🌷💫💫💫💫💫💫💫💫🌷
သေသူအတွက် ရည်စူးကုသိုလ်ပြုလုပ်ပေးရာတွင်မည်ကဲ့သို့ အကျိုးကျေးဇူးရှိမှု နှင့် မည်ကဲ့သို့ရည်စူး ကုသိုလ် ပြုလုပ်ပေးသင့်ပါသနည်း? ...
သေသူကိုပဲ ရည်စူးရည်စူး၊ ရှင်သူကိုပဲ ရည်စူးရည်စူး ကုသိုလ်ဆိုတာ ပြုသင့်ပါတယ်။
အရိယာပုဂ္ဂိုလ်များမှတစ်ပါး သတ္တဝါတစ်ဦးတစ်ယောက်သေဆုံးသွားရင် “လားရောက်ရမယ့်ဘ၀ ငါးမျိုး” ရှိပါတယ်။
– လူ့ဘ၀
– နတ်ဘ၀ (ဗြဟ္မာဘ၀လည်း အကျုံး၀င်ပါသည်။)
– ငရဲဘ၀
– တိရစ္ဆာန်ဘ၀
– ပြိတ္တာဘ၀ (အသူရကာယ်ဘ၀လည်း အကျုံး၀င်ပါသည်။)
ကုသိုလ်နဲ့သေတဲ့သူက ကုသိုလ်သတ္တိအားလျော်စွာ
လူ့ဘ၀ နတ်ဘ၀ဆိုတဲ့ ကောင်းရာသုဂတိဘဝတွေကို လားရောက်ရပြီး ...
အကုသိုလ်နဲ့သေတဲ့သူက အကုသိုလ်သတ္တိအားလျော်စွာ
ငရဲဘ၀၊ တိရစ္ဆာန်ဘ၀၊ ပြိတ္တာဘ၀ ဆိုတဲ့ မကောင်းရာ ဒုဂ္ဂတိဘဝတွေကို
လားရောက်ရပါတယ်။
သေလွန်ပြီး ကုသိုလ်အကျိုးပေးကြောင့် လူဖြစ်သွားတယ်။ နတ်ဖြစ်သွားတယ်ဆိုရင် ... ဒါမှမဟုတ် ...
အကုသိုလ်အကျိုးပေးကြောင့် ငရဲကျသွားတယ် တိရစ္ဆာန်ဖြစ်သွားတယ်ဆိုရင် ...
ကျန်ရစ်သူတွေကသူ့အတွက်ရည်စူးပြီးပြုတဲ့ကုသိုလ်ရဲ့အကျိုးကို
သူလုံး၀ခံစားခွင့် မရှိတော့ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့သူ့အတွက်ရည်စူးပြီးကုသိုလ်ပြုနေတာကို သူလုံး၀မသိနိုင်တော့လို့ပါပဲ။
တကယ်လို့ အကုသိုလ်ကံအကျိုးပေးမှုကြောင့်ပြိတ္တာဘုံရောက်သွားမယ်ဆိုရင်တော့
ကျန်ရစ်သူတွေက သူ့အတွက်ရည်စူးပြီးပြုတဲ့ ကုသိုလ်ရဲ့အကျိုးကို အကြောင်းညီညွတ်မယ်ဆိုရင် သူ အပြည့်အ၀ခံစားခွင့် ရှိပါတယ်။
ပြိတ္တာလေးမျိုး
💫💫💫💫💫
(၁) ခုပ်ပိပါသိကပွိတ်တာ –
ထမင်းဆာလောင်ခြင်း၊ ရေမွတ်သိပ်ခြင်းနှိပ်စက်မှုဒဏ်ကို
အမြဲမပြတ်ခံနေရတဲ့ အငတ်ခံပြိတ္တာ။
(၂) နိဇ္စျာမတဏှိကပြိတ္တာ –
ပူပြင်းတဲ့ မီးတောက်မီးလျှံတွေရဲ့လောင်ကျွမ်းဝါးမြိုက်မှုဒဏ်ကို
အကြားမလပ်ခံနေရတဲ့ အလောင်ခံပြိတ္တာ။
(၃) ကာလကဉ္စိကပြိတ္တာ –
အသူရကာယ်လို့ခေါ်တဲ့ အကြီးစားပြိတ္တာ တွေဟာ ပြိတ္တာဖြစ်ပေမယ့်
