စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, October 1, 2022

စုတိစိတ်လို့ခေါ်တဲ့ သေတဲ့စိတ်နဲ့ ပဋိသန္ဓေဝိဉာဏ်စိတ်

“စုတိစိတ်လို့ခေါ်တဲ့ သေတဲ့စိတ်နဲ့ ပဋိသန္ဓေဝိဉာဏ်စိတ်”
◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►

          လူသေသွားရင် ဝိညဉ်လိပ်ပြာ အတ္တကောင်ဟာ တစ်ဘဝကနေ တစ်ဘဝကို မပျက်မစီးပဲ ပြောင်းရွေ့ကျင်လည်နေတယ်လို့ ယူဆရင် (သဿတ ဒိဋ္ဌိ) ဖြစ်ပါတယ်။ သေရင် ဘာမှ မရှိတော့ဘူး၊ ပြတ်စဲသွားတယ်လို့ ယူဆရင် (ဥစ္ဆေဒ ဒိဋ္ဌိ)ဖြစ်ပါတယ်။ 
     
          ဥပမာ...လူတယောက်ဟာ ဘုရားတည် ကျောင်းဆောက်စတဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်တယ်။ ဒီကောင်းမှုတွေကြောင့် ငါသေရင် ငါပဲ အကျိုးခံစားရမှာပဲလို့ ယူဆရင် (သဿတ ဒိဋ္ဌိ) ဖြစ်ပါတယ်။ ဘာကြောင့် (သဿတ ဒိဋ္ဌိ) ဖြစ်ရတာလဲဆိုရင်.. ကောင်းမှုပြုတာကတစ်ယောက်၊ အကျိုးခံစားရတာက တစ်ယောက် ဖြစ်နေလို့ပါပဲ။

          ဒါဖြင့်... ကုသိုလ်ရဲ့အကျိုးကို ငါကိုယ်တိုင် မခံစားရဘဲ တစ်ခြားတစ်ယောက်က ခံစားမယ် ဆိုမှတော့ ငါ ကုသိုလ်မပြုတော့ဘူးကွာ၊ မကောင်းမှုတွေပဲ လုပ်တော့မယ်၊ ငါလုပ်တဲ့ မကောင်းမှုကို တစ်ခြားတစ်ယောက်က ခံစားရမှာပဲလို့ ယူဆပြန်ရင်လည်း ( ဥစ္ဆေဒ ဒိဋ္ဌိ ) ဖြစ်သွားပြန်တယ်။

          ဘာကြောင့်လဲဆိုတော့... ကိုယ်လုပ်တဲ့ အပြစ်တွေကို ကိုယ်ကိုယ်တိုင်ပဲ ပြန်ပေးဆပ်ရမှာပဲ၊ ပြန်ခံစားရမှာပဲ။

           ဒီတော့... နောက်ဘဝလည်း ငါကိုယ်တိုင်ပဲလို့ ယူဆရင်လည်း (သဿတ ဒိဋ္ဌိ) ၊ တစ်ခြားတစ်ယောက်လို့ ယူဆပြန်ရင်လည်း (ဥစ္ဆေဒ ဒိဋ္ဌိ ) ဆိုတော့ ဒီအစွန်းနှစ်ပါးကနေ လွတ်အောင် ဘယ်လို ဖြေရှင်းမလဲဆိုရင်...

          ဦးဘဆိုတဲ့ လူတယောက်ဟာ မသေခင် ကုသိုလ်ကောင်းမှုတွေ အများကြီး ပြုခဲ့ရလို့ သေတဲ့အခါ နတ်ဖြစ်ရတယ် ဆိုပါစို့..။

