"ဘုရားရှင်ကိုယ်တော်တိုင် သင်ကြားတော်မူသော တရား အားထုတ်နည်း"
"တရား"အားထုတ်ကြတဲ့အခါ
ထိုင်တဲ့နေရာကျတော့
သူ့သားသမီးတွေ မထိုင်တတ်မှာစိုးလို့တဲ့။
"ဘုရားရှင်"က "ထိုင်ပုံထိုင်နည်း"လေးကို ညွှန်ကြားထားသေးတယ်ဗျ။
ဤ"သာသနာတော်"မှာရှိသော
"သူတော်ကောင်း"သည်-
-တောတောင် ကိုသွား၍ဖြစ်စေ၊
-သစ်တစ်ပင်ရင်း,ဝါးတစ်ပင်ရင်းကိုသွား၍ဖြစ်စေ၊
-လူသူတိတ်ဆိတ်တဲ့ ဆိတ်ငြိမ်ရာကို
သွားရောက်၍ဖြစ်စေ-တဲ့။
ဟုတ်ကဲ့လားဗျာ။
ဒါက "တရားသမား"နဲ့ သင့်လျော်တဲ့ "သုံးဌာန"ကို
ညွှန်းထားတာ။
တို့ လူမရှိတဲ့နေရာ"အာရုံ"အတိုက်အစွဲမရှိတဲ့ နေရာမှ တို့ စိတ်ငြိမ်မှာပေါ့၊
ဟုတ်ကဲ့လား။
"အာရုံ"သည် "စိတ်ကစားရာ ကစားကွက်"
မဟုတ်ဘူးလား၊
အဲဒီတော့ "ကစားကွက် မရှိတဲ့နေရာကို သွားပေးပါလို့"ဆိုလိုတယ်ဗျား။
ကဲ…
အဲဒီနေရာရောက်တော့ "ဘယ်လိုလုပ်ရမလဲ"-ဆိုရင်,
-"ခန္ဓာကိုယ်ရဲ့တစ်ဝက်အောက်ပိုင်းကို
ဖွဲ့ခွေပေးပါ"တဲ့။
-"အထက်ပိုင်းကိုယ်လေးကိုတော့ ဖြောင့်ဖြောင့်လေး ထား ပေးပါ"တဲ့။
ဒါ-"ဘုရား ကိုယ်တိုင် ပြောသွားတဲ့ နည်း"ပါ ။
အဲလိုထားပေးပြီးရင်,
"မိမိရှုလိုတဲ့"ရှုကွက်"ကို "သတိ"လေးကို
ရှေးရှုပြီးတင်ပေးလိုက်ပါ"-တဲ့။
-နေရာသတ်မှတ်ပေးလိုက်တာ
ထင်တယ်။
-"သတိ"လေးကို နေရာချပေးလိုက်တာ ထင်တယ်။
တို့ "ယောဂီ"တွေကျတော့ ဘယ်မှာ
"သတိ"ရဲ့ "ချထားတဲ့ နေရာ"တုန်းဆိုရင်-
"နှာသီးဖျားလေး"ကို
"သတိ"လေးကိုပို့လွှတ်ပေးပါ။
အဲလိုပို့လွှတ်ပြီး နေထိုင်လိုက်ပါ"တဲ့။
ဒါ "မဟာသတိပဋ္ဌာနသုတ်"မှာ "ဘုရား"ကိုယ်တိုင်
ထိုင်ခိုင်းတဲ့"ထိုင်ပုံထိုင်နည်း"ပါပဲဗျာ။
အဲဒီတော့ တို့ ဒါလေးကို ရှင်းကြစို့။
"တရားထိုင်မယ့်ပုဂ္ဂိုလ်"သည် မထိုင်ခင်တော့
မိမိတို့ "ဘာဝနာ ပရိကံ"ခေါ်တာပေါ့လေ
-ဘုရား အာရုံပြုခြင်း၊
-ဂါရဝ ပြုခြင်း၊
ဒါတော့ရှိရလိမ့်မယ် ထင်တယ်။
အဲဒီ"ဂါရဝ"ပြုလိုက်တာက
"မာန်ချ"လိုက်တာထင်တယ်။
"ငါ,ငါ့ဥစ္စာ, ငါပိုင်တယ်"ဆိုတဲ့
အဲဒီ "တဏှာ,မာန,ဒိဋ္ဌိ"နဲ့ကပ်နေတဲ့
မိမိစိတ်ကို "မာန်ချ"လိုက်တာ။
ဒါ"ဂါရဝပြုတာ"ထင်တယ်ဗျား။
အဲလို"ဂါရဝ"ပြုပြီးရင် "တရား"အားထုတ်ဖို့
"ပရိကံ"ဆိုတဲ့"အခြေခံ"ယူရပြီထင်တယ်ဗျာ။
အဲဒီတော့-
"အောက်ပိုင်းကိုယ် လေး ကို
