စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, April 24, 2017

“ပဏ္ဍိတ” ... ဆိုတာ..

ပဏ္ဍိတာရာမ သာသနာ့ရိပ်သာဆိုတာ
=============================================

“ပဏ္ဍိတ” ... ဆိုတာ..
************************
အကျိုး ရှိ မရှိ သင့် မသင့်ကို ချင့်ချိန်နိုင်တဲ့ ပညာရှိ ပုဂ္ဂိုလ်ကို “ ပဏ္ဍိတ ” လို့ခေါ်တယ်။ အကျိုး ရှိ မရှိ သင့်
မသင့်ကို ချင့်ချိန်နိုင်တဲ့ ပညာရှိရင် လူပင်ငယ်သော်လည်း “ ပဏ္ဍိတ ” ပဲ။ လူ လတ်လည်း “ ပဏ္ဍိတ ” ပဲ။
လူကြီးလည်း “ ပဏ္ဍိတ ” ပဲ။အမျိုးသားလည်း “ပဏ္ဍိတ” ပဲ။ အမျိုးသမီးလည်း “ ပဏ္ဍိတ ” ပဲ။
သိက္ခာရှင်လည်း “ပဏ္ဍိတ” ပဲ။ ကိုရင်လေးလဲ “ပဏ္ဍိတ” ပဲ။ ဥူးဇင်းလည်း “ ပဏ္ဍိတ ” ပဲ။
ဆရာတော်လည်း “ပဏ္ဍိတ” ပဲ။ ပြည်တွင်းကပဲ ဖြစ်ဖြစ် ပြည်ပကပဲ ဖြစ်ဖြစ် အကျိုး ရှိ မရှိ သင့် မသင့် ကို
ချင့်ချိန်နိုင်တဲ့ ပညာရှိသူ မှန်သမျှ “ပဏ္ဍိတ” ပဲ။

“အာရာမ” … ဆိုတာက...

လောကမှာ သား သမီးနဲ့ ပျော်တယ်။ ဇနီး ခင်ပွန်းနဲ့ပျော်တယ်။စည်းစိမ်ဥစ္စာ ရွှေ ငွေ တိုက်တာ စတာတွေနဲ့
ပျော်ကြတယ်။ “အာရာမ” ဆိုတဲ့ ပျော်မွေ့ရာဌာန ကတော့ တရားနဲ့ပျော်မွေ့ရာတဲ့။

လောက စည်းစိမ်တွေနဲ့ ပျော်မွေ့တာက ဘေးမကင်းတဲ့ အပျော်တွေပဲ။တရား “ဓမ္မ” နဲ့ ပျော်တာကသာ
ဘေးကင်းတဲ့ အပျော်ပါပဲ။

ဒါကြောင့် “ပဏ္ဍိတ ရာမ” ဆိုတာ အကျိုး ရှိ မရှိ သင့် မသင့် ချင့်ချိန်နိုင်တဲ့ ပညာရှိတွေရဲ့ တရားနဲ့ ပျော်မွေ့ရာ
ဌာန လို့ ဆိုလိုပါတယ်။

“သာသနာ့ ရိပ်သာ” ဆိုတာကတော့ …

အဿမ…ဆိုတဲ့ ပါဠိစကားကို မြန်မာလို သင်္ခန်းကျောင်း လို့ ပြန်ဆိုတယ်။ငုပ်နေတဲ့ အဓိပ္ပါယ်က
“ကိလေသာတွေကို အပြင်းအထန် ငြိမ်းသတ်ရာဌာန ” ပဲဖြစ်ပါတယ်။ကိလေသာက အားလုံးသိ
ကြတဲ့အတိုင်း အကြမ်းစား အလတ်စား အနုစား ဆိုပြီးတော့-

(၁) ၀ိတိက္ကမကိလေသာ … ကာယကံမြောက်၊၀ဇီကံမြောက် လွန်ကျူးတဲ့ ကိလေသာ။
အဲဒီကိလေသာကို သီလ သာသနာနဲ့ ငြိမ်းသတ်ရမယ်။ ငြိမ်းသတ်နိုင်ရင် ကိုယ်မှု နှုတ်မှုတွေ
မရိုင်းစိုင်းတော့ပဲ ယဉ်ကျေးသွားတယ်။

(၂) ပရိယုဌာန ကိလေသာ… စိတ်ထဲမှာ ထကြွ သောင်းကြမ်းတဲ့ ကိလေသာပါပဲ။အဲဒီကိလေသာကို “ သမာဓိသာသနာ” နဲ့ ငြိမ်းသတ်ရမယ်။ငြိမ်းသတ်နိုင်ပြီဆိုရင် စိတ်အစဉ်ဟာ မရိုင်းစိုင်းတော့ပဲ ယဉ်ကျေးသွားတယ်။

(၃) အနုစားကိလေသာကတော့ “ အနုသယ ကိလေသာ”ပဲ မျိုးစေ့သဖွယ် ဖြစ်တည်နေတဲ့ ကိလေသာပါပဲ။အဲဒီ အနုစားကိလေသာကို ပညာသာသနာနဲ့ ငြိမ်းသတ်ရမယ်။ ပညာကလည်း…၀ိပဿနာ ပညာနဲ့ မဂ် ပညာ ဆိုတာ နှစ်မျိုး ။ အနုသယ ကိလေသာတွေကို ရှုမှတ်ပြီး အချိန်ပိုင်း
ငြိမ်းသတ်ပေးနိုင်တာက “၀ိပဿနာ ပညာ သာသနာ” ပါပဲ။ မဂ်ပညာ သာသနာကတော့ အနုစားကိလေသာတွေ ကို အချိန်ပြည့် ငြိမ်းသတ် ပါတယ်။ အမြစ်ပြတ် ငြိမ်းသတ်လိုက်တာပေါ့။

အဲဒါကြောင့် “ သာသနာ့ ရိပ်သာ ” ဆိုတာ

- သီလ သာသနာနဲ့ အကြမ်းစား ကိလေသာတွေကို အပြင်းအထန် ငြိမ်းသတ်ရာဌာန။

- သမာဓိ သာသနာနဲ့ အလတ်စား ကိလေသာတွေကို အပြင်းအထန် ငြိမ်းသတ်ရာဌာန။

- ပညာ သာသနာနဲ့ အနုစား ကိလေသာတွေကို အပြင်းအထန် ငြိမ်းသတ်ရာဌာန။

တရားအသိဥာဏ်များ တိုးပွါးနိုင်ကြပါစေ...။

ရွှေတောင်ကုန်း သာသနာ့ ရိပ်သာဆရာတော် ဦးပဏ္ဍိတ၏ တစ်ဘ၀တာခရီး စာအုပ်မှကောက်နှုတ် ပူဇော်ပါသည်။

Credit ===> Tin Maung Hlaing

No comments:

Post a Comment