           ဒီဘဝက ဦးဘရဲ့ ခန္ဓာကိုယ်ကြီးကလည်း ဒီဘဝမှာတင် ပုပ်သွားတယ်။ စိတ်ကလည်း ဒီဘဝမှာတင် ချုပ်သွားတယ်။ ဒီဘဝ ရုပ်နာမ် ဒီဘဝမှာတင် ချုပ်တယ်။ နောက်ဘဝကို မပါသွားပါဘူး။ နာမ်က ဝိညဉ်အဖြစ်နဲ့ နောက်ဘဝအထိ ပါသွားတယ်ဆိုရင်.. ဒီဘဝက ဦးဘရဲ့စိတ်နဲ့ နတ်ဘဝက နတ်ရဲ့စိတ် တူညီရမှာပေါ့။ အခုတော့ နတ်ဘဝမှာ နတ်ရဲ့စိတ်က တစ်ခု၊ ဦးဘရဲ့စိတ်က စိတ်တစ်ခုလေ။

          အဲ့ဒီ ဦးဘက ကုသိုလ်ကောင်းမှုတွေ မပြုဘဲ မကောင်းမှု ဒုစရိုက်တွေပဲ ပြုသွားလို့ သေတဲ့အခါ ခွေးဖြစ်ရတယ် ဆိုပါစို့..။

           ဒီဘဝက ဦးဘရဲ့စိတ်က လူ့စိတ်လေ။ ခွေးဘဝက.. ခွေးစိတ်က သပ်သပ်လေ။ မတူဘူးနော်။ စိတ်ဝိဉာဏ်က နောက်ဘဝထိအောင် လိုက်သွားတယ်ဆိုရင် ခွေးက ဘယ်မစင်စားပါ့မလဲ..။

         ဒါကြောင့်.. ဒီဘဝ ရုပ်နာမ်က ဒီဘဝမှာပဲ ချုပ်ပြီးတော့ နောက်တစ်ဘဝမှာ ရုပ်နာမ်အသစ် ပြန်ဖြစ်ပါတယ်။ သေပြီးရင် အိမ်မှာ လိပ်ပြာဝိညာဉ်အဖြစ်နဲ့ (၇)ရက်နေတယ်ဆိုတာ မဟုတ်ပါဘူး။

          စုတိစိတ်လို့ခေါ်တဲ့ သေတဲ့စိတ်နဲ့ ပဋိသန္ဓေဝိဉာဏ်စိတ်လို့ခေါ်တဲ့ တစ်ဖန်ဘဝသစ် ပြန်စတဲ့စိတ်က တစ်ဆက်တည်း ဖြစ်ပါတယ်။ စုတိနဲ့ ပဋိသန္ဓေကြားမှာ အခြားမရှိပါဘူး။

          အနန္တရပစ္စည်းနဲ့ ကျေးဇူးပြုပါတယ်။ ဆိုလိုတာက သေတဲ့အခါမှာ ကုသိုလ်ကောင်းမှု အားကောင်းရင် နတ်ဘဝ လူ့ဘ၀ ကောင်းတဲ့ဘဝ တခုခုမှာ အမိဝမ်းတွင်းမှာပဋိသန္ဓေဝိဉာဏ်စိတ် ဖြစ်ရပါတယ်။ အကုသိုလ်အားများရင်တော့ ခွေး ဝက် အစရှိတဲ့ အပါယ်ကိုယ်ကောင် တခုခုမှာ ဝင်စားရပါတယ်။ ကြားခံဘဝ တစ်ခုဆိုတာ မရှိပါဘူး။

          အိမ်မှာ ခြောက်လှန့်ကြတယ် ဆိုတာကတော့ အကုသိုလ် အားကြီးလို့ပဲဖြစ်ဖြစ်.. သေခါနီး အကုသိုလ်စိတ်ဖြစ်ပြီး သေရလို့ပဲဖြစ်ဖြစ်.. အစွဲနဲ့ သေရလို့ သား သမီး မိဘ ဇနီး ခင်ပွန်းတွေ အပေါ်မှာ စိတ်မချနိုင်ဘဲ ပြိတ္တာဘဝ ဖြစ်ရတာပါ။

