သဘင်သည် ဘဝ စာနာရ
*****
တနေ့က အွန်လိုင်းက နာမည်ကြီး ဓမ္မကထိကဆရာတော် တစ်ပါးရဲ့ တရား ဗီဒီယိုဖိုင်လေး နားထောင်ဖြစ်တယ်။ သူ့ တရားပြီး ကိုယ်အားပေးတဲ့ အားကျတဲ့ သဘင်သည် အနုပညာသည်တို့ ဘဝကို သနားမိတယ်။ သူ့တရားထဲမှာ "မုဆိုး တစ်သက်၊ လယ် တစ်ကွက်၊ သဘင်သည် တစ်ည။" ဆိုတာပါပဲ။ ထိုတရား နာစဉ် တာလပုဋမထေရ်အကြောင်း သတိရသွားတယ်။
အော်--- အနုပညာသည်ဆိုတာ အကုသိုလ်အဖြစ်ခံပြီး လူတွေကို ပျော်ရွှင်စေတာပဲ။ ကိုယ့်ကို အပြစ်ခံပြီး လူတွေအား အပျော်တွေကို ပေးနေတာပဲလို့ နားလည် စာနာမိပါတယ်။ အကြောင်းစုံကား---
ပိုပြီး အကုသိုလ်ကြီးသူ
***
ပင်ကိုယ်က လောဘ တဏှာ ရာဂ မောဟ ဒေါသ စသော အကုသိုလ်စိတ် အခံရှိနေကြသူတွေအား လောင်စာဆီထည့်ပေးသလို ပို၍ အကုသိုလ်မီး လောင်အောင် ဆွပေးခြင်း မြှောက်ပေးခြင်း တွန်းအားပေးခြင်းများကို ပြုလုပ်ပေးသူသည် ပို၍ အပြစ်ကြီးပါသည်။
ပွဲသဘင် ဖျော်ဖြေပွဲတွေရဲ့ သဘာဝကိုက လူအပေါင်းအား ရသမျိုးစုံ ပေးပါတယ်။ ပွဲဦး အစမှာ ပျော်စရာ ရယ်စရာ ကြည်နူးစရာတွေနှင့် ဖျော်ဖြေတော့ ပရိသတ်ကလည်း ရီစရာပါလျှင် ရီကြသလို ကြည်နူးစရာပါလျှင်လည်း ကြည်နူးနေကြတတ်ပါတယ်၊ ကိုကိုယ်တိုင် ဇာတ်ကောင်ထဲက မင်းသား မင်းသမီးတွေအလား ခံစားတတ်ကြပါတယ်။ ပွဲဆုံးခါနီရောက်တော့ ငိုပွဲတွေနှင့် ဇာတ်သိမ်းတာ ရှိသလို ဇာတ်လယ်မှာ တရုတ်ကား ကုလားကားတွေလို ဇာတ်နာအောင် ကြမ်းပြ မိုက်ပြကြပြီး ဇာတ်သိမ်းမှာ ကြည်နူးစရာတွေနှင့် တည်ဆောက်ကြပါတယ်။ ညလုံးပေါက် ကြည့်ကြတဲ့ အညာက ဇာတ်ပွဲတွေမှာ လူကြမ်း လူဆိုး ဗီလိန်အဖြစ် သရုပ်ဆောင် ကောင်းလွန်းလို့ ခဲနှင့် ဝိုင်းပေါက်ကြတာတွေ ရှိပါတယ်။ စိတ်ခံစားမှု emotion တွေ အားကြီးလာပါတယ်။ ဖျော်ဖြေရေး ရသဖြစ်ပေမဲ့ လောဘ ရာဂ ဒေါသ အခံရှိသူတိုင်းက ဒီအာရုံတွေကို ရသဟု ခံစားလာကြတယ်။
လောကီအာရုံအတွက် ကောင်းပေမဲ့ လောကုတ္တရာအတွက် ဘဝသံသရာအတွက် အနှောက်ယှက် ဖြစ်တတ်ပါတယ်။
ကချေသည် သဘင်သည်တွေ ဘဝကူးတဲ့အခါ ဘယ်ဘဝကို ရောက်ကြပါသလဲ ဆိုတဲ့ မေးခွန်းသည်လည်း ဤပို့စ်ရဲ့ ဝတ္ထုလေးက အဖြေပေးပြီးသား ဖြစ်သွားပါလိမ့်မည်။
တခါက သဘင်သည်တို့ရွာမှ တာလပုဋဆိုတဲ့ သဘင်သည် ခေါင်းဆောင်တစ်ယောက်က ဘုရားရှင်အထံ ရောက်လာပြီး မြတ်စွာဘုရားအား လျှောက်ပါတယ်။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ တပည့်တော်တို့ရဲ့ ဆရာအစဉ်အဆက် ပြောကြားလာသည်ကို ကြားဖူးသည်မှာ " ကချေသည်တစ်ယောက်ဟာ ပွဲလမ်းသဘင် ပရိသတ်အလယ်မှာ လူအပေါင်းတို့အား ရယ်မောစေပါတယ်၊ ပျော်ရွှင်စေပါတယ်၊ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ စကားလုံးတို့ဖြင့် ပရိသတ်တွေအား ပျော်ရွှင်စေဖို့ ဖျော်ဖြေပေးရပါတယ်။ ထိုကချေသည် ဘဝကူးသွားတဲ့အခါ ပဟာသ အမည်ရှိ နတ်ဘုံသို့ ရောက်ရတယ်" ဆိုတာပဲ ဖြစ်ပါတယ်။
