စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, September 29, 2022

မြွေပွေးလိုမကျင့်နဲ့

#မြွေပွေးလိုမကျင့်နဲ့
_______________

မာနဆိုတာ ကိုယ်ရည်သွေးလွန်းတဲ့ စိတ်ပဲ။ ဒါကြောင့် မာနလွှမ်းမိုးနေရင် သွေး နားထင်ရောက်ပြီး မောက်မာတော့တာပဲ။ ဒီတော့ အပြုသဘော ဆောင်တဲ့ အပြုအမူ အပြောအဆို ဆိုတာ မရှိတော့ဘူး။ လုပ်ချင်ရာ လုပ်ပြီး ပြောချင်ရာ ပြောတော့တာပဲ။

တချို့က " ငါက မဟုတ်မခံကွ၊ မဟုတ်လို့ကတော့ ဘယ်သူ့ကိုမှ ခွင့်လွှတ်မှာ မဟုတ်ဘူး၊ ငါ့ကို လာ မထိနဲ့၊ ငါက မြွေပွေးကွ " ဆိုပြီး ဂုဏ်ယူပြီး ပြောတတ်ကြတယ်။ အဲဒါ မာနပဲ။

ရင်ထဲမှာ မာန ဝင်လာပြီဆိုရင် လူရိုင်းတစ်ယောက်လို ဖြစ်သွားတယ်။ လူကြီးကို လူကြီးမှန်း မသိ၊ မိဘကို မိဘမှန်း မသိ၊ ဆရာကို ဆရာမှန်း မသိ၊ အရိုအသေ ပေးရကောင်းမှန်း မသိတော့ဘူး။ ပြောလိုက်ရင် အထက်စီးကချည်းပဲ။ မာန်တက်လာရင် မှန်ကင်းကနေ ထင်း ဖြစ်သွားနိုင်တယ်။ ဒါကြောင့် မာနကို ချိုးနှိမ်ဖို့ လိုပါတယ်။

မြေပွေးနှင့် မှိန်း
-----------------

ဖားအံဘက်မှာ မြွေဖမ်း အလွန် ကျွမ်းကျင်တဲ့ ကရင်ကြီးတစ်ယောက် ရှိတယ်။ အဲဒီကရင်ကြီးက ခြေထောက် တစ်ဖက်က မသန်ရှာဘူး။ ဒါပေမဲ့ မြွေဖမ်းတဲ့နေရာမှာတော့ အလွန်တော်တယ်။ တစ်ညကို ၂-ကောင် ၃- ကောင်လောက် ရတယ်။ သူဖမ်းလိုက်ရင်လည်း မြွေပွေးပဲ။ သွားရောင်းရင် တစ်ကောင်ကို တစ်သောင်း လောက် ရတာကိုး။

အဲဒီကရင်ကြီးကို လူငယ်လေးတစ်ယောက်က " ဖထီး မြွေပွေးကို ဘယ်လို ဖမ်းလဲဗျ " လို့ မေးလိုက်တယ်။

"ငါက ခြေထောက် မသန်တော့ လင်းမြွေတို့ ရေမြွေတို့ကို မဖမ်းနိုင် ဘူး၊ အဲဒီကောင်တွေက လူ တွေ့ရင် ထွက် ပြေးတာကိုး။ ဒါကြောင့် ငါက မြွေပွေးပဲဖမ်းတယ်"။

" မြွေ ပွေးကျတော့ လူ တွေ့ရင် မပြေးဘူး၊ ငါ့ထိရင် ကိုက်မယ်ဆိုပြီး ငြိမ် နေတာ၊ လာမထိနဲ့ သေသွားမယ် ဆိုတဲ့ပုံစံမျိုးပေါ့။ သူ့ကိုမထိ သေးရင် ဘာမှ မလုပ်ဘူး၊ ဒီတော့ သူ့ဦးခေါင်းနားကို မှိန်းနဲ့ အသာ လေးကပ် သွားပြီး ဦးခေါင်းကို မှိန်းနှင့် တခါထဲ ထိုးချလိုက် တယ်။ ဒီကောင် မလှုပ်နိုင်တော့ဘူး’’။

"အော် .. ဖထီးက လက်သွက်တော့ ရတာပေါ့ဗျာ"။

 "လူလေးရေ .. လက်သွက်လို့ မဟုတ်ဘူးကွ၊ မြွေထဲမှာ မြွေ ပွေးက ဖမ် းလို့ အလွယ်ဆုံးပဲ၊ အဆိပ်ပြင်းတယ် ဆိုပြီး မာန်တက်နေတာကိုး၊ ဒီတော့ မပြေးဘူးလေ၊ မပြေးတော့ မှိန်းစာမိသွားတာပေါ့ကွာ " လို့ ပြောပြပါတယ်။

ဒီတော့ မြွေပွေး ဘာကြောင့် သေရသလဲ၊ မာန်တက်လို့ပဲ။ ဒါကြောင့် သတိပေးချင်ပါတယ်။ "မြွေပွေးလို မကျင့်ကြနဲ့" ။

မာန်တက်ရင် ဘဝပျက်မယ်
--------------------------

လူ့စိတ်ဟာ အောင်မြင်မှုတွေ ရလာပြီ, နာမည်တွေ ကျော်ကြားလာပြီဆိုရင် ကိုယ့်ကိုယ်ကို အထင်ကြီးလာတယ်။ ဒီတော့ မာန်တက်သွားတယ်။

တချို့က ပညာကြောင့် မာန်တက်တယ်။ တချို့က ဥစ္စာကြောင့် မာန်တက်တယ်။ တချို့က အခြွေအရံကြောင့် မာန်တက်တယ်။ တချို့က ရုပ်ရည်ကြောင့် မာန်တက်တယ်။ တချို့က နာမည်ကြောင့် မာန်တက်တယ်။ တချို့က အမျိုးကြောင့် မာန်တက်တယ်။ 

ဘယ်လိုပင် မာန်တက်မာန်တက်, မာန်တက်လာပြီဆိုရင် ဦးခေါင်းပေါ်မှာ မှိန်းကြီး ရောက်လာလိမ့်မယ် ဆိုတာကို မမေ့ရဘူး။ ကိုယ်ဘဝ ပျက်စီးလိမ့်မယ်လို့ ဆိုလိုတယ်။

ဘဝဆိုတာ ဘာမှမကြာပါဘူး။ ရေတစ်ပွက်စာပဲ။ အလွန်တိုတောင်းတဲ့ အခိုက်အတန့်လေးမှာ အတ္တ မာနတွေ ဘာကြောင့် ဖြစ်နေကြသလဲ၊ စဉ်းစားကြည့်လေ အဓိပ္ပါယ် မရှိလေပဲ။ ဒါကြောင့် အတ္တမာနကို ဖယ်ရှားပြီး မေတ္တာ ကရုဏာတို့ဖြင့် ဘဝကို တည်ဆောက်ရမှာပဲ ဖြစ်ပါတယ်။ ဒါမှ " အရတော်လှ လူ့ဘဝ" လို့ ဆိုရမှာ မဟုတ်ပါလား။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________

#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

No comments:

Post a Comment