နတ်ပြည်မှ ငရဲသို့ ပြန်ကျခဲ့ရသည့် သာဓက အချို့
===============================
ကုသိုလ်ကံကောင်းမှု အရှိန်ကုန်ဆုံးချိန်တွင် နတ်ပြည်မှ ငရဲသို့ ကျသွားခဲ့သည့် သာဓကများလည်း ရှိခဲ့ပါသည်။
ပထမသာဓကအဖြစ် တာဝတိံသာနတ်ပြည်က သုဗြဟ္မနတ်သားနှင့် နတ်သမီး တထောင်တို့၏ ဖြစ်စဉ်ကို တင်ပြပါမည်။
တနေ့တွင် နတ်သမီး ငါးရာက ပန်းပင်ပေါ်မှ ပန်းပွင့်များကို ခြွေချပြီး အောက်ရှိ နတ်သမီး ငါးရာက ပန်းများကို ကောက်ယူသီကုံး၍ သုဗြဟ္မနတ်သားအား ပန်ပေးနေကြပါသည်။ ထိုသို့ပျော်ပါးနေကြစဉ် ပန်းပင်ပေါ်ရှိ နတ်သမီးငါးရာသည် ရုတ်တရက် သေဆုံးသွားကြပါသည်။ ထိုအခါ နတ်သားက နတ်မျက်စိဖြင့် ကြည့်ရှုရှာဖွေ ခဲ့ရာ အဆိုပါ နတ်သမီးငါးရာတို့သည် အ၀ီစိငရဲ၌ ကျခံနေရသည်ကို တွေ့ရှိရ၍ သေခြင်းတရားကို သတိရသွား ခဲ့ပါသည်။
နတ်သားသည် ဆက်လက်၍ သူနှင့် ကျန်နတ်သမီး ငါးရာတို့၏ နတ်သက်တမ်းကို ပြန်ကြည့်ရာ နတ်သက် (၇)ရက်သာ ကျန်ရှိတော့သည်ကို တွေ့ရပြီး နတ်ပြည်မှ စုတေလျှင် အ၀ီစိငရဲသို့ပင် ကျရောက်မည်ကို သိရသဖြင့် အလွန်ကြောက်ရွံ့ စိုးရိမ်သွားခဲ့ပါသည်။ ထို့ကြောင့် မြတ်စွာဘုရားထံ အရောက်သွား၍ သူတွေ့နေရသည့် ဒုက္ခကိုလျှောက်ထားခဲ့ရာမှ မြတ်ဗုဒ္ဓက-
ချစ်သား သုဗြဟ္မနတ်သား ၀ိပဿနာဉာဏ်အလင်းလို့ဆိုရမည့် ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်ရတနာကို၎င်း၊ ခြိုးခြံခြင်းလို့်ခေါ်သည့် တပအကျင့်ကို၎င်း၊
မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်-လို့ခေါ်သည့် ဣနြေ္ဒ (၆)ပါးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်သည့် ဣန္ဒြိယသံဝရ သီလကို၎င်း၊
အလုံးစုံသော ၀ဋ်ဒုက္ခမှ ထွက်မြောက်ကြောင်း ဖြစ်သည့် နိဗ္ဗာန်ကို၎င်း၊
ဤလေးမျိုးကို ဖယ်ထား၍ သတ္တ၀ါတို့၏ ချမ်းသာဆိုသည်ကို ငါဘုရား မြင်တော်မမူ-ဟု ဟောကြားတော်မူပါသည်။
နတ်သားသည် ဂါထာအဆုံး၌ပင် သောတာပတ္တိမဂ်ကို ရရှိ၍ အပယ်ဘေးမှ လွတ်ကင်းအေးချမ်းသွားခဲ့ကြောင်း တွေ့ရပါသည်။
ဒုတိယသာဓကအနေဖြင့် ဒေါသကြောင့် သေရသည့် နတ်သားနှစ်ယောက်အကြောင်း ဖြစ်စဉ်ကို တင်ပြပါမည်။
နတ်သားနှစ်ယောက်သည် တယောက်နှင့်တယောက် တွေ့သည့်အခါ မနာလိုခြင်း ဣဿာနှင့် ၀န်တိုခြင်း မစ္ဆရိယတို့၏ တွန်းအားကြောင့် တယောက်သော နတ်သားက သင်သည် လူဘ၀တုန်းက အဆင့်အတန်းမရှိတဲ့ ဆင်းရဲသားတယောက်ပါ။ ရဟန်းတော်တပါးကို ဆွမ်းလေးတဇွန်းလောင်းလှူခဲ့သည့် ကုသိုလ်ကို အမှတ်ရပြီး သေခဲ့လို့ ဒီနတ်ပြည်ကို ရောက်ရတာပါ-ဟု ဆိုသလို၊
ကျန်နတ်သားတပါးကလည်း သင်နတ်သားကရော ဘာထူးလို့လည်း၊ လူ့ဘ၀တုန်းက ကျွန်ုပ်ထက်တောင် ပိုဆင်းရဲသေးတယ်။ ဗုဒ္ဓရုပ်ပွားတော်ကို သစ်သီးတလုံး လောင်းလှူခဲ့တဲ့ ကုသိုလ်ကို အမှတ်ရပြီး သေခဲ့လို့ ဒီနတ်ပြည်ကို ရောက်လာတာပါ-ဟု ပြန်လည်ပြောဆိုခဲ့ပါသည်။ ထိုသို့စကားများရင်းမှ ပြင်းထန်သော ဒေါသအဆင့်သို့ ရောက်လာသောအခါ နတ်သားနှစ်ပါးစလုံး ဖြုတ်ကနဲ သေပြီး ငရဲကိုကျသွားခဲ့ရပါသည်။
သို့ပါ၍ အထက်ပါ သာဓကများအရ ၀ိပဿနာဘာဝနာ ပွားများအားထုတ်ခြင်း မရှိသဖြင့် မဂ်တခုခုကို မရရှိခဲ့သော ပုဂ္ဂိုလ်သည် ငရဲကို ပနိုင်သည့်တိုင် စိတ်မချရပါ။ ကုသိုလ်ကံ အရှိန်ကုန်ပါက ပြုထားခဲ့သော အကုသိုလ် မကောင်းမှုကံများကြောင့် ငရဲသို့ ကျရောက်ရပေမည်။ မဂ်ရရှိထားမှသာ ငရဲအပါအ၀င် အပါယ်လေးဘုံကို လုံးဝအပြီးအပိုင်ပါယ်ထား၊ ပထားနိုင်မည် ဖြစ်ပါကြောင်း သတိမူကြရပါမည်။
ငရဲကို အပပြုနိုင်သလို ကုသိုလ်ကောင်းမှု အကျိုးကို အကုသိုလ်ကံက ဖြတ်ကျော်နိုင်မှု---