ထက်ဝက်ဖွဲ့ ခွေပေးပါ"တဲ့။
တို့ "အမျိုးသမီးယောဂီများ"ကျ
"တစ်ဖက်တင်ပလ္လင်ခွေ"၊
"အမျိုးသားများ"ကျ
"နှစ်ဖက်ပလ္လင်ခွေ"ထင်တယ်။
ဒါဖြင့်-
"ဘာလို့ တင်ပလ္လင်ခွေရသလဲ?"ဆိုတာ
မေးစရာ မရှိဘူးလားဗျာ။
"ဘုရား"က ဒီလိုလုပ်ဆိုတိုင်း မပြီးနဲ့။
ကိုယ် ကိုယ်တ်ိုင် သဘောပေါက်ဖို့
လိုသေးတယ် ထင်တယ်။
ဘာဖြစ်လို့လဲ-ဆိုတော့
"ကြာကြာထိုင်နိုင်အောင်လို့"ဆိုတဲ့
အဖြေလေး ထုတ်ထားကြစမ်းပါ။
"ကာယဝိဝေက"ဆိုတဲ့
"ကိုယ်ငြိမ်ချင်တာ"မဟုတ်ဘူးလားဗျ။
"ကိုယ်ငြိမ်"မှ
ကိုယ်မှီနေတဲ့"စိတ်က ငြိမ်"-မှာမဟုတ်ဘူးလား။
ပြေးရင်းနဲ့ တို့ "ယောဂီ"တွေရဲ့စိတ်က ငြိမ်မလား။
( မငြိမ်ပါဘူး ဘုရား )
"သမာဓိဥာဏ်"မရင့်သန်သေးတဲ့"ယောဂီ"
မငြိမ်နိုင်ဘူးဗျ။
သွားရင်းနဲ့ ကော မငြိမ်နိုင်ဘူး။
သွားတာကကော ကြာကြာသွားနိုင်မလား။
( မသွားနိုင်ပါ ဘုရား )
ရပ်တာကကော ကြာကြာရပ်နိုင်မလား ။
( မရပ်နိုင်ပါ ဘုရား )
ထိုင်တော့ကော
ဆောင့်ကြောင့်ထိုင်တော့ ကော
ကြာကြာထိုင်နိုင်မလား။
( မထိုင်နိုင်ပါ ဘုရား )
ဒါမှမဟုတ်-
"မုဆိုးဒူးထောက်"ကော ကြာကြာထိုင်နိုင်မလား
( မထိုင်နိုင်ပါ ဘုရား )
ကြာကြာထိုင်နိုင်တာ ဒီ
-"ဘုရားပေးတဲ့နည်း"
-"ဘုရားပြောတဲ့နည်း"သည်သာလျှင်
ကြာကြာထိုင်နိုင်မယ် ထင်တယ်။
ဟုတ်ကဲ့ လား။
ဘာဖြစ်လို့တုန်း ဆိုရင်,
"အမျိုးသားများ"နဲ့ပြောရင် ရှေ့မှာ
"ခြေမျက်စိလေး(၂)ခု"ထောက်ထားတယ် ထင်တယ်။
နောက်က "တင်ပဆုံရိုး (၂)ရိုး"ထင်တယ် ။
တို့ "အမျိုးသမီးယောဂီများ"ကျ,
နောက်မှာ "ဖမိုးလေး(၂)ခု"-
နောက်ကတော့ "တင်ပဆုံရိုး(၂)ရိုး"ပဲမဟုတ်လား ။
အဲဒီတော့ တို့ ဒါ
"လေးချောင်းထောက်စားပွဲ"နဲ့ မတူဘူးလား ။
"လေးချောင်းထောက်စားပွဲ"လဲတယ်လို့ ရှိလား။
( မရှိပါ ဘုရား )
အေးဗျ…
ဒါဆို "ဘုရားခိုင်းထားတဲ့နည်း"က
"ကြာကြာထိုင်နိုင်အောင်လို့"ဆိုတာ
သဘောပေါက်ပြီနော်။
"ဘုရား"ခိုင်းတာ စည်းစနစ်ကျပါသဗျာ ။
"ဘာလိုသေးတယ်"လို့ကို ပြောစရာမရှိပေါင်ဗျာ။
"လောကီ"မှာ"လောကီ"လို
"လောကုတ္တရာ"မှာ "လောကုတ္တရာ"လို
သူ့ နေရာလေးနဲ့သူ စုံပါသဗျာ။
တို့ က မလိုက်နာတာပဲရှိပါတယ်။
ဒါဖြင့်-
"တင်ပလ္လင်ခွေရတာ ဘာဖြစ်လို့တုန်း"မေးရင်-
"ကြာကြာထိုင်နိုင်အောင်"လို့-