ရည်စူးကုသိုလ်ကို သာဓုခေါ်နိုင်စွမ်းမရှိကြတဲ့အတွက်
ရည်စူးကုသိုလ်ရဲ့အကျိုးကို ဘာမှခံစားခွင့် မရှိပါဘူး။
(၄) ဗိမာန်ရှင်ပြိတ္တာ –
သူတစ်ပါးပေးတဲ့ အစားအစာကိုအမှီပြုပြီး အသက်ရှင်နေရတဲ့ အပေးခံပြိတ္တာ (ပရဒတ္တူပဇီဝိကပြိတ္တာ) တစ်မျိုးတည်းသာ ရည်စူးကုသိုလ်ကို သာဓုခေါ်နိုင်စွမ်းရှိတဲ့
အတွက် ရည်စူးကုသိုလ်ရဲ့အကျိုးကို ခံစားခွင့်ရှိပါတယ်။
ဝေမာနိကပြိတ္တာ လို့ အများကသိကြပါတယ်။
ရည်စူးကုသိုလ်တစ်ခုက အရည်စူးခံပုဂ္ဂိုလ်ကို ကောင်းကျိုးပြုနိုင်ဖို့အတွက် အင်္ဂါငါးချက်နဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ်။
(၁) အလှူခံပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်သီလစတဲ့ သူတော်ကောင်းဂုဏ်နဲ့ ပြည့်စုံသူ ဖြစ်ရမယ်။
(၂) အလှူပေးပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဒီကုသိုလ်ဟာ တမလွန်ဘဝပြောင်းသွားတဲ့ ဘယ်သူ့အတွက်ရည်စူးပါတယ်လို့ ရည်စူးစိတ်ထား အတိအကျရှိရမယ်။
(၃) လှူဖွယ်ပစ္စည်းအမျိုးအစား စုံလင်ရမယ်။
(၄) အလှူပေးပုဂ္ဂိုလ်က မိမိရည်စူးတဲ့ပုဂ္ဂိုလ်ကို ကုသိုလ်အမျှအတန်းပေးဝေရမယ်။
(၅) တမလွန်ဘ၀မှ အရည်စူးခံပုဂ္ဂိုလ်က ရည်စူးကုသိုလ်ကို ၀မ်းမြောက်၀မ်းသာ သာဓုခေါ်ရမယ်။
ဒီအင်္ဂါငါးရပ်နဲ့ပြည်စုံပြီဆိုရင်တော့ သာဓုခေါ်လိုက်တာနဲ့ တပြိုင်နက် အလှူပွဲမှာ ပါ၀င်လှူဒါန်းထားတဲ့ပစ္စည်းတွေနဲ့ နာမည်သာတူပြီး အမျိုးအစားအလွန်ကောင်းမွန်၊ အရေအတွက် အဆများစွာသာလွန်တဲ့ပစ္စည်းပေါင်းများစွာကိုတမလွန်ဘ၀က အရည်စူးခံ ပုဂ္ဂိုလ်သေချာပေါက်ရရှိခံစားရပါတော့တယ်။
သို့ပေမယ့် လှူဖွယ်ပစ္စည်း အမျိုးအစားစုံလင်ဖို့ သိပ်အရေးကြီးပါတယ်။
သေလွန်သူကိုရည်စူးတဲ့အလှူပွဲတစ်ခုမှာ အောက်ဆုံးထစ်ဆုံးအားဖြင့် –
– စားစရာအတွက် ဆွမ်းတစ်ပန်းကန် (သို့) မုန့်တစ်ခု၊
– သောက်စရာအတွက် ရေတစ်ဖန်ခွက်၊
– ၀တ်ရုံစရာ အ၀တ်အထည်အတွက်