ငရဲကို အပပြုနိုင်သကဲ့သို့ ၀ိပဿနာဘာဝနာကို အားထုတ်၍ မဂ်တခုခုကို မရယူနိုင်သေးသည့် ပုဂ္ဂိုလ်များသည်လည်း ကောင်းမှုကုသိုလ်ကံများကို မည်မျှပင်ပြုလုပ်ထားကြစေကာမူ အပါယ်လေးပါးနှင့် လွတ်ကင်းရလိမ့်မည်ဟု စိတ်ချယုံကြည်၍ မရပါ။ သာဓကအနေဖြင့် တင်ပြရသော် စေတီပေါင်း၊ ရေတွင်းရေကန်ပေါင်း ရှစ်သောင်းလေးထောင်စီ လှူဒါန်းထားခဲ့သော သီရိဓမ္မာသောကမင်းကြီးသည် စုတေစိတ်ကျခါနီးအချိန်၌ မြေးတော်၏ ထီးနန်းသိမ်းပိုက်ခြင်းကို ခံထားရသဖြင့် ဧကရာဇ်ဘုရင်မင်းကြီး ဖြစ်ပါလျှက် ဆေးအဖြစ်ငုံထားရသော သျှစ်သျှားသီးအပိုင်းလေးမျှကိုသာ ပိုင်ဆိုင်ထားရတော့သည့်အဖြစ်ကို စိတ်အာရုံရောက်ပြီး တွေဝေသည့် မောဟစိတ်ဖြင့် သေဆုံးခဲ့ရသဖြင့် စပါးကြီးမြွေဘ၀သို့ ရောက်ရှိသွား ခဲ့ကြောင်း တွေ့ရပါသည်။ နောက်ဆုံး သားဖြစ်သူ ရဟန္တာက ကယ်ချွတ်မှသာ မြွေဘ၀မှ ကျွတ်လွတ်ကာ နတ်ပြည်သို့ ရောက်သွားခဲ့ရပါသည်။
ထိုနည်းတူစွာပင် ကုသိုလ်ပြုရာအရာ၌ တဖက်သားများ မတုပနိုင်အောင် လှူဒါန်းအပ်သော အသဒိသဒါန အလှူကြီးကို ပြုလုပ်နိုင်ခဲ့သူ မလ္လိကာမိဖုရားကြီး (ပေဿနဒီ ကောသလမင်းကြီး၏ မိဖုရား) သည် သေဆုံးခါနီးအချိန်၌ ဘုရင်ကြီးကို လိမ်ပြောမိခဲ့သည့် အကုသိုလ်ကံစိတ်ဇောဖြင့် သေလွန်ခဲ့သဖြင့် အ၀ီစိ ငရဲ၌ ၇-ရက် ကျခံခဲ့ရပါသည်။ ငရဲမှလွတ်မှသာ နတ်ပြည်သို့ ရောက်ရှိသွားခဲ့ရပါသည်။
သို့ပါ၍ လူသားတို့သည် ကုသိုလ်ကောင်းမှုများကို မည်မျှပင်ပြုလုပ်ထားစေကာမူ အနည်းဆုံး သောတာပတ္တိမဂ် ရသည်အထိ ၀ိပဿနာဘာဝနာကို အားထုတ်ပွားများထားခြင်းမရှိပါက အပါယ်လေးပါးနှင့် မလွတ်ကင်းနိုင်သေးသည်ကို ဆင်ခြင်သတိမူသင့်ကြပါသည်။
မြင့်သိန်းအောင် (၁၉-၁-၂၀၁၀)
(နိုင်ငံဂုဏ်ရည် မဂ္ဂဇင်း ၂၀၁၀-ခု ဖေဖော်ဝါရီလ)
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂသံယုတ်၊ ဒေဝပုတ္တသံယုတ်၊ အနာထပိဏ္ဍိကဝဂ်၊ သုဗြဟ္မသုတ်}
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, May 31, 2016
နတ်ပြည်မှငရဲကျခဲ့ရသည့် သာဓက
Sunday, May 29, 2016
ဘ၀ကိုအရှုံးမပေးသော မိန်းခလေး
"ဘ၀ကို အရူံးမပေးသော မိန်းခလေး"
**************************
*အမေ *သမီးဈေး ရောင်းသွားအုံးမယ် နော်.....
"သမီး"မိုးတွေရွာနေတယ် သမီးလေး ဒီနေ့နားလိုက်ပါလား....
သမီး နားလို့မဖြစ်ဘူး မေမေ ဈေးကြွေးတွေကဆပ်ရအုံးမှာလေ
မေမေ့ဆေးတွေလည်း ကုန်နေပြီ ၀ယ်ရတော့မှာ နားလို့မဖြစ်
လို့ပါမေမေ....!!!
မိခင်ဖြစ်သူသည် အဆုပ်ရောဂါဖြင့် အိပ်ရာထဲလဲနေပြီး အဖေဖြစ်သူက ဆုံးပါးသွားခဲ့တာ (၅)နှစ်ရှိပြီဖြစ်သည်....
မိခင်သည် မိုးရွာထဲ ဈေးရောင်းသွားသော သမီးလေးကို
ကြည့်ပြီး မျက်ရည်တွေတသွင်သွင်ကျပြီး ငိုကြွေးနေလေသည်!!!
ကျောင်းနေရမည့်အရွယ်လေးက ကျောင်းထွက်လိုက်ရပြီး
လောကဓံကို ငယ်ငယ်ရွယ်ရွယ်နဲ့ တိုက်ပွဲဝင်ကျော်ဖြတ်နေ
လေသည်....
သူ့နဲ့ရွယ်တူကလေး များက သူ့ကိုတွေ့ရင် နှာခေါင်းရူံ့ကြ၍
အထင်သေးသောမျက်လုံးများဖြင့်ကြည့်သောအခါ ခလေး၏
နှလုံးသားနုနုလေးမှာ နာကျင်သော်လည်း မိခင်ဆိုသော
အားနဲ့ အံကြိတ်၍ဖြတ်သန်းနေရရှာသည်...!!!
အိမ်ရောက်သော် ....*အမေ*သမီးကို သမီးနဲ့ရွယ်တူတွေက
အထင်သေးကြတယ်...
လှောင်ကြတယ်...ဘာဖြစ်လို့ အဲဒီလိုလုပ်ကြတာလဲ....?
အမေဖြစ်သူသည် သမီးရဲ့မေးခွန်းကြောင့် ရင်ထဲသို့အရှိန်ပြင်း
သော အရာတခုရိုက်ခတ်သွားသော်လည်း ကြိတ်မှိတ်ပြုံး၍
*သမီး*လူတယောက်နဲ့ တယောက်ကံအကျိုးပေးခြင်းတော့
မတူညီကြဘူး....