        ကံအားလျော်စွာ.. ပြိတ္တာ ဘဝမှာ (၇)ရက် ကြာချင်ကြာမယ်။ တစ်နှစ် ကြာချင် ကြာမယ်။ ကျွတ်ချိန်တန်ရင် ကျွတ်လိမ့်မယ်။

           ဒီဘဝက သေရင် တစ်ခြားတစ်ယောက် ထပ်ဖြစ်တယ်ဆိုတော့.. အဲ့ဒီ ထပ်ဖြစ်တဲ့ တစ်ယောက်ကရော ဘယ်က လာတာလဲဆိုရင်.. ဒီဘဝ ရုပ်နာမ်ကပဲ လာတာပါ။ သရက်စေ့ ဘယ်ကလာ.. သရက်ပင်ကလာ။ သရက်ပင်ကကော ဘယ်က ဖြစ်တာလဲဆိုရင် သရက်စေ့က ဖြစ်တာပါပဲ။

            ဆီမီး ကူးညှိလိုက်သလိုပေါ့။ ကူးညှိလိုက်တဲ့ဆီမီးက သပ်သပ်၊ အရင် ရှိနေတဲ့ ဆီမီးက သပ်သပ်။ ဒါဖြင့်.. နောက်ဆီမီး ဘယ်က လာတာလဲ.. အရင်ဆီမီးက လာတာပါ။ အတူတူလား ဆိုတော့ သပ်သပ်စီပါ။

          တံဆိပ်တုံးရိုက်တဲ့အခါ တံဆိပ်ရာက သပ်သပ်၊ တံဆိပ်တုံးက သပ်သပ်။ တံဆိတ်ရာ ဘယ်က လာတာလဲဆိုရင်.. တံဆိပ်တုံးက လာတာ။ လူသေရင်လည်း ထပ်ဖြစ်တဲ့ သတ္တဝါက.. အရင်ဘဝက သတ္တဝါပဲလား ဆိုရင် မဟုတ်ဘူး။ သပ်သပ်စီ..။

          ဒါဖြင့်.. ထပ်ဖြစ်တဲ့ သတ္တဝါ ဘယ်က လာတာလဲဆိုတော့ .. အရင်ဘဝက ရုပ်နာမ် အစဉ်က လာတာ။ အရင်ဘဝနဲ့ ဒီဘ၀.. တစ်ယောက်ထဲလား ဆိုတော့ မဟုတ်ဘူး.. သပ်သပ်စီ..။ လူသေတဲ့အခါ.. ဒီဘဝ ရုပ်နာမ် ဒီဘဝမှာတင် ချုပ်ပြီးတော့ ကံသတ္တိ အဟုန်က လိုက်နေတာ။ ဘယ်ကံတွေလဲဆိုတော့.. အရင့်အရင် ဘဝတွေက ပြုခဲ့တဲ့ ကောင်းမှုကံ၊ မကောင်းမှုကံတွေ..။

          ဒါကြောင့်.. ကုသိုလ်ကံ၊ အကုသိုလ်ကံ ချုပ်ငြိမ်းပြီးဖြစ်တဲ့ ဘုရား ရဟန္တာတွေမှာ ကြိယာ ဗျာကတ စိတ်ပဲရှိတယ်။ ဘဝသစ် ရုပ်နာမ် တစ်ဖန် ပြန်မဖြစ်တော့ဘူး။ သာမန် သတ္တဝါတွေမှာတော့.. သေတဲ့အခါ ရုပ်နာမ် တစ်ဖန် ပြန်ဖြစ်ရပါတယ်။ လိပ်ပြာကောင်၊ အတ္တကောင်လို့ မရှိပါဘူး။ သင်္ချိုင်းကနေ အိမ်ကို လိပ်ပြာခေါ်တယ် ဆိုတာ မှားယွင်းတဲ့ (သဿတ ဒိဋ္ဌိ) ဖြစ်ပါတယ်။

Credit..

No comments:

Post a Comment