လက်သုတ်ပဝါတစ်ထည် (သို့) လက်ကိုင်ပဝါတစ်ထည်၊
– ခိုဆောင်းစရာ အဆောက်အအုံအတွက် ထီးတစ်လက် (သို့) ယပ်တောင်တစ်ချောင်း၊
– စီးနင်းသွားစရာ ယာဉ်အတွက် ဖိနပ်တစ်ရံ အနည်းဆုံးလှူဖွယ်ပစ္စည်းငါးမျိုး။ ပါ၀င်ရပါမယ်။
ဒါမှ စားရေး၊ သောက်ရေး၊ ၀တ်ရေး၊ နေရေး၊ သွားလာရေး အဆင်ပြေသွားမှာပါ။
– ကျန်းမာရေးပါပြည့်စုံသွားအောင်
လျက်ဆားတစ်ထုပ်လောက်ထည့်ချင်ရင် ထည့်လိုက်ပါဦး။
မိမိကိုိရည်စူးပြီးပြုတဲ့ အလှူဒါနအမျှအတန်းကိုသာဓုခေါ်တဲ့ပြိတ္တာတစ်ဦးဟာ ပြိတ္တာဘ၀က ကျွတ်လွတ်ထိုက်တဲ့ကံပါရင် သာဓုခေါ်ပြီးတာနဲ့တပြိုင်နက်ပြိတ္တာဘ၀က ကျွတ်လွတ်ပြီး ကံအားလျော်စွာ နတ်ပြည်၊ လူ့ပြည်ရောက်သွားနိုင်ပါတယ်။
ကျွတ်လွတ်ထိုက်တဲ့ကံမပါသေးရင်တော့ ပြိတ္တာဘ၀မှာပဲ ကျန်ရစ်သူတွေ လှူဒါန်းပေးတဲ့ ပစ္စည်းတွေနဲ့အလားတူ အမည်တူ အမျိုးကောင်း အဆတိုးပစ္စည်းတွေကိုသုံးဆောင်
ခံစားခွင့်ရသွားပါတယ်။
အထူးသတိပြုရန်မှာ –
ရည်စူးကုသိုလ်ပြုကြတဲ့ ကုသိုလ်ရှင်တွေရဲ့စိတ်အစဉ်မှာ ပူပင်သောက ကင်းရှင်းနေ
ဖို့ပါပဲ။ သောကတွေ မျက်ရည်တွေနဲ့ ပူလောင်နေတဲ့ ရည်စူးကုသိုလ်ဟာ ရည်စူးသူထံ
ရှောရှောရှူရှူရောက်ဖို့ သိပ်မသေချာလှပါဘူး။တကယ်လို့ရောက်ခဲ့ရင်လည်း အရည်အသွေးညံ့ညံ့ပဲ ရောက်သွားမှာပဲ။
ကုသိုလ်ပြုစဉ်မှာသေလွန်သူအပေါ်စွဲလမ်းတွယ်ငြိတဲ့ သံယောဇဉ်နဲ့ စိတ်နှလုံးပူလောင်
နေမယ်၊မျက်ရည်ကျ ငိုကြွေးနေမယ်ဆိုရင် ကိုယ်ပြုတဲ့ကုသိုလ်ဟာ အရည်အသွေး
ညံ့ဖျင်းတဲ့ကုသိုလ် အကုသိုလ်ခြံရံတဲ့ကုသိုလ် ကုသိုလ်အပူပဲ ဖြစ်ပါလိမ့်မယ်။
ကိုယ်ရထားတဲ့ကုသိုလ်ကို သေလွန်သူထံပို့ပေးရတာမို့ သေလွန်သူရတဲ့ ကုသိုလ်ဟာ
လည်း အညံ့စားကုသိုလ် အပေါစားကုသိုလ် အပူစားကုသိုလ်ပဲ ဖြစ်တော့မှာပေါ့။
၀မ်းနည်းပူဆွေးငိုကြွေးနေတာဟာ သေလွန်သူကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်နေ
ပါတယ်။
ကိုယ့်မှာ ကုသိုလ်ကောင်းကောင်းရှိမှ သူတစ်ပါးကိုလည်း ကုသိုလ်ကောင်းကောင်းပေး