သမီး အလုပ်လုပ်နေတာက သူများပစ္စည်းခိုးသလား...?
သမီးက မခိုးပါဘူး မေမေ...
သမီး အလုပ်လုပ်နေတာ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်သလဲ?
သမီးက မိသားစု စားဝတ်နေရေးအတွက်နှင့် မေမေ့ကျန်းမာ
ရေးအတွက်ပါမေမေ....
သမီးနဲ့ သူတို့ ယှဉ်ရင် ဘယ်သူက ပိုပြီး မွန်မြတ်လဲ...?
သမီးက ပိုပြီးမွန်မြတ်တယ် ဂုဏ်ယူစရာကောင်းတယ်လို့
ထင်တယ် မေမေ...
မိခင်ဖြစ်သူက ပြုံး၍ သမီးခုရှက်သေးလား...?
မရှက်တော့ပါဘူး သမီးနားလည်သွားပါပြီ မေမေ...လောကဓံကို သမီးတတ်နိုင်သလောက် ရုန်းကန်တော့မယ်
သမီးအားမငယ်တော့ဘူး မေမေ....!!!
မိခင်က "သမီးလေး"မိဘကို လုပ်ကျွေးပြုစုတဲ့သားသမီးက
ဘယ်တော့မှ မဆင်းရဲဘူး...ခုဆင်းရဲနေတာက သမီးဘဝ
အောင်မြင်ဖို့အတွက် စာမေးပွဲစစ်နေတာပါ...မိဘကိုစိတ်ချမ်း
သာအောင် ထားတဲ့သားသမီးက ဘ၀တခုလုံးကို စိတ်ပျော်ရွှင်
မှူအပြည့်နဲ့ ဖြတ်သန်းရမှာပါ....သမီး လေးသွားအိပ်တော့နော်
တနေကုန်ပင်ပန်းလာတယ်.....ဟုတ်မေမေ...
မိခင်သည် သမီးလေးအိပ်နေတာကြည့်ပြီး ရင်ထဲတွင်ပြောမပြ
သော ခံစားမှူများဖြင့် ကြိတ်မှိတ် ငိုနေပြီး ငါ...နေမြန်မြန်ကောင်းမှဖြစ်မယ်....ငါ..စိတ်လျော့လို့မဖြစ်ဘူး ဆိုပြီး သူ့ကိုယ်သူလည်း
အားတင်းနေလေသည်....!!!
ဒီလိုနဲ့....
ရုန်းကန်လှူပ်ရှားနေသော မိန်းခလေးသည် အပျိုအရွယ်သို့
ရောက်ရှိလာပြီး မိခင်ဖြစ်သူသည်လည်းကျန်းမာရေးတော်တော်
ကောင်းလာခဲ့သည်....!!!
တနေ့တော့.....
(၇)နှစ်အရွယ်ခလေးတယောက်က *မမ* ကျွန်တော်ဗိုက်ဆာ
လို့ပါ ကျွန်တော့်ကို မုန့်ရောင်းပါလား...ကျွန်တော်ပိုက်ဆုံစုပြီး
ထိုးထားတဲ့ ထီလက်မှတ်ရှိပါတယ် ....ထီလက်မှတ်ကို မမ ယူ
ပါ ကျွန်တော့်ကို မုန့်ကြွေးပါနော်.....မောင်လေးရယ် ရပါတယ်
ထီလက်မှတ်ကို ပြန်ယူသွားပါ မုန့်လည်းမောင်လေး အဆင်ပြေ
သလောက်ယူသွားပါ...နော်
ကောင်လေးက မမ အရမ်းသဘောကောင်းတယ်ဗျာ...ထီလက်မှတ်ကို ယူထားပါ မမ....ဆိုပြီး မုန့်ယူပြီးပြန်သွားလေသည်...
နောက်နေ့များတွင် ကောင်လေးသည် မိန်းခလေးကို လာရောက်
ဝိုင်းကူရောင်းပေးပြီး မောင်နမအရင်းတွေလို ဖြစ်လာကာ မိဘ
မရှိသော ကောင်လေးကို မိန်းခလေးက မောင်တယောက်လို
အိမ်သို့ခေါ်ယူ မွေးစားထားလေသည်....
**ကံကောင်းရေ*ကောင်လေးသည် သူ့နာမည်ခေါ်၍ လှမ်းကြည့်သောအခါ သူနဲ့ရင်းနှီးခဲ့သော ထီသည်ကိုတွေ့လေသည်
ကံကောင်း မင်း တကယ်ကံကောင်းသွားပြီ.....
မင်း..သိန်း ၁၅၀၀ဆုပေါက်တယ်ကွ...ဟာဦးလေးကလည်း
မနောက်ပါနဲ့ဗျာ ၁၅၀၀ လောက်က ကျွန်တော့်အမ တနေ့ဝင်ငွေ
မရှိပါဘူးဗျ ကံကောင်းစရာလားပါဗျာ.....
ဟာ....ဒီကောင် မင်းထီလက်မှတ်ရော ဘယ်မှာလဲ အမဆီမှာ
ရှိတယ် အမပြန်လာတော့မှာ မုန့်မှာထားလို့သွားပို့နေတယ်....
အမ ပြန်ရောက်လာသော် အမ ရေ...ထီလက်မှတ်ရော ဘယ်မှာလဲ...?ရှိတယ် မောင်လေး ဘာဖြစ်လို့လဲ.. .?
ထီသည်က ...ညီမလေးမောင် သိန်း ၁၅၀၀ ပေါက်တယ်ဟေ့
ညည်းတို့ ချမ်းသာပြီဟေ့...ဟင်တကယ်လားအကိုကြီး...
ငါ့ မှာထီပေါက်စဉ် ပါတယ် တိုက်ကြည့်လေ....
ထီလက်မှတ်ထုတ်ပြီး တိုက်ကြည့်တော့ မိန်းခလေးသည်
အရမ်းဝမ်းသာသွားပြီး စကားမပြောနိုင်တော့ဘဲ ငိုလေတော့
သည်....!!!
အိမ်ပြန်ရောက်သော် မိခင်ဖြစ်သူကိုပြောပြသောအခါ မိခင်ဖြစ်
သူလည်းအရမ်းဝမ်းသားသွားပြီး ....*သမီး*....သမီးကို
အမေပြောခဲ့ဘူးတဲ့ မိဘကို လုပ်ကျွေးတဲ့သားသမီး
မိဘကို စိတ်ချမ်းသာအောင် ထားတဲ့သားသမီး ကဘယ်တော့
မှ မဆင်းရဲတော့ဘူးဆိုတာ သမီး လက်ခံပြီမဟုတ်လား....