ကချေသည်တစ်ယောက် ကွယ်လွန်လျှင် တကယ်ပဲ နတ်ပြည်သို့ ရောက်ရပါသလားဟု မေးလျှောက်ပါတယ်။
တာလပုဋ ကချေသည် ဒကာကြီး၏ အမေးကို မြတ်စွာဘုရားက ဖြေဆိုဖို့ သုံးကြိမ်တိုင်တိုင် ငြင်းဆိုခဲ့ပါတယ်။ မြတ်စွာဘုရားရှင်က ကချေသည်၏ မျက်မှောက် တိုက်ရိုက်ဖြေကြားရမှာကို အရပ်သုံးစကားနဲ့ ဆိုရလျှင် အားနာနေပုံရပါတယ်။ ဒါပေမဲ့ အတင်းမေးလာတဲ့အခါ အားနာနာနဲ့ပဲ ဖြေပေးလိုက်ပါတယ်။
ဒကာတော်၊ ကချေသည်တွေဟာ ပင်ကိုယ်က တပ်မက်တတ် တွယ်တာတတ်သော သဘောရှိသော လူအများကို ပို၍တပ်မက်တတ်အောင် ဆွပေးပါတယ်။ သောက ပရိဒေဝ စတဲ့ ဒေါသရှိတဲ့ ပရိသတ်အား ပို၍ပို၍ သောက ပရိဒေဝ တွေ ဖြစ်စေပါတယ်။ လောဘဖြစ်စရာအာရုံ ဒေါသဖြစ်စရာအာရုံတို့ဖြင့် ပရိသတ်ကို မီးလောင်ရာ လေပင့်ပေးသလို ဖြစ်စေပါတယ်။ ဒါကြောင့် ကချေသည် သေလျှင် ပဟာသနတ်ပြည်သို့ မရောက်ဘဲ ပဟာသငရဲသို့ ရောက်ပါတယ်။ ပဟာသ ငရဲဆိုတာ ဘုံသီးခြားမဟုတ်ပေ၊ ကချေသည်တို့လို ကခုန် သီဆို ရွှင်ပြဟန်ဖြင့် ငရဲမှာ ခံရခြင်းကို ဆိုလိုပါတယ်။
ထိုအခါ တာလပုဋ ကချေသည်ဟာ မြတ်စွာဘုရားရှေ့မှောက်မှာ ကချေသည်တို့ရဲ့ ငိုလွယ် ရယ်လွယ်သည့်အစွမ်းဖြင့် အားရပါးရ ငိုချပါတော့တယ်။ အကြောင်းက ကြာမြင့်စွာသော ကာလတိုင်အောင် ဆရာအစဉ်အဆက်တို့ရဲ့ လှည့်ပတ် လိမ်ညာခြင်းကို ခံခဲ့ရလို့ ဖြစ်ပါတယ်။ နောက်တော့ သံဝေဂများစွာဖြင့် ဘုရားရှင်အထံ ရဟန်းပြု၍ ရဟန္တာမထေရ်ကြီး ဖြစ်သွားပါတယ်။
"မုဆိုးတစ်သက်၊
လယ်တစ်ကွက်၊
သဘင်သည် တစ်ည" ဟု ဆိုစကား ရှိပါတယ်။
တစ်သက်လုံး မုဆိုးဘဝဖြင့် သားကောင်တွေကို သတ်ဖြတ်သော အကုသိုလ်ရယ်၊
လယ်ကွင်းကို မီးရှို့ရသော လယ်သမားတစ်ယောက်ရဲ့ အကုသိုလ်ရယ်၊
တစ်ညတာ ဖျော်ဖြေရသော သဘင်သည်ရဲ့ အကုသိုလ်တို့ဟာ အတူတူပါပဲတဲ့။
ဒါကြောင့် အရှင်မဟာကဿပ အလောင်းလျာနှင့် ဘဒ္ဒကာပိလာနီတို့ ဇနီးမောင်နှံလည်း လယ်လုပ် ယာလုပ် မီးရှို့ရ၍ သေးကြေကြသော သတ္တဝါတွေကို မြင်ပြီး သံဝေဂ ရကြပါတယ်။
သဘင်သည်တို့၏ ဖျော်ဖြေခြင်းကြောင့် ဖြစ်သော အကုသိုလ်ထက် သဘင်သည် ကွယ်လွန်လျှင် နတ်ပြည်ရောက်ရတယ်ဆိုတဲ့ မိစ္ဆာဒိဋ္ဌိ အယူက ပိုပြီး အပြစ်ကြီးပါတယ်။
မှတ်သားစရာက---
ကိုယ့်ရဲ့ အပြောအဆို အရေးသား အပြုအမှုတွေကြောင့် သူတပါးတို့ လောဘ တဏှာ ရာဂ ပို၍ မဖြစ်စေခြင်း၊ ဒေါသတွေ ပို၍ မကြီးမားစေခြင်း၊ ကိလေသာတွေ ပို၍ မတိုးပွားစေခြင်း၊ ကျူးလွန်မှုတွေ အားပေးရာ မရောက်စေခြင်းတို့ဟာ ဘဝအတွက် အရေးကြီးသော သင်္ခန်းစာ ဖြစ်ပါတယ်။
(သံယုတ္တနိကာယ်လာ တာလပုဋသုတ်၊ ထေရဂါထာ အဋ္ဌ- ဒု)
#ကချေသည် #သဘင်သည် #တာလပုဋထေရ်
ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
No comments:
Post a Comment