အဲဒါ အသေမှတ်ထား။
-ဘယ်တော့ ထိုင်ထိုင်
-ဘယ်နေရာမှာ ထိုင်ထိုင်
-ဘယ်လိုနည်းနဲ့ ထိုင်ထိုင်
ဒီ"ဘုရားခိုင်းတဲ့နည်း"တော့လွှတ်လို့ မရဘူးထင်တယ်။
အဲဒီထိုင်တဲ့နေရာမှာတောင်
"မဟာစည်"ကျတော့
ဒီခြေထောက်တွေကို ဖိညှပ်ခေါက်ကွေးးရင်
ရေရှည်မရမှာစိုးလို့
ညာဘက်ခြေထောက်လေးကို ပိတ်ရုံပိတ်ထားရတယ်။ ထပ်မထားရဘူး။
ထပ်ထားရင် ကြာလာရင် ခြေသလုံး(၂)ရိုးဟာ "ဝါးလုံး(၂)ခု"ပွတ်သလို ခံရတတ်တယ်။
ထိုင်နေကျသွားရင်တော့ ကိစ္စမရှိဘူး။
ဒါဖြင့်…
တို့ ထိုင်တဲ့ ကာလကျ
"ဘယ်"ကိုအထဲသွင်းပြီး
"ညာ"နဲ့ ပိတ်ထားတာထင်တယ်။
အေး…
အဲလိုလေး ထိုင် ရ သဗျ။
ဒါဖြင့်-
"အောက်ပိုင်း ထက်ဝက်ဖွဲ့ခွေ"ထိုင်ခိုင်းတာ
"ကြာကြာ ထိုင်နိုင်အောင်လို့"-ဆိုတာ
နံပါတ်(၁) မှတ်ခဲ့ကြပါ။
နောက်ထပ်-
"အထက်ပိုင်းကိုယ်- ကို ဖြောင့်ဖြောင့်ထားပေးပါ"တဲ့။
"ခါးဖြောင့်ဖြောင့်
-ခေါင်းတည့်တည့်လေး ထားပေးပါ"-တဲ့။
ဒါလဲဘာဖြစ်လို့ တုန်းဆိုရင်-
"ခန္ဓာကိုယ်အလေးချိန်ညီမျှအောင်လို့"-ဆိုတာ
အဖြေပဲ။
တကယ်လို့ "ယောဂီ"တို့က-
"ခါးရိုးကြီး ကုန်းထားမယ်"ဆိုရင်,
"လေးယောက် ထမ်းရမယ့်ဝန်"ကို
"ရှေ့က ခြေမျက်စိလေး(၂)ခု က ထမ်းထားရမှာ"လေ။
ဒါဆို-
"ခြေမျက်စိ(၂)ခု"ကြာကြာခံနိုင်ပါ့မလား။
အလေးခ်ျိန် က ရှေ့များနေပြီကို။
"ခြေမျက်စိ(၂)ခု"အရင်နာလိမ့်မယ် ခင်ဗျားတို့
ဟုတ်ကဲ့လား။
ဟုတ်/မဟုတ်တော့ စမ်းကြည့်။
တကယ်လို့"ယောဂီ"တို့က
"ဝီရိယ"ကြီးလွန်ပြီး နောက်"ပဒတ်ကော့"ကြီး ကော့ထားရင်ကော,
"နောက်တင်ပဆုံ(၂)ရိုး"ဘယ်လိုနေမတုန်း။
အဲဒါကို"တော"ပြော ပြောရင်တော့-
"လှည်းဦး"ပေါ့ နေပြီဗျ။
ရှေ့ကတော့ သက်သာမှာပေါ့၊
နောက်က မခံနိုင်ဘူးဗျ။
"လေးခု"မျှထမ်းရမယ့်ကိစ္စလေ။
ဒါကြောင့်-
နောက်ကိုလဲ"ဝီရိယ"မလွန်ပါစေနဲ့။
"ဝီရိယ"လိုလို့ လျော့ချလိုက်ရင်လဲ
"ခါးဆစ်ရိုး"ကျိုးသွားမှာထင်တယ်။
"ခါးဆစ်ရိုး"ကျိုးသွားရင် ရှေ့ကနာလိမ့်မယ် ။
နောက်-
"ခေါင်းကဖြောင့်ဖြောင့်လေး"၊
ဟုတ်ကဲ့လား။
ခေါင်းကတစ်ဖက်စောင်းကြီးနဲ့မှတ်ရင်လဲ
တစ်ဖက်အားများသွားမှာထင်တယ်။
အားများသွားရင် အဲဒီဘက်ကစောစောနာလိမ့်မယ်။
ဟုတ်ကဲ့လား။
"ယောဂီ"တို့ ခေါင်းကြီးက တစ်ဖက်စောင်းနေရင်
စောင်းတဲ့"ဘက်ခြမ်း"က "ရှေ့ခြေမျက်စိ"နဲ့