သမီးယုံကြည်ပြီးသားပါ မေမေ ခုလိုအချိန်ကာလတိုတိုလေးမှာ
တန်းပြီး အကျိုးခံစားရလိမ့်မယ်လို့တော့ သမီးမထင်ခဲ့မိပါဘူး
မေမေရယ်.....သားအမိ ၃ ယောက် ဖတ်၍ ငိုကြွေးကြလေသည်....
ယခု ကျသော မျက်ရည်သည် ၀မ်းသာလွန်း၍ ကျသောပီတိမျက်
ရည်များ ဖြစ်ပါတော့လေသည်....!!!!!
လေးစားစွာဖြင့်♥ ♥ ♥
ဇင်းနစ် မကွေး (own idea)
Saturday, May 14, 2016
မပိုင်တာကိုကြိုသိခဲ့ရင်
မပိုင်တာကို ကြိုသိထားခဲ့ရင်
……………………………
(၁)
ပုံပြင်လေးတစ်ပုဒ် ဖတ်ဖူးတယ်။ လူတစ်ယောက်ဟာ တောထဲမှာ ခရီးသွားနေရင်း မြစ်တစ်ခုမှာ ရေဆင်းချိုးဖို့ ပြင်နေခဲ့တယ်။ မြစ်ကမ်းက ရေထဲဆင်းမယ်လည်း လုပ်ရော မမျှော်လင့်ဘဲ ငွေရိုးတပ်ထားတဲ့ လက်ကိုင်တုတ်တစ်ချောင်းကို ကောက်ရခဲ့တယ်။ အစကတော့ သူဟာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး။ အခုတော့ ငွေရိုးတပ်တုတ်ကြောင့် စိတ်က မငြိမ်တော့ဘူး။ ရေဆင်းချိုးဖို့တောင် စဉ်းစားသွားရပြီ။ ဒီတုတ်ကို ကမ်းပေါ်မှာ ထားခဲ့ရင် အခြားသူတွေ ယူသွားမှာ စိုးရိမ်မိတယ်။ ရေကလည်း အလွန်ချိုးချင်နေပြီ။ ဒါနဲ့ ငွေရိုးတပ်တုတ်ကို လက်က ကိုင်ပြီး ရေဆင်းချိုးတော့တယ်။
တုတ်ကြီးကို လက်တစ်ဖက်က ကိုင်ထားရတော့ မလွတ်မလပ်ကြီး။ မသက်မသာကြီး။ ခါတိုင်း မြစ်ထဲမှာ အခုလို ရေချိုးလိုက်ရရင် အရသာကို ရှိလို့။ စိတ်အေးလက်အေး သီချင်းလေးတစ်ကြော်ကြော်နဲ့ ပျော်စရာကောင်းတယ်။ အခုတော့ ဒီတုတ်ကို ပျောက်သွားမှာစိုးတဲ့စိတ်၊ အခြားသူတွေထံ ပါသွားမှာစိုးတဲ့စိတ်နဲ့ စိတ်က တင်းကြပ်လာခဲ့တယ်။ စိုးရိမ်စိတ်နဲ့နေထိုင်ရတော့ လူက ဗျာများလာတယ်။ သူ စိုးရိမ်နေတဲ့ ကြားကပဲ လှိုင်းတစ်ချက်အပုတ်မှာ ငွေရိုးတပ်လက်ကိုင်တုတ်က လက်က လွတ်သွားတယ်။ ဝမ်းနည်းစိတ်နဲ့ အပူတပြင်း ကြိုးစားပမ်းစား လိုက်ရှာပေမဲ့ လက်ကိုင်တုတ်လေးက ပြန်ပေါ်မလာတော့ဘူး။
ဒါနဲ့ မြစ်ကမ်းပေါ်မှာ တမှိုင်မှိုင်နဲ့ စိတ်မကောင်းဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ ရသေ့ကြီးတစ်ပါးက မြစ်ကမ်းနားကို ရောက်လာခဲ့တယ်။ “အမောင့်ကို ကြည့်ရတာ … စိတ်ဆင်းရဲနေပုံပဲ၊ ဘာများ ဖြစ်လို့လဲ”လို့ မေးလိုက်တော့ သူက “ငွေရိုးတပ်လက်ကိုင်တုတ်လေး ဟောဒီမြစ်ကမ်းဘေးမှာ တွေ့တာ … အခု ရေချိုးရင်းနဲ့ ပျောက်သွားလို့ စိတ်မကောင်းဖြစ်နေတာပါ”လို့ ဖြေလိုက်တယ်။ အဲဒီအခါ ရသေ့ကြီးက “ကိုယ့်ဥစ္စာမဟုတ်တဲ့ပစ္စည်း လက်လွှတ်ဆုံးရှုံးသွားတဲ့အတွက် ဘာပူနေစရာရှိသလဲ”လို့ မေးခွန်းထုတ်ပြီး ခရီးဆက်သွားခဲ့တယ်။
(၂)
ကိုယ်မပိုင်တာကို ပိုင်တယ်လို့ အထင်ရောက်လိုက်တဲ့အခိုက်မှာ ဒုက္ခဆင်းရဲတွေက စလာတော့တာပါ။
လောကစည်းစိမ်တွေ၊ အောင်မြင်မှုတွေနောက်ကို လိုက်လံနေရတာဟာ ချီးပိုးထိုးကောင်လေး မြေစာတွေကို စုဆောင်းနေတာနဲ့ တူတယ်။ မြေစာလေးတွေ စုပြီးတိုင်း စုပြီးတိုင်း “ငါကွ”ဆိုတဲ့ မာန်လေးက ဝင်လာတယ်။ ဒီလိုပဲ တစ်လျှောက်လုံး တငါငါနဲ့ မြေစာလေးတွေကို စုပြီး သူ့ကိုယ်သူ အဟုတ်ထင်နေတတ်တာ။
မာန်တက်မယ်ဆိုလည်း တက်စရာ။ တစ်ခါတလေ သူ ကြိုးစားပြီး စုပုံထားတာတွေက သူ့ခန္ဓာကိုယ်ထက်တောင် အဆမတန် ကြီးနေတာ။ သူက သူ့ခန္ဓာကိုယ်ထက်ကြီးတဲ့ မြေစာတုံးကြီးတွေကိုလည်း ရွှေ့နိုင်တယ်လေ။ ဒါပေမဲ့ နွားရိုင်းကြီးတစ်ကောင်က ရုတ်တရက် ရောက်လာပြီး သူ့မြေစာပုံပေါ်မှာ မစင်စွန့်လိုက်တော့ သူကြိုးစားပမ်းစား လုပ်ထားသမျှ တစ်ခါတည်း ပျက်စီးတော့တာပဲ။ လောကစည်းစိမ်တွေ၊ အောင်မြင်မှုတွေဆိုတာလည်း လောကရဲ့မမြဲခြင်း၊ ပျက်စီးခြင်း၊ အစိုးမရခြင်းတွေကြောင့် ပျက်စီးသွားတဲ့အခါ ချီးပိုးထိုးကောင်လေးရဲ့ မြေစာပုံလောက်ပဲ တန်ဖိုးရှိပါတယ်။
