မပိုင်တာကို ကြိုသိထားခဲ့ရင်
……………………………
(၁)
ပုံပြင်လေးတစ်ပုဒ် ဖတ်ဖူးတယ်။ လူတစ်ယောက်ဟာ တောထဲမှာ ခရီးသွားနေရင်း မြစ်တစ်ခုမှာ ရေဆင်းချိုးဖို့ ပြင်နေခဲ့တယ်။ မြစ်ကမ်းက ရေထဲဆင်းမယ်လည်း လုပ်ရော မမျှော်လင့်ဘဲ ငွေရိုးတပ်ထားတဲ့ လက်ကိုင်တုတ်တစ်ချောင်းကို ကောက်ရခဲ့တယ်။ အစကတော့ သူဟာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး။ အခုတော့ ငွေရိုးတပ်တုတ်ကြောင့် စိတ်က မငြိမ်တော့ဘူး။ ရေဆင်းချိုးဖို့တောင် စဉ်းစားသွားရပြီ။ ဒီတုတ်ကို ကမ်းပေါ်မှာ ထားခဲ့ရင် အခြားသူတွေ ယူသွားမှာ စိုးရိမ်မိတယ်။ ရေကလည်း အလွန်ချိုးချင်နေပြီ။ ဒါနဲ့ ငွေရိုးတပ်တုတ်ကို လက်က ကိုင်ပြီး ရေဆင်းချိုးတော့တယ်။
တုတ်ကြီးကို လက်တစ်ဖက်က ကိုင်ထားရတော့ မလွတ်မလပ်ကြီး။ မသက်မသာကြီး။ ခါတိုင်း မြစ်ထဲမှာ အခုလို ရေချိုးလိုက်ရရင် အရသာကို ရှိလို့။ စိတ်အေးလက်အေး သီချင်းလေးတစ်ကြော်ကြော်နဲ့ ပျော်စရာကောင်းတယ်။ အခုတော့ ဒီတုတ်ကို ပျောက်သွားမှာစိုးတဲ့စိတ်၊ အခြားသူတွေထံ ပါသွားမှာစိုးတဲ့စိတ်နဲ့ စိတ်က တင်းကြပ်လာခဲ့တယ်။ စိုးရိမ်စိတ်နဲ့နေထိုင်ရတော့ လူက ဗျာများလာတယ်။ သူ စိုးရိမ်နေတဲ့ ကြားကပဲ လှိုင်းတစ်ချက်အပုတ်မှာ ငွေရိုးတပ်လက်ကိုင်တုတ်က လက်က လွတ်သွားတယ်။ ဝမ်းနည်းစိတ်နဲ့ အပူတပြင်း ကြိုးစားပမ်းစား လိုက်ရှာပေမဲ့ လက်ကိုင်တုတ်လေးက ပြန်ပေါ်မလာတော့ဘူး။
ဒါနဲ့ မြစ်ကမ်းပေါ်မှာ တမှိုင်မှိုင်နဲ့ စိတ်မကောင်းဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ ရသေ့ကြီးတစ်ပါးက မြစ်ကမ်းနားကို ရောက်လာခဲ့တယ်။ “အမောင့်ကို ကြည့်ရတာ … စိတ်ဆင်းရဲနေပုံပဲ၊ ဘာများ ဖြစ်လို့လဲ”လို့ မေးလိုက်တော့ သူက “ငွေရိုးတပ်လက်ကိုင်တုတ်လေး ဟောဒီမြစ်ကမ်းဘေးမှာ တွေ့တာ … အခု ရေချိုးရင်းနဲ့ ပျောက်သွားလို့ စိတ်မကောင်းဖြစ်နေတာပါ”လို့ ဖြေလိုက်တယ်။ အဲဒီအခါ ရသေ့ကြီးက “ကိုယ့်ဥစ္စာမဟုတ်တဲ့ပစ္စည်း လက်လွှတ်ဆုံးရှုံးသွားတဲ့အတွက် ဘာပူနေစရာရှိသလဲ”လို့ မေးခွန်းထုတ်ပြီး ခရီးဆက်သွားခဲ့တယ်။
(၂)
ကိုယ်မပိုင်တာကို ပိုင်တယ်လို့ အထင်ရောက်လိုက်တဲ့အခိုက်မှာ ဒုက္ခဆင်းရဲတွေက စလာတော့တာပါ။
လောကစည်းစိမ်တွေ၊ အောင်မြင်မှုတွေနောက်ကို လိုက်လံနေရတာဟာ ချီးပိုးထိုးကောင်လေး မြေစာတွေကို စုဆောင်းနေတာနဲ့ တူတယ်။ မြေစာလေးတွေ စုပြီးတိုင်း စုပြီးတိုင်း “ငါကွ”ဆိုတဲ့ မာန်လေးက ဝင်လာတယ်။ ဒီလိုပဲ တစ်လျှောက်လုံး တငါငါနဲ့ မြေစာလေးတွေကို စုပြီး သူ့ကိုယ်သူ အဟုတ်ထင်နေတတ်တာ။
မာန်တက်မယ်ဆိုလည်း တက်စရာ။ တစ်ခါတလေ သူ ကြိုးစားပြီး စုပုံထားတာတွေက သူ့ခန္ဓာကိုယ်ထက်တောင် အဆမတန် ကြီးနေတာ။ သူက သူ့ခန္ဓာကိုယ်ထက်ကြီးတဲ့ မြေစာတုံးကြီးတွေကိုလည်း ရွှေ့နိုင်တယ်လေ။ ဒါပေမဲ့ နွားရိုင်းကြီးတစ်ကောင်က ရုတ်တရက် ရောက်လာပြီး သူ့မြေစာပုံပေါ်မှာ မစင်စွန့်လိုက်တော့ သူကြိုးစားပမ်းစား လုပ်ထားသမျှ တစ်ခါတည်း ပျက်စီးတော့တာပဲ။ လောကစည်းစိမ်တွေ၊ အောင်မြင်မှုတွေဆိုတာလည်း လောကရဲ့မမြဲခြင်း၊ ပျက်စီးခြင်း၊ အစိုးမရခြင်းတွေကြောင့် ပျက်စီးသွားတဲ့အခါ ချီးပိုးထိုးကောင်လေးရဲ့ မြေစာပုံလောက်ပဲ တန်ဖိုးရှိပါတယ်။
မာန်တက်ပြီး ဆုပ်ကိုင်ထားလွန်းအားကြီးရင် ဒုက္ခခံစားရမှုတွေကလည်း အားကြီးတတ်ပါတယ်။ ချမ်းသာဖို့၊ အောင်မြင်ဖို့ ကြိုးလည်းကြိုးစား၊ တရားလည်း နှလုံးသွင်း၊ စွန့်လွှတ်ခြင်းရဲ့အရသာတွေကိုလည်း မြည်းစမ်း။ ဒါမှသာ ဘဝရဲ့အဓိပ္ပာယ်က ပိုမိုပြည့်စုံလာမှာပါ။ မပိုင်တာကို ကြိုသိထားခဲ့ရင် ဆုံးရှုံးခြင်းလှိုင်းတံပိုးတွေ ရိုက်ပုတ်လာတဲ့အခါ ခံနိုင်ရည်အားတွေ ပြည့်ဝနေမှာပါ။
မေတ္တာဖြင့်
အရှင်ကုသလသာမိ(အတည်မဲ့)
၁၂ မေလ ၂ဝ၁၆
No comments:
Post a Comment