"နောက်တင်ပဆုံရိုး"နဲ့ (၂) ဖက်နာသွားမှာပေါ့။
"လေးဘက်"ကိုးဗျ။
အဲဒါကြောင့် "ဘယ်"ဘက်မှမယိမ်းရဘူး။
ပြီးတော့-
"နှာခေါင်း"လေးကလဲ
စကတည်းက "ခေါင်းတည့်တည့်"လေးဗျ။
အဲလိုမဟုတ်ပဲ
စတည်းက "နှာခေါင်း" က အောက်စိုက်နေရင် "သတိ"က "နှာသီးဖျားထိပ်"ထားရမှာထင်တယ်။
"နှာသီးဖျားထိပ်"ထားရင်းနဲ့
အားလွန်ပြီး အောက်မကျနိုင်ဘူးလား။
"နှာသီးဖျား-"သတိ"စိုက်ရတာလေ
စိုက်ရင်း,စိုက်ရင်းနဲ့ ရှေ့စိုက်ကျသွားမှာပေါ့၊
ရှေ့မခံနိုင်ဘူး။
တကယ်လို့ စထိုင်တည်းက
"နှာခေါင်းကြီး"အပေါ်လှန်ထားတော့ကော
"နှာသီးဖျား"လိုက်ရင်းလိုက်ရင်းနဲ့
နောက်လှန်သွားမှာပေါ့၊
ဟုတ်ကဲ့လားဗျာ။
ဒါကြောင့်မို့
"အထက်ပိုင်းကိုယ်"ကို "ဖြောင့်ဖြောင့်လေး"
ထားပေးစမ်းပါ။
ဘာလို့တုန်း ဆိုရင်-
"ခန္ဓာကိုယ်အလေးချိန်"ညီမျှအောင်လို့။
ပြီးတော့-
"ဘယ်လက်"ပေါ်ကို"ညာလက်"ကလေး ထပ်ထားပါ"။
ဟုတ်ကဲ့လားဗျာ။
"ဒါလဲဘာဖြစ်လို့တုန်း"-လို့
မေးစရာမရှိဘူးလားဗျာ။
"ခန္ဓာကိုယ်"တို့ မည်သည်-
-ရှေ့မှာယို့ ကျတာ များ တယ်။
-နောက်လှန် တာနည်း တယ်၊
-ရှေ့ကြောဆွဲတာများတယ်။
အဲဒီတော့-
"ရှေ့ကြောဆွဲလို့ ယို့ကျလာရင်"
သူသိအောင်လို့ "ကျားထောက်"အဖြစ်နဲ့ ထားတာ။
"ဘယ်လက်"ပေါ်
"ညာလက်"လေး ထပ်ထားပါ- ဆိုတာ
"ကျားထောက်"အဖြစ် ,"ကျားကန်"အဖြစ်,
ရှေ့ကိုယို့ ကျ မလာအောင်လို့။
ဟုတ်ကဲ့လား။
အဲဒီတော့ တို့ ဒီလိုလေး-
"ဘယ်လက်"ပေါ်
"ညာလက်"ထပ် ထားပြီး ထိုင် ထားတယ်။
"ယောဂီ"တို့ ကျ-
-ခေါင်းမငြိမ်လို့ ဖြစ်စေ၊
-နှာခေါင်းအောက်ကျသွားလို့ ဖြစ်စေ၊
ရှေ့ဇောကြီးရင်း နဲ့
မှတ်ရင်း,မှတ်ရင်းနဲ့ ရှေ့အားများလာရင်
"လက်မောင်း"သား ဟာ "တင်း"လာတတ်တယ်။
ဟုတ်ကဲ့လား။
ဒါလည်း-"ယောဂီ"တို့ က မသိဘူး၊
"ပေမှတ်နေမယ်"ဆိုရင် "လက်ညှိုးကြီး" က
ထုံလာရော။
တစ်ချို့"ယောဂီ"များ လာလျှောက်တတ်တယ်။
"လက်ညှိုးကြီး ကို တိုင်လုံးလောက်ရှိတယ်"-တဲ့။
သူကတော့ အကောင်းထင်ပြီး-
"တရားတွေ့ပြီ"ထင်တာ၊ ဘယ်ဟုတ်မတုန်းဗျ၊
အကြောတင်းနေတာ။
အဲဒီတော့ တို့ ကလဲ-
"နင်လုပ်တာ နေရာမကျဘူး"လို့
ပြောလိုက်ရင် စိတ်ဓာတ်ကျသွားမှာစိုးလို့-
"အင်း…အင်း…
မှတ်…မှတ်"-လို့ ပြောလိုက်ရတယ်။