မာန်တက်ပြီး ဆုပ်ကိုင်ထားလွန်းအားကြီးရင် ဒုက္ခခံစားရမှုတွေကလည်း အားကြီးတတ်ပါတယ်။ ချမ်းသာဖို့၊ အောင်မြင်ဖို့ ကြိုးလည်းကြိုးစား၊ တရားလည်း နှလုံးသွင်း၊ စွန့်လွှတ်ခြင်းရဲ့အရသာတွေကိုလည်း မြည်းစမ်း။ ဒါမှသာ ဘဝရဲ့အဓိပ္ပာယ်က ပိုမိုပြည့်စုံလာမှာပါ။ မပိုင်တာကို ကြိုသိထားခဲ့ရင် ဆုံးရှုံးခြင်းလှိုင်းတံပိုးတွေ ရိုက်ပုတ်လာတဲ့အခါ ခံနိုင်ရည်အားတွေ ပြည့်ဝနေမှာပါ။
မေတ္တာဖြင့်
အရှင်ကုသလသာမိ(အတည်မဲ့)
၁၂ မေလ ၂ဝ၁၆
ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရ်များ
ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရ်များ (၄၁)ပါး
********************************
၁။ အရှင်ကောဏ္ဍည=ဝါတော်ကြီးရင့်ခြင်း၊ ရတ္တညူအရာ။
၂။အရှင်သာရိပုတ္တရာ=ဉာဏ်ပညာကြီးခြင်း၊ မဟာပညာအရာ။
၃။အရှင်မဟာမောဂ္ဂလာန်=တန်ခိုးဣဒ္ဓိပါဒ်ကြီးခြင်း။
၎။အရှင်မဟာကဿပ=ဓုတင်ဆောင်ခြင်း။
၅။အရှင်အနုရုဒ္ဓါ=ဒိဗ္ဗစက္ခုအဘိညာဉ်ရခြင်း။
၆။ အရှင်ဘဒ္ဒိယ=အမျိုးမြတ်ခြင်း။
၇။အရှင်လကုဏ္ဍကဘဒ္ဒိယ=အသံသာခြင်း။
၈။အရှင်ပိဏ္ဍောလဘာရဒွါဇ=ရဲတင်းသောစကားကို ဆိုခြင်း။
၉။ အရှင်ပုဏ္ဏ=ဓမ္မကထိကအရာ တရားဟောကြားခြင်း။
၁၀။ အရှင်ကစ္စာန=အကျဉ်းကို အကျယ်ဟောခြင်း။
၁၁။ အရှင်စူဠပန္ထက=မနောမယအဘိညာဉ် ဖန်ဆင်းခြင်း, ရူပါဝစရဈာန်အရာ၌ လိမ္မာကျွမ်း
ကျင်ခြင်း။
၁၂။ အရှင်မဟာပန္ထက=အရူပဈာန်မှထ၍ ရဟန္တာဖြစ်ခြင်း၊(အရူပါဝစရဈာန်အရာ၌ လိမ္မာ
ကျွမ်းကျင်ခြင်း)
၁၃။အရှင်သုဘူတိ=အပြစ်မရှိသောနေခြင်းနှင့် အလှူခံထိုက်ခြင်း။
၁၄။အရှင်ခဒိရဝနိယရေဝတ=တောရဆောက်တည်ခြင်း။
၁၅။အရှင်ကင်္ခါရေဝတ=ဈာန်ဝင်စားခြင်း။
၁၆။ ကောဠိဝိသနွယ်ဖွား အရှင်သောဏ=လုံ့လဝီရိယကြီးခြင်း။
၁၇။ ကုဋိကဏ္ဏမည်ရ အရှင်သောဏ=အဟောအပြောကောင်းခြင်း။
၁၈။ အရှင်သီဝလိ=လာဘ်ပေါများခြင်း။
၁၉။အရှင်ဝက္ကလိ=သဒ္ဓါတရားလွန်ကဲခြင်း။
၂၀။ အရှင်ရာဟုလာ=သိက္ခာသုံးပါး ကျင့်ဆောင်ခြင်း။
၂၁။ အရှင်ရဋ္ဌပါလ=သဒ္ဓါ၍ ရဟန်းပြုခြင်း။
၂၂။အရှင်ကုဏ္ဍဓာန(ကောဏ္ဍဓာန)=စာရေးတံမဲ ပဌမရယူခြင်း။
၂၃။ အရှင်ဝင်္ဂီသ=ဖွဲ့ဆိုသီကုံးမှု၌ ဉာဏ်ပဋိဘာန်ရှိခြင်း။
၂၄။ အရှင်ဥပသေန=ကြည်ညိုဖွယ်ရာ ဖြစ်ခြင်း။
၂၅။ အရှင်ဒဗ္ဗ=သံဃာတော်များအတွက် နေရာချထားခြင်း။
၂၆။အရှင်ပိလိန္ဒဝစ္ဆ=နတ်တို့ချစ်မြတ်နိုးခြင်း။
၂၇။ အရှင်ဒါရုစိရိယ=လျင်မြန်စွာ ထိုးထွင်းသိခြင်း=ခိပ္ပါဘိညာ။
၂၈။ အရှင်ကုမာရကဿပ=ဆန်းကြယ်စွာ တရားဟောခြင်း။
၂၉။အရှင်မဟာကောဋ္ဌိက=ပဋိသမ္ဘိဒါလေးပါး ရခြင်း။
၃၀။ အရှင်အာနန္ဒာ=အကြားအမြင်များခြင်း, သတိကောင်းခြင်း, ဉာဏ်ကောင်းခြင်း, လုံ့လကြီးခြင်း,
လုပ်ကျွေးပြုစုခြင်း=ဤငါးချက်။
၃၁။အရှင်ဥရုဝေလကဿပ=အခြံအရံများခြင်း။
၃၂။အရှင်ကာဠုဒါယီ=ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေခြင်း။
၃၃။ အရှင်ဗာကုလ=ကျန်းမာရေးနှင့် ပြည့်စုံခြင်း၊(အနာရောဂါ ကင်းခြင်း)
၃၄။အရှင်သောဘိတ=ပုဗ္ဗေနိဝါသအဘိညာဏ်။
၃၅။ အရှင်ဥပါလိ=ဝိနည်းဆောင်ခြင်း။
၃၆။ အရှင်နန္ဒက=ဘိက္ခုနီတို့အား ဆုံးမခြင်း။
၃၇။ အရှင်နန္ဒ=ဣနြေ္ဒစောင့်ခြင်း။
၃၈။ အရှင်မဟာကပ္ပိန=ရဟန်းများအား ဆုံးမခြင်း။
၃၉။အရှင်သာဂတ=တေဇောဓာတ်သမာပတ်၌ ဝင်စားခြင်း။
၄၀။ အရှင်ရာဓ=ဒေသကဘုရားရှင်အား ဒေသနာဉာဏ်အဆင့်ဆင့် ပွင့်စေခြင်း။
၄၁။အရှင်မောဃရာဇ=ခေါင်းပါးသောသင်္ကန်းကို ဆောင်ခြင်း။ တို့ ဖြစ်ကြပါတယ်။ ။
{မင်္ဂလာသတင်းစဉ်။မှတ်သားဖွယ် ဗဟုသုတဆိုင်ရာ အကြောင်းအရာများမှ
ကူးယူရေးသားပူဇော်ပါသည်။ }
Tuesday, May 10, 2016
မေတ္တသုတ်တော်
★ ★ မေတ္တသုတ်တော် ★ ★
************************
((( မြန်မာပြန်အနက် )))
၄၆။ ယဿာနုဘာဝတော ယက္ခာ
နေ၀ ဒေဿန္တိ ဘီသနံ။
ယမှိ စေ၀ါ နုယုဉ္ဇန္တော ၊
ရတ္တိန္ဒိဝ မတန္ဒိတော။
'
၄၆ ။ဟေ. .. အို သူတော်ကောင်းတို့..
