စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, September 23, 2022

မေတ္တာ (၃) မျိုး

🔴 မေတ္တာ (၃) မျိုး 

မေတ္တာကို မြတ်စွာဘုရားက (၃)မျိုး ခွဲပြထားတယ်။ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာ လို့။ 

# မနောကံမေတ္တာ

     မနောကံမေတ္တာက စပြောမယ်။
 “အားလုံးအဆင်ပြေကြပါစေ၊ ချမ်းသာကြပါစေ၊ ပျော်ရွှင်ကြပါစေ၊ အခက်အခဲ မရှိကြပါစေနဲ့” လို့ အကျိုးစီးပွားကို လိုလားတဲ့ စိတ်နေသဘောထား
လေးကို မနောကံမေတ္တာလို့ ခေါ်တယ်။ အဲဒီ မနောကံမေတ္တာကို အားလုံးအပေါ်မှာ ဖြန့်ကြက်ပြီး သမာဓိစွမ်းအားတွေနဲ့ တွဲဖက်ထားလိုက်ရင် ဈာန်တောင်ရမယ်။မြတ်စွာဘုရားက ဒီမေတ္တာဈာန်ကုသိုလ်ရဲ့ စွမ်းအားနဲ့ 
လူ့ဘ၀ ကုန်ဆုံးတဲ့အခါမှာ နောက်ဘဝမှာ ဗြဟ္မာဘုံ ရောက်နိုင်တယ်လို့ စွမ်းအားရှိတဲ့ 
ကုသိုလ်တစ်ခုအနေနဲ့ ဟောတော်မူတယ်။

# ဝစီကံမေတ္တာ

     မနောကံမေတ္တာရှိသလို 
ဝစီကံမေတ္တာဆိုတာလည်း ရှိတယ်။
တစ်ဦးနဲ့တစ်ဦး ကောင်းကျိုးချမ်းသာရစေနိုင်တဲ့ စကားတွေကို ပြောတယ်၊ အကြံပေးမယ်၊
 အကြံကောင်းတွေ ပေးတယ်၊ သတိပေးတယ်။ ဒီလို တစ်ဦးနဲ့တစ်ဦး နှုတ်၏စောင်မခြင်း၊ 
မေတ္တာအရင်းခံတဲ့ အပြောအဆိုများနဲ့ ပြောဆိုကူညီပေးခြင်း၊ 
ဒါလည်း လောကမှာ အင်မတန်မှ အရေးကြီးတယ်။ မိဘတွေက သားသမီးတွေကို “ဘယ်လိုမနေနဲ့၊ ဘယ်လိုမထိုင်နဲ့၊ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး” စသည်ဖြင့် ကိုယ့်သားသမီးကို အရိပ်တကြည့်ကြည့် ပြောဆိုဆုံးမပေးသလိုပဲ ကိုယ့်ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေကိုလည်းပဲ ကောင်းတဲ့ အကြံဉာဏ်လေးတွေ ပေးပြီး 
ပြောဆိုတာ ဒါ ဝစီကံမေတ္တာလို့ ခေါ်တယ်။

# ကာယကံမေတ္တာ

     နောက်တစ်ခါ ကာယကံမေတ္တာလို့ ဆိုတယ်။ တစ်စုံတစ်ခု ကိုယ့်ရှေ့မှာ၊ ဆိုပါစို့၊ လူတစ်ယောက်ဟာ ကိုယ့်ရှေ့မှာ အရေးကြီးတဲ့ ပိုက်ဆံအိတ်ကလေးတို့၊ တယ်လီဖုန်းတို့ မေ့ကျန်ရစ်ခဲ့တယ်ဆိုရင် 
သိမ်းပေးထားတယ်၊ အကြောင်းကြားပေးတယ်၊ 
မပျောက်မပျက်အောင် လုပ်ပေးထားတယ်။ ဒါက ကာယကံမေတ္တာလို့ ခေါ်တယ်။ သွားတဲ့လာတဲ့ လမ်းတွေမှာ ခလုတ်မထိ ဆူးမငြိအောင် သူများမမြင်တာတွေကို ဖယ်ရှားပေးတယ်၊ ကိုယ် အရင်တွေ့ရင် 
ကိုယ် ဖယ်ရှားပေးလိုက်တယ်။ 
ဆိုလိုတာက ဘယ်သူမှ ဒုက္ခမရောက်အောင် ကိုယ်မြင်တဲ့အခါမှာ ဆောင်ရွက် လုပ်ကိုင် ပေးသွားတာလေးတွေ။ ဒါကို ကာယကံမေတ္တာလို့ ခေါ်တာ။

မနောကံ မေတ္တာ ရှိသလို 
ဝစီကံ မေတ္တာလည်း ရှိဖို့လိုတယ်။ 
ကာယကံ မေတ္တာလည်း ရှိဖို့လိုတယ်။

[ပါမောက္ခချုပ်ဆရာတော် 
ဘဒ္ဒန္တ ဒေါက်တာနန္ဒမာလာဘိဝံသ 
ဟောကြားတော်မူသော "နှစ်ဦးမေတ္တာ လူတိုင်းမှာ" တရားတော်မှ ကောက်နုတ်ဖော်ပြသည်။

Credit..

No comments:

Post a Comment