သူကတော့ အကောင်းထင်လို့ လာလျှောက်တာလေ။ မဟုတ်ဘူးဗျ။
ရှေ့ကိုအားများလာရင်
"လက်မောင်းကြော"အရင်တင်း လာတာပဲ။
ဟုတ်ကဲ့လား ။
ဒါဆို ခန္ဓာကိုယ်ရှေ့ကို စိုက်ကျတော့မယ်ဆိုတာ
"သတိ"ထားတော့။
အဲလိုဖြစ်နေရင် ကိုယ်ကိုယ်တိုင်ပြင်ဖို့ မလိုပါဘူး။
"သားသမီး"တစ်ခုခုဖြစ်ရင်
"အမေ"အော်ပြောရသလို ပဲ
တို့ ကလဲ "သတိ"ပြောရမှာထင်တယ်။
"သတိ"လေးနဲ့သူ့ ဘာသာ မှတ်လိုက်
သူ့ဘာသာ ထောင်တက်သွားတာ။
ကိုယ် ကိုယ်တိုင်"ပြင်"မနေနဲ့
ဘာမှဝင်မရှုပ်နဲ့။
သဘောပေါက်ကဲ့လား။
"သတိ"ကိုသာကိုင်လိုက်-
"သတိ"က သူ့ဘာသာသူ ပြင်ပေးသွားမယ်။
မှတ်ရင်း,မှတ်ရင်းနဲ့ သူ့ဘာသူ တည့်သွားတာဗျား။
သဘောပေါက်ကဲ့ လား။
"ဘယ်လက်"ကလေးပေါ်
"ညာလက်"ကလေး "ထပ်"ထားပါ။
ဘာဖြစ်လို့တုန်းဆိုရင်-
ဒါ"ယောဂီ"တို့ ကိုယ်တိုင်
အကောင်အထည်ဖော်ရတော့မှာလေ၊
ဖော်လဲဖော်နေပြီထင်တယ်။
အဲဒီမှာ "ယောဂီ"တို့ အခက်အခဲဖြစ်မှာစိုးလို့ "ဘုရား"ကသင်ပေးထားတာ။
ဟုတ်ကဲ့လား။
ဒီလိုဖြစ်ရင်, ဒီလိုလုပ် လို့
ဒါအခြေခံလေး တွေက အစ,
-သင်ပေးထားတော့-
-ဒါလေးတွေလဲ သိထားတော့,
"ယောဂီ"တို့ ပြင်လို့ကောင်းတာပေါ့။
ဟုတ်ကဲ့လား။
မပင်မပန်း , ချမ်းချမ်းသာသာနဲ့
"တစ်နာရီ အဓိဋ္ဌာန်"အောင်သွားမှာပေါ့။
ဟုတ်ကဲ့ လား။
အဲဒီတော့ တို့ "ဘယ်လက်"ပေါ်
"ညာလက်"ကလေး ထပ် ထားရတယ်။
ဖြစ်နိုင်ရင် "လက်ညှိုး"နဲ့ "လက်မလေး"
ထိ ပေးထားပါ။
ရှုကွက်"နှာသီးဝ"မှာ
တို့ စောစောက ဆွေးနွေးခဲ့တဲ့ အတိုင်း
ခံစိတ်တွေပေါ်လို့
-ဝင် မှန်းမသိ
-ထွက် မှန်းမသိ
ထိအောင်တို့ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အချိန်
မရှိနိုင်ဘူးလား။
( ရှိ နိုင်ပါတယ် ဘုရား )
"စိတ်"က"ထန်"လိုက်ရင်-
တို့ "ဘဝင်လေ"က ကြွတက်လာတာကိုးဗျ။
အဲဒါဆို ရှုရှိုက်ရတာ ပင်ပန်းတယ်။
တစ်ခါတစ်ရံကျလဲ,
"ကျစိတ်"တွေအားကြီးနေရင်လဲ-
-"ဝင်"မှန်းမသိ
-"ထွက်"မှန်းမသိ ဖြစ်နေတတ်ပါတယ်။
-"ဝီရိယ"လို ရင်လဲ မသိနိုင်ဘူး
-"ဝီရိယ"လွန် ရင်လဲ မသိနိုင်ဘူး။
"ယောဂီ"တို့ မှာ "တက်စိတ်"နဲ့ "ကျစိတ်" မရှိရဘူး။
"ပင်ကိုယ်စိတ်"ကလေးနဲ့ သွားနေရမှာ၊
"သတိ"ကိုသာ တို့ က အားပြုရမှာ။
မိမိကိုယ်တိုင် ဝင်မရှုပ်နဲ့ ကြားလား။
အဲလိုလေးများ "တက်စိတ်"ပေါ်လို့