ယဿပရိတ္တဿ .. အကြင်မေတ္တသုတ် ပရိတ်တော်၏၊
အာနုဘာဝတော.. အာနုဘော်ကြောင့်၊
ယက္ခာ... နတ်အများတို့သည် ၊
ဘီသနံ... ကြောက်မက်ဖွယ် အာရုံမျိုးကို၊
နေ၀ ဒေဿန္တိ.. မပြနိုင်ကြကုန်၊
ယမှိစေ၀ါ... အကြင်မေတ္တသုတ် ပရိသတ်တော်၌သာလျှင်၊
ရိတ္တိန္ဒိဝံ... နေ့ညဥ့်ပတ်လုံး၊
အတန္ဒိတော.. ပျင်းရိခြင်းမရှိဘဲ၊
အနုယုဉ္စန္တော.. ရွတ်ဆိုပွားများအားထုတ်သူသည်-
၄၇။ သုခံ သုပတိ သုတ္တော စ ၊
ပါပံ ကိဥ္စိ န ပဿတိ
ဧ၀မာဒိ ဂုဏူပေတံ ၊
ပရိတ္တံ တံ ဘဏာမ ဟေ။
'
၄၇။ သုခံ .. ချမ်းချမ်းသာသာ၊
သုပတိ.. အိပ်စက်ရ၏။
သုတ္တော .. အိပ်ပျော်သည်ရှိသော်၊
ကိဥ္စိ. ... တစ်စုံတစ်ခုသော ၊
ပါပံစ. ... အိပ်မက်ဆိုးကိုလည်း၊
န ပဿတိ.. မမြင်မက်ရ၊
ဧ၀မာဒိ ဂုဏူပေတံ... ဤသို့အစရှိသော အကျိုးဂုဏ်အင် အာနိသင်နှင့် ပြည့်စုံသော ၊
တံ ပရိတ္တံ... ထို မေတ္တသုတ် ပရိတ်တော်ကို၊
မယံ... ငါတို့သည် ၊
ဘဏာမ.. ရွတ်ကြကုန်စို့။
၄၈။ ကရဏီယ အတ္ထကုသလေန ၊
ယန္တသန္တံ ပဒံ အဘိသမေစ္စ ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနီ။
'
၄၈။ သန္တံ .. ငြိမ်သက်အေးချမ်းသော၊
ပဒံ .. နိဗ္ဗာန်ကို၊
အဘိသမေစ္စ .. အာရုံယူဘိ ထွင်းဖောက်သိမြင်၍၊
( ၀ိဟရိတုကာမေန .. နေခြင်းငှါ အလိုရှိသော )
အတ္ထကုသလေန.. အကျိုးစီးပွား၌ လိမ္မာသူသည်၊
ယံ ကရဏီယံ.. အကြင်ပြုကျင့်ရမည့် သိက္ခာသုံးရပ် အကျင့်မြတ်သည်၊
အတ္တိ.. ရှိ၏။
တံ..... ထိုအကျင့်မြတ်ကို၊
ကရဏီ ယံ.. ပြုကျင့်အပ်၏။
သက္ကောစ.. စွမ်းနိုင်သုလည်း၊
အဿ... ဖြစ်ရာ၏။
ဥဇူစ...... ဖြောင့်မတ်သူသည်လည်း၊
အဿ .. ဖြစ်ရာ၏။
သုဟုဇူစ .. အလွန်ဖြောင့်မတ်သူလည်း၊
အဿ.... ဖြစ်ရာ၏။
သုဝစော စ.. ဆို ဆုံးမလွယ်သူသည်လည်း၊
အဿ......... ဖြစ်ရာ၏။
မုဒုစ........... နူးညံ့ပျော့ပျောင်းသူသည်လည်း၊
အဿ......... ဖြစ်ရာ၏။
အန တိမာနိစ.. မာန်ထောင်လွှားခြင်း မရှိသူသည်လည်း
အဿ..... ဖြစ်ရာ၏။
၄၉။ သန္တုဿကော စ သုဘရောစ၊
အပ္ပဏိစ္စော စ သလ္လဟုက၀ုတ္တိ။
သန္တိနြ္ဒိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုသေသွ နနုဂိဒ္ဓေါ။
'
၄၉။ သန္တုဿကော စ.. တင်းတိမ်ရောင့်ရဲလွယ်သူလည်း၊
အဿ... ဖြစ်ရာ၏။
သုဘရောစ... မွေးမြူလွယ်သူလည်း၊
အဿ.... ဖြစ်ရာ၏။
အပ္ပကိစ္စော စ.. ကိစ္စနည်းသူလည်း၊
အဿ.... ဖြစ်ရာ၏။
သလ္လ- ဟုက၀ုတ္တိ.. ပေါ့ပါးသော အဖြစ်မျိုးရှိသူလည်း၊
အဿ .. ဖြစ်ရာ၏။
သန္တိနြ္ဒိယော စ.. ငြိမ်သက်သော ဣနြေ္ဒရှိသူလည်း၊
အဿ.. ဖြစ်ရာ၏။
နိပကော စ.. ရင့်ကျက်သော ပညာရှိသူလည်း၊
အဿ ... ဖြစ်ရာ၏။
အပ္ပဂဗ္ဘောစ.. ကြမ်းတမ်းရိုင်းပျခြင်း မရှိသူလည်း၊
အဿ... ဖြစ်ရာ၏။
ကုလေသု .. အိမ်သားအိမ်သူလူတို့၌၊
အနနုဂိဒ္ဓေါစ.. တွယ်တာမက်မောခြင်း မရှိသူလည်း၊
အဿ.. ဖြစ်ရာ၏။
၅၀။ န စ ခုဒ္ဒမာစရေ ကိဉ္စိ၊
ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ ။
သုခိနောဝ ခေမိနော ဟောန္တု ၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္ထာ ။
'
၅၀ ။ ယေန.. အကြင် ဒုစရိုက်စု ယုတ်ညံ့သော အမှုကြောင့် ၊
ဝိညူ .. ပညာရှိဖြစ်ကုန်သော၊
ပရေ... သူတစ်ပါးတို့သည်၊
ဥပ၀ဒေယျုံ .. ကဲ့ရဲ့ကုန်ရာ၏။