နိုင်မှာမို့သေလွန်သူထံ ရည်စူးကုသိုလ်ကောင်းကောင်း ပို့ပေးလိုသူတိုင်း ကုသိုလ်ပြုနေ
စဉ်မှာတွယ်ငြိစွဲလမ်း အသည်းကျွမ်းမှုတွေ၊ ၀မ်းနည်းပူဆွေးငိုကြွေးမှုတွေ ကင်းနိုင်သမျှ
ကင်းရှင်းအောင် အထူးသတိထားကြရပါမယ်။
သေလွန်သူကို ကောင်းကျိုးချမ်းသာတွေပြည့်စုံစေချင်တဲ့ မေတ္တာဓါတ်၊ ဆင်းရဲဒုက္ခတွေ လွတ်မြောက်စေချင်တဲ့ ကရုဏာဓါတ်၊ ကုသိုလ်ကံရဲ့စွမ်းရည် သတ္တိကို မမှိတ်မသုန်
ယုံကြည်တဲ့ သဒ္ဓါဓါတ်၊ ကုသိုလ်ကံကို အရည်အသွေး အကောင်းဆုံးဖြစ်အောင် ပြုပြင်နိုင်တဲ့ ပညာဓါတ်၊ သူတော်ကောင်းဓါတ်တွေနဲ့ စိတ်နှလုံးအေးချမ်းစွာပြုတဲ့ ရည်စူးကုသိုလ်မျိုး ဖြစ်ရပါမယ်။
ပြိတ္တာနွယ်ဖွား တမလွန်သူ၊ တမလွန်သားတွေကို ဘာပစ္စည်းပေးပေးတိုက်ရိုက်ပေး လို့မရပါဘူး။ လက်နဲ့ကိုင်ပြီးပဲဖြစ်ဖြစ်၊ စားပွဲပေါ်၊ စင်ပေါ်၊ အုတ်ဂူပေါ်သွားတင်ပြီးပဲ
ဖြစ်ဖြစ်၊ ပုံစံတူပစ္စည်းအတုတွေ၊ စက္ကူတွေကို မီးရှို့ပြီးပဲဖြစ်ဖြစ် လုံးဝပေးလို့ မရပါဘူး။
ပေးလို့ရတယ်လို့ ယုံကြည်ပြီးပေးလည်း အဲဒီယုံကြည်မှုဟာ တလွဲယုံကြည်မှု (အယူလွဲမှု)မျှသာဖြစ်တဲ့အတွက် အချိန်ကုန်၊ လူပန်း၊ ငွေခန်းရုံကလွဲလို့ ဘာအကျိုးမှ မရှိပါဘူး။ ယုံတိုင်းဖြစ်တာမှ မဟုတ်ဘဲ။
ဒါ့ကြောင့် ...
တမလွန်ရောက်ကျေးဇူးရှင်တွေကို တကယ်ကျေးဇူးဆပ်ချင်တယ်၊ တမလွန်ရောက်ချစ်ခင်သူတွေကို တကယ်အကျိုးရစေချင်တယ်ဆိုရင် လွဲမှားတဲ့ပေးနည်းမျိုးတွေကို ရှောင်ကြဉ်ပြီး
သူတော်ကောင်းဂုဏ်နဲ့ပြည့်စုံတဲ့ ရဟန်းသံဃာ (သို့) လူ၀တ်ကြောင်တွေကို
မိမိပေးလိုရာပစ္စည်းများပေးလှူခြင်းဖြင့်
ဒါနကုသိုလ်ကို ကိုယ်ကအရင်ရအောင်ယူပါ။
ပြီးမှ ...
အဲဒီဒါနကုသိုလ်ကိုတမလွန်ရောက် ကိုယ့်ကျေးဇူးရှင် ကိုယ့်ချစ်ခင်သူတွေကို အတိအကျရည်မှန်းပြီးအမျှအတန်းပေးဝေလိုက်ပါ။
အပ်ပမာဒနေ သမ်မာဒထေ။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)( ရည်စူးကုသိုလ် စာအုပ်မှ)
💥💥💥 မေတ္တာဖြင့်
#LaWarSo
No comments:
Post a Comment