ရုန်းရင်းကြမ်းတမ်းပြီး-
-အရှု ရခက်,
-အရှိုက်ရခက် ဖြစ်နေတဲ့အချိန်
ဒီ"လက်ညှိုး"လေး(၂)ခု ထပ် ထား
ထိထားတဲ့ နေရာလေးကို "အာရုံ"ပြုကြည့်စမ်းပါ။
ဒီနေရာလေးမှာ "သွေးတိုး"နှုန်းလေးရှိပါလိမ့်မယ်။
"ဘောက်ခနဲ","ဘောက်ခနဲ"လေ။
အဲဒါဆို "ယောဂီ"တို့က-
-ထိတယ်
-သိတယ်
ဒါလေး မှတ်နေရင် ဟိုဟာအနားယူပြီးသား
မဖြစ်နိုင်ဘူးလား။
တက်စိတ်ကြောင့် ဘဝင်မြင့်နေတာတွေ
ကျမသွားနိုင်ဘူးလား။
သူမကျမချင်း ဒါလေး ထိတယ် သိတယ် မှတ်နေရင်
ဒါလဲ တစ်မှတ်ပဲ မဟုတ်ဘူးလား။
အရေးကြီးတာ အမှတ်ရဖို့ လိုရင်းလေ။
ဒီလိုဆိုတော့-
ဒါ တို့"သက်ကယ်ဘော" ထင်တယ်ဟေ့။
"လှေ,သင်္ဘော"စီးရတဲ့ ပုဂ္ဂိုလ်များ
"သက်ကယ်ဘော"လိုလေ။
တို့ နှာသီးဝ ကိုယ့်အလုပ်ကိုယ်
လုပ်မရလောက်အောင်ဖြစ်နေရင်-
ဒီ"လက်ညှိုး"နဲ့ "လက်မ"ထိတာလေး-
(ဒါမှမဟုတ်)
"လက်မ"(၂)ခုထိနေတဲ့ နေရာလေး မှာ သေချာကြည့်
သူ့ "သွေးတိုးနှုန်းလေး" ရှိပါလိမ့်မယ်။
"ဘောက်ခနဲ"လေ။
ဒါလေး မှတ်ရင်ကော-
တို့ "ဖြစ်ပျက်"မမြင်နိုင်ဘူးလား။
( မြင်နိုင်ပါတယ် ဘုရား )
သူ့ မှာလဲ "ရုပ်နာမ်,ဖြစ်ပျက်"ရှိတာပဲ၊
ဟုတ်ကဲ့လား။
ဒါလေးမှတ်ပြီးတော့-
-မိမိ "အရှု, အရှိုက်"ပြင်းလို့
-"ရုန့် ရင်းကြမ်းတမ်း" ဖြစ်လို့ပင်ပန်းနေခဲ့သော်
ဒါလေးနဲ့ အပန်းဖြေပေးစမ်းပါ။
သဘောပေါက် ကဲ့လား။
တကယ်လို့ "ကျစိတ်"ပေါ်လို့ "နှာသီးဝ"
-ဝင်တာ
-ထွက်တာကို မယ်မယ်ရရမသိဘူး။
ဘယ်လိုမှကို
-ဝင်မှန်းမသိ
-ထွက်မှန်းမသိ
"ယောဂီ"တွေ ပါလာတတ်ပါတယ်။
အမှတ်ခိုင်းပေမယ့် "မောဟအားကြီးနေတဲ့ ပုဂ္ဂိုလ်"-
-ဝင်မှန်း
-ထွက်မှန်း ကို မသိဘူး။
ဟုတ်ကဲ့လား။
ဒါကြောင့်-
"ယောဂီ"တို့ အသုံးလိုရင်သုံးဖို့ အတွက်
"လက်မလေး"(၂)ခု ထိစပ်အောင်
လုပ်ပေးထားပါ။
သဘောပေါက်ပြီလား၊
ဒါကမိမိတို့ သက်စောင့်လိုသုံးရမှာ၊
ဟုတ်ကဲ့လား။
ပြီးတော့-
တို့ "မျက်စိကို မှိတ်ထားပါ"တဲ့။
"ဘုရားရှင်"နဲ့ "အရိယာများ" သူ့ခေတ်တုန်းကတော့ တို့ လောက် "ကိလေသာ"မများဘူးဗျ။
ရှိတဲ့ "ကိလေသာ"လဲ-
တို့ "ရုပ်ဓာတ်, စိတ်ဓာတ်ကြီး"တွေက
"ဘုရားခေတ်"က "(၆)တောင်"ဗျ။
တို့က ဘယ်"နှစ်တောင်"ကျန်ခဲ့လို့တုန်း။
အဲဒီတော့ "ရုပ်ဓာတ်,စိတ်ဓာတ်"သေးတော့
"ကိလေသာ"ရဲ့မင်းမူတာ ခံရတယ်လေ။