ခုဒ္ဒံ .. ယုတ်ညံ့သော၊
ကိဉ္စိ .. အသေးအဖွဲမျှကိုပင် ၊
နအာစရေ.. မပြုကျင့်ရာ၊
သဗ္ဗသတ္တာ.. သတ္တ၀ါ အားလုံးတို့သည်
သုခိနောဝါ.. ကိုယ်၏ချမ်းသာခြင်း ရှိကုန်သည်လည်းကောင်း၊
ခေမိနော ၀ါ.. ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်း ရှိကုန်သည်လည်းကောင်း၊
ဟောန္တု.. ဖြစ်ကြပါစေကုန်သတည်း။
သုခိ တတ္ထာ ၀ါ.. ချမ်းသာရွှင်ပျ စိတ်ရှိကြကုန်သည်လည်း ၊
ဘ၀န္တု.. ဖြစ်ကြပါစေကုန်သတည်း။
၅၁။ ယေ ကေစိ ပါဏဘူတတ္ထိ
တသာ ၀ါ ထာဝရာ ၀ န၀သေသာ
ဒီဃာ ၀ါ ယေ၀ မဟန္တာ
မဇျ္စိမာ ရဿကာ အဏုကထူလာ။'
၅၁။ အန၀သေသာ.. ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော ၊
ယေတသာဝါ.. အကြင်ထိတ်လန့်တတ်သော ပုထုဇဉ် သေက္ခတို့သည်လည်းကောင်း၊
ယေ ထာဝရာဝါ.. အကြင်မထိတ်လန့် တည်တံ့ခိုင်မြဲသော ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊
ယေဒီဃာဝါ.. အကြင်ခန္ဓာကိုယ် ရှည်လျားသော သတ္တ၀ါတို့သည်လည်းကောင်း၊
ယေမဟန္တာဝါ.. အကြင် ခန္ဓာကိုယ် ကြီးမားသော သတ္တ၀ါ တို့သည်လည်းကောင်း၊
ယေ မဇျ္စိမာဝါ.. အကြင်မတိုမရှည် မကြီးမငယ် အလတ်စား သတ္တ၀ါတို့သည်လည်းကောင်း၊
ယေရ ဿကာဝါ.. အကြင် ခန္ဓာကိုယ် ပုကွနိမ့်တိုသော သတ္တ၀ါတို့သည်လည်းကောင်း၊
ယေအဏုကာဝါ.. အကြင်သေးငယ် မှုန်ဝါးသော သတ္တ၀ါတို့သည်လည်းကောင်း ၊
ယေ ထူလာဝါ.. အကြင် ဆူဖြိုးသော သတ္တ၀ါ တို့သည်လည်းကောင်း..၊
၅၂။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာဝ သမ္ဘဝေသီဝ၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္ထာ ။
'
၅၂။ ယေ ဒိဋ္ဌိဝါ .. အကြင်မြင်ဖူးသော သတ္တ၀ါတို့သည် လည်းကောင်း၊
ယေ အဒိဋ္ဌာဝါ.. အကြင်မမြင်ဖူးသော သတ္တ၀ါ တို့သည်လည်းကောင်း ၊
ယေ ဒူရေ၀သန္တိ .. အကြင်အဝေးအရပ်၌ နေကုန်သော သတ္တ၀ါ တို့သည်လည်းကောင်း ၊
ယေ အ၀ိဒူရေ ၀သန္တိ.. အကြင်အနီးအရပ်၌နေသော သတ္တ၀ါ တို့သည်လည်းကောင်း ၊
ယေဘူတာဝါ.. အကြင် နောင်မဖြစ်ရ၊ ဖြစ်ပြီးသား ရဟန္တာ တို့သည်လည်းကောင်း ယေ သမ္ဘဝေသီဝါ.. အကြင် နောင်ဖြစ်လတ္တံသော ပုထုဇဉ် သေက္ခတို့သည်လည်းကောင်း၊
ယေ ကေစိ.. အလုံးစုံကုန်သော၊
ပါဏဘူတာ.. သတ္တ၀ါတို့သည်၊
အတ္ထိ .. ..... ရှိကုန်၏။
ဣမေပိ သဗ္ဗသတ္တာ.. ဤအလုံးစုံကုန်သော သတ္တ၀ါတို့သည်လည်းကောင်း၊
သုခိတတ္ထာ .. ချမ်းသာအေးမြ ကိုယ်စိတ်နှစ်ပါး ရှိကုန်သည် ၊
ဘ၀န္တု .. ဖြစ်ကြပါစေကုန်သတည်း။
၅၃။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဥ္စိ။
ဗျာရောသနာ ပဋိဃသည၊
နာညမညဿ ဒုက္ခမိစ္ဆေယျ။ '
၅၃.. ပရော .. တစ်ပါးသူတစ်ယောက်တည်း၊
ပရံ .. အခြားသူ တစ်ယောက်ကို ၊
နနိကူဗ္ဗေထ .. စဉ်းလဲသမှု လှည့်ပတ်ခြင်းမပြုပါစေလင့်၊
ကတ္ထစိ .. တစ်စုံတစ်ခုသောအရပ်၌၊
ကဉ္စိ .. တစ်စုံတစ်ယောက်သော၊
နံ .. ထိုသူတစ်ပါးကို၊
နာတိမညေထ.. မထီမဲ့မြင် မပြုပါစေလင့်၊
ဗျာရောသနာယ.. ကိုယ်, နှုတ်တို့ဖြင့် စော်ကားထိပါး နှိပ်စက်ခြင်းဖြင့်လည်းကောင်း၊
ပဋိဃသညာယ.. ဒေါသစိတ်ဖြင့်လည်းကောင်း၊
အညမညဿ.. အချင်းချင်း၏ ၊
ဒုက္ခံ .. ......ဆင်းရဲခြင်းကို ၊
နဣစ္ဆေယျ .. ...အလိုမရှိပါစေလင့်။
၅၄။ မာတာ ယထာ နိယံပုတ္တ၊
