ရှိကြောင်း တဆင့်ပြန်လည် မျှဝေပေးချင်ပါတယ်။

 ထိုပုဂ္ဂိုလ်(၅)မျိုးက
ဘယ်လိုလူမျိုးတွေလဲဆိုတော့..
(၁) အညတိတ္ထိကပုဂ္ဂိုလ် ၊
(၂) အညခန္တိကပုဂ္ဂိုလ် ၊
(၃) အညရုစိကပုဂ္ဂိုလ် ၊
(၄) အညတြာယောဂပုဂ္ဂိုလ် ၊
(၅) အညတြာစရိယကပုဂ္ဂိုလ်
တို့ပဲဖြစ်ပါတယ်။
 (ဒီ၊ ပါ၊ ၁၊ ၁၃၇)

မြန်မာလိုဆိုရင်တော့..

(၁) ဘုရားရှင်ရဲ့ သာသနာပြင်ပမှ
     အယူဝါဒမတူသူ တိတ္ထိများ
     (ဘာသာခြားများ)။

(၂) ထိုသို့ ဘုရားရှင်၏သာသနာ
     ပြင်ပမှ အယူဝါဒမတူညီသူများအား ယုံကြည်ကိုးကွယ်သူ တပည့်လက်သားများ။

(၃) ပုဂ္ဂလ၊ သတ္တ၊ အတ္တ၊ ဇီဝ
မရှင်းလင်းပဲ ပညတ်နဲ့ပရမတ်ကို မခွဲခြားနိုင်သော ပုဂ္ဂိုလ်များ။

(၄) အနိစ္စ၊ဒုက္ခ၊အနတ္တဟုဆိုအပ်သောလက္ခဏာရေး(၃)ပါးကို ကြဉ်ဖယ်၍ထားသူများ။

(၅) ရုပ်တရား၊ နာမ်တရား၊ ခန္ဓာတရား၊ ဓာတ်တရား၊ ပညတ်၊ ပရမတ်တရားတွေကို ရှင်းအောင် လင်းအောင် သဘောပေါက်နားလည်နိုင်တဲ့အထိ ဟောနိုင်ပြောနိုင်သော ဆရာကောင်း၊ ဆရာမြတ်တွေကို မှီဝဲဆည်းကပ်ရကောင်းမှန်း မသိသော ပုဂ္ဂိုလ်များ။

အယူဖောက်ပြား၍ ဤ(၅)ပါးတို့တွင်
တပါးပါးဖြင့် သက်ဝင်နေပါက ထိုပုဂ္ဂိုလ်မျိုးအား နိဗ္ဗာန်တရားဆွေးနွေးပြောကြားသော်လည်းအချည်းအနှီးသာဖြစ်ပါလိမ့်မယ်တဲ့။
 
(ကျေးဇူးတော်ရှင် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ)

🙏🙏🙏

Credit to Original Uploader

No comments:

Post a Comment