"ဘုရား"လက်ထက် ကတော့-
"ရုပ်ဓာတ်,စိတ်ဓာတ်ကြီး"လို့
"ကိလေသာ"မင်းမူတာ မခံရဘူး။
ဒါကြောင့်မို့-သူတို့တုန်းကတော့ "မမှိတ်မသုန်"-
-ပြူးပြူးကြီး လဲမဟုတ်ဘူး
-မှိတ်ထားတာလဲ မဟုတ်ဘူး၊
"လက်ဝါး"ပေါ်မှာ "မျက်လုံးလေး" မြင်ရုံသာထားတယ်၊
"တစ်အာရုံ,တစ်ခု"လေ။
ဒါ"ဘုရား"လက်ထက် က "ထိုင်ပုံထိုင်နည်း"။
"မျက်စိ"ကို တို့လို "စုံ"မမှိတ်ပါဘူး။
သို့သော်-
တို့ခေတ်ကျတော့
"ကိလေသာအားကြီး"တဲ့အတွက်-
"မျက်စိ"ကို မှိတ်ပေးထားပါ။
အဲဒီတော့ "မျက်စိ"မှိတ် တာက
"တရား"ရအောင် မဟုတ်ပါဘူး၊"အာရုံ"လုံအောင်လို့။
"အာရုံ(၅)ပါး"ကို ဖမ်းတဲ့နေရာမှာ
"မျက်စိ"သည် အား အကောင်းဆုံး။
-"နား"တို့
-"နှာခေါင်း"တို့
ကျန်တာတွေက သူ့ နောက်လိုက်တွေပါ။
တို့ "ပဋိသန္ဓေ"ယူလို့ မွေးတော့မယ့်အချိန်လဲ-
ဒီ"ခန္ဓာကိုယ်ရယ်"လို့ ဖြစ်လာတော့-
"မျက်စိအကြည်ဓာတ်"က "အရင်ပေါ်ရတယ်"လိ့ု
စာ ကဆိုပါတယ်။
ဒါပြီးမှ-
"နား အကြည်ဓာတ်"
-"နှာခေါင်း"
-"လျှာ"-
အဲလို အဆင့်ဆင့် ဖော်ရတာကိုးကွဲ့။
"သေမယ့်ပုဂ္ဂိုလ်တစ်ယောက်"လဲ
သေခါနီး "မျက်စိအကြည်ဓာတ်"က
အရင် "ပျက်"ရတာထင်တယ်။
ဒါကြောင့်မို့ "အာရုံဖမ်းတဲ့ နေရာ"မှာ
သူသည် အား အကောင်းဆုံး။
ပြီးတော့-
"အလုပ်လုပ်တဲ့ နေရာ"လဲ
သူသည်"အလုပ်အတွင်ကျယ်ဆုံး"ထင်တယ်။
အိပ်ယာနိုး ကတည်းက ဘယ်သူကအရင်စလုပ်တုန်း "မျက်စိ"ကနော်။
-"နား"အလုပ်
-"နှာခေါင်း"အလုပ်
-"လျှာ"အလုပ်တွေက
ရှိချင်ရှိမယ်၊ ရှိချင်မှလဲရှိမယ်။
"မျက်စိ"အလုပ်ကတော့ မရှိတဲ့အချိန်ရှိသေးလား။
( မရှိပါဘုရား )
သူ သည် "အလုပ်အများဆုံး"-ထင်တယ်
ဒါဖြင့်-
သူသည်"အလုပ်သမားခေါင်းဆောင်"ထင်တယ်။
ဘာဖြစ်လို့တုန်း-
သူက "အကြည်ဓာတ်"
-အား အကောင်းဆုံး
-ဖမ်းအား အကောင်းဆုံးမို့။
ပြီးတော့-
"အာရုံ"ဖမ်းတဲ့ နေရာမှာလဲ -
မြင်မှလိုချင်တာ- ထင်တယ် ဟဲ့၊
မြင်မှ စားချင်တာ- ထင်တယ် ဟဲ့၊
မြင်မှ တွေ့ချင်,ထိချင်တာ-ထင်တယ်တဲ့။
ဒါဖြင့်-
"မျက်စိ"က "အာရုံ(၅)ပါး"မှာ
"(၃)ပါး"လောက် သူအုပ်စီးထားတယ်။
အဲဒီတော့-
"အာရုံဖမ်းအားအကောင်းဆုံး"ဖြစ်တဲ့
"မျက်စိ"ကို မှိတ်ထားလိုက်ရင်-
တို့ "သတိ"သည်-
"နှာသီးဝ"ဆို "နှာသီးဝ"မှာ,
အားလေး မကောင်းပေဘူးလားဗျာ။
တကယ်လို့-"မျက်စိလဲဖွင့်ထားမယ်"ဆို