မာယုသာ ဧက ပုတ္တမနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။
'
၅၄။ မာတာ.. မိခင်သည်၊
နိယံပုတ္ထံ .. မိမိရင်နှစ် သားရင်းဖြစ်သော ၊
ဧကံပုတ္တံ.. .. .တစ်ဦးတည်းသော သားကို၊
အာယုသာ .. မိမိအသက်ဖြင့်ပင်၊
အနုရက္ခေယထာ.. အစဉ်စောင့်ရှောက်သကဲ့သို့၊
ဧ၀မ္ပိ .. ဤအတူလည်း၊
သဗ္ဗဘူတေသု.. အလုံးစုံသော သတ္တ၀ါတို့၌၊
အပရိမာဏံ.. အတိုင်းအတာ ပမာဏမရှိသော၊
မာနသံ .. မေတ္တာ စိတ်ကို၊
ဘာဝယေ. .. အကြိမ်ကြိမ် အခါခါ ပွားများရာ၏။
၅၅။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ ၊
မာနသံ ဘာဝယေ အပရိမာဏံ ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္ဗာဓံ အဝေရ မသပတ္တံ။
'
၅၅။ ဥဒ္ဓံ .. အထက်အရူပဘ၀၌လည်းကောင်း၊
အမော စ .. အောက် ကာမဘ၀၌ လည်းကောင်း၊
တိရိယဉ္စ. .. အလယ်ရူပ ဘ၀၌လည်းကောင်း၊
သဗ္ဗလောကသ္မိံ .. အလုံးစုံသော လောက၌၊
အပရိမာဏံ.. အတိုင်းအတာ ပမာဏမရှိသော၊
မေတ္တံ .. မေတ္တာနှင့်ယှ၌်သော၊
မာနသံ .. စိတ်ကို
အသမ္ဗာဓံ .. ကျဉ်းမြောင်းခြင်း မရှိသည်ကို၊
အဝေရံ .. အတွင်းရန်လည်း မရှိသည်ကို ၊
အသပတ္တံ .. အပ , ရန်လည်း မရှိသည်ကို၊
(ကတွာ .. ပြု၍ )
ဘာဝယေ. .. ပွားများရာ၏။
၅၆။ တိဋ္ဌံ စရံ နိသိန္နော ၀ ၊
သယာနော ယာဝတဿ ၀ိတမိဒ္ဓေါ ။
ဧတံ သတႎ အဓိေ႒ယ်၊
ဗြဟ္မမေတံ ၀ိဟာရ မိဓ မာဟု။
'
၅၆။ တိဋ္ဌံဝါ .. ရပ်လျက်သော်လည်းကောင်း၊
စရံဝါ .. သွားလျက်သော်လည်းကောင်း၊
နိသိန္နော ၀ါ .. ထိုင်လျက်သော်လည်းကောင်း၊
သယာနောဝါ .. အိပ်လျက်သော်လည်းကောင်း၊
ယာဝတာ .. အကြင်မျှလောက်၊
ဝိတမိဒ္ဓေါ .. ကင်းသောအိပ်ခြင်း ငိုက်မျဉ်းခြင်း ရှိသည်၊
အဿ .. ဖြစ်ရာ၏။
အထ. .. ထိုအချိန်၌၊
ဧတံ သတိံ. .. ထိုမေတ္တာနှင့်ယှဉ်သော သတိကို၊
အဓိဋ္ဌေယျ .. ဆောက်တည်ရာ၏။
ဣဓ. .. ဤသာသနာတော်၌
ဧတံ .. ဤမေတ္တာနှင့်နေခြင်းကို၊
ဗြဟ္မံ .. ထူးမြတ်သော
ဝိဟာရံ .. နေခြင်းမျိုးဟူ၍ ၊
အာဟု .. ဘုရားရှင်တို့ ဟောကြားတော်မူကုန်ပြီ။
၅၇။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊
သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနေယျ ဂေဓံ၊
န ဟိ ဇာတု ဂ္ဂဗ္ဘသေယျ ပုန ရေတိ။
'
၅၇။ သော .. ထိုမေတ္တာဈာန် ရပြီးသော ယောဂီပုဂ္ဂိုလ်သည် ၊
ဒိဋ္ဌိဉ္စ. .. အတ္တဒိဋ္ဌိသို့လည်း၊
အနုပဂ္ဂမ္မ. .. မကပ်မရောက်မူ၍၊
သီလ၀ါ ..လောကုတ္တရာ သီလရှိသူသည်၊
ဒဿနေန... သောတာပတ္ထိမဂ် ဥာဏ်နှင့် ၊
သမ္ပန္နော ... ပြည့်စုံသူသည်
( သမာနော .. ဖြစ်လျက် )
ကာမေသု .. ၀တ္ထုအာရုံ ကာမဂုဏ်တို့၌၊
ဂေဓံ .. တွယ်တာမက်မောခြင်းကို၊
ဝိနေယျ .. ပယ်ဖျောက်ပြီးသော်၊
ဇာတု .. စင်စစ်ဧကန် အမှန်ပင်၊
ပုန. .. တစ်ဖန်၊
ဂဗ္ဘသေယျံ .. ပဋိသန္ဓေ နေရခြင်းသို့ ၊
န ဧတိ .. မရောက်ရတော့ပေ။
❆ ❆ မေတ္တသုတ္တံ နိဋ္ဌိတံ။' ❆ ❆
[[[ မေတ္တသုတ် မြန်မာပြန်အနက် ပြီး၏]]]
❆ ဓမ္မမော်ကွန်း..❆
ဦးကျော်( ပညာမော်ကွန်း )စုစည်းပူဇော်သှ်။
ဤသို့ပြုရ ကုသလကြောင့် ဤကမ္ဘာမြေပေါ်နေ လူ နတ် ဗြဟ္မာ သတ္တ၀ါများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပြီး ကောင်းသောလိုရာဆန္ဒ ပြီးပြည့်စုံနိုင်ကြပါစေသော်ဝ်။