"အာရုံပြိုင်"နေမှာပေါ့။
အဲလိုဆို "နှာသီးဝ"ကို "သတိအား"မကောင်းနိုင်ဘူး၊ ဟုတ်ကဲ့လားဗျာ။
ဒါကြောင့်မို့-"မျက်စိလေးကိုလုံအောင်
မှိတ်ပေးထားပါ"-လို့ ဆိုလိုတယ်ဗျား။
"တရား"ရှာခိုင်းတာ မဟုတ်ဘူး
"အာရုံလုံအောင်"လို့ ဆိုတာ-
ဒါလေး မှတ်ထားကြစမ်းပါ၊
ဟုတ်ကဲ့လား။
အဲလိုထိုင်တဲ့ အခါ "မျက်စိလေး"မှိတ်ထားလိုက်မယ်။
ဒါက "တရား"အားထုတ်တဲ့ အခါ-
ထိုင်တဲ့ ဟာရဲ့"လေးချက်"ထင်တယ်။
(၁) "တင်ပလ္လင် ခွေ"ထိုင်ပါ။
(၂) "ခါး"ဖြောင့်ဖြောင့်-"ခေါင်း"တည့်တည့်ထားပါ။
(၃) "ဘယ်လက်"ပေါ် "ညာလက်"ထပ်ထားပါ။
(၄) "မျက်စိ"မှိတ်ပါ။
ဒီ-"ထိုင်နည်း(၄)ချက်"နဲ့ "မျက်စိ"လေးမှိတ်ပြီး-
ခေါင်းအေးအေး, စိတ်အထိုင်ကျကျထား, မှတ်ပေးပါ။
"ခေါင်း"မအေး-"စိတ်"အထိုင်မကျရင်
"ဘဝင်လေ"ကမငြိမ်ဘူး၊မဝပ်ဘူး။
"ဘဝင်လေ"မငြိမ် လို့ "ဘဝင်လေ"-မဝပ်လို့
"ဘဝင်မြင့်"နေတဲ့"ယောဂီတစ်ယောက်"ဟာ
"မျက်ခွံ"သာပိတ်တယ် "မျက်လုံး"အောက်မကျဘူး။
အဲဒီလို"ယောဂီ"က
ဘာလာ လျှောက်တတ်တုန်းဆိုရင်-
"မၠၥိထဲ
ဝါဝါ, နီနီ, စိမ်းစိမ်း တွေ တွေ့တယ်ဘုရား"-လို့
လာလျှောက်တတ်တယ်။
အဲဒါ "ဘဝင်မြင့်ရောဂါ"စွဲနေတာဗျ။
"မျက်ခွံ"သာပိတ်တာ
"မျက်လုံး"က "အောက်မကျသွားဘူး"-ကိုး
"မျက်ကြည်ဓာတ်"က "တည့်တည့်ကြီးကိုး။
အဲဒီတော့ "မျက်ခွံ"ထွင်းဖောက်ပြီး
"အလင်းရောင်"တွေမြင်နေတာ။
အဲဒါ "တရားအစစ်"မဟုတ်ဘူးဗျ။
အဲလိုမြင်ရင်-
ခင်ဗျား တို့ အဆန်းလုပ်ပြီး လာမလျှောက်ကြနဲ့ဗျ။
ဒါဖြင့် ခေါင်းအေးအေး, စိတ်အထိုင်ကျကျနဲ့ ဒီ"ဘုရား"ပေးတဲ့ "ထိုင်နည်း(၄)ချက်"ကို တွဲသုံးပေးပါ၊
သုံးတတ်ကြပါ့မလား။
ဒါ"အလုပ်ပေးတရား"ဟောနေတာဗျ။
"အလုပ်ပေး တရား"ဆိုတာ
"အလုပ်လုပ်တဲ့ အခါ လုပ်တတ်အောင်"
သင်ပေးတာဗျ။
"နားထောင်ကောင်းအောင်"ပေးတာမဟုတ်ဘူး။
ဒီတိုင်းလုပ်မှ ဒီလို့ဖြစ်မှာမို့
ဒီလိုလုပ်မှ ကြာကြာထိုင်နိုင်မှာ။
"တရား"အားထုတ်တာ-
"တစ်သက်လုံး ကစွဲလာတဲ့စွဲစိတ်"ကို
"မှတ်စိတ်"နဲ့လဲတာ…။
"ရည်ရွယ်ချက်"က ဒါပါပဲ။
"မှတ်စိတ်များ"လို့"မှတ်အား"ကောင်းလာရင်
"မှတ်ဥာဏ်"တက်လာပါလိမ့်မယ်။
ဒါက"ဘုရား ပေးတဲ့ ထိုင်နည်း"ပါပဲဗျား။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး